Thursday, November 20, 2008

ဒီနေ့စီးပွားရေးအကြပ်အတည်းနဲ့ အမေရိကန်အင်ပါယာ - ရဲဘော်ဖိုးသံချောင်း

အမေရိကန်ဒေါ်လာ ကျဆင်းနေပါတယ်။ ဘာကျဆင်းတာလဲဆိုရင် သူ့ရဲ့တန်ဘိုး၊ သူ့ရဲ့အရေးပါမှု၊ သူ့ရဲ့အဆင့် နေရာ၊ အဖက်ဖက်က ကျဆင်းနေတာပါလို့ ပြောရပါမယ်။ မကြာခင်ကမှ အမေရိကန် အစိုးရဘဏ်ဥက္ကဋ္ဌအဖြစ်က အနားယူသွားတဲ့ အယ်လင်ဂရင်းစပင် (Alan Greenspan) က အသုံးပြုလိုက်တဲ့ နိမိတ်ပုံကတော့ အခု အမေရိကန်နိုင်ငံကြုံတွေ့နေရတဲ့ စီးပွားရေးကပ်ဟာ ရာစုနှစ်တခုမှာ တခါလောက်သာကြုံရတဲ့ ငွေရေးကြေးရေး ဆူနာမီကြီးဖြစ်ပါသတဲ့။

ကွယ်လွန်သူ ဂျာမန်ဘောဂဗေဒပါမောက္ခရှမ်ပီတာက “ငွေကြေးဈေးကွက်ဟာ အရင်းရှင်စနစ်ရဲ့ ဗဟို ဌာနချုပ်ဖြစ်တယ်” လို့ပြောဖူးပါတယ်။ သူဒီလိုပြောချိန်ဟာ ညူးယောက်မြို့ကြီးက နိုင်ငံတကာ ငွေကြေးလောက ရဲ့ ဗဟိုအချက်အခြာဖြစ်လာချိန်နဲ့ အမေရိကန်ဒေါ်လာက နိုင်ငံတကာသုံးငွေကြေး ဖြစ်လာချိန်တို့နဲ့ တိုက်ဆိုင်နေ ပါတယ်။ သူ့အရင်က ကမ္ဘာ့ငွေကြေးဈေးကွက်ဟာ လန်ဒန်မှာဗဟိုပြုခဲ့တာပါ။ ဒါပေမဲ့ ကမ္ဘာစစ်နှစ်ခု၊ အထူးသဖြင့် ဒုတိယကမ္ဘာစစ်ကို တိုက်လိုက်ရတော့ အင်္ဂလိပ်ရဲ့စီးပွားရေးဟာ ပုံကျသွားပါတယ်။ အမေရိကန်ရဲ့ မြီစားဘဝ ရောက်သွားပါတယ်။ ဒီလိုနဲ့ ဒုတိယကမ္ဘာစစ်အပြီးမှာ စီးပွားရေး၊ ဘဏ္ဍာရေးစနစ်တွေကို ပြန်ထိန်းညှိကြတဲ့ ဘရက်တင်ဝုဒ်စ်ကွန်ဖရင့်မှာ အမေရိကန်ဒေါ်လာဟာ ရွှေနဲ့တတန်းတည်း ကမ္ဘာသုံးငွေကြေးဖြစ်လာခဲ့ပါတယ်။ အမေရိကန်တဒေါ်လာကို ရွှေတအောင်စနဲ့ အသေသတ်မှတ်ခဲ့တဲ့အတွက် ဒေါ်လာဟာ စံထားရတဲ့ငွေကြေးလို ဖြစ်လာခဲ့ပြီး အမေရိကန်နိုင်ငံဟာ အဲဒီလိုငွေကြေးကို ထင်သလိုထုတ်လုပ်နိုင်တဲ့ နိုင်ငံဖြစ်လာခဲ့ပါတယ်။ ဒါဟာ ဒီနိုင်ငံရဲ့စီးပွားရေး ထိုးတက်ဖို့ဖြစ်လာခဲ့ပါတယ်။ တဖက်က ပြန်ပြောရင်တော့ ဘရက်တင်ဝုဒ်စ်ကွန်ဖရင့်ဟာ အမေရိကန်ကို အင်အားအကြီးဆုံး ဗိုလ်ကြီးဖြစ်လာအောင် အခြေအနေတွေ ဖန်တီးပေးခဲ့တာပါပဲ။ တချိန်ထဲမှာ ဒီဘရက်တင်ဝုဒ်စ်က ချမှတ်လိုက်တဲ့ အဆောက်အအုံဟာ အမေရိကန်နိုင်ငံ စူပါ ပါဝါလုပ်နိုင်ရေးအတွက် ဘဏ္ဍာ ရေးအာမခံချက်လိုလည်း ဖြစ်ခဲ့ပါတယ်။

ဒီလိုနဲ့ ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက်ပိုင်းမှာ အမေရိကန်ဟာ တန်ပြန်တော်လှန်ရေးလုပ်ငန်းတွေ၊ ကွန်မြူနစ်ဆန့်ကျင်ရေးလုပ်ငန်းတွေကို ငွေကြေးထောက်ပံ့တာ၊ အဲဒီအတွက် စစ်မဟာမိတ်တွေဖွဲ့တာ၊ ကမ္ဘာအနှံ့ စစ်စခန်းတွေချထားတာ၊ အရင်းရှင်ကမ္ဘာအတွင်း သူတို့ရဲ့ စက်မှုလုပ်ငန်းနဲ့ ဘဏ်လုပ်ငန်းတွေ ဖြန့်ကျက် ထည့်သွင်းတာတွေကို ဇောက်ချပြီးလုပ်ခဲ့ပါတယ်။ အမေရိကန်ရဲ့ စူပါ ပါဝါအဖြစ်ရပ်တည်မှုဟာ သူ့ဒေါ်လာက စူပါ ငွေကြေးဖြစ်နေတာနဲ့ ခွဲမရပါဘူး။ အဲဒီလိုစူပါဘဝရဲ့ အထွတ်အထိပ်ဟာ အမေရိကန်ရဲ့ ရွှေခေတ်လို့ခေါ်ကြတဲ့ ၅ဝ စုနှစ်များနဲ့ ၆ဝ စုနှစ်များ အတွင်းမှာပါပဲ။ အဲဒီတုန်းက ကမ္ဘာမှာ ကုန်သွယ်ရေးအရ ထိပ်တန်းမှာနေတဲ့ နိုင်ငံ တွေနဲ့ လုပ်ငန်းကြီးတွေက အမေရိကန်ဒေါ်လာကို ကမ္ဘာသုံးငွေသဖွယ် လက်ခံထားလေတော့ အမေရိကန်နိုင်ငံ ပိုင်တဲ့ ရွှေအရေအတွက်ဟာလည်း တိုးပြီးရင်း တိုးရင်းသာ ဖြစ်နေခဲ့တာပါ။ ကျောထောက်နောက်ခံ ရွှေရဲ့ ရာခိုင် နှုန်းဟာ ၁၉၃၈ ခုနှစ်အကုန်မှာ ၅% ရှိရာကနေ ၁၉၆၇ ခုနှစ်အကုန်မှာ ၅၈% တောင် ဖြစ်လာပါတယ်။

ဒါပေမဲ့ အမေရိကန်နိုင်ငံရဲ့ ငွေပေးငွေယူရှင်းတမ်းဟာ ၁၉၅ဝ ခုနှစ်ကစလို့ ဆူးအက်တူးမြောင်း စစ်ပွဲ ကာလ တနှစ်ကလွဲပြီး နှစ်စဉ် လိုအပ်မှုပြနေခဲ့တာပါ။ ဒီလိုကွာဟမှုပြတာရဲ့ အကြောင်းရင်းဟာ ကုန်သွယ်ရေး ကြောင့် မဟုတ်ပါဘူး။ အဓိကအကြောင်းက အမေရိကန်ရဲ့ ပြည်ပမှာလုပ်နေတဲ စစ်ရေးနဲ့တခြား အဖျက်လုပ်ငန်း တွေကြောင့်သာ ဖြစ်ပါတယ်။ ဒီအထဲမှာသူတို့ရဲ့ နောက်လိုက်ခွေး အစိုးရတွေကို ထောက်ပံ့ရတာ၊ စစ်အခြေခံ စခန်းငွေကို ထိန်းသိမ်းကျွေးမွေးရတာ၊ ရုပ်သေးစစ်တပ်တွေကို ငွေကြေးထောက်ပံ့ရတာ၊ စစ်တိုက်ရတာ၊ တခြား နိုင်ငံအတွင်းရေးတွေကို ဝင်စွက်ဖက်ရတာ စတာတွေပါဝင်ပါတယ်။ ၁၉၆၇ ခုနှစ်မှာဆိုရင် ဝါရှင်တန်ရဲ့ ငွေပေး ငွေယူရှင်းတမ်းမှာ ကုန်သွယ်ရေးဘတ်ဂျက်က ၇.၉ သန်းအပိုပြခဲ့ပြီး နိုင်ငံရေးစစ်ရေးဘတ်ဂျက်တော့ ၁၁.၉ ဘီလျံအလိုပြခဲ့ပါတယ်။ ဒီလိုနဲ့ အမေရိကန်ရဲ့ အရံရွှေတွေရဲ့ တန်ဘိုးဟာ ၁၉၅၅ခုနှစ်နှစ်ကုန်မှာ ၂၁.၈ ဘီလျံ ရှိရာကနေ ၁၉၆၈ ခုနှစ်မေလမှာ ၁ဝ.၇ ဘီလျံကို ကျဆင်းလာပါတယ်။ အမေရိကန်လိုနိုင်ငံအဖို့ပြောရရင် အရံရွှေ နဲ့ တခြားနိုင်ငံတွေကရစရာရှိတဲ့ ဒေါ်လာအချိုးအစားက သူတို့အဖို့ ဘယ်လောက်လုပ်နိုင်တယ်ဆိုတာကို ပြဋ္ဌာန်း ပါတယ်။ နှစ်တွေကြာလာလို့ ဒီလိုကွာဟမှုတွေ ဆက်တိုက်ပြလာတာနဲ့အမျှ ဒေါ်လာကို အများသုံးငွေအဖြစ် သဘောထားတာဟာ မေးခွန်းထုတ်စရာ ဖြစ်သထက် ဖြစ်လာပါတယ်။ ၁၉၇၁ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့မှာ သမတနစ်ကဆင်က အမေရိကန်ဒေါ်လာနဲ့ ရွှေနဲ့လဲလှယ်နှုန်း အသေသတ်မှတ်ထားမှုကို သူတို့ဖက်က တရားဝင် ဖျက်သိမ်းကြောင်း ကျေညာခဲ့ပါတယ်။ ဒါဟာ ငွေကြေးပေါ်လစီ၊ ဒါမှမဟုတ်စနစ်တွေနဲ့ အရင်းရှင်စနစ်ကို ထိန်း ထားနိုင်မယ်ဆိုတဲ့ အမြင်တိမ်းစောင်းမှုကို တခါတည်း ပျောက်ကွယ်သွားစေခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ် နောက်ပိုင်း ငွေကြေးစနစ်နဲ့ နိုင်ငံရေး၊ စစ်ရေးမဟာမိတ်တွေလည်း တုန်လှုပ်ကုန်ခဲ့ရပါတယ်။

ဒီနေရာမှာကြုံလို့ အမေရိကန်နိုင်ငံရဲ့ စစ်သုံးစရိတ်ကို ထောက်ပြချင်ပါတယ်။ မစပ်စုဖူးသူတွေအဖို့ အံ့မခန်းဖြစ်မှာပါ။ ၂ဝဝ၇ ခုနှစ်တုန်းက အမေရိကန်နိုင်ငံရဲ့ စစ်ရေးအသုံးစရိတ်ဟာ ၅၅၃ ဘီလျံဒေါ်လာ ဖြစ်ပါ တယ်။ ဒါဟာ ၆ နှစ်အတွင်း ၆ဝ% တိုးလာတာဖြစ်ပါတယ်။ ဒါဟာ တကမ္ဘာလုံးက စစ်အသုံးစရိတ်စုစုပေါင်းရဲ့ ၄၅% ဖြစ်ပါတယ်။ ဒါပေမဲ့ တခြားစစ်ရေးဆံတဲ့ အသုံးစရိတ်တွေပါ ထည့်ပေါင်းလိုက်ရင် ၂ဝဝ၇ ခုနှစ်မှာ အမေရိကန်က စစ်ရေးအတွက်သုံးတာဟာ ဒေါ်လာ ၁ ထရီလျံ (ဘီလျံ ၁ ထောင်) ရှိလိမ့်မယ်လို့ တွက်ကြပါ တယ်။

ဒုတိယကမ္ဘာစစ်အပြီးကနေ ၁၉၆ဝ စုနှစ်များအထိ ကမ္ဘာ့စီးပွားရေးဟာ ၄% နဲ့ ၇% အကြားရှိ နှုန်းနဲ့ အဟုန်ကြီးစွာ တိုးတက်နေတာဖြစ်တယ်။ ဒါပေမဲ့ ၁၉၇ဝ စုနှစ်များနောက်ပိုင်းကစပြီး တိုးတက်မှုနှုန်းဟာ ၂% နဲ့ ၄% အကြားသာရှိပြီး အင်မတန်မှနှေးကွေးလှပါတယ်။ ၂ဝဝ၁ ခုနှစ်နဲ့ ၂ဝဝ၂ ခုနှစ်တို့မှာတော့ ကမ္ဘာ့စီးပွားရေး ဟာ အကြပ်ဆိုက်ခဲ့ပါတယ်။ အဲဒီ စီးပွားရေးနှေးကွေးမှုနောက်ပိုင်း အမေရိကန်နိုင်ငံရဲ့ စီးပွားရေးဟာ နည်းနည်းမှ အားရစရာမကောင်းခဲ့ပါဘူး။

၂ဝဝ၁ ခုနှစ်နောက်ပိုင်းမှာ အမေရိကန်နိုင်ငံရဲ့စီးပွားရေးကို အိမ်တွင်းသုံးစွဲမှုတိုးများလာမှုက ဆွဲခေါ်သွားတယ်လို့ဆိုရင် မမှားပါဘူး။ ဒီသုံးစွဲမှုဟာ အခုအခါ အမေရိကန်နိုင်ငံ ဂျီဒီပီရဲ့ ၇ဝ% တောင်ရှိပါတယ်။ ဒါပေမဲ့ အိမ်ထောင်စုတွေမှာ စီးပွားရေးမကောင်းတာ၊ ဝင်ငွေမကောင်းတာတွေရှိနေတော့ သူတို့က သုံးစွဲတယ် ဆိုတာမှာ အကြွေးသုံးစွဲတဲ့ရာခိုင်နှုန်းက အများကြီးဖြစ်နေပါတယ်။ ဒီလိုနဲ့ ဒီနိုင်ငံမှာ အိမ်ထောင်စုများရဲ့ ကြွေးတင်မှုဟာ အရင်က သုံးစွဲနိုင်တဲ့ဝင်ငွေရဲ့ ၉ဝ% ရှိရာကနေ ၂ဝဝဝ ခုနှစ်လောက်ဆီမှာ ၁ဝ၃% ဖြစ်လာပြီး ၂ဝဝ၆ - ဝ၇ ခုနှစ်မှာတော့ ၁၄ဝ% တောင်ဖြစ်လာခဲ့ပါတယ်။ ကြွေးပြန်ဆပ်ရတာကိုက သုံးစွဲနိုင်တဲ့ဝင်ငွေရဲ့ ၁၄% လောက်ရှိပြီး ဒါဟာ သမိုင်းစံချိန်သစ်ဖြစ်ပါတယ်။ တဖက်မှာကျတော့ အိမ်ထောင်စုများရဲ့စုငွေဟာ ပုံမှန်အားဖြင့် သုံးစွဲနိုင်တဲ့ဝင်ငွေရဲ့ ၁ဝ% လောက်ရှိရာကနေ အခုအခါမှာ သုညကို ရောက်သွားပါတယ်။

ဒီလို အိမ်ထောင်စုတွေရဲ့ သုံးစွဲမှုအပေါ်မှီခိုနေရတဲ စီးပွားရေးတိုးတက်မှုဟာ အဲဒီအိမ်ထောင်စု တွေရဲ့လက်ထဲမှာရှိနေတဲ့ စတော့တန်ဘိုးတွေ၊ အိမ် - ခြံတွေရဲ့တန်ဘိုး စတာတွေနဲ့ ဆက်နေပါတယ်။ လူတွေ ဟာ ဒီ့အယင်အီလက်ထရွန်းနစ်ဈေးကွက် အကြောင်းပြပြီး စီးပွားရေးကောင်းလိုက်တဲ့ ကာလဆီတုန်းက ဝယ်လိုက်ကြတဲ့စတော့တွေကိုင်ပြီး အကြွေးရတဲ့အိမ်ယာတွေကို အရမ်းဝယ်ကြတာကနေ အဲဒီ လေပူဖောင်းတွေ ပေါက်တော့ ဒုက္ခအကြီးအကျယ် ရောက်ကုန်ကြတာဖြစ်ပါတယ်။ သာမာန်ပြည်သူတွေကတော့ ဒါဟာဘဏ်ကြီး တွေက လောဘရမ္မက်ကြီးပြီး အရမ်းထုတ်ချေးလို့ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒါကြောင့်လည်း ကမ္ဘာမှာအကြီးဆုံး ငွေချေးပေးတဲ့ ဂျေပီမော်ဂင်ချေ့စ် (JP Morgan Chase) တို့လို ဘဏ်ကြီးတွေနဲ့ လေးမန်းဘရားသား (Lehman Brothers) လို ရင်းနှီးမြှပ်နှံရေးဘဏ်ကြီးတွေ ထိပ်ဆုံးက ပြိုလဲသွားတာဖြစ်ပါတယ်။

ဖိုင်နင်ရှင်တိုင်းမ်စ် ဘောဂဗေဒပညာရှင်/ဆောင်းပါးရှင် မာတင်ဝုဖ် (Martin Wolf) က အမေရိကန် နိုင်ငံရဲ့ အရင်းရှင်စနစ်ဟာ ၂ဝ ရာစုနှစ် အလယ်ပိုင်းလောက်ကစပြီး ဘဏ္ဍာရေးအရင်းရှင်စနစ်ထဲ ဝင်ခဲ့တယ်လို့ ရေးဖူးပါတယ်။ ပြောမယ်ဆိုလည်း ပြောစရာပါ။ ၂ဝဝ၄ ခုနှစ်၊ အမေရိကန်နိုင်ငံမှာ ကုန်ထုတ်လုပ်မှုကရတဲ့ အမြတ် ငွေဟာဒေါ်လာ ၅၃၄ ဘီလျံရှိခဲ့ပြီး၊ ဘဏ္ဍာရေးလုပ်ငန်းကရရှိတဲ့ အမြတ်ကတော့ ဒေါ်လာဘီလျံ ၃ဝဝ တောင် ရှိပါ တယ်။ ဒါဟာ အကောင်အထည်မပါပဲ စာရင်းတွေလက်လွှဲတာလုပ်ရင်း “ဖြစ်ပေါ်လာတဲ့ (စာရင်းအရ) အမြတ် တွေဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အနှစ်လေးဆယ်ကဆိုရင် ဘဏ္ဍာရေးလုပ်ငန်းကရတဲ့အမြတ်ဟာ ကုန်ထုတ်လုပ်မှုက ရတာရဲ့ ၄% သာရှိပါတယ်။ နှိုင်းယှဉ်ကြည့်ဖို့ပါ။ ဒီလိုနဲ့ ငွေကြေးလောကဟာ အမေရိကန်နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ နောက်ဆုံး နိုင်ငံရေးကိုတောင် ချုပ်ကိုင်ခြယ်လှယ်တဲ့ အဆောက်အအုံကြီးဖြစ်လာခဲ့ပါတယ်။ ရုပ်ဝတ္ထု အကောင်အထည်ကိုမဖြတ်သန်းပဲ ငွေကနေ ငွေ၊ စာရင်းကနေစာရင်းဖြစ်တဲ့ စီးပွားရေးက လွန်ကဲလာတဲ့ လက္ခဏာဖြစ်ပါတယ်။

တဖက်မှာတော့လည်း အမေရိကန်နိုင်ငံအဖို့ ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေကို ပြည်ပသို့တင်ပို့ တာထက် တင်သွင်းတာက ပိုများလာပါတယ်။ ဒီအနေအထားတွေနဲ့ စစ်သုံးစရိတ်မြင့်တက်လာမှုတို့ကြောင့် အမေရိကန်နိုင်ငံရဲ့စီးပွားရေးဟာ ငွေပေးငွေယူ ရှင်းတမ်းကွာဟမှုတွေ ဆက်တိုက်ပြလာတာ ဖြစ်ပါတယ်။ ၂ဝဝ၆ ခုနှစ်က ငွေပေးငွေယူရှင်းတမ်း ကွာဟမှုဟာ ဒေါ်လာဘီလျံ ၈ဝဝ ကျော်ပြီး သူတို့ ဂျီဒီပီရဲ့ ၆% ရှိပါတယ်။ ဒီ ကွာဟချက်ကို ပြည်ပနိုင်ငံတွေက ဝင်ငွေတွေနဲ့ ပြန်ထိန်းညှိပါတယ်။ ဥပမာတခုပြရရင် အဲဒီနှစ်မှာ အမေရိကန်ရဲ့ ငွေကြေးရှင်းတမ်းက ဒေါ်လာ ၆.၅ သန်းအရှုံးပြနေပြီး ဂျပန်နဲ့တရုတ်တို့ကတော့ ဒေါ်လာ ၃.၉ သန်းနဲ့ ၉.၁ သန်း ပိုနေပါတယ်။ သူတို့က ဒီပိုနေတဲ့ငွေတွေကို အမေရိကန်နိုင်ငံထဲမှာပဲ အရင်းအနှီးတွေဝယ်ယူလိုက်ပါတယ်။ အခု ဆိုရင် ကမ္ဘာ့ငွေကြေးဈေးကွက်က စာရင်းမညီမျှမှုတွေကို ထိန်းညှိဖို့အတွက် တနေ့ကို ဒေါ်လာ ၂ ဘီလျံလောက် အမေရိကန်နိုင်ငံထဲကို စီးဆင်းနေရပါတယ်။ ဒီအတွက် တွေးတောပူပင်နေကြသူတွေကတော့ အခုလို မေးခွန်း ထုတ်ပါတယ်။ တသက်လုံး ဒီအတိုင်းပဲ သွားနေရတော့မှာလားတဲ့။

ဒီတခါ အမေရိကန်နိုင်ငံရဲ့ ဘဏ္ဍာရေးအကြပ်ဆိုက်မှုကြီးမှာ သိသိသာသာပေါ်ထွက်လာတဲ့ ကိစ္စတခု ကတော့ အမေရိကန်က ခေါင်းဆောင်တွေနဲ့ ဘောဂဗေဒပညာရှင်တွေပြော ပြောနေတဲ့ သူတို့ နိုင်ငံရဲ့ ဈေးကွက် ဘဏ္ဍာရေး၊ လွတ်လပ်စွာ စီးဆင်းတဲ့ဘဏ္ဍာရေးစနစ်ဆိုတာ အလိမ်အညာသာ ဖြစ်တယ်ဆိုတာပါပဲ။ ထိပ်တန်း ဘဏ်ကြီးတွေ ဒုက္ခရောက်ကြတော့ သမတကိုယ်တိုင် ရှေ့ကထွက်လာပြီး ပြည်သူ့ဘဏ္ဍာ ဘီလျံပေါင်း ၇ဝဝ နဲ့ ပြန်ကယ်တင်တာပါပဲ။ တကယ်က အမေရိကန်နိုင်ငံရဲ့ ထိပ်ဆုံးလုပ်ကြီး ၅ဝဝ စာရင်းထဲမှာ ပါတဲ့လုပ်ငန်းတွေထဲ မှာ ၇% လောက်ဟာ နိုင်ငံတော်က “ကယ်တင်” ထားရတာတွေပါ။ ဒါ့ အပြင် သီးနှံလုပ်ငန်းတွေကို နိုင်ငံတော်က ပံ့ပိုးတယ်ဆိုတာမျိုးတွေလည်း ရှိပါသေးတယ်။

တကယ်လို့သာ အမေရိကန်ဒေါ်လာကို စီးပွားရေးအရ အင်အားကြီးနိုင်ငံတွေက နိုင်ငံတာငွေအဖြစ် လက်ခံထားမယ်၊ ကိုယ့်အရံငွေတွေကို ဒေါ်လာအဖြစ်ထားမယ်ဆိုရင် ဒေါ်လာဟာ ရွှေနဲ့ တတန်းတည်းအသုံးဝင် တဲ့ ငွေကြေးဖြစ်နေမှာပါ။ ဒါပေမဲ့ ဒီလိုဖြစ်ဖို့ဆိုရင် အမေရိကန်ဟာအစဉ်ပဲ နိုင်ငံရေး - စစ်ရေးအရရော စီးပွားရေး အရပါ ကမ္ဘာ့ထိပ်တန်း ဒင်ကမော်ဖြစ်နေဖို့လိုပါတယ်။ ဒါဆိုရင် သူ့မှာ “မျိုးချစ်” တွေလည်းပေါ၊ “မဟာမိတ်” တွေ လည်းဝိုင်းပြီး လက်ညှိုးညွှန်ရာရေဖြစ်လို့ ထိသမျှရွှေဖြစ်နေမှာပါ။ ဒါပေမဲ့ အထက်မှာပြောခဲ့သလိုပဲ အမေရိကန် နိုင်ငံရဲ့စီးပွားရေးဟာ သင်္ခါရတရားကို မလွန်ဆန်နိုင်လေတော့ သစ္စာအရှိဆုံးလို့ ထင်ရသူတွေကတောင် ဖဲကျဉ် တာကို တွေ့လာရပါတယ်။ တလောကပဲ ပြင်သစ်၊ ဂျာမဏီ စတဲ့နိုင်ငံတွေဟာ ရုရှား၊ တရုတ်လိုနိုင်ငံများနဲ့ ကမ္ဘာ့ ငွေကြေးစနစ်အသစ်တရပ် ထူထောင်ဖို့ တိုင်ပင်ကြတယ်ဆိုတဲ့သတင်း ထွက်ပေါ်လာပါသေးတယ်။

ဒေါ်လာရဲ့တန်ဘိုးဟာ ငါးနှစ်မျှဆက်တိုက်ထိုးကျပြီး ယခုအခါ တခြားနိုင်ငံတွေက ငွေကြေးမျိုးစုံနဲ့ လဲလှယ်နှုန်းဟာ အရင်ထက် ၂၅% တောင်နိမ့်ကျသွားပါတယ်။ ၂ဝဝ၈ ခုနှစ် ဇန်နဝါရီလမှာ ယူရိုနဲ့ လဲနှုန်းဟာ ၁ဝဝး၁၄၈ တောင်ဖြစ်သွားပါတယ်။ ဒါဟာ ဒေါ်လာရဲ့ယူရိုနဲ့လဲလှယ်နှုန်း အမြင့်ဆုံးဖြစ်တဲ့ ၂ဝဝဝ ခုနှစ်ထက် ၄ဝ% တောင်ကျသွားတာဖြစ်ပါတယ်။ ဒီအခြေအနေတွေကြောင့် ရေနံတင်ပို့တဲ့ နိုင်ငံတွေဟာ ရေနံတန်ဘိုးကို ဒေါ်လာနဲ့မသတ်မှတ်တော့ပဲ တခြားတခုခု (ဥပမာယူရို) နဲ့ သတ်မှတ်ဖို့အသံတွေ ပေးနေကြတာဖြစ်ပါတယ်။ ဒါကို အီရတ်က ဆာဒမ်ဟူစိန်က ၂ဝဝဝ ခုနှစ်မှာ လက်တွေ့အကောင်အထည်ဖော်ခဲ့ပါတယ်။ သူက သူ့ရဲ့အရံငွေ ဒေါ်လာ ၁ဝ ဘီလျံကို ယူရိုတွေအဖြစ် ပြောင်းလဲပစ်လိုက်ပါတယ်။ အဲဒီလုပ်ရပ်ကြောင့် ဆာဒမ်ဟူစိန် သေဒဏ် ကျသွားတာပါ။ ဆာဒမ်ကို အမေရိကန်က ၉၁၁ အဖြစ်အပျက် မတိုင်မီကတည်းက ဆုံးမဖို့ဆုံးဖြတ်ပြီးဖြစ်ပါတယ်။

ဒီနေ့ခေတ် အရင်းရှင်စနစ်ရဲ့ ထူးခြားချက်တခုက အရင်လို အရင်းအနှီးတွေ တင်ပို့တာမဟုတ်ဘဲ စုပ် ယူနေတာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ ဘဏ္ဍာရေးရှင်းတမ်းမှာ ပြည်ပကို သူကပေးစရာရှိနေတဲ့ အကြွေးဟာ သူ့ဂျီဒီပီရဲ့ ၂၅% တောင်ရှိနေပါတယ်။ သူဟာ ကမ္ဘာအရင်းအနှီးတွေရဲ့ ၆ဝ% လောက်ကို စုပ်ယူနေတယ်လို့ လည်း ပြောကြပါတယ်။ အဲဒီအထဲက ၃၇% ဟာဆိုရင် ဖွံ့ဖြိုးဆဲနိုင်ငံတွေဆီကလာတာပါ။ ဒါကြောင့် အခုကာလ မှာ ပိုင်ဆိုင်မှုဟာ နိုင်ငံတခု၊ ဒါမှမဟုတ် နိုင်ငံတစုလက်ထဲမှာပဲ စုနေတာမဟုတ်တော့ဘဲ နိုင်ငံအများအပြား လက်ထဲမှာ ပြန့်နေတယ်လို့ ဆိုရမလိုဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုလောက်ကစပြီး ကမ္ဘာပေါ်ရှိ တိုင်းပြည်အတော်များများမှာ မယုံနိုင်လောက်တဲ့ စီးပွားရေးတိုးတက်မှုနှုန်းတွေ ပေါ်ပေါက်နေတာကို တွေ့ရပါ တယ်။ ဒါဟာ ရှိရင်းစွဲ အရင်းရှင်နိုင်ငံကြီးတွေကို အံတုတယ်၊ စိမ်ခေါ်တယ်လို့ မဆိုနိုင်တောင်မှ အဲဒီနိုင်ငံကြီးတွေ ကို ရတက်မအေး ဖြစ်စေတာကတော့ အမှန်ပါပဲ။

သတိပြုရမှာက အဲဒီနိုင်ငံတွေမှာ အမေရိကန်လို အီရတ်နဲ့ အာဖဂန်မှာ စစ်နွံနစ်နေတာမျိုး မရှိပါဘူး။

အခုလောလောဆယ်ဆယ်မှာ အမေရိကန်ရဲ့ ကမ္ဘာ့နံပတ်တစ်နေရာနဲ့ အမေရိကန်ဒေါ်လာရဲ့ အစွမ်း ကို ဘယ်နိုင်ငံ၊ ဘယ်ငွေကြေးက အစားထိုးမယ်ဆိုတာကို ပြောဖို့သိပ်ခက်ပါသေးတယ်။ အခြေအနေတွေက စောတုန်းပါပဲ။ ဒါပေမဲ့ ဝါရှင်တန်ရဲ့ တန်ခိုးအာနုဘော်ရော ဒေါ်လာရဲ့သြဇာပါ သိသိသာသာကြီး ကျဆင်းလာ တယ်ဆိုတာကိုတော့ ဘယ်သူမှမငြင်းနိုင်ပါဘူး။ အမေရိကန်အိပ်မက် (American Dream) ဆိုတာကို ဆက်ထိန်း ဖို့ဟာ စရိတ်စကကြီးလွန်းလှလို့ စဉ်းစားစရာဖြစ်နေပါပြီ။

အခုအခါမှာ ဒေါ်လာတန်ဘိုးကျလို့ အမေရိကန်ရဲ့ အဆင့်နေရာ လျှောကျတာလား၊ အမေရိကန်ရဲ့ အဆင့်နေရာလျှောကျလို့ ဒေါ်လာတန်ဖိုး လျှောကျတာလားဆိုပြီး ကြက်နဲ့ကြက်ဥ ဘယ်ဟာက အစလဲဆိုတဲ့ မေးခွန်းထုတ်နေရမယ့်အချိန် မဟုတ်ပါဘူး။ မုချဖြစ်ပေါ်လာတော့မယ့် နိုင်ငံတကာ့အခင်းအကျင်းအသစ်အတွက် စဉ်းစားပြင်ဆင်ကြရမယ့်အချိန်ဖြစ်ပါတယ်။ ဒါ အမေရိကန်နိုင်ငံကိုယ်တိုင် အပါ ဖြစ်ပါတယ်။

(အချက်အလက်များကို အင်တာနက်စာမျက်နှာများက ရပါတယ်။)

REF: နေ့သစ်အင်တာနက်စာမျက်နှာ

0 comments:

အပေါ်သို့