ပဲခူးထောင်မှ နိုင်ငံရေးအကျဉ်းသားတဦး သေဆုံးပြီး ရက်အနည်းငယ်အကြာတွင် မန္တလေးထောင်မှ နိုင်ငံရေး သမားတဦး ယမန်နေ့က သေဆုံးသွားသည်။
သေဆုံးသူ ဦးဌေးလွင်ဦးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တဦးဖြစ်ပြီး တီဘီရောဂါဖြင့် ကွန်လွန် သွားခြင်းဖြစ်ကြောင်း ဇနီးဖြစ်သူ ဒေါ်ခင်လှမြင့်က ပြောပြသည်။
“ကိုဌေးလွင်ဦး တနင်္ဂနွေနေ့မနက်က အစောကြီး ဆုံးသွားပြီ။ မန္တလေးထောင်မှာ ဆုံးတယ်။ အဆုတ်ရောဂါ ဖြစ်နေတာ ခြောက်လရှိပြီ။ တခြားရောဂါတွေလည်း ရှိတယ်” ဟု ဒေါ်ခင်လှမြင့်က ဧရာဝတီသို့ ရှင်းပြသည်။
ဦးဌေးလွင်ဦး ခံစားခဲ့ရသည့် ရောဂါဝေဒနာများနှင့်ပတ်သက်၍ မည်သည့်ဆေးကုသမှုမျှ မရရှိခဲ့ကြောင်း ဒေါ်ခင်လှမြင့်ကဆိုသည်။
ကျောင်းဆရာတဦးဖြစ်သူ ဦးဌေးလွင်ဦး (အသက် ၄၅နှစ်)သည် အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့်အတူ ၂၀၀၃ ခုနှစ် တွင် ထိန်းသိမ်းခံခဲ့ရသည်။ အလုပ်သမားအခွင့်အရေး လှုပ်ရှားမှုများနှင့်ပတ်သက်၍ မန္တလေးမြို့တွင် ဖမ်းဆီး ခံရခြင်းဖြစ်သည်။ နောက်ပိုင်းတွင် နိုင်ငံရေးပုဒ်မ ၅ (ည) ဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ် ခံခဲ့ရသည်။
ဦးဌေးလွင်ဦး သေဆုံးမှုနှင့် ပတ်သက်ပြီး အေအေပီပီ ခေါ် မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်းက စစ်အစိုးရသည် လူသတ်မှုများကို စနစ်တကျ ကျူးလွန်နေခြင်းဖြစ်ကြောင်း စွပ်စွဲ လိုက်သည်။
“အဆုတ်ရောဂါဆိုတာ ကုလို့ရတဲ့ ရောဂါပဲ။ ကုလို့ရပေမယ့် အာဏာပိုင်တွေက သူ့ကို ဆေးမကုပေးခဲ့ဘူး”ဟု အေအေပီပီအသင်း၏ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပြသည်။
အေအေပီပီအသင်းက ဦးဌေးလွင်ဦး သေဆုံးမှုအကြောင်းကို ယနေ့ သတင်း ထုတ်ပြန်ခဲ့သည်။ နအဖ စစ် အစိုးရလက်ထက်တွင် ယနေ့အချိန်အထိ နိုင်ငံရေးအကျဉ်းသားပေါင်း အနည်းဆုံး ၁၃၈ ဦး သေဆုံးခဲ့ရသည် ဟု ဆိုသည်။
ပြီးခဲ့သည့်အပတ်က ပဲခူးထောင်တွင် သေဆုံးခဲ့သူ ကိုမောင်စန်းသည် ကျန်းမာရေးစောင့်ရှောက်မှု မရရှိသည့် အတွက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဦးဌေးလွင်ဦး၏ဈာပနကို မန္တလေးမြို့ ကြာနီကန်သုသာန်တွင် ယနေ့ ပြုလုပ်မည်ဟု သိရသည်။ ဦးဌေးလွင်ဦး ကွယ်လွန်ချိန်တွင် ဇနီးသည် ဒေါ်ခင်လှမြင့်နှင့် ၈ နှစ်အရွယ် သားတဦး ကျန်ရစ်ခဲ့သည်။
REF: ဧရာဝတီ
















































0 comments:
Post a Comment