နှလုံးသားကို မချုပ်နှောင်ဖြစ်ဘူး
သူတို့က အမုန်းကို ဈေးကွက်တင်ပြီး ရောင်းကြည့်တယ်
ကျင့်ဝတ်သိသူတွေက ကဲကြည့်ရုံမျှနဲ့ လှည့်ထွက်သွားတာပါပဲ
ဝယ်ရကောင်းနိုး တန်ဖိုး မတွက်တတ်သူတွေက
တွေဝေနေဆဲပေါ့။
သူတို့က အကြိမ်ကြိမ် မီးတင်ရှို့တယ်
နှလုံးသားကို မလောင်ကျွမ်းနိုင်ခဲ့ဖူး
သူတို့က အပေးအယူကို ရောင်စုံချယ်ပြီး လှည့်စားကြည့်တယ်
သီလ သိသူတွေက ကဲကြည့်ရုံမျှနဲ့ လှည့်ထွက်သွားတာပါပဲ။
ဆောင်ကြဉ်းရကောင်းနိုး မှတ်ကျောက် မတင်တတ်သူတွေက
ဝေဝါးနေဆဲပေါ့။
သူတို့က အကြိမ်ကြိမ် အသေသတ်ဖို့ ကြိုးစားတယ်
ကျူပင်ခုတ် ကျူငုတ်မကျန်
အာဃာတနဲ့ ရန်ငါစည်းပြတ်ပေါ့
တကယ်တော့....
ငြိမ်းချမ်းနေသူကို မတုန်လှုပ်စေနိုင်ခဲ့ဖူး
ဘယ်တော့မှလည်း အနိုင်ရမှာ မဟုတ်ဘူး။
အမှန်တရားသိသူ
အကြောက်တရားကင်းသူ
အတ္တအခန်းကျဉ်းထဲမှာ မနေသူ
ပရအတွက် ဆောင်ကြဉ်းသူ
တရားမျှတမှုကို မြတ်နိုးသူ
ခွင့်လွတ်ခြင်းအတွက် စံပြဖြစ်သူ။
သူ့အတွက်.........
တောင်တန်းတွေက သြဘာပေးနေတယ်
မြစ်ချောင်းတွေက သံပြိုင်သီချင်းတွေ ဟစ်ကြွေးနေတယ်
ကြယ်ပွင့်တွေက ကဗျာတွေချွေချ ပေးနေတယ်။
ကမ္ဘာတခုလုံး
အုံးအုံးကျွက်ကျွက်
သိမ့်သိမ့်တုန်လျှက်ပေါ့။ ။
1 comments:
Great poem, SPL. Cheers!
Post a Comment