Thursday, September 17, 2009

စစ်လည်းမဟုတ်၊ ငြိမ်းချမ်းရေးလည်း မဟုတ်တဲ့ နယ်စပ် ဒေသ

ရဲဘော်ဖိုးသံချောင်း
၁၄ စက်တင်ဘာ ၂၀၀၉

ပြီးခဲ့တဲ့ ကိုးကန့် အရေးအခင်းမှာ နအဖ စစ်အစိုးရက အစွယ်ဖြဲပြခဲ့ပြီ။ သေနတ် ဖောက်ပြခဲ့ပြီ။

ဒါဟာ ငြိမ်းအဖွဲ့တွေကိုသာမက တတိုင်းပြည်လုံးကိုပါ သတိပေး ခြိမ်းခြောက် လိုက်တာ ဖြစ်တယ်ဆိုတာ သံသယ ရှိစရာ မလိုပါဘူး။ အိမ်နီးနားချင်း နိုင်ငံများနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း များကိုလည်း ကြားလိုက်ကြရဲ့ မဟုတ်လားလို့ မေးနေတဲ့ အလားပါပဲ။

နအဖ အခုလို ကိုးကန့်က MNDAA ကို အပြတ်ချေမှုန်းတဲ့ အထိ လုပ်လိုက်တာဟာ သူတို့ စီစဉ်တဲ့ နယ်ခြားစောင့်တပ် အစီအစဉ်ကို လက်မခံတဲ့ အကြောင်းရင်း တခုတည်းကြောင့် ပြောရင် နအဖစကားကို အလွယ်နဲ့ ယုံကြည်ရာ ကျပါလိမ့်မယ်။ တကယ်က ဒီနေ့ အပစ်ရပ် အဖွဲ့တွေထဲမှာ ဦးဖုန်ကြားရှင်တို့ လိုပဲ လက်မခံနိုင်ဘူးလို့ ပြောနေတဲ့ တခြား အဖွဲ့အစည်း ကြီးငယ်တွေ မနည်း ရှိနေ ပါသေးတယ်။

နောက်အကြောင်းပြချက်တခုဖြစ်တဲ့ လက်နက်စက်ရုံ ကိစ္စဟာလည်း တော်တော် ရယ်စရာကောင်းတဲ့ အကြောင်းပြချက် ဖြစ်ပါတယ်။ တရုတ် ဗမာ နယ်စပ်က တချို့ ငြိမ်းအဖွဲ့အစည်း တွေမှာ လက်နက် ခဲယမ်း ထုတ်လုပ်တဲ့ စက်ရုံ ငယ်လေးတွေ ရှိတတ်တယ်။ ရှိတယ် ဆိုတာကို နအဖ မသိတာ မဟုတ်ပါဘူး။ အဲဒီ အဖွဲ့အစည်းတွေကလည်း ဗြောင်သာ ထုတ်မပြောတာ သိပ်ဖုံးကွယ် ထားကြတာ မဟုတ်ပါဘူး။ နောက်ပြီး ဒီစက်ရုံးတွေ တည်ရှိနေတာဟာ နှစ်ပေါင်းကို ကြာလှပါပြီ။ ဒါ့အပြင် ပြောဖြစ်အောင် ပြောရမယ့် အချက်တခုက နဝတနဲ့ ဒီအဖွဲ့တွေ အပစ်အခတ် ရပ်စဲရေး ဆိုတာကို လုပ်ခဲ့ကြတုန်းက လက်နက်ခဲယမ်း မစုဆောင်းရ၊ မထုတ်လုပ်ရလို့ သဘောတူညီချက် မရှိခဲ့ပါဘူး။ အခုမှ သူတို့ရဲ့တပ်တွေကို ပြင်ဆင်ပြီးပြီ ဆိုတော့မှ ဒီကိစ္စကို လက်ညှိုးထိုးပြပြီး ရမယ်ရှာတာ ဖြစ်ပါတယ်။

မူးယစ်ဆေးဝါး။ ဒီအကြောင်းပြချက်ကတော့ ပိုလို့တောင် ရီစရာ ကောင်းပါတယ်။ ဒီဒေသတွေမှာ ဗိုလ်ခင်ညွန့်နဲ့ အပစ်အခတ် ရပ်စဲရေး လုပ်လိုက်ပြီးမှ မူးယစ်ဆေးဝါး ထုတ်လုပ်မှုဟာ အရေအတွက်အရ၊ အရည်အသွေးအရ၊ အမျိုးအစားအရ အကုန်တိုးပွား လာတယ်ဆိုတာ ကမ္ဘာ အသိပါ။ ဒါကို စစ်အစိုးရက မသိကျိုးနွံ ပြုထားသလို ထောက်လှမ်းရေး အပါ စစ်တပ် တချို့ဟာလည်း ဒီလုပ်ငန်းတွေကို မှီပြီး ဝင်ငွေ ကောင်းနေခဲ့ကြတာပါ။ ဒါပေမယ့် ၂၁ ရာစုဝင်ပြီးနောက်ကစပြီး ဒီဒေသတွေမှာ မူယစ်ဆေးဝါး ထုတ်လုပ်မှု ကျဆင်းသွားတယ် ဆိုတာလည်း ကမ္ဘာက အသိအမှတ်ပြုပြီး ဖြစ်ပါတယ်။ နအဖ စစ်အစိုးရဟာ ဦးဖုန်ကြားရှင်တို့ မူးယစ်ဆေးဝါး လှိုင်လှိုင် ထုတ်နေတုန်းက သူတို့ရဲ့ “အမျိုးသားညီလာခံ” မှာ တိုင်းရင်းသား ခေါင်းဆောင်ကြီးလို့ ဖူးဖူးမှုတ် ဗန်းတင်ထားခဲ့တာကို ဘယ်သူက မေ့ပါ့မလဲ။ နောက်ပြီး အခု ဦးဖုန်ကြားရှင်တို့ကို ဗကပထဲကနေ ခွဲထွက်စေတုန်း ကရော၊ အခု ဖြိုခွဲ တိုက်ခိုက်တဲ့ အခါမှာရော နအဖ စစ်အစိုးရဟာ လားရှိုးမှာ မူးယစ် ဆေးဝါး ရာဇာကြီးတွေကို တမင်ပင့်ဖိတ် အကြံဉာဏ်တွေ ယူခဲ့တယ်ဆိုတာ ကမ္ဘာက မသိဘူးမှတ်လို့လား။

ဒီတခါ နအဖက ဦးဖုန်ကြားရှင်တို့ရဲ့ ခေါင်းပေါ်ကိုဖြတ်ပြီး သေနတ် ဖောက်ပြလိုက်တာဟာ သေသေချာချာ၊ စေ့စေ့စပ်စပ် စီမံ ပြင်ဆင်ခဲ့တဲ့ တပြည်လုံး၊ တကမ္ဘာလုံး ကြားအောင် တမင် ပစ်ဖောက်လိုက်တဲ့ သေနတ်သံလို့ပဲ နားလည်ရပါတယ်။ သူတို့နဲ့ မတူသူတွေကို သေနတ်စာ ကျွေးမယ်လို့ ဖော်ပြလိုက်တာ ဖြစ်သလို သူတို့ရဲ့နောက်လိုက် သဗ္ဗနံ ပေါင်းစုံကိုလည်း “ယ-ရက်” နီးပြီလို့ တပ်လှန့် အချက်ပေးလိုက်တာ ဖြစ်ပါတယ်။ တပါတည်း “မင်းတို့ရဲ့နောက်မှာ သေနတ်ရှိတယ်၊ လုပ်ချင်တာသာ လုပ်ကြ” လို့ ကျားစွယ် တိုက်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

ဒီကိစ္စကို အခုလို တတိုင်းပြည်လုံး နိုင်ငံရေးနဲ့ ဆက်စပ်လိုက်တော့ ထပ်တွေ့ရတဲ့ အချက်တခုက ဒီကိစ္စ ဖြစ်ပေါ်တဲ့ အချိန်ကာလ ပါပဲ။ ယက်တောကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ချုပ် ထပ်ချတာတွေ ပြီးစီးသွားတဲ့ နောက်မှာ ဖြစ်ပေါ်လာခြင်းပါပဲ။ တပြိုင် နက်တည်း မဖြစ်ဘူးဆိုတာ သတိပြုရပါမယ်။ ကြပ်ပြေးက ဒါရိုက်တာ စီစဉ် ညွှန်ကြားနေတဲ့ အတိုင်း အစီအစဉ်တကျ ဖြစ်ပေါ်နေတာချည်း ဖြစ်ပါတယ်။ ပြည်မတလှည့်၊ ပြည်နယ်တလှည့်၊ လက်နက် မကိုင်သူတွေ တလှည့်၊ လက်နက်ကိုင်သူတွေ တလှည့် တလှည့်စီ သွေးတိုး စမ်းနေတာရဲ့ နောက်ကွယ်မှာ ဘာရည်ရွယ်ချက် ရှိတယ်ဆိုတာ သေသေချာချာ စဉ်းစားသင့်ပါတယ်။ တပါတည်းမှာ နောက်ခြေလှမ်းရဲ့ ပစ်ကွင်းဟာ ဘာဖြစ်မလဲ ဆိုတာလည်း တွေးတောသင့်ပါတယ်။ ဝဖြစ်မလား၊ မုန်းလား ဖြစ်မလားဆိုပြီး လွယ်လွယ် စဉ်းစားလို့ မဖြစ်ပါဘူး။ နအဖဟာ ထင်မထားတဲ့ ပစ်မှတ်တွေ ဖော်ထုတ်တတ်တယ် ဆိုတာကို သတိပြုရပါမယ်။

သေချာတာကတော့ သူတို့အနေနဲ့ ဒီနေရာ၊ ဒီအဆင့်မှာတင် ရပ်ထားလို့ မရပါဘူး။ ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီ သူတို့ရဲ့ လမ်းပြ မြေပုံအတွက် ခလုတ်ကန်သင်း မှန်သမျှကို ရှင်းရပါတော့မယ်။ အနုနည်းနဲ့ ရရင်ရ၊ မရရင် ဦးဖုန်ကြားရှင်တို့ကို လုပ်သလို အကြမ်းနည်းနဲ့ ရှင်းပါ လိမ့်မည်။ ရွေးကောက်ပွဲ ဆိုတာ အာဏာ ပြဿနာ ဖြစ်ပါတယ်။ နအဖ စစ်ဗိုလ်ချုပ်တွေဟာ အာဏာနဲ့ ပတ်သက်ရင် နည်းနည်းမှ ဟန်မဆောင်ဘူး ဆိုတာ အားလုံး သိကြပြီးသားပါ။

အခု သူတို့ဟာ ဝနဲ့မိုင်းလားကို မတိုက်ဘူးလို့ပြောတယ်။ ဒါပေမယ့် သံချပ်ကာ ကားများ အပါအဝင် အင်မတန် များပြားတဲ့ တပ်ပေါင်းစုံကို အဲဒီဒေသတွေကို လာဆိုင် ထားတယ်။ ခြိမ်းခြောက် ထားတယ်။ ပြန်မဆုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ် ချမှတ်ရာမှာ ဆိုင်းငံ့ တနှစ်ခွဲလို့ လုပ်ထားလိုက်တာနဲ့ တူလိုက်လေလို့ တွေးမိတယ်။ ဒါ့အပြင် ကချင် ပြည်နယ်မှာလည်း နအဖတပ်တွေက အားဖြည့် နေရာယူပြီး ဖြစ်နေတယ်။ ဒီလို အနေအထားကို မြင်ရတော့ တကယ်လို့သာ တတိုင်းပြည်လုံးမှာ လှုပ်ရှားမှုကြီး တခုခု ပေါ်ပေါက်ခဲ့ရင်၊ ဒါမှမဟုတ် နအဖဘက်ကနေ လူထု ဖိနှိပ်ရေး လှုပ်ရှားမှုကြီး တခုလုပ်ခဲ့ရင် နအဖအစိုးရဟာ သူတို့ တပ်တွေကို ဒီလိုပဲ ချထားမှာ၊ ငြိမ်းအဖွဲ့တွေကို ရင်ဆိုင် ထိန်းချုပ်ထားမှာပဲလို့ တွေးမိစရာ ဖြစ်နေတယ်။ နအဖအစိုးရ အနေနဲ့ မုန်းလားနဲ့ဝကို မတိုက်ဘူးလို့ ပြောတယ် ဆိုတာကို နအဖရဲ့သတင်းစာတွေ၊ အသံလွှင့်ရုံ၊ ရုပ်မြင်သံကြား တို့ကနေ မဖော်ပြဘူးဆိုတဲ့ အချက်ဟာလည်း သတိထားစရာပါ။ သူတို့ဘက်က ဒါကို တရားဝင် ကတိ အာမခံချက် မဖြစ်အောင် တမင် လုပ်ထားတဲ့ သဘောလို့ ယူဆစရာ ဖြစ်နေပါတယ်။ တဖက်မှာကျတော့လည်း “ဝတို့၊ မုန်းလား တို့ကိုသာ တိုက်ရင် “လက်နက်ကြီးတွေနဲ့ တိုက်လေယာဉ်တွေ သုံးမယ်” လို့ တရား မဝင်ပြောဆို သတင်းလွှင့် နေပါတယ်။

ဒီနေ့ ဗမာပြည်နိုင်ငံရေးကို ပြန်ကြည့်လိုက်တော့လည်း နအဖဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေးမှာလည်း “စစ်လည်းမဖြစ်၊ ငြိမ်းချမ်းရေးလည်း မဟုတ်” ဆိုတဲ့ လိပ်ခဲတည်းလည်း အနေအထားပဲ ထိန်းသိမ်း ထားတာပါ။ အချိန်မရွေး ချေမှုန်းပစ်မယ့် ခြိမ်းခြောက်မှုကို စစ်အစိုးရက တရားဝင် ထုတ်မပြောပေမယ့် လူတိုင်း ခံစားမိနေပါတယ်။
နအဖ စစ်ဗိုလ်ချုပ်တွေဟာ ပြည်သူလူထုနဲ့ အတိုက်အခံ အမျိုးမျိုးကို ‘ကုတ်ပေါ်ဓားဝဲ’ အနေအထားမျိုး တောက်လျှောက် ဖြစ်နေအောင် တဖက်မှာ ဖန်တီးထားပြီး တဖက်မှာ သူတို့ကိုယ်တိုင် ကတော့ ၂ဝ၁ဝ ရွေးကောက်ပွဲ အတွက် နယ်ဆင်း စည်းရုံးတာတွေ အပါ ခြေလှမ်း အမျိုးမျိုးကို ကြိတ်လှမ်း နေကြပါတယ်။ ပြည်တွင်း နိုင်ငံရေးကို အဓိကထားတယ် ဆိုရင် နအဖရဲ့ ခြေလှမ်းတွေကို မျက်ခြည် မပြတ် စောင့်ကြည့်တာ၊ ဖော်ထုတ်တာ၊ ဆန့်ကျင်တာတွေ တောက်လျှောက် လုပ်နေရမှာပါ။

ကိုးကန့်အဖြစ်အပျက်ကိုကြည့်ပြီး တရုတ်သဘောထားက ဘယ်လို၊ အမေရိကန် သဘောထားက ဘယ်လို၊ အာဆီယံ သဘော ထားက ဘယ်လို ဆိုတာတွေ တွက်နေလို့ ခရီးမပေါက်ပါဘူး။ နအဖရဲ့ သဘောထားက ဘယ်လို၊ နအဖရဲ့ အကြံအစည်က ဘယ်လို၊ ဒါကြောင့် ငါတို့က ဘယ်လို ဆိုတာမျိုးကို တိတိပပ စဉ်းစားရ၊ ပြင်ဆင်ရတော့မယ့် အချိန်ဖြစ်ပါတယ်။

0 comments:

အပေါ်သို့