ရဲဘော်ဖိုးသံချောင်း
၂၇ အောက်တိုဘာ ၂၀၀၉
အခုနောက်ပိုင်း နအဖရဲ့ ဒီမိုကရေစီအောက်မှာ အပြောများလာ၊ မီဒီယာတွေထဲမှာ အတွေ့ရ များလာတဲ့ နိုင်ငံရေး ဝေါဟာရ တွေထဲမှာ “စတိတ်စမင်း” (statesman) ဆိုတာလည်း ပါတယ်လို့ ဆိုရပါမယ်။ ဒါကို ဒီတိုင်းပြည်မှာ စကားလုံးကြီးတွေနဲ့ ထုတဲ့ အကျင့်က မပျောက်ကြ သေးပဲကိုးလို့ မှတ်ချက်ချရုံနဲ့ မပြီးဘူး ထင်ပါတယ်။ ဒီစကားလုံး၊ ဒီဝေါဟာရကို ရှေ့တန်းတင် ပြောဆို နေကြသူတွေရဲ့ တကယ့် ရည်ရွယ်ချက်နဲ့ ဗမာပြည် နိုင်ငံရေး နောက်ခံနဲ့ ဟပ်ပြရမယ်လို့ ထင်ပါတယ်။
ဒီပညာရှိတွေဟာ ဒါနဲ့တူညီတဲ့ ဝေါဟာရမျိုး ဗမာစကားထဲမှာ မရှိဘူး ဆိုပြီး (ဒီလို အရည်အချင်း ရှိတဲ့လူ ဗမာပြည်မှာ မရှိဘူးလို့ မပြောရုံတမယ်) အင်္ဂလိပ် အဘိဓာန်ကြီးတွေ၊ နိုင်ငံခြားသား တွေရဲ့ အဆိုအမိန့်တွေနဲ့ ကိုယ်လိုရာ ဆွဲပြီး အနက် ဖွင့်ပြကြပါတယ်။ သူတို့ထဲက တချို့ရဲ့ အဆိုအရ ဒါဟာ “နိုင်ငံရေး ရေချိန် နိမ့်နေသေးတဲ့ ဗမာပြည်သားတွေ” ကို ပညာပေးတဲ့ သဘော ဖြစ်ဟန် တူပါတယ်။ သူတို့ရေးတာတွေ ထဲမှာ သတိထားမိတဲ့ တချက်က သူတို့ပြောတဲ့ စတိတ်စမင်း ဆိုတာမျိုးကို ဗမာပြည်သား ထဲက တဦး တယောက်ကိုမှ ကိုးကား ထောက်ပြတာ မတွေ့ရတာပါပဲ။ ဒီတော့ အင်္ဂလိပ်နယ်ချဲ့ သမားနဲ့ ဂျပန် ဖက်ဆစ်တွေကို တွန်းလှန် ဖယ်ရှားခဲ့တဲ့၊ နှစ်ပေါင်း (၆၀) ကျော် ပြည်တွင်းစစ်ကို ဆင်နွှဲနေတဲ့၊ နှစ်ပေါင်း (၅ဝ) နီးပါး စစ်အာဏာရှင်တွေကို ဆန့်ကျင် တိုက်ခိုက်နေတဲ့ ဒီနိုင်ငံမှာ စတိတ်စမင်း တယောက်မှ မရှိပါကလားလို့ တွေးယူရမလို ဖြစ်လာပါတယ်။
တကယ်ကျတော့ ဗိုလ်သန်းရွှေတို့ခေတ်မှာ ပေါ်ထွန်းလာတဲ့ ဂုရုများဟာ လက်ရှိ အတိုက်အခံ နိုင်ငံရေး လုပ်နေသူတွေကို ရှုတ်ချတဲ့ သဘောနဲ့ ဒီလို စံတခု တင်နေကြတာ ဖြစ်ပါတယ်။ အတိုက်အခံ နိုင်ငံရေး သမားတွေဟာ မီဒီယာ အမျိုးမျိုးမှာ ဘယ်လိုပဲပွဲထွက် နေနေ၊ ဘာကြေညာချက်တွေ ထုတ်နေနေ တယောက်မှ စတိတ်စမင်း မဟုတ်ဘူးလို့ ဆိုချင်ကြတာပါ။ ဦးဝင်းတင်က စလို့ ပြည်ပရောက်တွေ အဆုံးကို သူတို့က နာမည် မတပ်ရုံတမယ် စောင်းလို့တဖုံ၊ တည့်တည့်တမျိုး အပြစ်ရှာပြနေတာ ဖြစ်ပါတယ်။ အဲဒီလို အရေးအသား တွေထဲက ဆောင်းပါးတပုဒ်မှာ “လက်တွေ့မကျသော၊ စိတ်ကူးယဉ် ဝါဒနှင့် အလုပ်မဖြစ်သော အစစ်အမှန် ဝါဒတို့ကို ရှောင်ရှား နိုင်ရေးသည် စတိတ်စမင်း၏ အရည်အချင်း တပါးဖြစ်သည်” လို့ ရေထားပါတယ်။ ဆိုလိုတာက ရှင်းပါတယ်။ ဘယ်လိုပဲ ဝေ့ကာဝိုက်ကာ ရေးနေနေ၊ အပြီးသတ်တော့လည်း ဝှီးဖတ် ဆိုသလို ဒီဘူတာကိုပဲ ဆိုက်တာပါ။ နအဖ စီစဉ်သမျှကို လက်မခံရင် လက်တွေ့ မကျဘူး၊ စိတ်ကူးယဉ်ဝါဒ ဖြစ်တယ်လို့ ဆိုပြီး ရွေးကောက်ပွဲ ဝင်ခိုင်းတာပါပဲ။ ဒီနေ့ဗမာပြည်ရဲ့ နိုင်ငံရေး ဇာတ်ခုံမှာ စတိတ်စမင်း ဆိုသူဟာ နအဖရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်သင့်တယ်ဆိုတဲ့ သဘောထား ရှိကိုရှိရမယ်လို့ ဆိုလိုက်တာပါ။
သူတို့ ဒီလိုပြောဆိုရေးသားနေတာတွေကို နအဖ စစ်အစိုးရက သဘောကျမယ် ဆိုတာကတော့ ဘာမှ သံသယဖြစ်စရာ မလိုပါဘူး။ ဒါကြောင့် ရေးသူများဟာ သူတို့ရဲ့ရည်မှန်းချက် ကိုတော့ အရောက်သားလို့ အောက်မေ့ရမှာပါ။ ဒါပေမယ့် ဒီနေရာမှာ သူတို့ကို မေးလိုက်ချင်စရာ တချက် ပေါ်လာပါတယ်။ အဲဒါက ဒီလိုဆိုရင် ဗိုလ်နေဝင်း - ဗိုလ်သန်းရွှေ အပါ နိုင်ငံတကာထွက် လှုပ်ရှားနေကြတဲ့ ဗိုလ်သိန်းစိန် - ဗိုလ်ဉာဏ်ဝင်းတို့ အလယ်၊ ပြုတ်သွားတဲ့ ဗိုလ်ခင်ညွန့် - ဗိုလ်စောမောင် အဆုံး ဘယ်သူတွေကိုများ စတိတ်စမင်းလို့ သတ်မှတ်လို့ ရပါသလဲလို့။ ဒါကိုတော့ သူတို့က ဘယ်သူဖြင့် ဟုတ်တယ်၊ ဘယ်သူဖြင့် မဟုတ်ဘူးလို့ ပြောရဲမယ် မထင်ပါဘူး။ သူတို့ ခံစားနေရတဲ့ ဒီမိုကရေစီကလည်း အကန့်အသတ် ရှိနေတာကိုး။
ဒီလိုနဲ့ ဗမာပြည်မှာ ဘယ်သူ့ကိုများ စတိတ်စမင်းလို့ သတ်မှတ်နိုင်သလဲ ရာဇဝင် လှန်မှောက်၊ ဝက်ဘ်ဆိုက်တွေ ချောင်းပေါက်လို့ ဒေါင်းတောက်အောင် ရှာပစ်လိုက်တော့ နောက်ဆုံးမှာ “လား-လား၊ ငါနဲ့ငါပဲ ရှိတာကိုး” လို့ ဆိုချင်ကြတာနဲ့ တူနေပါတယ်။ သူတို့ရဲ့ ရေးသားချက် တခုမှာလည်း “အသွင် ကူးပြောင်းနေသော ကာလတွင် မည်သည့် အရာသည် တိုးတက်သည်၊ မည်သည့် အရာသည် ဖောက်ပြန်သည် ဆိုသော အချက်ကို စတိတ်စမင်းက ရွေးချယ် နိုင်ရမည်” လို့ ရေးထားပါတယ်။ ဆိုလိုတာ သူတို့လို စစ်အုပ်စု လုပ်နေတာတွေကို တိုးတက်တဲ့ အရာတွေအဖြစ် ကြည့်မြင်နိုင်ရမယ်၊ အတိုက်အခံတွေ လုပ်နေတာတွေကို ဖောက်ပြန်တဲ့ အရာတွေလို့ ကြည့်မြင် နိုင်ရမယ်လို့ ဆိုတာပါပဲ။ စတိတ်စမင်း ဆိုတာရဲ့စံကို တင်ပြသလိုလိုနဲ့ နအဖရဲ့စံကို ပွဲထုတ် နေကြတာ ဖြစ်ပါတယ်။
သူတို့ပြောတဲ့ စတိတ်စမင်းဆိုတာက ပြည်ပမှာပဲ ရှိသလိုလို၊ ကစ်ဆင်းဂါးလို ဗီယက်နမ် လူမျိုး အသောင်းအသိန်းကို သတ်ဖြတ်ခဲ့သူ ကိုပဲ စတိတ်စမင်း ခေါ်ရမလိုလို၊ စတိတ်စမင်းဆိုတာ လူသူတော်လိုလို ညွှန်းကြပါတယ်။ သူတို့ခမျာ ဘာမှ အငြင်းပွားဖွယ် မရှိတဲ့ ဗမာပြည် အတွက် လွတ်လပ်ရေး ရယူနိုင်အောင်လုပ်ခဲ့တဲ့ နိုင်ငံရေး ခေါင်းဆောင်များကိုတောင် လက်ညှိုး ထိုးမပြရဲပါဘူး။
စတိတ်စမင်းဆိုတဲ့ ဝေါဟာရဟာ အစောပိုင်းမှာရော၊ အခုနောက်ပိုင်း မှာပါ နိုင်ငံရေး လောကထဲမှာ တွင်ကျယ်နေတဲ့ မင်းညီမင်းသားတွေ၊ လူဂုဏ်တန်တွေ အတွက် အသုံးပြုတဲ့ ဝေါဟာရတခု ဖြစ်ပါတယ်။ အနောက်နိုင်ငံ မီဒီယာတွေနဲ့ ပါတီကြီးတွေက တခြား ပါတီငယ်တွေ၊ အလုပ်သမား ခေါင်းဆောင်လို လူတွေ၊ အထူးသဖြင့် အတိုက်အခံ နိုင်ငံရေး သမားတွေကို နှာခေါင်းရှုံ့ရာမှာ ကိုယ့်လူကိုယ် အမွှန်းတင်ဖို့ အတွက်၊ ငါမှတပါး လုပ်ဖို့အတွက် သုံးတဲ့ ဝေါဟာရလို ဖြစ်နေတယ် ဆိုတာကော သတိ ထားမိကြပါ သလား။ လက်နက်ကိုင် တော်လှန်တဲ့ လူတွေကို စတိတ်စမင်း စာရင်း မသွင်းတာကို ပြန်စဉ်းစားကြည့်ပါ။ ဘက်လိုက်မှု အပြည့်ရှိတဲ့ ဝေါဟာရ ဖြစ်ပါတယ်။ အစိုးရ ဆန့်ကျင်သူတွေကို စတိတ်စမင်းလို့ ခေါ်ကြ၊ ရေးကြသူတွေဟာ လက်ဝဲ သမားတွေ ထဲကသာ များပါတယ်။ ကျန်တဲ့လူတွေက အသိအမှတ် မပြုချင်လှပါဘူး။ ဒါကြောင့် တချို့ကများဆိုရင် ဒီအသုံးအနှုန်းကို အင်္ဂလိပ်လူမျိုး တို့ရဲ့ (snobbery) ကိန်းကြီး ခန်းကြီး ဂိုက်ထုတ်မှု တမျိုးလို့တောင် ဆိုကြပါတယ်။
တဆက်တည်း ပြောစရာဖြစ်လာတာက ဒီနေ့ဗမာပြည် နိုင်ငံရေးမှာ လိုအပ်နေတာက သူတို့ပြောတဲ့ စတိတ်စမင်း ကြီးတွေလား ဆိုတာပါပဲ။ ဗမာပြည်ကြီး ဒီလို ပစ်စလက်ခတ် ဖြစ်နေတာကို စတိတ်စမင်းကြီးတွေ ကမှ ကယ်တင်နိုင်မှာလား၊ ဗမာပြည်သူတွေ ရာစုနှစ် တဝက်နီးပါး မျှော်လင့် တောင့်တနေတဲ့ ဗမာပြည် သစ်ကြီးကို စတိတ်စမင်းကြီး တွေကမှ တည်ဆောက် နိုင်မှာလား။ စတိတ်စမင်းတွေရဲ့ ပါးစပ်က ပြောတဲ့ ဒီမိုကရေစီကမှ ဒီမိုကရေစီ၊ လယ်သမားက ဒီမိုကရေစီ စကား ပြောတာကို မတန်မရာစကား ပြောတယ်လို့ ဆိုချင်တာလား။
ဗမာပြည်နိုင်ငံရေးမှာ နိုင်ငံရေးစိတ်ဝင်စားသူတွေ၊ လူငယ်တွေကို အဲဒီလို သဏ္ဌာန် ဆန်တဲ့ ကိစ္စတွေမှာ စီးပါ နစ်မျောနေတာ၊ အရည်မရ အဖတ်မရ ငြင်းခုန်မှုတွေနဲ့ပဲ အချိန်တွေ ကုန်နေတာဟာ နအဖ အဖြစ်စေချင်ဆုံး အခြေအနေ တခုဖြစ်ပါတယ်။ နိုင်ငံရေး စိတ်ဝင်စားသူတွေ၊ လူငယ်တွေအနေနဲ့ ဗမာပြည် နိုင်ငံရေးမှာ ဘယ်သူ့ကိုမှ စတိတ်စမင်း ခေါ်သင့်တယ်၊ ဘယ်သူ့ကိုတော့ မခေါ်သင့်ဘူး စသဖြင့် ငြင်းခုန်နေကြရင် ဒီနေ့ လက်တွေ့ လုပ်စရာတွေကို မျက်ခြည် ပြတ်သွားနိုင်ပါတယ်။ ပြည်ပက သိသင့်တာတွေကို ပြည်တွင်း သယ်လာတာဟာ ကောင်းပါတယ်။ ဒါပေမယ့် ပြည်ပကစံတွေနဲ့ ပြည်တွင်း နိုင်ငံရေးကို ရှုပ်ထွေးအောင် လုပ်ရင်တော့ ခွင့်မလွှတ်သင့်ပါဘူး။
ဗမာပြည်သားများအနေနဲ့ လက်ရှိအခြေအနေမှာ ဒီလူကြီးမင်းတို့ရဲ့ စတိတ်စမင်း ကြီးတွေကို ကယ်တင်ရှင်လို မျှော်ယောင်နေ ကြလို့ မဖြစ်ပါဘူး။ သူတို့ စကားအတိုင်းပဲ ပြောရရင် ဒါဟာ လက်တွေ့မကျပါဘူး။
Ref: ခေတ်ပြိုင်
Wednesday, October 28, 2009
စဉ်းစားစရာဝေါဟာရနဲ့စံ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment