Wednesday, October 7, 2009

နအဖ ရဲ့ ရိုးလ်မိုဒယ်လ် နဲ့ ၂ဝ၁ဝ

ဂါမဏိ

နအဖ ဟာ မြန်မာနိုင်ငံမှာ ထာဝရစစ်အာဏာရှင် စနစ် ထူထောင်ဖို့ ကြိုးစားနေရာမှာ ‘နယ်စည်းမခြား အာဏာရှင်များ' ဆိုတဲ့ ကမ္ဘာ့ လက်ဝဲလက်ျာ အာဏာရှင် ပေါင်းစု ထံက နည်းယူစရာ အတု ယူစရာတွေကို တောက်လျှောက် ရှာဖွေခဲ့ ပါတယ်။ တနည်းပြောရရင် မြန်မာပြည် စစ်အာဏာရှင် စနစ် အတွက် စံပြုနမူနာ Role model တွေကို ရှာဖွေတာ၊ အဲဒီ စံပြုနမူနာ ကိုကြည့်ပြီး ၂ဝ၁ဝ ရွေးကောက်ပွဲ ဗျူဟာကို ချဖို့ လုပ်နေတာဖြစ်ပါတယ်။

အားလုံးသိကြတဲ့အတိုင်း နဝတ-နအဖ ဟာ အစောပိုင်းနှစ်ကာလ များမှာ စစ်အာဏာရှင် ဆူဟာတိုရဲ့ အင်ဒိုနီးရှား နိုင်ငံကို စံပြုနမူနာ အဖြစ် သွားရည် တမြားမြားနဲ့ မော့ကြည့် ခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း အဆင့်ဆင့် ဥပဒေပြုဌာန အားလုံးမှာ စစ်သတ္တဝါ ၂၅ ရာခိုင်နှုန်း ပါဖို့၊ အရေးပါတဲ့ အုပ်ချုပ်ရေး ဌာနတွေကို စစ်သတ္တဝါတွေ ကိုင်ခွင့် ရဖို့ နအဖ အခြေခံ ဥပဒေထဲ ထည့်သွင်း ပြဋ္ဌာန်း ထားပါတယ်။ ဒါ့အပြင် ကြံ့ဖွတ်ကို ပါတီဖွဲ့ပြီး ကျန်တဲ့ ဥပဒေပြု ကိုယ်စားလှယ် နေရာ အုပ်ချုပ်ရေးရာထူး နေရာတွေ ယူဖို့လည်း ကြံစည်နေပါတယ်။

စစ်အာဏာရှင်ဆူဟာတိုလက်ထက် အင်ဒိုနီးရှားမှာ လွှတ်တော် ကိုယ်စားလှယ် ၂ဝ ရာခိုင်နှုန်း (အမတ်နေရာ ၅ဝဝ မှာ ၁ဝဝ) ကို စစ်တပ်က ယူထားပါတယ်။ ကျန်တဲ့ နေရာတွေကိုလည်း စစ်တပ် လက်ကိုင်ဒုတ် ပါတီ ဖြစ်တဲ့ ဂိုလ်ကာ ပါတီက အများစု ယူပါတယ်။ ဂိုလ်ကာပါတီကို ဆူဟာတို အာဏာ မသိမ်းခင် တနှစ်အလို ကတည်းက ကွန်မြူနစ်ပါတီကို တန်ပြန်ဖို့ အတွက် စစ် အရာရှိကြီးတွေ ကျောထောက် နောက်ခံနဲ့ အဲန်ဂျီအို ၉၇ ဖွဲ့ကို စုပေါင်း ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ဆူဟာတို လက်ထက်မှာတော့ အဖွဲ့ပေါင်း ၂၂ဝ အထိ ရှိလာပြီး စစ်တပ်က အတိအလင်း ချုပ်ကိုင် လာပါတယ်။ ဆူဟာတို ဟာ ဂိုလ်ကာအပြင် အင်ဒိုနီးရှား ဒီမိုကရက်တစ် ပါတီနဲ့ ညီညွတ်သော ဖွံ့ဖြိုး တိုးတက်ရေး ပါတီ ဆိုတဲ့ တခြားပါတီလေး နှစ်ခုကိုလည်း ဖွဲ့ခွင့် ပေးထားခဲ့ပါတယ်။ ဒါကြောင့် ၃ ပါတီ စနစ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဓိက လွှမ်းမိုးတာက ဂိုလ်ကာ ပါတီဘဲ ဖြစ်ပါတယ်။

နအဖ ဟာ အင်ဒိုနီးရှားလိုဘဲ စစ်တပ် ပါတီကြီးတခု နဲ့ တခြား အင်အားနည်း ပါတီလေးတွေ ပါဝင်တဲ့ စည်းကမ်း ပြည့်ဝ ‘ပါတီစုံ'ဒီမိုကရေစီ တည်ထောင်ချင် ပါတယ်။ ဒါပေမဲ့ နအဖရဲ့ စံပြုနမူနာ အင်ဒိုနီးရှား နိုင်ငံမှာ ဘယ်လောက်ဘဲ စစ်တပ် က ထိန်းထားပေမဲ့ ၁၉၉၈ တော်လှန်ရေးကြောင့် စစ်အာဏာရှင် စနစ် နိဂုံး ချုပ်သွားခဲ့တဲ့ အတွက် နောက်ထပ် မိုဒယ်လ် ထပ်ရှာရ ပြန်ပါတယ်။ ဗမာပြည် စစ်အာဏာရှင် အဖေကြီး နေဝင်းက ရာထူးက ဆင်းခါနီးမှာ တပါတီ ကြိုက်သလား၊ နှစ်ပါတီ ကြိုက်သလား၊ ပါတီစုံ ကြိုက်သလား မေးခဲ့ ပါသေးတယ်။ အဲဒီ စဉ်းစားချက် အတွက် နအဖရဲ့ စံပြုနမူနာ ဖြစ်နိုင်စရာ ရှိတဲ့ (ဂမ်ဖလားရဲ့ ဇာတိမြေ) နိုင်ဂျီးရီးယား နိုင်ငံမှာ စစ်အာဏာရှင် တွေက နိုင်ငံရေး ပါတီတွေကို အတင်းဆွဲစုပြီး ၂ ပါတီစနစ် ကျင့်သုံးခိုင်း ခဲ့ဖူးပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပွဲတွေ ခဏခဏ ဖြစ်ခဲ့ပြီး စစ်အာဏာရှင် စနစ် အမျိုးမျိုး စိုးမိုး ခဲ့ပါတယ်။ ၁၉၉ဝ ခုနှစ်များမှာ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး ဘာဘန်ဂီဒါက ဒီမိုကရေစီ ရွေးကောက်ပွဲ လုပ်ပေးမယ် ပြောပြီး နှစ်ပါတီ စနစ် ကျင့်သုံး စေခဲ့ပါတယ်။ နဂိုက ရှိတဲ့ ပါတီအားလုံး ဆိုရှယ် ဒီမိုကရက် ပါတီထဲ ဝင်ရင်ဝင် ဒါမှမဟုတ် အမျိုးသား ရီပတ်ဘလစ်ကန် အဖွဲ့ချုပ်ထဲဝင် ဆိုပြီး အတင်းအကြပ် ပူးပေါင်း ခိုင်းခဲ့ပါတယ်။ နှစ်ပါတီစလုံးကို စစ်တပ်က ထူထောင်ထားတာ ဖြစ်ပြီး တခုကို လက်ဝဲပါတီ၊ နောက်တခုကို လက်ျာပါတီ အဖြစ် ဖွဲ့စည်း ခိုင်းထားတာ ဖြစ်ပါတယ်။ ၁၉၉၂ လွှတ်တော် ရွေးကောက်ပွဲနဲ့ ၁၉၉၃ သမတ ရွေးကောက်ပွဲမှာ ဒီနှစ်ပါတီဘဲ ပြိုင်ခွင့် ပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း သမတ အရွေးခံရသူ အာဘီယိုလာကို စစ်အာဏာရှင် ဘာဘန်ဂီဒါနဲ့ ဆန်နီအဘာချာတို့က အာဏာလွှဲ မပေးဘဲ ထောင်ထဲ ထည့်ခဲ့ပါတယ်။

၁၉၉၈ ရွေးကောက်ပွဲကျတော့ စစ်အာဏာရှင် ဆန်နီ အဘာချာက စစ်အစိုးရနဲ့ နီးစပ်တဲ့ ပါတီ ၈ ခုကိုဘဲ ယှဉ်ပြိုင်ခွင့် ပေးခဲ့ပြီး တကယ့် အတိုက်အခံ ပါတီတွေကိုတော့ ယှဉ်ပြိုင်ခွင့် မပေးခဲ့တဲ့ အတွက် ရွေးကောက်ပွဲ သပိတ်မှောက်တာ ဖြစ်ခဲ့ပြီးနောက် မဲပေးသူ အင်မတန့်ကို နည်းလှတာကြောင့် ရွေးကောက်ပွဲ ရလဒ်ကို ဖျက်သိမ်း လိုက်ရပါတယ်။ အဘာချာ သေပြီးနောက် ကျင်းပတဲ့ ၁၉၉၉ ရွေးကောက်ပွဲ တွေမှာလည်း စစ်တပ်နဲ့ နီးစပ်တဲ့ ၃ ပါတီဘဲ ယှဉ်ပြိုင်ခွင့် ရခဲ့ပါတယ်။ ဒါပေမဲ့ သမတ ရွေးကောက်ပွဲ မှာတော့ လူထုက တစုံတရာ ထောက်ခံမှု ရှိတဲ့ (တချိန်က အာဏာသိမ်း စစ်ခေါင်းဆောင် ဖြစ်ဖူးတဲ့) ဗိုလ်ချုပ်ကြီးဟောင်း အိုဘာဆန်ဂျို သမတ အရွေးခံခဲ့ ရပြီး ဒီမိုကရေစီ လမ်းစ ပေါ်လာခဲ့ပါတယ်။ ဒီကနေ့မှာတော့ နိုင်ဂျီးရီးယား နိုင်ငံဟာ ချို့ယွင်းချက်တွေ ရှိနေပေမဲ့ စစ်အာဏာရှင် လမ်းပေါ်မှာ မရှိတော့ဘဲ ဒီမိုကရေစီ လမ်းကြောင်း ပေါ်ကိုတော့ ရောက်နေပါပြီ။

ဒါ့အပြင် နိုင်ဂျီးရီးယားနိုင်ငံမှာ တိုင်းရင်းသား လူမျိုးစုပေါင်း ၂၅ဝ ရှိပြီး ဘာသာစကားပေါင်း ၅၁ဝ ကို ပြောဆို သုံးစွဲ နေပါတယ်။ လွတ်လပ်ရေး ရခါစ ၁၉၆ဝ ခုတုံးက ပြည်နယ် ၃ ပြည်နယ်ဘဲ ရှိခဲ့ရာက ၁၉၆၃ ခုမှာ ဖက်ဒရယ် သမတ နိုင်ငံအဖြစ် ဖွဲ့စည်း ထူထောင်ခဲ့ပြီး အခုအခါ ပြည်နယ် ၃၆ ပြည်နယ်ကို တန်းတူ အခွင့်အရေး အပြည့် ပေးထားပါတယ်။ ခွဲထွက်ခွင့် မရှိပေမဲ့ ပြည်နယ် အားလုံး အထက်လွှတ်တော်မှာ ကိုယ်စားလှယ် အရေအတွက် တန်းတူ စေလွှတ်နိုင်ပါတယ်။ လက်ရှိ နိုင်ဂျီးရီးယား အခြေခံဥပဒေ မှာ စစ်တပ်ကို ရွေးကောက်ခံ သမတနဲ့ လွှတ်တော် လက်အောက်မှာ ထားပါတယ်။ နအဖဟာ ဖြစ်နိုင်ရင် နိုင်ဂျီးရီးယား လိုဘဲ ကြံ့ဖွတ်နဲ့ တစည နှစ်ပါတီဘဲ ရှိမယ့် ‘ပါတီစုံ’ ဒီမိုကရေစီ စနစ်ကိုလည်း တည်ဆောက် ချင်နေပါတယ်။ တခြားပါတီတွေ အားလုံး ဒီပါတီ ၂ ခုထဲ ဝင်ပေါင်း၊ ရွေးကောက်ပွဲမှာ ပြိုင် ဆိုတဲ့ သဘော ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ဂျီးရီးယားမှာ နှစ်ပါတီစနစ်နဲ့ စစ်အာဏာ ထိန်းထားရေး အလုပ် မဖြစ်ခဲ့တာကို တွေ့ရလို့ အဲသလို လုပ်ရမှာကို မဝံ့မရဲ ဖြစ်နေဟန်လည်း ရှိပါတယ်။

ဒီလိုနဲ့ ကမ္ဘာပေါ်မှာ အခိုင်မာဆုံး အာဏာရှင် စနစ် ဖြစ်နေတဲ့ မြောက်ကိုးရီးယား ကိုဘဲ စံပြုနမူနာ အဖြစ် အားကျ နေနိုင်ပါတယ်။ ၁၉၄၅ ခု ကတည်းက စပြီး အခုထိ ၆၄ နှစ်ကြာအောင် အာဏာရှင်စနစ် တောက်လျှောက် ကျင့်သုံးခဲ့တဲ့ မြောက်ကိုးရီးယားဟာ တခြား အာဏာရှင် စနစ်တွေထက် သာတာက မျိုးရိုးစဉ်ဆက် အာဏာရှင် မင်းဆက်ကိုပါ ထိန်းသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဖေ အာဏာရှင် ကင်အီဆွန်း ကွယ်လွန်တဲ့အခါ သား အာဏာရှင် ကင်ဂျွန်အီး တက်လာခဲ့သလို ကင်ဂျွန်အီး ကွယ်လွန်ရင်လည်း သား ကင်ဂျွန်အွန်း တက်ဖို့ စီစဉ်ထားတဲ့ အတွက် အခွင့်ထူးခံ လူတန်းစား အကျိုးစီးပွားတင် မကဘဲ ထိပ်ဆုံးက မိသားစုရဲ့အကျိုးစီးပွား ကိုပါ အာမခံချက် ရှိရှိ ထိန်းသိမ်းနိုင်တဲ့ အတွက် စစ်မင်းဆက် သာမက ရွှေကြိုင် မင်းဆက်ကိုပါ ထိန်းသိမ်း ချင်နေတဲ့ နအဖ ထိပ်သီးကြီး သန်းရွှေအဖို့ အားကျ အတုယူ စရာဖြစ်နေပါတယ်။ သန်းရွှေ ကိုယ်တိုင်က လက်အောက်ခံ ဗိုလ်ချုပ်တွေကို အဖေကြီးနေဝင်းရဲ့ ဘဝ ဇာတ်သိမ်းပိုင်းကို လက်ညှိုးထိုး ပြပြီး “အာဏာမရှိရင် ဒီလိုဘဲဖြစ်မယ်၊ တွေ့လား” လို့ ပညာ ပေးနေတာကြောင့် မြောက်ကိုးရီးယားက အာဏာရှင် ကင်မင်းဆက်ကို စံပြုနမူနာ Role model အဖြစ် အားကျနေတာ မြေကြီး လက်ခတ်မလွဲ ဖြစ်ပါတယ်။ နေဝင်းရဲ့ နိဂုံးက စစ်အာဏာရှိဖို့ အရေးကြီးရုံတင် မက ပုဂ္ဂိုလ်ရေး အာဏာ ရှိဖို့လည်း အရေးကြီးကြောင်း သန်းရွှေကို သတိပေး နေပါတယ်။

မြောက်ကိုးရီးယားနိုင်ငံမှာတော့ “အဖနိုင်ငံ ပြန်လည် ပေါင်းစည်းရေး ဒီမိုကရေစီ တပ်ပေါင်းစု" ကဘဲ လွှတ်တော် ရွေးကောက်ပွဲ ဝင်ခွင့်ရှိပါတယ်။ တသီးပုဂ္ဂလ တွေလည်း လွှတ်တော်မှာ နည်းနည်းပါးပါး အရွေးခံနိုင် ပါတယ်။ ဒီ“တပ်ပေါင်း စု”မှာ ကိုးရီးယား အလုပ်သမား ပါတီ (ကွန်မြူနစ်ပါတီ)၊ ကိုးရီးယား ဆိုရှယ် ဒီမိုကရက်တစ် ပါတီ နဲ့ ချွန်ဒူးအစ်ချွန်ဂူးပါတီ တို့ ပါဝင်ပြီး အားလုံးကို အလုပ်သမား ပါတီက အကြွင်းမဲ့ ထိန်းချုပ် ထားပါတယ်။ ၃ ပါတီ ပါဝင်တဲ့ ပါတီစုံ စနစ်ပါဘဲ။ ၁၉၉ဝ ခုရွေးကောက်ပွဲ တုံးက ကိုးရီးယား အလုပ်သမား ပါတီက အမတ်နေရာ ၆ဝ၁ နေရာ၊ ဆိုရှယ် ဒီမိုကရက် ပါတီက ၅၁ နေရာ၊ ချွန်ဂူးပါတီက ၂၂ နေရာ နဲ့ တသီးပုဂ္ဂလ တွေက ၁၃ နေရာ ရခဲ့ပါတယ်။ ဒီအလုပ်သမား ပါတီကဘဲ နိုင်ငံ့ အကြီးအကဲအဖြစ် ကင်မျိုးဆက်တွေကို သတ်မှတ် ရွေးချယ်တာ ဖြစ်ပါတယ်။

ခေါင်းကျလည်းစားမယ်၊ ပန်းကျလည်းစားမယ်၊ ဒေါင်လိုက်ကျမှ မင်းတို့စား ဆိုပြီး အမတ်နေရာ ၂၅ ရာခိုင်နှုန်း၊ စစ်တပ် သြဇာခံ ကြံ့ဖွတ်ပါတီ၊ အဓိက ဝန်ကြီး ရာထူးတွေ၊ အာဏာ အကြီးဆုံး တပ်ချုပ်ရာထူး၊ အချိန်မရွေး စစ်အာဏာ သိမ်းခွင့်၊ ပြင်မရအောင် လုပ်ထားတဲ့ ပုဒ်မတို့ကို အခြေခံ ဥပဒေထဲ ရေပက်မဝင်အောင် ထည့်ထားပေမဲ့ ပိုပြီး ဘဝအာမခံ ချက်ရှိတဲ့ မြောက်ကိုးရီးယားကို အားကျ နေတာကြောင့် နျူကလီးယားဗုံး ပိုင်ဆိုင်ရေး သာမက ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ရွှေကြိုင် မျိုးဆက်သစ် မျောက်လောင်းကို ကြံ့ဖွတ် ပါတီက သမတလောင်း အဖြစ် တင်ဖို့ ကြိုးစားနေရာမှာ မျောက်လောင်း ကိုယ်တိုင်က မျောက်စိတ် မပျောက်နိုင် သေးတာက တကြောင်း၊ သန်းရွှေက ကြယ် ၃ ပွင့် ၄ ပွင့် ပေးသနားတော် မူထားတဲ့ လက်အောက်က ဗိုလ်ချုပ်တွေ လက်ခံ နိုင်အောင်လည်း မပိုင်သေးလို့က တကြောင်းကြောင့် ရွေးကောက်ပွဲ ဥပဒေတွေ၊ ပါတီ မှတ်ပုံတင် ဥပဒေတွေ၊ ကော်မရှင်တွေ မထုတ်ပြန်နိုင်သေး၊ ရွေးကောက်ပွဲရက် မသတ်မှတ်နိုင်သေး ဖြစ်နေရပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့ စံပြုမိုဒယ်လ်တွေကို နအဖ စစ်အာဏာရှင် တွေက အားကျ အတုခိုး နေပေမဲ့ တကယ် ဖြစ်လာနိုင်တဲ့ မိုဒယ်လ်ကတော့ ဆိုမာလီယာ နိုင်ငံဘဲ ဖြစ်ပါလိမ့်မယ်။ ဆိုမာလီယာ နိုင်ငံဟာ ၁၉၆၉ ခုမှာစစ်တပ်က အာဏာ သိမ်းပြီးနောက် နေဝင်းရဲ့ ဗမာပြည်လိုဘဲ ဆိုရှယ်လစ် စနစ် လုပ်မယ်လို့အော်၊ ရှိသမျှ စီးပွားရေး လုပ်ငန်းတွေ စာသင်ကျောင်းတွေ ပြည်သူပိုင်သိမ်း၊ သစ်ပင်စိုက် မြေတူး တာဖို့ လမ်းဖောက် တံတားဆောက် ကျောင်းဆောက် ဟော်တယ်ဆောက် မြို့သစ်ဆောက် ရုံးဆောက် စတာတွေ အတွက် (တပတ် ၇ နာရီ) အဓမ္မ လုပ်အားပေး စနစ်ကို တနိုင်ငံလုံးမှာ ကျင့်သုံး၊ ရေတပ် လေတပ် အပါအဝင် စစ်အင်အားကို အကြီးအကျယ် တိုးချဲ့ စသဖြင့် လုပ်ခဲ့ပါတယ်။ ၁၉၇၆ ကျတော့ “ဆိုမာလီ တော်လှန်သော ဆိုရှယ်လစ်ပါတီ” ဆိုတာကို တရားဝင် တည်ထောင်ပြီး တပါတီစနစ် ကျင့်သုံးခဲ့ပါတယ်။ ဆိုရှယ်လစ် လုပ်တဲ့အတွက် ဆိုဗီယက် ပြည်ထောင်စုနဲ့ တခြား ကွန်မြူနစ် နိုင်ငံတွေက တပည့်မွေးပြီး အကြီးအကျယ် ထောက်ခံ အားပေးခဲ့ပါတယ်။ စစ်လက်နက်တွေ စစ်အကြံ ပေးတွေနဲ့ အရပ်ဖက် ပညာရှင်တွေ အများကြီး ပို့ပေးခဲ့ပါတယ်။ ၁၉၇၉၊ ၁၉၈၄ နဲ့ ၁၉၈၆ တွေမှာ ဆိုမာလီမှာ ရွေးကောက်ပွဲတွေ လုပ်ပြီး စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးဘားရဲ့ ပါတီကဘဲ ရှိသမျှ နေရာအားလုံးကို ယူခဲ့ပါတယ်။

၁၉၇၇-၇၈ မှာ တိုးချဲ့ထားတဲ့ စစ်အင်အား၊ မြင့်တက်နေတဲ့ ဘဝင်နဲ့ အီသီယိုပီးယား နိုင်ငံကို ဝင်တိုက်ရာမှာ ဆိုဗီယက် ရုရှား၊ ကျူးဘား၊ မြောက်ကိုးရီးယား တို့က တဖက်နိုင်ငံကို ငွေအား၊ လက်နက်အား သာမက လူအား (ကျူးဘား စစ်သား ၂ဝဝဝဝ၊ ရုရှားနဲ့ အရှေ့ ဂျာမဏီ စစ်အကြံပေး ၄ဝဝဝ) နဲ့ပါ ကူလို့ ကွန်မြူနစ် နိုင်ငံတွေနဲ့ ခွာပြဲပြီး အမေရိကန် ဘက်ကိုပြောင်း တပည့်ခံလိုက် ပါတယ်။ ဆိုရှယ်လစ် ကိုစွန့်ပြီး အရင်းရှင်စနစ် ဈေးကွက် စီးပွားရေးကိုလည်း ပြောင်းလိုက်ပါတယ်။ (ရုရှားကတော့ ပထဝီ နိုင်ငံရေးအရ ပိုပြီး အချက်အချာ ကျတဲ့ အီသီယိုပီးယားကို တပည့်မွေးပြီး တပည့်ဟောင်း လက်ဝဲသမားတွေ ဖြစ်တဲ့ ဆိုမာလီယာနဲ့ အီရီထရီးယား ကို ကန်ထုတ်လိုက်တာ ဖြစ်ပါတယ်။)

ဒီလိုနဲ့ စစ်ရှုံးတဲ့ ၁၉၇၈ ကစပြီး ဆိုမာလီယာမှာ အခြေအနေတွေ ယိုယွင်း ပျက်ပြားလာ၊ သြဇာ အာဏာတွေ ကျဆင်း လာတဲ့ အတွက် အတိုက်အခံတွေ လှုပ်ရှားလာပြီး ၁၉၈၁ ကစလို့ လက်နက်ကိုင် တော်လှန်ရေးတွေ တခုပြီးတခု ပေါ်လာပါတယ်။ စစ်အာဏာရှင် သမတ ဗိုလ်ချုပ်ကြီး ဆီယာ့ဒ်ဘားကလည်း အပြင်းအထန် အကြမ်းဖက် အုပ်ချုပ်တဲ့ အတွက် ဆိုမာလီ ပြည်သူတွေ အရှင်လတ်လတ် ငရဲကျခဲ့ ရပါတယ်။ အစိုးရ ဌာနတွေလည်း လုပ်ငန်းတွေ မလည်ပတ်တော့၊ စစ်တပ်ထဲမှာလည်း ဖြုတ်ထုတ်သတ်တွေ ခဏခဏဖြစ်၊ ထိပ်ဆုံးက ဗိုလ်ချုပ်များနဲ့ မိသားစုတွေ အပြင် ဝန်ကြီး ဝန်ကလေးတွေ အရာရှိ ကြီးငယ်တွေ ကလည်း ရေရေလည်လည် ဘုံးကြ ခိုးကြ ရှိသမျှ အိပ်ထဲ ထည့်ကြပါတယ်။ ၁၉၉ဝ ရောက်တော့ မြို့တော် မိုဂါဒစ်ရှူး မှာ လူ ၄ ယောက်ထက် ပိုစုခွင့် မရှိသလို ဓာတ်ဆီ ဒီဇယ် ရှားပါး ပြတ်လပ်လို့ ဓာတ်ဆီဆိုင်တွေမှာ ကားတန်း အရှည်ကြီးတွေ တန်းစီနေ၊ ခေါက်ဆွဲ တကီလိုကို အမေရိကန် ၅ ဒေါ်လာဈေး အထိ ငွေဖောင်းပွ၊ ထမင်းဆိုင်မှာ စားဖို့ ပိုက်ဆံကို ဆာလာအိပ်နဲ့ သယ်သွားရ၊ ငွေအကြွေစေ့ မရှိတော့၊ ဘဏ်တွေ လုပ်ငန်းရပ်၊ တိုင်းပြည်ကို လာတဲ့ နိုင်ငံခြားသား မှန်သမျှ သေသေချာချာ စောင့်ကြည့်၊ နိုင်ငံခြားငွေ လဲလှယ်မှုကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်၊ နိုင်ငံခြားသားတွေ ဓာတ်ပုံ ရိုက်ခွင့်ပိတ်၊ ညဖက်ဆို တမြို့လုံး လျှပ်စစ်မီး မရှိ၊ ညဖက်မှာ အာဏာပိုင်တွေက အိမ်တွေဝင်စစ် ရှာဖွေ မွှေနှောက်ပြီး လူတွေ ဆွဲခေါ်သွား။ (ဒါတွေကိုတွေ့ရင် ဆင်တူနေတဲ့ အခြေအနေကို သတိရလိမ့်မယ် ထင်ပါရဲ့။)

၁၉၉ဝ-၉၁ မှာတော့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့ ၇ ဖွဲ့ တပ်ပေါင်းစု ဖွဲ့ပြီး အီသီယိုပီးယား နိုင်ငံ အကူအညီနဲ့ စစ်အာဏာရှင် သမတ ဆီယာ့ဒ်ဘားကို ဖြုတ်ချ နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင် စနစ်ရဲ့ အကျိုးဆက်တွေက ပြင်းထန် လွန်းလှသလို တော်လှန်ရေး အဖွဲ့တွေ ကြားမှာလည်း ဂိုဏ်းဂဏစိတ်၊ လူမျိုးရေး စိတ်တွေ ကြီးလှတဲ့ အတွက် တိုင်းပြည်ဟာ နလံမထနိုင် မတည်ငြိမ်နိုင်ဘဲ ၁၉၉၂ ကနေ ၂ဝဝဝ ပြည့်နှစ်အထိ ကုလသမဂ္ဂက ဆိုမာလီယာနိုင်ငံကို “အစိုးရ မရှိတဲ့နိုင်ငံ" အဖြစ် တရားဝင် သတ်မှတ် ကြေညာ ခဲ့ရပါတယ်။ အခုတော့ အစိုးရရှိတဲ့ နိုင်ငံလို့ ပြန်သတ်မှတ်ပေမဲ့ အစိုးရဟာ နိုင်ငံရဲ့နယ်မြေ နည်းနည်းလေး ကိုဘဲ ထိန်းချုပ်နိုင်ပြီး အများစု နယ်မြေတွေကို စင်ပြိုင် စစ်ဘုရင်တွေ ဓားပြဂိုဏ်းတွေ (ပင်လယ်ဓားပြဂိုဏ်းတွေ အပါအဝင်) က ထိန်းချုပ် နေပါတယ်။

ကျနော်တို့တိုင်းပြည်နဲ့ ဆိုမာလီယာ မတူတဲ့ အဓိကအချက်က ဗမာပြည်မှာ လူထုက တခဲနက် ထောက်ခံထားတဲ့၊ နိုင်ငံတကာကလည်း အသိအမှတ်ပြု လက်ခံထားတဲ့ အမြင်ကျယ် အဆင့်မြင့်ပညာတတ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရှိနေတာဘဲ ဖြစ်ပါတယ်။ ဒါပေမဲ့ နအဖ စစ်အာဏာရှင်တွေ ခေါင်းမာမိုက်မဲမှု အလွန့်အလွန် ရှည်ကြာနေရင်တော့ နောက်ဆုံးမှာ ဆိုမာလီယာကိန်း ဆိုက်ဖို့ အလားအလာဘဲ ပိုများ ပါလိမ့်မယ်။

0 comments:

အပေါ်သို့