Tuesday, May 18, 2010

ဒိုင်ယာလော့၏ နိဂုံး၊ ပြည်သူ့အစိုးရ၏ နိဒါန်း

ဂါမဏိ
၁၄ မေလ ၂၀၁၀

အာဏာသိမ်း နအဖစစ်အုပ်စုရဲ့ အမိန့်ဥပဒေအရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ မေလ (၆) ရက်နေ့မှာ နိုင်ငံရေးပါတီ အဖြစ်ကနေ နိဂုံး ချုပ်သွားပြီလို့ ဖက်ဆစ် အလံရှူးတွေက သခင်အားရ ကျွန်ပါးဝ မြူးတူး အော်မြည်နေတာကို ရုပ်ပျက်ဆင်းပျက် တွေ့နေရပါတယ်။ တကယ်တော့ ၂၀၁၀ မေ (၆) ရက်ဟာ အဖွဲ့ချုပ်ရဲ့ နိဂုံးမဟုတ်ဘဲ ဒိုင်ယာလော့ရဲ့နိဂုံးသာ ဖြစ်ပါတယ်။ ဒီထက်ပို တိတိကျကျ ပြောရရင်တော့ နိဂုံးချုပ် အသက် ထွက်သွားတာ ကြာပြီဖြစ်တဲ့ ဒိုင်ယာလော့ အလောင်းကောင်ထည့် ခေါင်းတလား အဖုံးကို ပိတ်တဲ့ နောက်ဆုံး သံချက်ပဲ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၈၈ ခု စက်တင်ဘာ (၂၇) ရက်မှာ စတင်ဖွဲ့စည်းခဲ့စဉ်က ဒီမိုကရေစီ နိုင်ငံသစ် ထူထောင်ရေး၊ ဒီမိုကရေစီ အစိုးရ ပေါ်ထွန်းရေးကို ကြွေးကြော်ခဲ့ပါတယ်။ အဲဒီ ရည်မှန်းချက်မြောက်ဖို့ “မတရားတဲ့ အမိန့်အာဏာမှန်သမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတဲ့ နည်းဗျူဟာ လမ်းကြောင်းအတိုင်း လျှောက်လှမ်းခဲ့ပါတယ်။ မတရားတဲ့ အမိန့်အာဏာ ဖျက်သိမ်းရေး လမ်းကြောင်း ပေါ်ကနေ ဒိုင်ယာလော့ လုပ်ဖို့ ရပ်တည်ခဲ့ပါတယ်။

၁၉၈၉ ခု ဇူလိုင် (၂၀) ရက်မှာ ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံရပြီးနောက်မှာ အာဏာ ဖီဆန်ရေး နည်းဗျူဟာ မှေးမှိန်သွားခဲ့ပြီး ၁၉၈၉ စက်တင်ဘာလက စလို့ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် လူထု စည်းရုံးရေး နည်းဗျူဟာကို အဓိက ထားလာခဲ့ပါတယ်။ ရွေးကောက်ပွဲ အနိုင်ရပြီးတဲ့ အခါ ပြည်သူ့လွှတ်တော် ခေါ်ယူရေးနဲ့ ပြည်သူ့ အစိုးရဖွဲ့စည်းရေး လုံးပမ်း ခဲ့ရာမှာ နဝတ စစ်အုပ်စုက ၁၉၉၀ ဇူလိုင် (၂၇) ရက် ၁/၉၀ ကြေညာချက်နဲ့ ပြည်သူ့ လွှတ်တော် ခေါ်ယူခွင့်၊ ပြည်သူ့အစိုးရ ဖွဲ့စည်းခွင့်တို့ကို ပိတ်ပင်ခဲ့တဲ့ အတွက် ဇူလိုင် (၂၉) ရက် ဂန္ဓီ ခန်းမ ကြေညာစာတမ်း ထုတ်ပြီး လွှတ်တော် ခေါ်ပေးဖို့ ခပ်ပျော့ပျော့ တောင်းတာပဲ လုပ်ခဲ့ပါတော့တယ်။

အဲဒီနောက်မှာ လွှတ်တော်ခေါ်ပေးဖို့ တကျီကျီတောင်းရင်းနဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၁ ဒီဇင်ဘာ (၁၁) ရက်မှာ၊ အတွင်းရေးမှူး ဦးဝင်းတင်ကို ၁၉၉၂ ခု ဇန်နဝါရီ (၉) ရက်မှာ၊ ဥက္ကဋ္ဌ သူရ ဦးတင်ဦးနဲ့ ဦးကြည်မောင်ကို ၁၉၉၂ ခု ဇန်နဝါရီ (၂၄) ရက်မှာ ပါတီက ထုတ်ပစ် ပေးခဲ့ပါတယ်။ ဒါပေမယ့် လွှတ်တော် ခေါ်မယ့် ဒိုင်ယာလော့ ကတော့ ပေါ်မလာဘဲ ၁၉၉၃ ခု ဇန်နဝါရီ (၉) ရက်မှာ အမျိုးသား ညီလာခံ ဆိုတာကို နဝတ က ကျင်းပတဲ့ အခါ လိုက်ပါ တက်ရောက် ခဲ့ရပါတယ်။

၁၉၉၅ ခု ဇူလိုင် (၁၀) ရက်မှာ ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် အကျယ်ချုပ်က လွတ်လာတဲ့အခါ ဒေါ်စု၊ ဦးတင်ဦး၊ ဦးကြည်မောင် တို့ကို အဖွဲ့ချုပ်ထဲ ပြန်ထည့်ပြီးနောက် နိုဝင်ဘာ (၂၂) ရက်မှာ အမျိုးသား ညီလာခံကို ပြန်လည်သုံးသပ် တောင်းဆိုချက် ထုတ်ပြန်ပြီး ညီလာခံအစား စစ်မှန်တဲ့ ဒိုင်ယာလော့ နည်းနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ဒီမိုကရေစီ ပေါ်ထွန်းရေး၊ အများ လက်ခံနိုင်တဲ့ အခြေခံဥပဒေ ပေါ်ထွန်းရေးတွေ ဖြစ်မြောက်ဖို့ ကြိုးပမ်း ခဲ့ပြန်ပါတယ်။ ဒါကြောင့် နိုဝင်ဘာ (၂၉) ရက်မှာ နအဖက အဖွဲ့ချုပ်ကို ညီလာခံက ထုတ်ပစ် လိုက်ပါတယ်။ အဖွဲ့ချုပ်က ပြည်သူ့လွှတ်တော် ခေါ်ပေးဖို့ ၁၉၉၆ မတ် (၂၅) ရက်မှာ လူသိရှင်ကြား တောင်းဆို လိုက်ပြီးနောက် မတ် (၃၁) ရက်ကစပြီး အမျိုးသား ညီလာခံဆိုတဲ့ ဒိုင်ယာလော့ အတုလည်း တိုးလို့တန်းလန်းနဲ့ ဆန့်ငင်ဆန့်ငင် သွက်ချာပါဒ လိုက်သွားခဲ့ပါတယ်။ ညီလာခံကို ‘နှောင့်ယှက်’ ရင် အရေးယူမယ် ဆိုတဲ့ အမိန့်ဥပဒေ ၅/၉၆ ကိုတော့ နဝတ က အရှက်ပြေ ထုတ်ခဲ့ပါသေးတယ်။

အတုအယောင် အမျိုးသားညီလာခံရဲ့ အပြင်ဘက်မှာတော့ စစ်မှန်တဲ့ ဒိုင်ယာလော့ အတွက် ကြိုးပမ်းချက် အဖြစ် ဒေါ်အောင်ဆန်း စုကြည်ဟာ ပထမအကြိမ် အကျယ်ချုပ် ကာလအတွင်း ၁၉၉၄ စက်တင်ဘာ (၂၀) ရက်မှာ ဗိုလ်ချုပ်သန်းရွှေနဲ့ တခါ၊ ၁၉၉၄ အောက်တိုဘာ (၂၈) ရက်မှာ ဗိုလ်ချုပ်ခင်ညွန့်နဲ့ တခါ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ၁၉၉၇ ခု ဇူလိုင် (၁၇) ရက်မှာတော့ ဗိုလ်ချုပ်ခင်ညွန့်က ဦးအောင်ရွှေ၊ ဦးသန်းထွန်းနဲ့ ဦးလှဖေတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒေါ်စုနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဦးအောင်ရွှေက တိုက်တွန်းပေမယ့် ဗိုလ်ချုပ်ခင်ညွန့်က ပယ်ချခဲ့ပါတယ်။ ၁၉၉၇ စက်တင်ဘာလ ထဲမှာပဲ ဗိုလ်ချုပ်ခင်ညွန့်က ဦးအောင်ရွှေနဲ့ ထပ်တွေ့ဖို့ ခေါ်ခဲ့ပေမယ့် ဒေါ်စုကို ဖယ်ထားလို့ ဒီဒိုင်ယာလော့ ပျက်သွားခဲ့ပါတယ်။

အဲဒါနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဒိုင်ယာလော့ကို ဘေးဖယ်ပစ်လိုက်ပြီး ၁၉၉၈ ခု ဇွန် (၂၃) ရက်မှာ နအဖကို ရက်ပေါင်း (၆၀) အတွင်း လွှတ်တော် ခေါ်ပေးဖို့ ရာဇသံ ပေးခဲ့ပါတယ်။ ရက် (၆၀) ပြည့်သွားပေမယ့် နအဖက လွှတ်တော် မခေါ်ပေးတဲ့ အတွက် ကိုယ့်ဘာသာ လွှတ်တော် ခေါ်မယ်လို့ သြဂုတ် (၂၁) ရက်မှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် နအဖ စစ်အုပ်စုဟာ ကောက်ကျစ် ယုတ်မာစွာနဲ့ စက်တင်ဘာ (၆) ရက်နေ့ကစပြီး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ဥပဒေမဲ့ ဖမ်းဆီး ချုပ်နှောင်ခဲ့တဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ် ခေါင်းဆောင်များဟာ တာဝန်သိ တာဝန်ရှိစွာနဲ့ စက်တင်ဘာ (၁၆) ရက်မှာ ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ (စီအာပီပီ) ကို ဖွဲ့စည်း ထူထောင်လိုက်ပါတယ်။

စီအာပီပီဟာ ပြည်သူ့လွှတ်တော်နဲ့ ပြည်သူ့အစိုးရပေါ်ပေါက်ရေးအတွက် လှုပ်ရှားခဲ့ရာမှာ ၂၀၀၀ ပြည့်နှစ် စက်တင်ဘာ (၁) ရက်နေ့မှာ နအဖ က ဒေါ်စု၊ ဦးတင်ဦး အပါအဝင် အဖွဲ့ချုပ်ဗဟို အလုပ်အမှုဆောင်အားလုံးကို အကျယ်ချုပ်ချခဲ့ပြီး (၁၄) ရက်နေ့မှာ ပြန်လွှတ် ပေးခဲ့ပါတယ်။ စက်တင်ဘာ (၁၆) ရက်နေ့မှာတော့ စီအာပီပီက အခြေခံဥပဒေကို ကိုယ့်ဘာသာ ရေးဆွဲမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါကြောင့် နအဖက စက်တင်ဘာ (၂၂) ရက်နေ့ကစပြီး ဒေါ်စုနဲ့ ဗဟို အလုပ်အမှုဆောင် အားလုံးကို အကျယ်ချုပ် ချခဲ့ပြန်ပါတယ်။ ဒေါ်စုကို ၂၀၀၂ မေလ (၆) ရက်ကျမှ လွှတ်ပေးခဲ့ပါတယ်။

ဒီဒုတိယအကျယ်ချုပ်ကာလအတွင်း ၂၀၀၀ ပြည့်နှစ် အောက်တိုဘာနဲ့ နိုဝင်ဘာလထဲမှာ ဒေါ်စုဟာ ဗိုလ်ချုပ်သန်းရွှေနဲ့ (၂) ခါ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဒီနောက် နအဖ ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီးတင်လှိုင်၊ တခါတရံ နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင်တို့ ဦးစီးတဲ့ နအဖ စေ့စပ်ညှိနှိုင်းရေးအဖွဲ့နဲ့ (၁၀) ခါ ဆွေးနွေးခဲ့ပါတယ်။ လွတ်ခါနီး ၂၀၀၂ ခု ဇန်နဝါရီလမှာ ဗိုလ်ချုပ်သန်းရွှေနဲ့ (၂) ခါ ဆွေးနွေး ခဲ့ပါသေးတယ်။ မေလမှာ လွတ်ပြီးနောက် ပြည်ထဲရေး ဝန်ကြီး ဗိုလ်မှူးကြီးတင်လှိုင် ခေါင်းဆောင်တဲ့ စေ့စပ်ရေးအဖွဲ့နဲ့ (၃) ခါ ထပ်ဆွေးနွေး ခဲ့ပါတယ်။

ဒါပေမယ့် အားလုံးသိကြတဲ့အတိုင်း ဒေါ်စုအပေါ် လူထုထောက်ခံမှုကို အကြီးအကျယ် စိုးရိမ်ကြောက်လန့်လာတဲ့ ဗိုလ်ချုပ် သန်းရွှေဟာ ၂၀၀၃ ခု မေ (၃၀) ရက်မှာ ဒီပဲယင်း လုပ်ကြံသတ်ဖြတ်မှုကြီးကို ကျူးလွန်ခဲ့ပြီးနောက် မသေလို့ ကျန်ခဲ့တဲ့ ဒေါ်စုနဲ့ ဦးတင်ဦးကို အကျယ်ချုပ် ထပ်ချခဲ့ ပြန်ပါတယ်။ ဒါပေမယ့် လုပ်ကြံမှုကို စိတ်မပါတဲ့ ဗိုလ်ချုပ်ခင်ညွန့်နဲ့ သဘောထားကြီး အမြင်ကျယ်တဲ့ ဒေါ်စုတို့ဟာ အကျယ်ချုပ်ကျပြီး မကြာမီအတွင်း တွေ့ဆုံ ဆွေးနွေးပွဲတွေ လုပ်ခဲ့ပါတယ်။

ဗိုလ်ချုပ်ခင်ညွန့် ကြီးကြပ်စီစဉ်မှုအောက်မှာ ဗိုလ်ချုပ်ကျော်ဝင်း၊ ဗိုလ်ချုပ်သန်းထွန်း၊ ဗိုလ်မှူးကြီးတင်လှိုင်တို့ ပါတဲ့ စေ့စပ်ရေး အဖွဲ့ဟာ ဒေါ်စုနဲ့ (၅) ခါ ဆွေးနွေးခဲ့ရာမှာ ဒေါ်စုနဲ့ အဖွဲ့ချုပ်ဘက်က ဒီပဲယင်းကိစ္စကို သင်ပုန်းချေဖို့၊ အမျိုးသား ညီလာခံတက်ဖို့၊ တပ်မတော် အခန်းကဏ္ဍကို ကာလတခု အထိ ပါဝင်ခွင့်ပေးဖို့ သဘောတူခဲ့ပြီး နအဖဘက်ကလည်း နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့၊ ၉၀ ရွေးကောက်ပွဲ ရလာဒ်ကို တနည်းနည်းနဲ့ အသိအမှတ်ပြုဖို့၊ အမျိုးသား ညီလာခံက ချမှတ်ထားတဲ့ အခြေခံမူ (၁၀၄) ချက်ကို ပြန်ဆွေးနွေးဖို့ သဘော တူခဲ့ကြပါတယ်။ တနည်းအားဖြင့် ပြောရရင် အမျိုးသား ပြန်လည် သင့်မြတ်ရေး အောင်မြင်ဖို့ (၉၅) ရာခိုင်နှုန်း သေချာ နေခဲ့ပါတယ်။ ဒီဒိုင်ယာလော့ ကာလအတွင်းမှာပဲ ဗိုလ်ချုပ်ခင်ညွန့်ဟာ ဒေါ်စုတို့နဲ့ ပူးတွဲပြီး တိုင်းပြည်အနာဂတ်ကို ပုံဖော်ဖို့ ရည်ရွယ်တဲ့ လမ်းပြမြေပုံကို ၂၀၀၃ ခု သြဂုတ် (၃၀) ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် ၂၀၀၄ ခု ညောင်နှစ်ပင်ညီလာခံ မကျင်းပမီ တရက်အလို မေ (၁၆) ရက်မှာ ဗိုလ်ချုပ်သန်းရွှေက သဘောတူညီချက် အားလုံးကို သူ့တယောက်တည်း သဘောနဲ့ ဖျက်သိမ်း ပစ်လိုက်ပြီး ဒေါ်စုနဲ့ အဖွဲ့ချုပ်တို့ အနေနဲ့ ညီလာခံကို ခြွင်းချက်မရှိ တက်ရမယ်၊ ညီလာခံအတွင်း အနေအထိုင်ပေါ် မူတည်ပြီးတော့မှ ဒေါ်စုတို့ တောင်းတဲ့ ကိစ္စတွေ စဉ်းစားပေးမယ်လို့ တချက်လွှတ် အမိန့်ချခဲ့ပါတယ်။ တိုင်းပြည်ရဲ့လက်တွေ့ အခြေအနေနဲ့ ကမ္ဘာကြီးရဲ့ ဦးတည်လမ်းကြောင်းကို အတိုင်းအတာ တခုအထိ သဘောပေါက်လာတဲ့ ဗိုလ်ချုပ်ခင်ညွန့်လည်း ၂၀၀၄ အောက်တိုဘာ (၁၉) ရက်မှာ ရာထူး ပြုတ်သွားခဲ့ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီအရေးတော်ပုံမှာ ဒိုင်ယာလော့ရဲ့ အခန်းကဏ္ဍဟာ ၂၀၀၄ မေလမှာ ဂိမ်းဘောဆိုက် သွားခဲ့ပါပြီ။ တနည်းပြောရရင် ဒိုင်ယာလော့ သေဆုံး သွားခဲ့ပြီဖြစ်ပါတယ်။

၂၀၀၃-၂၀၀၄ ဒိုင်ယာလော့မှာ ဒေါ်စုအပြင် တခြားအဖွဲ့ချုပ် ခေါင်းဆောင်တွေလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီ ခေါင်းဆောင်ကြီးတွေဟာ ဒိုင်ယာလော့ နိဂုံး ချုပ်သွားခဲ့ပေမယ့်လည်း ဒိုင်ယာလော့ကိုပဲ တစာစာ ဆက်အော်နေခဲ့ကြပါတယ်။ ဒီတော့ ဒိုင်ယာလော့ အသက်ထွက်သွားတာ မသိကြတဲ့ တခြား ပြည်တွင်းပြည်ပ အတိုက်အခံတွေကလည်း ဒိုင်ယာလော့တို့၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး တို့ကိုပဲ နားမလည် ပါးမလည်နဲ့ လိုက်ယောင် နေခဲ့ကြပါတယ်။

ဒါပေမယ့် အဖွဲ့ချုပ်ခေါင်းဆောင်တွေဟာ ဒိုင်ယာလော့အလောင်းကောင်ကြီး အသက်ပြန်ရှင်နိုး မျှော်လင့်ပြီး ၂၀၀၆ ဖေဖော်ဝါရီ (၁၂) ရက်မှာ လွှတ်တော် ခေါ်ပေးရင် နအဖကို ဒီဂျူရီ (ဥပဒေကြောင်းညီ တရားဝင်) အစိုးရဖြစ်အောင် လုပ်ပေးမယ်၊ ဒီနောက် တရားဝင်သွားတဲ့ နအဖအစိုးရနဲ့ လွှတ်တော်လက်တွဲပြီး အခြေခံဥပဒေဆွဲတာ၊ ရွေးကောက်ပွဲ ကျင်းပတာ၊ တိုင်းပြည်ပြဿနာတွေ ဖြေရှင်းတာ လုပ်ကြမယ်လို့ ကမ်းလှမ်းခဲ့ပါသေးတယ်။

၂၀၀၇ သြဂုတ် (၁) ရက်မှာလည်း တာဝန်သိ တာဝန်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စီအာပီပီ အဖွဲ့ဝင်တွေ စုစုပေါင်း (၉၂) ယောက် (နောက်ပိုင်းမှာ ၉၇ ယောက်ဖြစ်လာ) ပူးပေါင်းပြီး နအဖ ညောင်နှစ်ပင်ညီလာခံနဲ့ နအဖ အခြေခံဥပဒေ (၁၀၄) ချက်တွေကို ထည့်သွင်းစဉ်းစားပေးထားတဲ့ အစားထိုး ပြည်သူ့ လမ်းပြမြေပုံတခုကို အဆိုပြုခဲ့ပါသေးတယ်။ ဒါပေမယ့် သေပြီးတဲ့ ဒိုင်ယာလော့ အလောင်းကောင်ကြီး ကတော့ ဘယ်လိုမှ မလှုပ်နိုင်တော့ပါဘူး။ အခုလို အသက်ပြန်ရှူအောင် အဆုတ်ထဲ ပါးစပ်ချင်းတေ့ လေမှုတ်သွင်း၊ နှလုံးပြန်ခုန်အောင် ပြင်ပကနေ လက်နဲ့ဖိနှိပ်ပေးပြီး အရေးပေါ် အသက်ကယ်နည်းတွေနဲ့ ကြိုးစားခဲ့ကြပေမယ့် ဒိုင်ယာလော့ အလောင်းကောင်ကြီး အသက် ပြန်ရှင်မလာပါဘူး။

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးဖြစ်တဲ့အခါမှာတော့ ပြည်တွင်းနဲ့ နိုင်ငံတကာ လူထုကို လှည့်စားဖို့ ဗိုလ်ချုပ်သန်းရွှေက ဒိုင်ယာလော့ အလောင်းကောင်ကြီးကို သနပ်ခါးလိမ်း ပန်းပန်ပေးပြီး ပွဲထုတ်ပြခဲ့ပါတယ်။ ဒီလိုနဲ့ ဆက်ဆံရေး ဝန်ကြီးဆိုတဲ့ ဗိုလ်ချုပ်အောင်ကြည်ကို ဒေါ်စုနဲ့ ဆွေးနွေးပြစေခဲ့ရာမှာ ၂၀၀၇ အောက်တိုဘာနဲ့ နိုဝင်ဘာမှာ (၃) ခါ၊ ၂၀၀၈ ဇန်နဝါရီမှာ (၂) ခါ၊ ၂၀၀၉ အောက်တိုဘာ၊ ဒီဇင်ဘာနဲ့ ဇန်နဝါရီမှာ (၄) ခါ ပုံဆွဲပြခဲ့ပါတယ်။ တကယ်တော့ ဝိညာဉ် ချုပ်ပြီးသား ဖြစ်တဲ့အတွက် ဒိုင်ယာလော့ မသာကောင်ကြီးဟာ ပုပ်စော်နံလာတာပဲ အဖတ်တင်ပါတယ်။

အင်မတန် ထက်မြက်လှတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒိုင်ယာလော့ အသက်မရှိတော့တဲ့ အကြောင်း ပြည်တွင်းပြည်ပ သိစေဖို့အတွက် ၂၀၀၉ စက်တင်ဘာ (၂၅) ရက်မှာ စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရေး ကိစ္စဆွေးနွေးဖို့ ခေါင်းစဉ်တပ် ကမ်းလှမ်းပြခဲ့ပါတယ်။ ဒီကိစ္စကို နောက်ဆုံးမှာ ဘယ်လိုမှ ရှေ့ဆက်မရအောင် ဗိုလ်ချုပ်သန်းရွှေ လုပ်ခဲ့တာဟာ ဒိုင်ယာလော့ အလောင်းထည့်ထားတဲ့ ခေါင်းတလားအဖုံးကို သံချက် နှက်ခဲ့တာဖြစ်ပါတယ်။

ဒီနောက် ၂၀၀၉ ခု ဧပြီ (၂၉) ရက်က ချမှတ်ခဲ့တဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းမှာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အနိမ့်ဆုံး သတ်မှတ်ချက်တွေ ထုတ်ပြန်ခဲ့တာကို နအဖရဲ့ မတ်လ (၈) ရက်ရွေးကောက်ပွဲ ဥပဒေတွေက အပြီးအပြတ် ပယ်ချပစ်လိုက်တာ၊ ဒါနဲ့ တဆက်တစပ်တည်း မေ (၆) ရက်မှာ အဖွဲ့ချုပ် မှတ်ပုံပြန်မတင်လို့ တရားမဝင် ဖြစ်ပြီဆိုတဲ့ နအဖရဲ့ အာဏာပါဝါတွေဟာ ဒိုင်ယာလော့အလောင်း ခေါင်းတလားဖုံးကို ပိတ်တဲ့ နောက်ဆုံး သံချက်တွေ ဖြစ်သွားပါတော့တယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း မိမိရဲ့အခြေခံရပ်တည်ချက်ဟာ (အရည်မရ အဖတ်မရ ဒိုင်ယာလော့ မဟုတ်ဘဲ) ၂၀၀၃ မတ် (၉) ရက်၊ ၁၉၉၇ ဖေဖော်ဝါရီ (၄) ရက်၊ (၁၉၉၃ နေရူးဆုအတွက်) ၁၉၉၅ နိုဝင်ဘာ (၁၆) ရက်တို့မှာ ပြောခဲ့တဲ့ မိန့်ခွန်း/ဆောင်းပါး (၃) ခုအတိုင်း ဖြစ်တယ်လို့ ၂၀၀၉ အောက်တိုဘာလမှာ မက်ဆေ့ခ်ျပေးခဲ့သလို ၂၀၁၀ မတ်လ (၂၃) ရက်မှာလည်း အန်အယ်လ်ဒီ ဗဟိုဌာနချုပ်ကို ဘူးသီးတလုံး ပေးလိုက်ပြီး ဘူးတိုက်ပွဲ ဆင်နွှဲဖို့ မက်ဆေ့ခ်ျ ပေးခဲ့ပါတယ်။

ဒါကြောင့် ကွယ်လွန်အနိစ္စရောက်သွားတဲ့ ဒိုင်ယာလော့တို့၊ (နအဖနဲ့) အမျိုးသားပြန်လည် သင့်မြတ်ရေး တို့ကို လက်ရှိ စစ်အုပ်စု အသက်နဲ့ကိုယ် အိုးစားမကွဲသရွေ့ (နအဖအသက်နဲ့ တပ်မတော်ကိုယ်) ဘာမှမျှော်လင့် စိတ်ကူး ယဉ်နေစရာ မရှိတော့ဘဲ တာဝန်သိ တာဝန်ရှိ (အဖွဲ့ချုပ်+တိုင်းရင်းသား) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ မိမိတို့ရဲ့ mandate ကို ရဲရဲဝံ့ဝံ့ ပါးပါးနပ်နပ်နဲ့ အပြည့်အဝ အသုံးချပြီး ပြည်သူ့လွှတ်တော်၊ ပြည်သူ့အစိုးရတို့ကို ပြည်တွင်းမှာ ကိုယ့်ဘာသာ ဖွဲ့စည်းထူထောင်ဖို့၊ မြန်မာ့ ဒီမိုကရေစီ တိုက်ပွဲ နောက်ဆုံးအောင်ပွဲ ရတဲ့အထိ ပြည်သူလူထုနဲ့ တပ်မတော်သားတွေကို ခေါင်းဆောင်သွားဖို့ လမ်းကြောင်းပဲ ရှိပါတော့တယ်။

ဒီနည်းနဲ့ ၂၀၁၀ မေ (၆) ရက် ဒိုင်ယာလော့ရဲ့ အပြီးသတ် နိဂုံးကနေ ပြည်သူ့အစိုးရရဲ့ နိဒါန်း ဖြစ်လာအောင် ဝိုင်းဝန်း လုံးပန်းကြပါစို့။ ။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့