Tuesday, June 22, 2010

ပြည်သူကို အသိဉာဏ်ဖွင့်တဲ့ လူထုနိုင်ငံရေး

မောင်ဝံသ
Saturday, June 12, 2010, 7:05 (Online Popular New Journal)

‘ဆန်ဖြစ်စေကြောင်း
ဖွဲကိုထောင်းသော်
ပန်းညောင်းကာမျှ
ဆန်မရသို့ …’
(ရှင်မဟာရဋ္ဌသာရ၊ ကိုးခန်းပျို့)

မကြာသေးခင်က ကျွန်တော် ရေးခဲ့တဲ့ဆောင်းပါးအချို့မှာ အသိ ပညာဗဟုသုတ ရှာမှီးခွင့် နည်းပါးရှာတဲ့ တောသူ တောင်သားများဟာ ကိုယ့်တိုင်းပြည် အခြေအနေ၊ ကိုယ့် လူမျိုးအခြေအနေ ဘာမှမသိဘဲ၊ သိအောင်လည်း မကြိုး စားနိုင်ကြဘဲ ထမင်းနပ်မှန်အောင် စားရဖို့ပဲ လုံးပန်း နေကြရတဲ့အကြောင်း၊ သူတို့တွေ မျက်စိပွင့် နားပွင့်အောင် ကျွန်တော်တို့ မီဒီယာသမားတွေမှာ အများကြီး တာဝန်ရှိကြောင်း ရေးခဲ့ပါတယ်။

သည်တုန်းမှာပဲ ဆရာတချို့ကလည်း ကျေးလက်ပြည်သူတွေဟာ ချက်ဆိုနားခွက်က မီးတောက်တယ်၊ နိုင်ငံရေး ရင့်ကျက်ပြီးသား။ ပြည်သူတွေ ဘာမှမသိဘူးလို့ ထင်နေသူတွေဟာ ပြည်သူတွေကို အထင်သေးတာ စော်ကား တာပဲလို့ ပြောလာ ကြပြန်တယ်။ ကျွန်တော့်မှာ ငါများ တကယ် မှားနေသလားလို့ ပြန်လည် ဆန်းစစ်ရတယ်ဗျ။ အဲဒီတော့လည်း ကျွန်တော့်ဘက်က ခိုင်မာတယ်ဆိုတာ ပိုပြီး ယုံကြည်လာတယ်။ ကျွန်တော်က ထင်တာတွေ ပြောနေတာမဟုတ်ဘူး။ မြင်တာတွေကို ပြောနေတာကိုး။ ကျွန်တော့် တစ်ယောက်တည်း အမြင်ကို ပြောနေတာလည်း မဟုတ်ဘူး။ ကိုယ်တိုင် ကွင်းဆင်း သွားလာပြီး ကျွန်တော့် နည်းတူ နယ်အစုံ ရောက်ခဲ့ သူတွေကိုပါ မေးမြန်း စနည်းနာပြီး ပြောခဲ့တာပါ။

ဆိုးတာက နယ်ပယ်အတော် များများမှာ နိုင်ငံရေးအကြောင်း ပြောလို့ မရတာဘဲဗျ။ သတင်းဂျာနယ် တချို့မှာ ဖတ်လိုက်ရတယ်။ အနုပညာသည် လေးငါးယောက်လောက်နဲ့ အင်တာဗျူးလုပ်တော့ နိုင်ငံရေးကို စိတ်မဝင်စား ဘူးလို့ ဖြေကြသတဲ့။ ရုပ်ရှင်မင်းသား လူမင်းကတော့ ခြွင်းချက်ဖြစ်တယ်။ ခုထိတော့ သူတစ်ယောက်ပဲ နိုင်ငံရေးကို စိတ်ဝင်စားတယ်လို့ ပွင့်ပွင့်လင်းလင်း ပြောသူရှိတယ်။ သူ ယုံကြည်လောက်တဲ့ နိုင်ငံရေးပါတီ တွေ့ရင် နိုင်ငံရေး ဝင်လုပ်မယ်လို့ ပြောတယ်။

အောင့်နိုင်ရမယ်၊ စောင့်နိုင်ရမယ်

ရှာမှရှားတဲ့နိုင်ငံရေးသမားလို့ ကျွန်တော် ရည်ညွှန်းရေးသားခဲ့တဲ့ သခင်ဝတင်က ၁၉၈၈ မှာ ကျွန်တော် နိုင်ငံရေး နယ်ထဲ ဝင်တော့ ပွင့်ပွင့်လင်းလင်း မေးတယ်။

”မောင်ဝံသ ဘာကြောင့် နိုင်ငံရေးထဲ ဝင်သလဲ၊ တိုင်းပြည်နဲ့ လူမျိုး အတွက် လုပ်ချင်လို့ပါလို့ ဖြေမှာပဲ မဟုတ်လား။ တိုင်းပြည်နဲ့ လူမျိုးအတွက် ရာခိုင်နှုန်း ဘယ်လောက်၊ ကိုယ့်အကျိုး အတွက် ရာခိုင်နှုန်း ဘယ်လောက် ချိန်ဆကြည့်၊ ကိုယ့်ဘာသာ အဖြေထုတ်၊ ကိုယ့်ဘာသာ အမှတ်ပေး။ နိုင်ငံရေးသမားကောင်း ဖြစ်ချင်ရင် အောင့်နိုင်ရမယ်၊ စောင့်နိုင်ရမယ်ကွဲ့” အဘ သခင်ဝတင် အဲသလို ပြောခဲ့တုန်းက မှန်တာပြောရရင် ကျွန်တော် အတော်လေး အောင့်သည်း အောင့်သက် ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်က မိမိကိုယ်မိမိ ခုခံကာကွယ်တဲ့ အနေနဲ့ ကျွန်တော်ဟာ နိုင်ငံရေးနယ်ထဲ ဝင်ပြီး ကိုယ်ကျိုးရှာဖို့ စိတ်ကူးပင် မရှိကြောင်း သင်္ကာ ရှင်းခဲ့ပါတယ်။ လောလောဆယ်မှာကို မိမိရဲ့ ကြီးပွားရာ ကြီးပွားကြောင်း လမ်းစကို စွန့်လွှတ်ပြီး နိုင်ငံရေးထဲ ဝင်ခဲ့တယ်ဆိုတာ အဘကို ကျွန်တော် ရှင်းပြတော့ကျေနပ် သွားပုံရပါတယ်။ သူကိုယ်တိုင်ကလည်း ဝန်ကြီးရာထူး စိတ်ကြိုက်နေရာကို အချိန်မရွေး ယူလို့ရတဲ့ ဆိုရှယ်လစ် ပါတီ ထိပ်ပိုင်း ခေါင်းဆောင်ဘဝက ကျောခိုင်း ထွက်လာခဲ့သူ ဖြစ်လေတော့ ရာထူး မမက်ဘဲ စွန့်လွှတ်ဝံ့သူကို တန်ဖိုး ထားဟန် တူပါတယ်။ ကျွန်တော် ဟာ အဲဒီအချိန်မှာ သတင်းစာတိုက် မှာ ယာယီ ဒုတိယ အယ်ဒီတာချုပ် တာဝန်ကို ထမ်းဆောင် နေပါတယ်။ အသက်က ၄၄ နှစ်ပဲ ရှိသေးတယ်။ နောက်တက်လမ်းတွေ အများကြီးပေါ့။ အဲဒီခေတ်က နိုင်ငံပိုင် သတင်းစာမှာ အလုပ်လုပ်တဲ့ သတင်းစာ သမားတွေအဖို့ ပင်စင်မသွားခင် အယ်ဒီတာချုပ် ဖြစ်သွားရင်ပဲ ဘဝမှာ ပြည့်စုံလှပြီလို့ ယူဆကြရတာကိုး။ နောင်နှစ် အတော်လေး ကြာသွားပြီး အလှူတစ်ခုမှာ အဲ ဒီတုန်းက ပြန် ကြားရေး ဒုဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဦးတိုက်စိုး(ဆင်ပေါင်ဝဲ) နဲ့ တွေ့တော့ ကျွန်တော့်ကို ရာထူး တိုးပေးဖို့ သူလက်မှတ်ထိုးပြီးပြီ၊ ဝန်ကြီး (ဦးအောင်ကျော်မြင့်) လက်မှတ်ထိုး ဖို့ပဲ ကျန်တော့တဲ့ အချိန်မှာ ကျွန်တော် ပြဿနာဖြစ်တာလို့ ရှေး ဟောင်းနှောင်းဖြစ် ပြန်ပြောပါတယ်။ ကျွန်တော်က ပြုံးပြီး နားထောင်နေ လိုက်ပါတယ်။ ခုထိလည်း နောင်တ မရပါဘူး။

ပါလီမန်ရဲ့ အပြင်မှာ

အဘသခင်ဝတင်က သူတို့ ခေတ်(ဒုတိယကမ္ဘာစစ် မတိုင်မီ ကစ၍) မြန်မာ့ နိုင်ငံရေး လောကမှာ အရိုးစွဲနေတဲ့ အယူအဆ အချို့ကို ‘ဒို့ဘာဖြစ်နေကြသလဲ’ စာအုပ်မှာ အတည့်အလင်း ဝေဖန်ခဲ့ပါတယ်။

‘ဗမာပြည်နိုင်ငံရေး လောက၌ နိုင်ငံရေး ဆရာကြီးများတို့သည် ၄င်းတို့၏ နောက်လိုက်များကို သင်ကြား ကြရာ၌ နိုင်ငံရေး ဆိုတာ ရွေးကောက်ပွဲကို ဝင်ရတယ်၊ အမတ်လုပ်ရတယ်၊ လွှတ်တော်တွင် အမတ်အများဆုံး ရသောအဖွဲ့က အစိုးရဖွဲ့ပြီး တိုင်းပြည်ကို အုပ်ချုပ်ရတယ်။ ဤကဲ့သို့ တစ်နည်းထဲပင် သင်သွားကြသည်ဟု ယူဆပါသည်။ ထင်ပါသည်။ ပါလီမန်၏ အပြင်တွင် လုပ်ကိုင် ဆောင်ရွက်ရသော တိုင်းသူပြည်သားများကို အသိဥာဏ်ပေးရေး လုပ်ငန်းများ၊ လူမှုဆက်ဆံရေး၊ တိုးတက်ရေး လုပ်ငန်းများ စနစ် ပြောင်းလွှဲရေး လုပ်ငန်းများ၊ လယ်သမားအရေး လုပ်ငန်းများ၊ အလုပ်သမား အရေး လုပ်ငန်းများတို့ကို မိမိတို့၏ နောက်လိုက် နိုင်ငံရေး ပေါက်စများအား သင်ကြား၍ မပေးကြဟု ထင်ပါသည်။ ကျွန်တော်၏ တွေးတောချက်များ မှန်ကောင်းမှန်ပါမည်။ ယနေ့ တိုင်အောင်ပင် နိုင်ငံ ရေးသမား အချို့နှင့် တိုင်းသူပြည်သား အချို့တို့ သည် အမတ်များ၊ ဝန်ကြီးများကိုမှ နိုင်ငံရေး တိုင်းရေး ပြည်ရေးကို ရွက်ဆောင် နေသူများဟု ၄င်းတို့စိတ်တွင် အောက်မေ့ နေကြသည်။ အထင်ကြီး နေကြသည်။ ဓနရှင်စနစ်၊ အရင်း ရှင်စနစ်၊ နယ်ချဲ့စနစ် တို့ကို တော်လှန် ချင်ကြတာထက်၊ အမတ် လုပ်ချင်ကြတာက ပိုကဲနေသည်ဟု ထင်ပါသည်။ ဤအချက်များကို သက်သေခံသည်ကား ယနေ့မြန်မာပြည် အရပ်ရပ်တွင် ရှိသော နိုင်ငံရေး သမားဆိုသူများသည် လာမည့်ရွေး ကောက်ပွဲကြီး၌ ယှဉ်ပြိုင်ကြရန် တစ်မတ်နှင့် နှစ်မတ် လုနေကြသည် ဟု သိရပါသည်။ မဖြစ်ရသေး သောသူကလည်း တစ်လှည့်တစ်ခါစီ ဖြစ်ချင်သည်။ အမတ်ဖြစ်ပြီး သူများကလည်း နောက်တစ်ခါ ထပ်၍ ဖြစ်ချင် ကြသည်။ ဆက်၍ တွေးပြန်သည်။

ဘုရားအလောင်းများ သတိရပါသည်။ ဘုရားအလောင်းများသည် ပါရမီ ဖြည့်ကြပါသည်။ ဘုရား ဖြစ်ချင်လို့လား၊ သတ္တဝါတွေ ကယ်ချင်လို့လား၊ အဘယ် စေတနာက စပါသလဲ၊ ကယ်ချင်တာက ပထမ၊ ဘုရားဖြစ်ဖို့ က ဒုတိယ ဖြစ်သည်ဟု ယူဆပါသည်။ ကယ်ချင်၍ ဘုရားဖြစ်ရန် ပါရမီ ဖြည့်ရပါသည်။ ဘုရား အရမ်း ဖြစ်ချင်၍ အောင့်သည်း အောင့်သက်နှင့် ပါရမီကို ဖြည့်ရခြင်း မဟုတ်ဟု ယူဆပါသည်။ ဤနမူနာများကို ယူ၍ ခေါင်းဆောင်များသည် နောက်လိုက် တပည့်များကို သင်ကြား သင့်သည်ဟု ယူဆပါသည်။’ (သခင် ဝတင်၊ ဒို့ဘာဖြစ်နေကြသလဲ၊ စာ ၁၂-၁၃)

တောင်ပုလု ဆရာတော်ကြီးရဲ့ စကား

အဘသခင်ဝတင်ရဲ့ ဤအယူအဆကို အားဖြည့် ထောက်ခံတဲ့ သည်ဘက်ခေတ် အမြင်တစ်ရပ်ကို အတွေးအမြင် စာစောင် တစ်ခုမှာ တင်ပြထားတာ တွေ့လိုက်ရတယ်။ မိတ္ထီလာ တက္ကသိုလ်ရဲ့ လက်ရှိ ပါမောက္ခချုပ် ဒေါက်တာ မောင်သင်းရေးတဲ့ ဆောင်းပါး တစ်ပုဒ်မှာ ‘ပြည်သူကို အသိဥာဏ် ဖွင့်တဲ့ လူထု နိုင်ငံရေး’ အကြောင်း ပြည့်ပြည့်စုံစုံ ရှင်းပြထားပါတယ်။ (အတွေးအမြင်၊ ၂၁၅၊ ဖေဖော်ဝါရီ ၂ဝ၁ဝ)

ဒေါက်တာမောင်သင်း ဆောင်းပါးမှာ လွန်ခဲ့တဲ့ ၃၅ နှစ်လောက်က လုပ်ပိုင်ခွင့် အာဏာရှိသူ ပုဂ္ဂိုလ်တစ် ယောက်က တောင်ပုလု ဆရာတော် ကြီးကို လိုအပ်တာ မိန့်ကြားပါလို့ လျှောက်ထားတော့ ဆရာတော် ကြီးက “ကူနိုင်မယ် ဆိုရင်တော့ တို့နယ်သားတွေ စရိုက် ကြမ်းကြတယ်ကွဲ့၊ အဲဒီလို ကြမ်းတမ်းကြတာဟာ ပညာမတတ်လို့၊ ပြီးတော့လည်း ဆုံးမတတ်တဲ့ ပညာတတ်တွေ နည်းနေသေးလို့၊ ပညာတတ်ရင်၊ ပညာတတ်တွေပေါရင် ကြမ်းတမ်းမှု ကင်းကြပြီး ယဉ်ကျေးကြမှာ၊ ဒါကြောင့်မို့ တို့အရပ်မှာ ကျောင်းကောင်းကောင်းလေး ဖွင့်နိုင်အောင်တော့ ကူပေးပါ” ဆိုတဲ့ အချက်ရယ်၊ “တို့အရပ် ရေရှားတာမို့ ရေတွင်း တူးနိုင်ရင် တူးပေးခဲ့ပါ” ဆိုတဲ့ အချက်ရယ် တောင်းဆို လိုက်သတဲ့။

လုပ်ပိုင်ခွင့်အာဏာရှိတဲ့ ဒကာကြီးရဲ့ကျေးဇူးနဲ့ သဲတောဝမ်းတွင်း နယ်က တောင်ပုလု ကျောင်းအနီး က ပင်းတလဲ တဲစုရွာမှာ အထက် တန်းကျောင်း ဖြစ်လာတယ်။ အဲသလိုနဲ့ ပညာတတ်သူတွေ များလာတဲ့အခါ လူတွေလည်း ကြမ်းတမ်းတဲ့စရိုက် ကင်းလာ ကြတယ်တဲ့။

ပြည်သူတွေ အသိညဏ်မြင့်မှ

ဒေါက်တာမောင်သင်းက ခုလို ကောက်ချက်ဆွဲပါတယ်။

‘ပညာတတ်တဲ့ ပြည်သူတွေ ပေါများလာရင်၊ ငြိမ်းချမ်းရေးတို့ တိုးတက် ဖွံ့ဖြိုးမှုတို့ ဆိုတာ ‘ကျွဲကူး ရေပါ’ ဆိုသလို သူ့အလိုလို ပါပြီးသားပါ။ ဘာလို့လဲ ဆိုတော့ ပညာပြည့်ဝတဲ့ ပြည်သူဆိုတာ အစွန်းရောက်မှုတွေ တစ်ယူသန်မှု ပယ်ပြီး ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးမှုကို မြတ်နိုး ကြသူတွေ ဖြစ်လို့ပါပဲ။ အဲဒီအလုပ်ကို ဘယ်သူမှ ခိုင်းစရာမလိုဘဲ ကိုယ့် အသိကိုယ်စီနဲ့ ဆောင်ရွက်ကြမှာပါ။ ရေမြင့်မှ ကြာတင့်တာမို့ ပြည်သူတွေ အသိဥာဏ်မြင့်မှ ငြိမ်းချမ်းမှု၊ သာယာ မှု၊ ဖွံ့ဖြိုးမှု၊ တိုးတက်မှုတွေနဲ့ ပြည့်စုံပြီး နိုင်ငံနှင့် လူမျိုးလည်း ကမ္ဘာ့အလယ် တင့်တယ်နိုင်မှာပါ’ တဲ့။

ဒေါက်တာ မောင်သင်းက သူ့ရဲ့ ကျေးဇူးရှင်ဆရာကြီး ဒေါက်တာ ကျော်စိုး (ဟားဗတ် ရွှေတံဆိပ်ဆုရှင်) ရဲ့ အဆုံး အမတွေကို ကိုးကား တင်ပြ သွားတာလည်း အလွန်မှ မှတ်သားဖွယ် ကောင်းလှပါတယ်။

နိုင်ငံရေးလုပ်ချင်တယ် ဆိုတာ

တစ်နေ့ညနေမှာတော့ အဘက လှည်းတန်းမှာရှိတဲ့ စားသောက်ဆိုင် ခေါ်ပြီး မေးပါတယ်။ “မင်းနိုင်ငံရေးကို စိတ်ဝင်စားတုန်း ပဲလား” တဲ့၊ ကျွန်တော်က “ဟုတ်ကဲ့” လို့ ဖြေတော့ အဘက နိုင်ငံရေး လုပ်ချင်တယ် ဆိုတာ ပြည်သူ တွေရဲ့ ဘဝတိုးတက်ဖို့၊ နိုင်ငံဖွံ့ဖြိုးဖို့ လုပ်ချင်တာ မဟုတ်လားလို့ ထပ်မေးပါတယ်။ ကျွန်တော် က “ဟုတ်ပါတယ်” လို့ ပြန်ဖြေတော့” နိုင်ငံဖွံ့ဖြိုးဖို့၊ ပြည်သူ တိုးတက်ဖို့ လုပ်မယ် ဆိုရင် လူတွေကို အရင်ဆုံး ပညာမျက်စိပွင့်၊ ပညာနား ပွင့်အောင် လုပ်ပေးရမယ်။ လူတွေကို ပညာ ပြည့်ဝအောင် အရင်လုပ်ရမယ်။ ဖွံ့ဖြိုးမှု၊ တိုးတက်မှု ဆိုတာ လူတွေရဲ့ အရည်အသွေး တက်လာမှဖြစ်မှာ။ အရည်အသွေး နိမ့်တဲ့ လူတွေနဲ့ နိုင်ငံ ဖွံ့ဖြိုး ဖို့တိုးတက်ဖို့ မလွယ်ဘူး။ မင်း ကြည့်လေ။ တို့ဆီကို စစ်အတွင်းက လာတဲ့ ဂျပန်တွေ ကို မြန်မာတွေက ငပုတဲ့၊ အရိုင်း အစိုင်းတဲ့။ အခု တခြားစီပဲ ဂျပန်နိုင်ငံ ဆိုတာ ကျွန်းပင်လည်း မပေါက်။ ရေနံလည်းမရှိ။ ကျောက်သံပတ္တမြား နတ္ထိ။ သဘာဝ အရင်းအမြစ် ဆင်းရဲတဲ့ နိုင်ငံပါ။ အဲဒီငပုတွေ တိုးတက် နေလိုက်ကြတာ ကမ္ဘာ့ထိပ် ရောက်နေပြီ။ ဘာလို့လဲဆိုတော့ ‘သဘာဝ အရင်းအမြစ် ဆင်းရဲပေမယ့် ပညာတတ်တဲ့ သူတွေ ပေါကြွယ်ဝလို့’ ကွ။ လူတွေ ပညာတတ်လာရင် တိုးတက် အောင်လုပ်တတ်တာပဲ” (ကျွန်တော်တို့ စကားပြောနေတဲ့ အချိန်က ၁၉၇၈ ခုနှစ်၊ ဆရာကြီး ဂျပန်မှာ ဧည့်ပါ မောက္ခ တစ်နှစ်လုပ်ပြီး ပြန်လာခါစပါ။)

အသိဥာဏ်မြင့်အောင် ပညာ တတ်အောင်

”မင်းက ထင်လိမ့်မယ်။ နိုင်ငံ ရေးဆိုတာ ပါတီတွေဝင်၊ လုပ်ပိုင်ခွင့် ရအောင်လုပ်တော့မှ နိုင်ငံရေးလို့ ထင်လား။ မင်းတို့ ပြောပြောနေတဲ့ ပြည်သူ ကောင်းစားဖို့၊ ပြည်သူတိုး တက်ဖို့ဆိုတော့ ပြည်သူတွေကို အသိဥာဏ်မြင့်အောင် ပညာတတ် အောင်လုပ်တာလည်း (အဲဒီတုန်းက လူ့စွမ်းအား အရင်းအမြစ်ဆိုတဲ့ စကား မသုံးကြသေးပါ) နိုင်ငံရေး ပါပဲကွာ”

ကျွန်တော့်ရဲ့ ကလျာဏမိတ္တ အဘ သခင်ဝတင်၏ အာဘော်များ နှင့် ဒေါက်တာမောင်သင်းရဲ့ ဆရာကြီး အဘ ဒေါက်တာကျော်စိုး၏ အာဘော်များ မတိုင်ပင်ဘဲ တူညီနေတာ တွေ့ရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အဘ နှစ်ယောက်လုံးဟာ အမှန်တရားတွေကို ဟောခဲ့ကြတာ ဖြစ်သောကြောင့်ပါ။

မောင်ဝံသ

0 comments:

အပေါ်သို့