ဝေနှင်းပွင့်သုန်
စက်တင်ဘာ ၃ဝ၊ ၂ဝ၁ဝ
သူ၏ ဖခင် ကိုမြအေး သည် တခြားသော ၈၈ မျိုးဆက် ခေါင်းဆောင်များနည်းတူ ထောင်ဒဏ်အနှစ် ၆ဝ ကျော် ကျခံနေရသည်။
ဖေဖေ့ကို ကျမ ပထမဦးဆုံး မြင်တွေ့ဖူးတာကတော့ သံတိုင်တွေကြားက တဆင့် တွေ့ရတဲ့ ထောင်ထဲက အခန်းလေး ထဲမှာ ဖြစ်ပါတယ်။ ကျမက ၄ နှစ်ပဲ ရှိပါသေးတယ်။ ဖေဖေက ၁၉၈၈ ခုနှစ် စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ အရေးတော်ပုံမှာ ပါဝင် လှုပ်ရှားခဲ့တာကြောင့် အကျဉ်းကျခဲ့ပါတယ်။ အခု နောက်ထပ် တခါ ငြိမ်းချမ်းစွာ လှုပ်ရှားခဲ့တဲ့ ၂ဝဝ၇ ခုနှစ် အရေးအခင်းမှာ ပါဝင်ခဲ့လို့ ထောင်ဒဏ် ၆၅ နှစ်ခွဲ ကျခံ နေရပါတယ်။ ဖေဖေက ကျန်းမာရေး မကောင်းပါဘူး။ နှလုံးရောဂါ ရှိပါတယ်။ ဒါပေမဲ့ သူ ဆက်လက် အသက်ရှင်ဖို့ အတွက် လိုနေတဲ့ ဆေးဝါးကုသခွင့် မရပါဘူး။ ဒါပေမဲ့ ကျမ ဖေဖေဟာ မြန်မာပြည်က နိုင်ငံရေး အကျဉ်းသား ၂၂ဝဝ ကျော်ထဲကမှ တဦးသာ ဖြစ်ပါတယ်။ အကျဉ်းသားတွေ အများအပြား နှိပ်စက် ခံနေရပါတယ်။ သူတို့ဟာ ဆိုးရွားလှတဲ့ အခြေအနေအောက်မှာ ရှိနေကြပြီး သင့်တော်တဲ့ ဆေးကုသခွင့်တောင် မရကြပါဘူး။
ပြီးခဲ့တဲ့ သုံးနှစ်ကာလအတွင်းမှာ နိုင်ငံရေး အကျဉ်းသား ဦးရေ ၂ ဆ နီးပါး တိုးလာပါတယ်။ ဗိုလ်ချုပ်ကြီးတွေ ကမ္ဘာကို ပြောနေတာကတော့ ဒီမိုကရေစီ ပြန်လည် တည်ဆောက် နေတာပါတဲ့။ နိုဝင်ဘာမှာ သူတို့ ရွေးကောက်ပွဲ လုပ်ဖို့ ရှိပါတယ်။ ဒါပေမဲ့ မြန်မာပြည်ကို စစ်မှန်တဲ့ ပြောင်းလဲမှုကို ဆောင်ကျဉ်းပေးမယ့် ရွေးကောက်ပွဲ မဟုတ်ပါဘူး။ စစ်အာဏာရှင်စနစ် ဆက်ပြီး တည်မြဲဖို့ အတွက် ပုံဖော်ထားတဲ့ ရွေးကောက်ပွဲသာ ဖြစ်ပါတယ်။ စစ်သားတချို့ အရပ်ဝတ် လဲလိုက်တဲ့ အပြောင်းအလဲပါ။ ဘာမှ ကွာခြား မသွားတဲ့ အာဏာရှင် တမျိုးတည်းကို အရပ်ဝတ်နဲ့ ပုံစံပြောင်းပြီး ကျမတို့ ထပ်တွေ့ရမှာ ဖြစ်ပါတယ်။ ကျမတို့ ပြည်သူတွေ ခံစားနေရတဲ့ ဝေဒနာတွေက ဆက် ရှိနေဦးမှာပါပဲ။
မြန်မာပြည်မှာ ဘာတွေ ဖြစ်နေသလဲ ဆိုတော့ ကျမတို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ ဆက်ပြီး အကျဉ်းကျ နေပါတယ်။ သူ့ရဲ့ ပါတီကလည်း ဖျက်သိမ်း ခံထားရပါတယ်။ စစ်အုပ်စုကို ဆန့်ကျင်ပြီး ပြောတဲ့ ဘယ်သူ မဆို အကျဉ်းချ ခံရပါတယ်။ ဟာသ လုပ်၊ ကဗျာလေး စပ်တာတောင် အကျဉ်းကျ ခံကြရတာပါ။ မီဒီယာ ဆင်ဆာကလည်း များသထက် များလာနေပါတယ်။
မြန်မာပြည် အရှေ့ပိုင်းက တိုင်းရင်းသား လူနည်းစု ဒေသတွေမှာ အရပ်သားတွေကို ဝင်ပြီး တိုက်ခိုက်တာတွေ ဆက်ပြီး ရှိနေတုန်းပါ။ စာသင်ကျောင်းတွေကို ဖျက်ဆီးခံရတာ၊ ရွာတွေ မီးရှို့ခံရတာနဲ့ ကလေးတွေ၊ ကလေး ငယ်ငယ်လေးတွေပါ မကျန် ပစ်သတ်ခံရတဲ့ အစီရင်ခံစာတွေကို ပြီးခဲ့တဲ့ လတွေအတွင်း Burma Campaign UK က လက်ခံ ရရှိထားတဲ့ သတင်းတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ၁၅ နှစ်တာ ကာလအတွင်း ကျေးရွာပေါင်း ၃၅ဝဝ ထက်မက ဖျက်ဆီး ခံခဲ့ရပါတယ်။ ဒါတွေဟာ စစ်အာဏာရှင်တွေက ကျမတို့ နိုင်ငံအတွက် ဒီမိုကရေစီ ဖော်ဆောင်တဲ့ လုပ်ရပ်တွေ မဟုတ်ပါဘူး။ အာဏာကို ဘယ်တော့မှ သူ့အလိုလို စွန့်လွှတ်မှာ မဟုတ်တဲ့၊ လူမဆန်တဲ့၊ ရက်စက် ကြမ်းကြုတ်လှတဲ့ လူသတ်သမားတွေရဲ့ လုပ်ရပ်သာ ဖြစ်ပါတယ်။
လေဘာပါတီနဲ့ မြန်မာနိုင်ငံအရေးကို ထောက်ခံအားပေးတဲ့ လေဘာအစိုးရကို ကျမက ကျေးဇူးတင်စကား ပြောကြား ချင်ပါတယ်။ လေဘာအစိုးရ (UK) ဟာ ကမ္ဘာပေါ်မှာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို လက်မခံတဲ့ အကြောင်း ကြေညာတဲ့ ပထမဦးဆုံး အစိုးရ ဖြစ်ပါတယ်။ လူကြီးမင်းတို့ အနေနဲ့ ဒီထက် ပိုပြီး အရှိန်ပြင်းတဲ့ တွန်းအားတွေနဲ့ ဆက်လက် ဦးဆောင်ပြီး မြန်မာနိုင်ငံ အပေါ် ဥရောပ သမဂ္ဂက ပစ်မှတ်ထား စီးပွားရေး ပိတ်ဆို့ဖို့၊ ကမ္ဘာလုံးဆိုင်ရာ လက်နက် ရောင်းချမှု ပိတ်ပင်ဖို့ တို့အတွက် ဖိအားပေး လုပ်ဆောင်ပေးပါ။ ကျမတို့ မြန်မာနိုင်ငံ လွတ်မြောက်ရေး အတွက် လှုပ်ရှားမှုကို ဘာအကျိုးအမြတ်မှ မရှိဘဲ လှိုက်လှိုက် လှဲလှဲ ထောက်ခံ အားပေးမှုအတွက် လေဘာအစိုးရ ဝန်ကြီးချုပ်ဟောင်း Mr Gordon Brown, နိုင်ငံခြားရေး ဝန်ကြီးဟောင်း Mr David Miliband တို့ကို အထူးကို ကျေးဇူးတင်ကြောင်း ကျမ ပြောကြားပါတယ် (လက်ခုပ်သံများ)။ ဒီအတွက် ကျမတို့ တကယ်ပဲ ဝမ်းမြောက် ရပါတယ်။
ဒါပေမဲ့ ကမ္ဘာ့ကုလသမဂ္ဂကိုတော့ ဒီလို မပြောနိုင်ပါဘူး။ UN အထွေထွေ အတွင်းရေးမှူး ဆီက မြန်မာနိုင်ငံ အရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မိကြောင်း ပြောကြားချက်တွေ မကြာခဏ ကြားရပါတယ်။ ဒါပေမဲ့ ဘာလုပ်ဆောင်ချက်မှ မရှိခဲ့ပါဘူး။ မြန်မာ စစ်အစိုးရဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်နေပါတယ်လို့ ထပ်ခါတလဲလဲ ကတိပေးခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်တော့မှ ကတိမတည်ပါဘူး။ ဒီလိုပါပဲ UN ကလည်း အခြေအနေ အပြောင်းအလဲကို “စောင့်ကြည့်ရအောင်” လို့ ထပ်ခါတလဲလဲ ပြောခဲ့တာပါပဲ။
သူတို့ စောင့်ကြည့်နေတုန်း နိုင်ငံရေး အကျဉ်းသားတွေက ထောင်ထဲမှာ သေနေကြပြီ။
သူတို့ စောင့်ကြည့်နေတုန်း အမျိုးသမီးတွေ မုဒိမ်းကျင့်ခံနေရပြီ။
သူတို့ စောင့်ကြည့်နေတုန်း နောက်ထပ် ရွာတွေ မီးရှို့ခံနေရပြီ။
မျိုးဆက် တခုပြီးတခု ကလေးတွေက ဆင်းရဲမွဲတေမှုတွေ၊ အကြောက်တရားတွေနဲ့ ကြီးပြင်း လာခဲ့ရတယ်။ သူတို့ရဲ့ ကလေးဘဝ ဆုံးရှုံးခဲ့ရတယ်။ UN နဲ့ တခြား အစိုးရတွေက ဒါကို လစ်လျူရှုပြီး ဘာမှ လုပ်မပေးနိုင်ဘဲ နေမြဲတိုင်း နေနေကြတယ်။ ဒီလို အဖြစ်ဆိုးတွေကို ဆက်ပြီး လက်ခံနေလို့ မဖြစ်ဘူး။
ဗိုလ်ချုပ်ကြီးတွေက ဖိအားကို ခံနိုင်ရည်ရှိသူတွေတော့ မဟုတ်ပါဘူး။ မှန်ကန်တဲ့ ဖိအား မပေးနိုင် သေးလို့ပါ။ နိုင်ငံတကာ ဖိအား ဆက်ပြီး ရှိနေဖို့ လိုအပ်ပါတယ်။ ဗိုလ်ချုပ်ကြီးတွေကို ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား ခေါင်းဆောင်တို့နဲ့ ဆွေးနွေးရေး ဖြစ်လာအောင် ဖိအား မှန်သမျှကို သုံးဖို့ လိုပါတယ်။ ပိုမိုပြင်းထန်တဲ့၊ ပစ်မှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှု လိုအပ်ပါတယ်။ စစ်အုပ်စုကို ဒီလို စေ့စပ်ရေးအတွက် ဖိအားပေးဖို့ UN ဦးဆောင်တဲ့ စေ့စပ် ဆောင်ရွက်ရေး အောက်မှာ ကျမတို့ ကမ္ဘာကြီး တခုလုံး ညီညွတ်ဖို့ လိုအပ်ပါတယ်။ UN ကော်မရှင်က မြန်မာပြည်ကို သွားပြီး စစ်အုပ်စုရဲ့ လူသားတွေအပေါ် ကျူးလွန်တဲ့ ကမ္ဘာ့ ရာဇဝတ်မှု ဆိုင်ရာ စုံစမ်း စစ်ဆေးရေးကို ဆောင်ရွက်ဖို့ လိုပါတယ်။
ဒီရွေးကောက်ပွဲကြီး ပြီးသွားရင် ကျမအဖေတို့ကို ထောင်ထဲ သွင်းထားတဲ့ ဥပဒေတွေ အပါအဝင် စစ်အာဏာရှင် စနစ်ကို ထောက်ပံ့ပြီး မတရား ဖိနှိပ်ချုပ်ချယ်ထားတဲ့ ဥပဒေတွေ အားလုံး တရားဝင် ဖြစ်သွားလိမ့်မယ်။ တခါတလေ ကျမမှာ မျှော်လင့်ချက် ကင်းမဲ့သလောက် နီးပါး ခံစားရမိပါတယ်။ တခါတလေ ကျမအဖေကို ကျမတသက် ဘယ်တော့မှ ပြန်တွေ့နိုင်တော့မှာ မဟုတ်တော့ဘူးလို့ ထင်မိတယ်။ ဒါပေမယ့် ကျမဟာ ကျမအဖေရဲ့ ရဲစွမ်း သတ္တိရှိမှုကို အမှတ်ရ နေပါတယ်။ သူဟာ ဘယ်လောက်ပဲ ဝေဒနာ ခံစားနေရပါစေ သူဘယ်တော့မှ ယုံကြည်ချက်ကို စွန့်လွှတ်မှာ မဟုတ်ဘူး ဆိုတာ ကျမ သိနေတယ်။ ကျမတို့ဟာ လွတ်လပ်မှုရဲ့ အောင်ပွဲကို ဆင်နိုင်မယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျမတို့ ဒီအတွက် လူကြီးမင်းတို့ရဲ့ အကူအညီကို လိုအပ်ပါတယ်။ လူကြီးမင်းတို့ဟာ တောင်အာဖရိကကို အကူအညီပေး ခဲ့ပါတယ်။ ထို့အတူပဲ ကျမတို့ မြန်မာနိုင်ငံရဲ့ လွတ်လပ်မှုအတွက်လည်း အကူအညီ ပေးကြပါ။ ကျေးဇူးတင်ပါတယ်။
(အထက်ပါ မိန့်ခွန်းကို လက်ဆင့်ကမ်း ဖြန့်ဝေသော အီးမေးလ်မှတဆင့် ရရှိပါသည်။ မိုးမခက အနည်းငယ် ပြန်လည် တည်းဖြတ်ထားပါသည်။မူရင်း မိန့်ခွန်းကို http://www.youtube.com/watch?v=_-By1Gigf_0 တွင် ကြည့်ရှု နားဆင်နိုင်သည်။)
Ref: မိုးမခ
0 comments:
Post a Comment