Thursday, June 16, 2011

အလုပ်သမားလက်မှတ် ငွေကုန်ကျမှု ပိုများ

ကိုဝိုင်း
ဇွန်လ ၁၆ ရက် ၂၀၁၁ ခုနှစ်

ထိုင်းနိုင်ငံရှိ တရားမဝင် ရွှေ့ပြောင်း အလုပ်သမားများကို အလုပ်လုပ်ခွင့် လက်မှတ်များ ထုတ်ပေးရာတွင် တရားဝင် သတ်မှတ်ငွေထက် ပိုမိုကုန်ကျနေကြောင်း ထိုင်းအလုပ်ရှာဖွေရေး ရုံးများနှင့် အလုပ်သမား အဖွဲ့များက ပြောသည်။

ဗုဒ္ဓဟူးနေ့တွင် စတင်ခဲ့သော တနှစ်သက်တမ်းခံ မှတ်ပုံတင်ခွင့်ပြုရာ၌ ဒေသန္တရနှင့် လုပ်ငန်း အမျိုးအစားပေါ် မူတည်၍ ထိုင်းဘတ်ငွေ ၂၉၈ဝ နှင့် ၃၈၈ဝ အကြား ကျခံရန် တရားဝင် သတ်မှတ်ထားသည်။ အလုပ်သမား၏ ကိုယ်ရေးမှတ်တမ်း
ပြုစုရန် ၈ဝ၊ ကျန်းမာရေး စစ်ဆေးမှု ၆ဝဝ၊ ကျန်းမာရေး အာမခံ ၁၃ဝဝ (တနှစ်အတွင်း ဖျားနာပါက ကုသငွေအဖြစ် အခမဲ့ သို့မဟုတ် ဘတ် ၃ဝ သာ ကုန်မည်)၊ အလုပ်လုပ်ခွင့် ပုံစံအတွက် ၁ဝဝ၊ အလုပ်လုပ်ကိုင်ခွင့် ၉ဝဝ-၁၈ဝဝ အသီးသီး ဖြစ်သည်။

သို့သော်လည်း ဥပဒေကြောင်းအရ လုပ်ငန်းရှင် လိုက်ပါဆောင်ရွက်ပေးမှသာ ရသဖြင့် လုပ်ငန်းရှင်အပေါ် မှီခိုအားထားမှု များလာကာ ဝန်ဆောင်မှုကြေးပါ ပိုပေးရတော့သည်။

ဘန်ကောက် အခြေစိုက် မြန်မာရွှေ့ပြောင်းလုပ်သားများကို ကူညီဆောင်ရွက်ပေးနေသူ ဦးကျော်သောင်းက “ တချို့ အလုပ်ရုံသူဋ္ဌေးတွေကျတော့ အလုပ်ရှုပ်ခံပြီး ရုံးကို မသွားတော့ဘူး။ သူတို့အလုပ်ရုံက ထိုင်းတယောက်ကို ခိုင်းလိုက်တယ်။ အဲဒီထိုင်းက သူဋ္ဌေးက မလုပ်ပေးဘူး၊ ငါလုပ်ပေးမယ် ၁ဝဝဝ-၁၅ဝဝ ပေး၊ အဲဒီမှာ ပိုက်ဆံ ၆ဝဝဝ လောက် ဖြစ်သွားတယ်” ဟု မဇ္ဈိမကို ပြောသည်။

အကြမ်းဖျဉ်းအားဖြင့် ဘန်ကောက်တွင် ရွှေ့ပြောင်းလုပ်သားတဦး အနေဖြင့် ဝင်ငွေမှာ တရက်လျှင် ဘတ် ၂၀၀ ကျော် ဖြစ်သည်။

ဘန်ကောက်မြိုYအနီး မဟာချိုင်၌ ဗုဒ္ဓဟူးနေ့တွင် ကိုယ်တိုင် လက်မှတ်သွားလုပ်သူ အလုပ်သမား တဦးက “အလုပ်သမား လက်မှတ်ရဖို့ အနည်းဆုံး ဘတ် ၆ဝဝဝ လောက် ပေးရတယ်” ဟု ပြောသည်။

မဲဆောက်မြို့မှ အလုပ်သမားအရေး ကူညီနေသည့် မက်ဖောင်ဒေရှင်း MAP Foundation အဖွဲ့မှ တာဝန်ရှိသူ တဦးကလည်း “ အလုပ်သမားအနေနဲ့ သူ့ဟာသူ သွားလုပ်လို့ မရဘူးလေ။ သူဋ္ဌေးရှိရမယ်။ စက်ရုံမှာဆို သူဋ္ဌေးက ရှိပြီးသားလေ။ စိုက်ပျိုးရေးတို့၊ ပန်းရံတို့ အပြင်မှာ လုပ်တယ်ဆိုရင် သူဋ္ဌေးနေရာထားဖို့ ထိုင်းလူငှားရတယ်။ ၁ဝဝဝ၊ ၁၅ဝဝ၊ ၂ဝဝဝ ပေးရတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်ကမူ ယာယီနိုင်ငံကူးလက်မှတ်ရှိသည့် လုပ်သားများအနေဖြင့် အခွင့်အရေး ချိုးဖောက်ခံရပါက ဘန်ကောက်ရှိ မြန်မာသံရုံးသို့ အချိန်မရွေး ဖုံးဆက်အကြောင်းကြားရန် စမွတ်စခွန်ခရိုင် မဟာချိုင်မြို့ အလုပ်အကိုင် ရှာဖွေရေးရုံး၌ ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းပွဲတွင် ပြောဆိုခဲ့သည်။

ထိုင်းအလုပ်သမားဝန်ကြီး ချလုံချိုင်းစီရီအွန်ကမူ နောက်ဆုံးသတ်မှတ်ချိန် ဇူလိုင် ၁၄ ရက်နေ့အတွင်း မှတ်ပုံမတင်ပါက ဖမ်းဆီးနှိမ်နင်းမည်ဟု ပြောသွားခဲ့သည်။

ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ်လုပ်နေသော လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံသားများကို နေထိုင် အလုပ်လုပ်ခွင့် ထပ်မံလုပ်ပေးရန် ထိုင်းအစိုးရက ၂ဝ၁၁ ဧပြီ ၂၆ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ပြီး၊ အသက် ၁၅ နှစ်အောက် ကလေးများကိုလည်း နေထိုင်ခွင့် လုပ်ပေးမည် ဖြစ်သည်။ ယခင်က မှတ်ပုံတင်ထားပြီး သက်တမ်း ထပ်မတိုးလိုက်နိုင်သူများလည်း လျှောက်ထားနိုင်မည်။

ထို့အပြင် မြန်မာအများစုရှိသည့် စမွတ်စခွန်ခရိုင်အပါအဝင် ခရိုင် ၁၇ ခုတွင် one-stop service ဟုခေါ်သော တနေရာတည်းတွင် လုပ်ငန်းကိစ္စများ အပြီးအစီး လုပ်နိုင်ရန်လည်း စီစဉ်ထားကြောင်း နိုင်ငံတကာ ရွှေ့ပြောင်းအခြေချ
နေထိုင်သူများအား ကူညီရေးအဖွဲ့ IOM က ထုတ်ပြန်ထားသည်။ မဲဆောက်နှင့် ချင်းမိုင် အပါအဝင် ယင်းအစီအစဉ်တွင် မပါဝင်သော ခရိုင်များတွင်မူ အနည်းဆုံး ဌာန ၃ ခုသို့ သွားရမည် ဖြစ်သည်။

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၃ သန်းခန့် ရှိသည်ဟု ခန့်မှန်းနေကြသော်လည်း ၂ဝ၁၁ ဧပြီလကုန်အထိ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ အလုပ်လုပ်ခွင့် မှတ်ပုံတင်သူ ၁၃၁၅၉၃၂ ဦး၌ မြန်မာ ၁ဝ၇၉၉၉၁ ဦးသာ ပါဝင်ကြောင်း ထိုင်းအစိုးရ တရားဝင်စာရင်းများက ဆိုသည်။

နောက်ဆုံး သတ်မှတ်ရက် ကျော်လွန်ပါက တရားမဝင် အလုပ်သမားခိုင်းသည့် လုပ်ငန်းရှင်ကို အလုပ်သမား တဦးအတွက် ဘတ်ငွေ တသောင်းမှ တသိန်းအထိ လည်းကောင်း၊ အလုပ်သမားအား ၂,ဝဝဝ မှ တသိန်းထက် မပိုသော ဒဏ်ငွေ သို့မဟုတ် ၅ နှစ်ထက် မပိုသော ထောင်ဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်ပေါင်း ပြစ်ဒဏ်ချမှတ်မည်
ဖြစ်သည်။

မှတ်ပုံတင်ထားသည့် လုပ်ငန်း အမျိုးအစားနှင့် ကွဲလွဲသော အလုပ်လုပ်နေသည့် အလုပ်သမားများကို ဘတ်ငွေ နှစ်သောင်းထက် မပိုသော ဒဏ်ငွေနှင့် လုပ်ငန်းရှင်ကို တသောင်းထက် မပိုသော ဒဏ်ငွေ တပ်မည် ဖြစ်သည်။

Ref: Mizzima

0 comments:

အပေါ်သို့