February 17, 2012
မင်းလွင်
ဧရာဝတီတိုင်း ဖျာပုံမြို့ ဘောလုံးကွင်းမှာ ဒီကနေ့ ကျင်းပဖို့ ပြင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်ဟောပြောပွဲကို ပြည်ထောင်စု အားကစားဝန်ကြီးက ခွင့်မပြုတဲ့အတွက် မြို့ကနေ နှစ်မိုင်အကွာက သဲကွင်းမှာ ပြောင်းရွှေ့ခဲ့ရပါတယ်။
ဖျာပုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ကိုသိန်းဆွေက “ဖျာပုံမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ဒေါ်အောင်ဆန်းစုကြည် က တရားဟောတယ်။ တရားဟောတဲ့အခါကျတော့ ဒီက အဲဒီရုံးရှေ့မှာ လာပြီး နားထောင်တဲ့ လူတွေ ရှိတယ်လေ။ အဲဒီတော့ ဒီမှာ ပြီးသွားရင် ဟိုဘက် ကျနော်တို့ ဒီမှာလူထု ဟောပြောပွဲလုပ်ဖို့ ရှိတယ်။ မြောက်ပိုင်းဘက်မှာပေါ့ သဲကွင်းမှာပေါ့။ အဲဒီတော့ ဒီကလူထုကြီးက လိုက်ကြဦးမလားလို့ မေးတော့ အားလုံးက လိုက်ကြပါမယ်တဲ့။ ဟုတ်ပြီး အဲဒီတော့ မလိုက်မယ့်သူတွေလည်း ရှိတယ်။ အဲဒီ မလိုက်မယ့် သူတွေအတွက် နှုတ်ဆက်စကားလေး ပြောမယ်ဆိုပြီး နှုတ်ဆက် စကားပြောပြီးတော့ ကျနော်တို့ အဲဒီ သဲကွင်းကို သွားကြတာ။ အဲဒီတော့ လူထုကြီးက အဲဒီကနေပြီးတော့ အားလုံးက လိုက်ပါလာကြတယ်” လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်း စုကြည်ရဲ့ မဲဆွယ်စည်းရုံးရေး ဟောပြောပွဲကို ဖျာပုံမြို့ပေါ်တင် မကဘဲ ကျေးရွာတွေလူထုတွေပါ တက်ရောက် နားထောင်ခဲ့ကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“အုန်းအုန်း ကျွက်ကျွက်ပဲ တမြို့လုံး စည်ကားနေတာ။ တမြို့လုံးလည်း ဒေါ်စုအလံတွေ ကိုင်ပြီး ချီတတ်သွားကြတာ ဟောပြောပွဲကိုလေ။ ဒေါ်စုမိန့်ခွန်း သွားနားထောင်ကြတာ။”
တခြားအ နှောင့်အယှက်တွေ အရင်ကလို မတွေ့ရတော့ပေမယ့် မြို့နယ်အာဏာပိုင်တွေက အစိုးရဝန်ထမ်းတွေကို ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် ကြိုဆို နှုတ်ဆက်တာ မလုပ်ဖို့ ညွှန်ကြားမှုတွေတော့ ရှိသေးတယ်လို့ ဖျာပုံမြို့ ဒေသခံတွေက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဖျာပုံသဲကွင်းမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်း မှာတော့ အာကစားကွင်းကို အသုံးပြုခွင့် မပေးတဲ့အပေါ်ကို ဝေဖန် လိုက်ပြီးတော့ လွတ်လွတ်လပ်လပ် စည်းရုံးခွင့်ကို တားဆီးပိတ်ပင်တဲ့ အပေါ်ကိုလည်း ထောက်ပြ ဝေဖန်သွားခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မှာ လိုက်ပါသွားတဲ့ သတင်းထောက်တဦးက ပြောပါတယ်။
“ဖျာပုံမှာ ပထမ သတင်းထွက်တာက ဝန်ထမ်းတွေ မသွားရဘူးပေါ့နော်။ အဲဒီအမိန့် ထုတ်ထားတာ ဟုတ်လောက်တယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ရုံးရှေ့က ဖြတ်သွားတဲ့အခါမှာ ဝန်ထမ်းတွေ အကုန်လုံး ထွက်ကြည့်ကြတယ်။ နောက်ပြီးတော့ အန်တီပြောတဲ့ မိန့်ခွန်းထဲမှာ လည်း ပါတယ်။ ကျောင်းသားလေးတွေပေါ့နော်။ ကျောင်းသားလေးတွေကို တံခါးပိတ်ထားတယ်။ ကျောင်းခန်းထဲက အပြင်မထွက်ရဘူး။ ဒါပေမယ့်လည်း ကျောင်းသားလေးတွေ အားလုံးဟာ စိတ်ဝင်တစားနဲ့ ကျောင်းခန်းပြင်ပကိုပဲ မျက်လုံးတွေက ကြည့်ပြီးတော့ လက်ပြနေကြတယ်။ အဲဒီအတွက် သူတို့ ပီတိ ဖြစ်တယ်ပေါ့နော်။ အဲဒီ့ ကျောင်းသားလေးတွေရဲ့ စိတ်ဓာတ်ကအစ ဒီမိုကရေစီဘက်မှာ ရှိတယ် ဆိုတာကအစ သိသိသာသာ ပြောသွားတယ်။ နောက်ပြီးတော့ အခုလိုမျိုး ဒီမိုကရေစီနည်း မကျဘဲနဲ့ ဘောလုံးကွင်းကို သုံးခွင့်မပေးဘူး။ ကျနော်တို့ လယ်ကွင်းထဲကို ထွက်ပြီးတော့ အခုလိုမျိုး အစည်းအဝေး လုပ်ရတဲ့အပေါ်မှာလည်း အန်တီက ဥပဒေ နည်းလမ်းကျကျ ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားသွားမယ် ဆိုပြီးတော့လည်း မိန့်ခွန်းထဲမှာ ထည့်ပြောသွားတယ်။”
ဒေါ်အောင်ဆန်း စုကြည်ဟာ ဖျာပုံမြို့ကို မရောက်ခင် သူအရွေးခံမယ့် ရန်ကုန်တိုင်း ကော့မှူးမြို့နယ်က ကျိုက်ထော်ဆိုတဲ့ ရွာကိုလည်း ရောက်ရှိခဲ့ပြီးတော့ သူ့ကို စောင့်ဆိုင်းနေတဲ့ ဒေသခံတွေကိုလည်း စကားပြောခဲ့ပါတယ်။
Ref: ဒီဗွီဘီ
Monday, February 20, 2012
ဒေါ်အောင်ဆန်းစုကြည် ဖျာပုံအားကစားကွင်းတွင် ဟောပြောခွင့် မရ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment