Tuesday, December 30, 2008

မြန်မာစစ်အစိုးရအား ဖွံ့ဖြိုးရေးအကူအညီပေးရေး ဂမ်ဘာရီအဆိုပြု

ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသား (၂,၀၀၀) ကျော်လွှတ်ပေးရေးနှင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးပြောင်းလဲမှုများလုပ်ရန် မြန်မာစစ်အစိုးရအား ဖွံ့ဖြိုးရေးလုပ်ငန်းခေါင်းစဉ်ဖြင့် ငွေကြေးအကူ အညီ မက်လုံးပေးကမ်းလှမ်းသင့်ကြောင်း ဂမ်ဘာရီ၏ လျှို့ဝှက်အစီရင်ခံစာ၌ အဆိုပြုထားသည်ဟု ကုလ သမဂ္ဂ အရာရှိများကို ကိုးကားပြီး Washington Post သတင်းစာက ဖော်ပြထားသည်။

ပြီးခဲ့သည့်လက ကုလအတွင်းရေးမှူးချုပ် ဘမ်ကီမွန်းထံတင်ပြသည့် ဂမ်ဘာရီ၏ လျှို့ဝှက်အစီရင်ခံစာထဲ၌ မြန်မာနိုင်ငံအပေါ် ငွေကြေးမက်လုံးပေးကူညီရန် တင်ပြခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ကမ္ဘာ့ဘဏ်အပါအ၀င် နိုင်ငံတကာ ငွေကြေးအဖွဲ့များက ၁၉၈၈ ခုနောက်ပိုင်းမှစပြီး မြန်မာနိုင်ငံအပေါ် ငွေကြေးကူညီမှု ပိတ်ဆို့ထားသည့်ကိစ္စ ပြန်ဖွင့်ပေးရန် ကုလသမဂ္ဂခေါင်းဆောင်ပိုင်းက အိုဘားမား အမေရိ ကန် အစိုးရသစ်အား မကြာခင် ဖိအားပေး တောင်းဆိုသွားမည်ဟုလည်း ထိုအစီရင်ခံစာ၌ ဖော်ပြထားသည်။

သို့သော် ဂမ်ဘာရီ၏ အဆိုပြုချက်သည် ပြီးခဲ့သည့် သြဂုတ်လအတွင်း ဂမ်ဘာရီ မြန်မာနိုင်ငံသွားရောက်စဉ် ဒေါ်အောင်ဆန်းစုကြည်နှင့်ရော ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်ပါ တွေ့ခွင့်မပေးခဲ့သဖြင့် မအောင်မြင်ခဲ့သည့် ကုလသံတမန်ရေးနည်းလမ်းကို ကယ်တင်ရန်ကြိုးပမ်းချက်တရပ်အဖြစ် ဝေဖန်သူများက ထောက်ပြသည်။

ဂမ်ဘာရီသည် ဒီမိုကရေစီရေး ပြောင်းလဲချင်စိတ်မရှိသည့် စစ်အစိုးရကို ကိုင်လှုပ်ရာ၌ တိုးတက်မှုရှိပါသည် ဆိုပြီး ပြရန်သက်သက် ရည်ရွယ်သည်ဟုလည်း ဝေဖန်ကြသည်။

မကောင်းသည့် အပြုအမူများအတွက် မြန်မာစစ်အစိုးရကို ဆုလာဘ်ပေးရန် မသင့်ဆိုပြီး ကုလသမဂ္ဂ၏ မြန်မာစစ်အစိုးရအပေါ် ငွေကြေးကူညီရေးအစီအစဉ်ကို အမေရိကန်နှင့် ယူကေနိုင်ငံများက ဆန့်ကျင်သည်။

ဂမ်ဘာရီကမူ မြန်မာနိုင်ငံအပေါ် ဖွံ့ဖြိုးရေးအကူအညီများ တိုးပေးရန် တောင်းဆိုထားသည့်အပြင် မြန်မာ စစ် အစိုးရအား နိုင်ငံခြားအကူအညီများများရအောင် ချမ်းသာသည့်နိုင်ငံများက လုပ်ပေးသင့်သည်ဟုလည်း အစီ ရင်ခံစာ၌ အဆိုပြူထားသည်။

မြန်မာအပေါ် နိုင်ငံတကာ၏ ဖွံ့ဖြိုးရေးကြိုးပမ်းမှုများအား ညှိနှိုင်းဆောင်ရွက်ရန်နှင့် မြန်မာစစ်အစိုးရအား ငွေကြေးကူညီရာတွင် အထောက်အပံ့ဖြစ်စေရန်အတွက် စီးပွားရေးနှင့်လူမှုရေးအဖွဲ့တခု တည်ထောင်ရေး ကိစ္စကိုလည်း ဂမ်ဘာရီက အကြံပြုထားသည်။

ကူညီသည့်ငွေကို စစ်အစိုးရက အစိုးရထောက်ခံသူများအတွက် လှည့်မသုံးနိုင်ရေး၊ လိုအပ်နေသည့် မြန်မာ ပြည်သူများထံ တိုက်ရိုက်ငွေပေးနိုင်ရေးတို့အတွက် ကုလသမဂ္ဂသည် ဒိန်းမတ်၊ ဂျပန်၊ နယ်သာလန် နော်ဝေစ သည့် နိုင်ငံများနှင့် စတင်ဆွေးနွေးနေပြီဖြစ်သည်။

ဂမ်ဘာရီ၏ နည်းဗျူဟာသစ်ကို လာမည့် ၂၀၀၉ နှစ်ဆန်းပိုင်းတွင် စစ်အစိုးရထံ တင်ပြရန် ဂမ်ဘာရီက မှန်း ထားသည်ဆိုသော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ခွင့်သေချာမှ တင်ပြမည်ဖြစ်သည်။ ဂမ်ဘာရီ၏ အစီရင်ခံစာအပေါ် စစ်အစိုးရဘက်က အပြူသဘောတုံ့ပြန်မှသာ ဘန်ကီမွန်း မြန်မာနိုင်ငံကို ဒုတိယအကြိမ် သွားရောက်မည် ဖြစ်သည်။

ဂမ်ဘာရီ၏ မြန်မာ့နိုင်ငံရေးပြုပြင်ရေး အဆိုပြုချက်ကို တရုတ်နှင့် အမေရိကန်တို့က သဘောမတူသည့် အတွက် အကောင်အထည်ပေါ်ရန် အလားအလာ နည်းပါးသည်ဟု သံတမန်အချို့က ယူဆသည်။ နိုင်ငံများ တွင် ငွေကြေးစီးပွားကပ်ဆိုက်နေသည့်အတွက် မြန်မာနိုင်ငံအပေါ် ငွေကြေးကူညီရေး မဖြစ်နိုင်ဟု သံတမန် တဦးက ပြောသည်။

ဂမ်ဘာရီ၏ ၂၀၀၈ မတ်လခရီးစဉ်၌ ကုလသမဂ္ဂ အကူအညီဖြင့် စီးပွားရေး၊ လူမှုရေး ဖြေရှင်းပေးရန် အမျိုး သားစီးပွားရေး ဖိုရမ်တခု တည်ထောင်ပေးမည်ဟု ကုလသမဂ္ဂက ကမ်းလှမ်းခဲ့သော်လည်း စီးပွားရေးပိတ်ဆို့ မှုကြောင့်သာ ဖွံ့ဖြိုးတိုးတက်မှု အခက်အခဲ ဖြစ်နေခြင်းဖြစ်ကြောင်း၊ စီးပွားရေး ပိတ်ဆို့မှုကို ရုပ်သိမ်းအောင် ကူညီဆောင်ရွက်ပေးပါက ပိုထိရောက်မည်ဟု ဗိုလ်မှူးချူပ်ကျော်ဆန်းက ငြင်းပယ်ခဲ့သည်။

ဂမ်ဘာရီတောင်းဆိုသည့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးကိစ္စနှင့် ပတ်သက်၍ နိုင်ငံရေးအကျဉ်း သား မရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားရခြင်းသည် တိုင်းပြည် အခြေအနေ ရှုပ်ထွေး အောင် ဖန်တီးပြီး ရုန်းရင်းဆန်ခတ်ဖြစ်အောင် ဆောင်ရွက်ခဲ့သဖြင့် ထိန်းသိမ်းထားခြင်းဖြစ်ကြောင်းနှင့် တိုင်းပြည်တည်ငြိမ်မှုကို အထိပါးမခံနိုင်ကြောင်း ဗိုလ်မှူးချုပ်ကျော်ဆန်းက ပြောကြားခဲ့သည်။

ထိုစဉ်က ဂမ်ဘာရီတောင်းဆိုသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ဆွေးနွေးရေးကိစ္စသည်လည်း ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံပျက်သုဉ်းရေး၊ စီးပွားရေးဖြတ်တောက်ရေးနှင့် အလုံးစုံပိတ်ဆို့ရေး (၄) ချက်ကို ဒေါ်အောင်ဆန်းစုကြည်ဘက်က စွန့်လွှတ်မှသာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောထားပြီးဖြစ်ကြောင်း၊ ထိုအချက်များကို အန်အယ်လ်ဒီက လုပ်ထားခြင်းမဟုတ်သဖြင့် မကြေ ညာဟု တုံ့ပြန်ခဲ့ခြင်းသည် ပိတ်ဆို့ရေး လက်နက်ပြန်သုံးမည်ဟု ခံယူထားခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ် ကျော်ဆန်းက ပြောခဲ့သည်။


REF: ခေတ်ပြိုင်

Read More...

ဦးသန့်ပုံ မျက်နှာဖုံးတွင် ခွင့်မပြု

Monday, 29 December 2008


ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ဓာတ်ပုံကို မြန်မာသစ် မဂ္ဂဇင်း မျက်နှာဖုံးအဖြစ် စာပေစိစစ်ရေးက ခွင့်မပြုကြောင်း ၎င်းမဂ္ဂဇင်းနှင့် နီးစပ်သည့် အသိုင်းအဝန်းမှ ကြားသိရသည်။

မြန်မာသစ်မဂ္ဂဇင်းတွင် ယခင်လက လယ်တီဆရာတော်ကြီးအကြောင်း၊ ယခင်လမတိုင်မီက ဦးမေအောင် အကြောင်း စသည်ဖြင့် ထင်ရှားသူ ရှေးမြန်မာများ၏ မျက်နှာဖုံးဓာတ်ပုံများနှင့်တကွ ဖော်ပြခဲ့ခြင်းဖြစ်သည်။ ယခုတပတ်တွင်မူ မြန်မာပြည်အတွက် ထင်ရှားဂုဏ်ယူဖွယ်ဖြစ်သော ကုလအထွေထွေအတွင်းရေးမှူးချုပ် ဟောင်း ဦးသန့်နှင့်ပတ်သက်သည့် အကြောင်းအရာများကို ဆောင်းပါးဝေဝေဆာဆာဖြင့် ဖော်ပြရန် ဖြစ်သော် လည်း မျက်နှာဖုံးဓာတ်ပုံ ခွင့်ပြုချက်မရသဖြင့် တခြားပုံတပုံ လွှဲပြောင်းတင်ပြရတော့မည် ဖြစ်ကြောင်း သိရ သည်။

ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း
ဦးသန့် (ဓာတ်ပုံ - UN/Grunbaum)

ဦးသန့်အကြောင်းနှင့် ပတ်သက်၍ ထုတ်ဝေမည့် ၄ ကြိမ်မြောက် မြန်မာသစ်မဂ္ဂဇင်းအတွက် ကဗျာစုစုပေါင်း ၁၀ ပုဒ် ရွေးချယ်တင်ပြထားရာ စိစစ်ရေးက ၇ ပုဒ်ပယ်ခဲ့ပြီး ဆောင်းပါး ၅ ပုဒ်ကိုပါ ဖြုတ်ပယ်ခံခဲ့ရသည်ဟု သိ ရသည်။

လာမည့် ၂၀၀၉ ဇန်နဝါရီ ၂၂ ရက်နေ့သည် ဦးသန့်၏ အနှစ် ၁၀၀ ပြည့်မွေးနေ့ဖြစ်ပြီး ဦးသန့် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ကမ္ဘာ့ကုလသမဂ္ဂ စာတိုက်၊ ဆက်သွယ်ရေးဌာနက တံဆိပ်ခေါင်းများ ထုတ်ဝေမည် ဖြစ်သည်။

ဦးသန့်သည် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရာထူးကို ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ သက်တမ်း ၂ ခုစာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၎င်း တာဝန်ထမ်းဆောင်စဉ် ကျူးဘား ဒုံးပျံအရေးအခင်း နှင့် ကွန်ဂို ပြည်တွင်းစစ်ပြဿနာများ ဖြေရှင်းခဲ့သည်။

အာရှ၏ ပထမဆုံးသော ကုလအထွေထွေအတွင်းရေးမှူးချုပ်ဖြစ်ကာ မြန်မာပြည်အတွက် ဂုဏ်ယူဖွယ် ဦးသန့်၏ ဈာပနအခမ်းအနားကို ဦးနေဝင်းအစိုးရက ဖြစ်သလို ဆောင်ရွက်ခဲ့သဖြင့် ထိုစဉ်က တက္ကသိုလ် ကျောင်းသားများက ဦးသန့်ရုပ်အလောင်းကိုလုကာ ရန်ကုန်တက္ကသိုလ်အတွင်း မြေချရန် ကြံစည်ရာမှစ၍ မြန်မာ့သမိုင်းတွင် ယနေ့တိုင် ထင်ရှားသော “ဦးသန့်အရေးအခင်း” ဖြစ်ပေါ်ခဲ့သည်။

ထိုစဉ်က အရေးအခင်းကို ဦးနေဝင်းအစိုးရက အပြင်းအထန် နှိမ်နင်းခဲ့သောကြောင့် ကျောင်းသား၊ ပြည်သူ ဒါဇင်ပေါင်းများစွာ ကျဆုံးသူများ၊ အရေးယူ ထောင်ချခံရသူများ ရှိခဲ့သည်။

ဦးသန့်အကြောင်း ဖော်ပြမည့် မြန်မာသစ်မဂ္ဂဇင်းသည် မြန်မာပြည်တွင် ထင်ရှားလူသိများကာ မြန်မာနိုင်ငံ၏ အကျိုးကိုသယ်ပိုးခဲ့သူ ရှေးမြန်မာကြီးများအကြောင်းကို တဦးချင်းစီ လစဉ်ဖော်ပြသွားမည့် မဂ္ဂဇင်းဖြစ်သည် ဟု အယ်ဒီတာအဖွဲ့နှင့် နီးစပ်သည့် အသိုင်းအဝန်းက ပြောပြသည်။

“ဒီမဂ္ဂဇင်းမှာ ရေးတဲ့သူတွေအားလုံးရဲ့ ကိုယ်ရေးအချက်အလက်တွေကိုပါ စိစစ်ရေးကို တင်ပြရတယ်” ဟု မြန်မာသစ် နှင့် နီးစပ်သူကပြောပြသည်။

မကြာသေးမီအချိန်က မဂ္ဂဇင်းများအားလုံးတွင် ရေးသားသူ စာရေးဆရာ၊ ကဗျာဆရာများ၏ ကိုယ်ရေး အချက်အလက်များကို စိစစ်ရေးသို့ တင်ပြရမည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း တရားဝင်အကြောင်း မကြားသေးကြောင်း ရန်ကုန်မဂ္ဂဇင်း အသိုင်းအဝန်းမှ သိရသည်။

ယခုလက်ရှိ ရန်ကုန်အခြေစိုက် မဂ္ဂဇင်းများ၏ အနေအထားမှာ ပုံစံပြောင်းကာ တိုးတက်မှုရှိလာပြီး စာပေ ပုံသဏ္ဍန်မဂ္ဂဇင်းများ၊ ပညာပေးမဂ္ဂဇင်းများ သုံး၊ လေးလအတွင်း နေရာရလာသည်ကို တွေ့ရကြောင်း ရန်ကုန်အခြေစိုက် မဂ္ဂဇင်းအယ်ဒီတာ တဦးကပြောပြသည်။

ယခင်ကဆိုလျှင် စီးပွားရေးအရ တွက်ခြေကိုက်သည့် ပေါ့ပ် (Popular) မဂ္ဂဇင်းများကိုသာ ထုတ်ဝေကြသော် လည်း ယခုနောက်ပိုင်းတွင် လူထုကို အသိဥာဏ်၊ အတွေးအခေါ်၊ အနုပညာ မြှင့်တင်ပေးမည့် မဂ္ဂဇင်းပုံစံ များအား စီးပွားရေးအရ အမြတ်အစွန်းမရှိသလောက်ဖြင့် ထုတ်ဝေလာသည်ကို တွေ့ရကြောင်း သူက ဆက် ပြောသည်။

သာဓကအနေဖြင့် မြန်မာသစ်၊ ပိတောက်ပွင့်သစ်၊ စတိုင်သစ်၊ နွယ်နီ၊ ရနံ့သစ်၊ လှိုင်းသစ် စသည့် မဂ္ဂဇင်းများ ဖြစ်သည်။


အေးချမ်းမြေ့
REF: ဧရာဝတီ

Read More...

နိုင်ငံရေးသမား နောက်တဦး သေဆုံး

Monday, 29 December 2008

ပဲခူးထောင်မှ နိုင်ငံရေးအကျဉ်းသားတဦး သေဆုံးပြီး ရက်အနည်းငယ်အကြာတွင် မန္တလေးထောင်မှ နိုင်ငံရေး သမားတဦး ယမန်နေ့က သေဆုံးသွားသည်။

သေဆုံးသူ ဦးဌေးလွင်ဦးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တဦးဖြစ်ပြီး တီဘီရောဂါဖြင့် ကွန်လွန် သွားခြင်းဖြစ်ကြောင်း ဇနီးဖြစ်သူ ဒေါ်ခင်လှမြင့်က ပြောပြသည်။

“ကိုဌေးလွင်ဦး တနင်္ဂနွေနေ့မနက်က အစောကြီး ဆုံးသွားပြီ။ မန္တလေးထောင်မှာ ဆုံးတယ်။ အဆုတ်ရောဂါ ဖြစ်နေတာ ခြောက်လရှိပြီ။ တခြားရောဂါတွေလည်း ရှိတယ်” ဟု ဒေါ်ခင်လှမြင့်က ဧရာဝတီသို့ ရှင်းပြသည်။

ဦးဌေးလွင်ဦး ခံစားခဲ့ရသည့် ရောဂါဝေဒနာများနှင့်ပတ်သက်၍ မည်သည့်ဆေးကုသမှုမျှ မရရှိခဲ့ကြောင်း ဒေါ်ခင်လှမြင့်ကဆိုသည်။

ကျောင်းဆရာတဦးဖြစ်သူ ဦးဌေးလွင်ဦး (အသက် ၄၅နှစ်)သည် အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့်အတူ ၂၀၀၃ ခုနှစ် တွင် ထိန်းသိမ်းခံခဲ့ရသည်။ အလုပ်သမားအခွင့်အရေး လှုပ်ရှားမှုများနှင့်ပတ်သက်၍ မန္တလေးမြို့တွင် ဖမ်းဆီး ခံရခြင်းဖြစ်သည်။ နောက်ပိုင်းတွင် နိုင်ငံရေးပုဒ်မ ၅ (ည) ဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ် ခံခဲ့ရသည်။

ဦးဌေးလွင်ဦး သေဆုံးမှုနှင့် ပတ်သက်ပြီး အေအေပီပီ ခေါ် မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်းက စစ်အစိုးရသည် လူသတ်မှုများကို စနစ်တကျ ကျူးလွန်နေခြင်းဖြစ်ကြောင်း စွပ်စွဲ လိုက်သည်။

“အဆုတ်ရောဂါဆိုတာ ကုလို့ရတဲ့ ရောဂါပဲ။ ကုလို့ရပေမယ့် အာဏာပိုင်တွေက သူ့ကို ဆေးမကုပေးခဲ့ဘူး”ဟု အေအေပီပီအသင်း၏ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပြသည်။

အေအေပီပီအသင်းက ဦးဌေးလွင်ဦး သေဆုံးမှုအကြောင်းကို ယနေ့ သတင်း ထုတ်ပြန်ခဲ့သည်။ နအဖ စစ် အစိုးရလက်ထက်တွင် ယနေ့အချိန်အထိ နိုင်ငံရေးအကျဉ်းသားပေါင်း အနည်းဆုံး ၁၃၈ ဦး သေဆုံးခဲ့ရသည် ဟု ဆိုသည်။

ပြီးခဲ့သည့်အပတ်က ပဲခူးထောင်တွင် သေဆုံးခဲ့သူ ကိုမောင်စန်းသည် ကျန်းမာရေးစောင့်ရှောက်မှု မရရှိသည့် အတွက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဦးဌေးလွင်ဦး၏ဈာပနကို မန္တလေးမြို့ ကြာနီကန်သုသာန်တွင် ယနေ့ ပြုလုပ်မည်ဟု သိရသည်။ ဦးဌေးလွင်ဦး ကွယ်လွန်ချိန်တွင် ဇနီးသည် ဒေါ်ခင်လှမြင့်နှင့် ၈ နှစ်အရွယ် သားတဦး ကျန်ရစ်ခဲ့သည်။


REF: ဧရာဝတီ

Read More...

ကုလသမဂ္ဂနှင့်ပူးပေါင်းဆောင်ရွက်ရန် စစ်အစိုးရကို ရုရှားတိုက်တွန်း

Wednesday, 24 December 2008

မြန်မာပြည်ဆိုင်ရာ ရုရှား ဖက်ဒရေးရှင်း နိုင်ငံ သံအမတ်ကြီးက မြန်မာစစ်အစိုးရကို ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာဂန်ဘာရီနှင့် ပူးပေါင်း ဆောင်ရွက်ရန် တိုက်တွန်းခဲ့ကြောင်း ဧရာဝတီက ရရှိသည့် အစည်းအဝေး မှတ်တမ်းတခုအရ သိရသည်။
အဆိုပါ မှတ်တမ်းတွင် ရုရှားသံအမတ်ကြီး Mikhail Mgeladze နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း တို့၏ ဒီဇင်ဘာလ ၇ ရက်နေ့က ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် မိနစ် ၂၀ ကြာ ဆွေးနွေးချက်များကို မှတ်တမ်းတင်ထားခြင်းဖြစ်သည်။

ကုလသမဂ္ဂအရာရှိ “မစ္စတာဂန်ဘာရီ မြန်မာနိုင်ငံသို့ လာရောက်ပြီး တွေ့ဆုံဆွေးနွေးမှုပြုပါက ရုရှနိုင်ငံအနေ ဖြင့် မြန်မာနိုင်ငံဘက်မှ ထောက်ခံပြောကြားရာတွင် ပိုမို၍ ကောင်းမွန်မည်၊ ရုရှနိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို ဆက်လက်ထောက်ခံသွားမည်” ဟု သံအမတ်ကြီးက ပြောဆိုကြောင်း အဆိုပါ လျှို့ဝှက်အဆင့် အစည်း အဝေးမှတ်တမ်းတွင် ဖော်ပြထားသည်။

မစ္စတာဂန်ဘာရီ ဒီဇင်ဘာလအတွင်း မြန်မာပြည်သို့ လာရောက်ခွင့်ရမည်ဆိုပါက စစ်အစိုးရ ခေါင်းဆောင်များ နှင့် တွေ့ဆုံခွင့်ရရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ မြန်မာပြည်၏ ၂၀၁၀ ရွေးကောက်ပွဲတွင် နိုင်ငံတကာမှ စောင့်ကြည့်လေ့လာခွင့် ရရှိရေးတို့ကို ပြောကြားလိုသည်ဟု သိရ ကြောင်း သံအမတ်ကြီး၏ ရှင်းပြချက်ကို မှတ်တမ်းတွင် တွေ့ရသည်။

ကုလသမဂ္ဂ၏ တောင်းဆိုချက်များသည် မြန်မာပြည်၏ ပြည်တွင်းရေးကိစ္စများသာဖြစ်သောကြောင့် “လိုက်နာ ရန် တိုက်တွန်းမှု မပြုလိုကြောင်း၊ မြန်မာအစိုးရဘက်မှ ဆုံးဖြတ်မှုပြုရန် ဖြစ်ပါကြောင်း” ၊ မစ္စတာဂမ်ဘာရီ အား “တွေ့ဆုံခြင်းက မတွေ့ဆုံခြင်းထက်ပိုမိုကောင်းမွန်မည်ဟု ထင်မြင်ယူဆမိပါကြောင်း” ဟုလည်း သံ အမတ်ကြီးက ထည့်သွင်း ပြောကြားခဲ့သည်။

ဦးဉာဏ်ဝင်းက မစ္စတာဂန်ဘာရီ မြန်မာပြည်လာရောက်ရေးအတွက် ၀န်ကြီးချုပ်ထံ ဆက်လက်တင်ပြပေး မည်ဟု ပြန်လည် ပြောကြားခဲ့သည်။

ပြီးခဲ့သည့်အပတ်အတွင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ်က သတင်းစာ ရှင်း လင်းပွဲ ပြုလုပ်ရာတွင် ဒီဇင်ဘာလအတွင်း မစ္စတာဂန်ဘာရီ မြန်မာပြည်သွားရောက်နိုင်ဦးမည်မဟုတ်ကြောင်း ကြေညာလိုက်သည်။

မြန်မာနှင့်ရုရှားနှစ်နိုင်ငံ၏ သံတမန် ဆက်သွယ်ရေးသည် နှစ်ပေါင်း ၆၀ ကြာခဲ့ပြီဖြစ်သည်။ ရုရှားခေါင်းဆောင် ခရူးရှက်သည် မြန်မာနိုင်ငံသို့ ၁၉၅၅၊ ၁၉၆၀ တို့တွင် လာရောက် လည်ပတ်ခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် မြန်မာ စစ်အစိုးရခေါင်းဆောင်တဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးက ရုရှားသို့ သွားရောက်လည်ပတ်ခဲ့ သည်။

ယခုအခါ စစ်အရာရှိအများစုပါဝင်သော မြန်မာကျောင်းသား ၁၅၀၀ ခန့် ရုရှားတွင် ပညာသင်ယူလျက်ရှိ သည်။

မြန်မာကျောင်းသား ၅၀၀ ခန့်သည် ရုရှားမှ ဘွဲ့များရရှိပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီးဖြစ်ကြောင်း ရန်ကုန်မြို့ ရုရှားသံရုံး၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

မြန်မာစစ်အစိုးရသည် ရုရှားနိုင်ငံမှ MiG 29 အမျိုးအစား ဂျက်တိုက်လေယာဉ်များ ၀ယ်ယူခဲ့သည်။ ရုရှား၏ အကူအညီဖြင့် ၁၀ မီဂါဝပ်အင်အားရှိ အဏုမြူဓာတ်ပေါင်းဖိုတလုံး မြန်မာပြည်တွင် တည်ဆောက်ရန် ယမန် နှစ်က နှစ်နိုင်ငံ သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။


REF: ဧရာဝတီ

Read More...

Monday, December 29, 2008

ရန်ကုန် DPA သတင်းထောက် မမှန်သတင်းရေးဟု အန်အယ်ဒီ ဦးဝင်းတင် စွပ်စွဲ

၂၈ ဒီဇင်ဘာ ၂၀၀၈
အန်အယ်ဒီပါတီအနေဖြင့် ရွေးကောက်ပွဲဝင်လိုသည့်အပိုင်းနှင့် ရွေးကောက်ပွဲ မ၀င်လိုသည့်အပိုင်း (၂) ပိုင်းကွဲနေ ကြောင်း အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်ကို ကိုးကား၍ ရန်ကုန် DPA (Deutsche Presse-Agentur GmbH) နိုင်ငံခြားသတင်းထောက် ရေးသားခဲ့သည့်သတင်း မှားယွင်းနေကြောင်း ဖော်ပြထားသည့် စာ တစောင်ကို ဦးဝင်းတင်က ရန်ကုန် မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်းသို့ ဒီဇင်ဘာ (၁၀) ရက်နေ့စွဲဖြင့် ပေးပို့ထားသည်။

နိုဝင်ဘာ (၃၀) ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ဒီပီအေ သတင်း၌ အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်ပြီး လိမ်လည် လုပ်ကြံရေးသားသည့်သတင်းမှားအတွက် အရေးယူပေးရန် ရန်ကုန် မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်း အတွင်းရေးမှူးသို့ လိပ်မူပြီး အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်က ရေးသားပေးပို့ထားခြင်း ဖြစ် သည်။

ဒီပီအေသတင်းကို ကိုးကား၍ စစ်အစိုးရအလိုကျ အတိုက်အခံသတင်းများအား မမှန်မကန်ဖော်ပြနေသည့် ပြည်တွင်း ၀ဂ်ဆိုက်တခုဖြစ်သည့် သာကီနွယ် အင်တာနက်သတင်းဌာနကပါ ဦးဝင်းတင်က ရွေးကောက်ပွဲဝင်လိုသည့် ဆန္ဒရှိ သယောင် အန်အယ်ဒီအတွင်း အကွဲအပြဲများ ပေါ်ပေါက်နေသယောင် ရေးထားသည့်အတွက် ဒီပီအေ နိုင်ငံခြား သတင်းဌာနနှင့် သာကီနွယ် အင်တာနက်သတင်းတို့ ပူးပေါင်းလိမ်လည် လုပ်ကြံဖန်တီးချက်ကို အရေးယူပေးရန် ဦးဝင်းတင်၏ စာ၌ ဖော်ပြထားသည်။

ဒီပီအေ သတင်းဌာနသည် ဂျာမဏီနိုင်ငံ ဟမ်းဘတ်တွင် အခြေစိုက်သည့် သိက္ခာရှိ သတင်းဌာနကြီးတခု ဖြစ်သော် လည်း လောလောဆယ် ဒီပီအေ ရန်ကုန် သတင်းထောက်မှာ စစ်အစိုးရအလိုကျ ရေးသားနေသည့် စာနယ်ဇင်း သမားတဦးဟု ရန်ကုန် စာနယ်ဇင်းလောကမှာ လူသိများသည့် ကိုကို (စက်မှုတက္ကသိုလ်) ဆိုသူ ဖြစ်ကြောင်း ရန်ကုန် နိုင်ငံခြားသတင်းထောက်တဦးက ပြောသည်။

ဒီပီအေ ရန်ကုန် သတင်းထောက်ကို တာဝန်ခံသည့် ဒီပီအေ အယ်ဒီတာမှာ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ရုံးထိုင်သည့် အတွက် နိုင်ငံတကာ အတိုက်အခံများက ဦးဝင်းတင်၏စာကို အင်္ဂလိပ်ဘာသာပြန်ဆို၍ ဘန်ကောက်မြို့ရှိ DPA သတင်းဌာနခွဲရုံး အယ်ဒီတာထံသို့ bangkok@dpa.com အီးမေးဖြင့် ဆက်လက် ပေးပို့ ကန့်ကွက်သင့်ကြောင်း ရန်ကုန် နိုင်ငံရေးသမားအချို့ကလည်း ယူဆသည်။

အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်၏ နိုင်ငံရေးရပ်တည်ချက် ၄ ရပ်မှာ အောက်ပါအတိုင်း ဖြစ်ကြောင်းပါ အဆိုပါ စာ၌ ဖော်ပြထားသည်။

၁။ စစ်အစိုးရ၏ အမျိုးသားညီလာခံကို ဆန့်ကျင်သည်။
၂။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးရေး၊ ၁၉၉၀ လွှတ်တော်ခေါ်ရေးနှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးဆိုသည့် စု-လွှတ်-တွေ့လမ်းစဉ်ကို ကိုင်စွဲသည်။
၃။ စစ်အစိုးရ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လက်မခံ။
၎။ ၂၀၁၀ ရွေးကောက်ပွဲကို ထည့်သွင်းစဉ်းစားခြင်းမပြု ဟူ၍ဖြစ်သည်။

ဦးဝင်းတင် လက်မှတ်ရေးထိုးထားပြီး ရန်ကုန် မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်းသို့ ပေးပို့်ခဲ့သည့် မူရင်း စာအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။







မင်းနိုင်သူ
REF: ခေတ်ပြိုင်

Read More...

မြန်မာစစ်အာဏာရှင်တို့ နျူကလီးယား လက်နက် သုံးနိုင် ကြတော့ မည်လား


မြန်မာနိုင်ငံတွင် နျူကလီးယား လက်နက်များ တပ်ဆင်နိုင်ရေးအတွက် မြန်မာစစ်အစိုးရက ပိုမို အားထည့်ကြိုးပမ်းလာ မှုနှင့် အတူ မြန်မာ့ နျူကလီးယား လက်နက်အစီအစဉ်မှာ မကြာမီ နှစ်များအတွင်း အသက်ဝင်လာဖွယ်ရှိနေသည်။ ကျွမ်းကျင်သူများ၏ အဆိုအရ မြန်မာနိုင်ငံအတွင်း နျူကလီယား လက်နက်များ ပိုင်ဆိုင်လာနိုင်သော အလားအလာ သည် နောက်ထပ် (၁၀)နှစ်မျှပင် မကြာနိုင်တော့ကြောင်း သိရှိရသည်။ ထို့ကြောင့် ကမ္ဘာ့အဆိုးရွားဆုံး စစ်အာဏာရှင် အစိုးရအဖွဲ့အစည်းတစ်ခု၏လက်သို့ အစုလိုက်အပြုံလိုက် သေစေနိုင်သော အဖျက်လက်နက်ဆန်းကြီး ရောက်ရှိသွား နိုင်မှုအပေါ် နိုင်ငံတကာမှ စိုးရိမ် ထိတ်လန့်မှုမှာလည်း တစစဖြင့် တိုးမြင့်လာနေသည်။

မကြာသေးမီ နှစ်များအတွင်း အနုမြူစွမ်းအင်သုံး ဓာတ်ပေါင်းဖိုတစ်ခု တည်ဆောက်နိုင်ရေး မြန်မာအစိုးရဘက်မှ အသည်းအသန် ဆောင်ရွက်လာမှုနှင့်အတူ မြန်မာနိုင်ငံအနေနှင့် နျူကလီးယား လက်နက်ဆိုင်ရာ လျှို့ဝှက် စီမံကိန်းကြီးတစ်ခုကို အသက်သွင်းနေပြီဆိုသည့် အတည်မပြုနိုင်သော သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။ ထိုအခြေအနေသည် ကောလဟာလတစ်ခုအဖြစ် သတ်မှတ်နိုင်သလို သတင်းမှန်သာ ဖြစ်ခဲ့မည်ဆိုပါက အရှေ့တောင် အာရှ ဒေသတစ်ခုလုံး၏ ရပ်တည်မှုအပေါ် ကြီးမားသော ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်လာနိုင်ကြောင်း ကမ္ဘာ့နိုင်ငံရေး သုတေသီများက သုံးသပ်ပြောဆိုထားကြသည်။

မြန်မာနိုင်ငံသည် မူလက ကမ္ဘာ့အင်အားကြီး ရုရှားနိုင်ငံ၏ အကူအညီကို ရယူခဲ့သော်လည်း နောက်ပိုင်းတွင်မူ အဆိုး ရွားဆုံး စစ်အာဏာရှင်စနစ် ကျင့်သုံးနေသည့် နိုင်ငံတစ်နိုင်ငံဖြစ်သော မြောက်ကိုရီးယားနှင့် လက်တွဲလာခဲ့သည်။ ကမ္ဘာ့အပယ်ခံ နိုင်ငံနှစ်ခု၏ အစိုးရချင်း ရင်းနှီးလာမှုနှင့်အတူ မြန်မာ့နျူကလီးယား လက်နက်အိပ်မက်မှာ ပိုမို လျင်မြန်စွာ အကောင်အထည် ပေါ်လာဖွယ်ရှိသည်။ မြန်မာနိုင်ငံသည် ရုရှားနှင့် တရုတ်နိုင်ငံများမှ အကူအညီများ မျှော် လင့်နေသည့်တိုင် ထိုနိုင်ငံကြီးများမှာ နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် ထိတွေ့ဆက်ဆံနေမှုကြောင့် ကမ္ဘာ့လူမုန်း အများဆုံး မြန်မာစစ်အစိုးရအား အင်တိုက်အားတိုက် ကူညီထောက်ပံ့ရေးတွင် အကန့်အသတ်များ မလွဲမသွေ ကြုံရ မည်သာဖြစ်သည်။

သို့သော်လည်း မြောက်ကိုရီးယားမှာမူ ကွဲပြားသော အခြေအနေတွင် ရပ်တည်နေသည်။ သမ္မတ ကင်မ်ဂျုံအီလ် အုပ်ချုပ်သော အထီးကျန်နိုင်ငံသည် ကမ္ဘာပေါ်တွင် အင်အားအကောင်းဆုံး လက်နက်နိုင်ငံတော်တစ်ခု ဖြစ်နေပြီး နိုင်ငံ တကာ ဖိအားပေးမှုများကို မျက်ကွယ်ပြုလေ့ရှိသဖြင့် မြန်မာအစိုးရ မျှော်မှန်းသော နျူကလီးယားလက်နက် စီမံကိန်း အား စိတ်ပါလက်ပါ ကူညီလာဖွယ်ရှိသည်။ ထိုကဲ့သို့ မြောက်ကိုရီးယားနှင့် ရင်းနှီးစွာ ဆက်ဆံလာနိုင်ခြင်းကြောင့် မြန်မာ့နျူကလီးယား လက်နက်များ ထုတ်လုပ်ရေး စီမံကိန်းမှာ ပိုမိုလျင်မြန်စွာ အကောင်အထည် ပေါ်လာနိုင်မည်ဖြစ် သည်။ ထိုင်းနိုင်ငံမှ လေ့လာသူများက အိမ်နီးချင်း နိုင်ငံအတွင်း နျူကလီးယားဆိုင်ရာ နည်းပညာများ ပြန့်ပွားမှုသည် လျင်လျင်မြန်မြန် တိုးတက်လာနေကြောင်း သတိပေးခဲ့သည်။

ကုလသမဂ္ဂနှင့် အခြားသော နိုင်ငံတကာ အဖွဲ့အစည်းများသည် အီရန်ကဲ့သို့ နျူကလီးယားလက်နက် စမ်းသပ်နေ သည့် နိုင်ငံများကို သံတမန်နည်းဖြင့် တားဆီးနိုင်ရန် ကြိုးစားနေတတ်ပြီး ပိုမိုတိုက်ရိုက်ကျသော အရေးယူမှုမျိုး ပြုလုပ် ရန် ဆုတ်ဆိုင်းနေသည့် သာဓကများက မြန်မာအစိုးရအား နျူကလီးယား ထုတ်လုပ်မှုကို အကြောက်အလန့်မရှိ ဆောင်ရွက်နိုင်ရန် တွန်းအားပေးသကဲ့သို့ ဖြစ်လျက်ရှိသည်။

အချို့သော နိုင်ငံရေး သုတေသီများက မြန်မာနိုင်ငံ၏ နျူကလီးယား စီမံကိန်းမှာ ထင်သလောက် မဟုတ်ဘဲ နိုင်ငံ တကာ အသိုင်းအ၀ိုင်းက ပုံကြီးချဲ့ပြီး အစိုးရိမ်လွန်နေကြောင်း ဝေဖန်ခဲ့သည်။ အမှန်ဆိုလျင် မြန်မာနိုင်ငံသည် နျူကလီးယားဆိုင်ရာ လုပ်ငန်းများကို (၁၉၅၆)ခုနှစ်ကတည်းက စတင်လာခဲ့ပြီးဖြစ်သည်။ ရန်ကုန်မြို့တွင် ထိုအချိန် ကတည်းက မြန်မာ့အက်တမ်စွမ်းအင်စင်တာ (UBAEC) ကို ဖွင့်လှစ်ထားခဲ့ပြီး (၁၉၆၂)ခုနှစ် ဗိုလ်ချုပ်နေ၀င်း ဦးဆောင် သော စစ်အစိုးရ အာဏာသိမ်းမှု အပြီးတွင်မူ အဆိုပါစင်တာ၏ အခန်းကဏ္ဍမှာ မှေးမှိန်သွားခဲ့သည်။ ကာလကြာ ညောင်းပြီးနောက် (၂၀၀၁) ခုနှစ်၊ ဖေဖေ၀ါရီလမှ စတင်ပြီး လက်ရှိစစ်အစိုးရ အာဏာပိုင်များက နျုကလီးယား လက် နက်များ ထုတ်လုပ်နိုင်ရေးကို ပြန်လည်အာရုံကျလာသည်။

ရုရှားနိုင်ငံ အက်တမ်စွမ်းအင် ၀န်ကြီးဌာနက မြန်မာနိုင်ငံအတွင်း (၁၀)မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် နျူကလီးယား ဓာတ် ပေါင်းဖိုတစ်ခု တည်ဆောက်နိုင်ရန် အကူအညီပေးသွားမည်ဟု အတည်ပြု ကြေငြာခဲ့သည်။ ထိုအခြေအနေသည် တစ်ကမ္ဘာလုံးအတွက် မြန်မာ့နျူကလီးယား အကောင်အထည်ဖော်နေမှုကို အာရုံစိုက်လာစေမည့် အချက်ပေး ခေါင်း လောင်းသံလည်း ဖြစ်သည်။ ထိုနှစ် ဇူလိုင်တွင်မူ စွမ်းအင်နှင့် သိပ္ပံဆိုင်ရာ ၀န်ကြီးဦးသောင်း၏ လက်အောက်ခံ အဖွဲ့ တစ်ခု ဖြစ်နိုင်ဖွယ်ရှိသော နျူကလီးယားစွမ်းအင်ဌာနကို စတင်ဖွင့်လှစ်ခဲ့သည်။ ထို့နောက်တွင်တော့ မြန်မာ့ကာကွယ် ရေး အကယ်ဒမီ(DSA)မှ ဘွဲ့ရအရာရှိများကို ရုရှားသို့ နျူကလီးယားဆိုင်ရာ ပညာတော်သင်များအဖြစ် စေလွှတ်ခဲ့ တော့သည်။

(၂၀၀၂)ခုနှစ်၊ ဇန်န၀ါရီလ (၂၁)ရက်နေ့တွင် ထိုစဉ်က မြန်မာ့စစ်ထောက်လှမ်းရေးမှ ဗိုလ်မှူးချုပ်ကျော်ဝင်းက မြန်မာ နိုင်ငံသည် နျူကလီးယား စွမ်းအင်ထုတ်လုပ်နိုင်မှုအပေါ် အာရုံစိုက်သွားမည်ဖြစ်ကြောင်း အတည်ပြု ကြေညာသွားခဲ့ သည်။ နိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ခေါင်းစဉ်တပ်ပြီး ဖော်ပြခဲ့သော်လည်း စစ်အစိုးရ၏ အစစ်အမှန် ရည်မှန်းချက်ကို တစ်ကမ္ဘာလုံးက သံသယရှိလာနေခဲ့သည်။ စစ်အစိုးရ ထိပ်တန်းအရာရှိများထံမှ စက်မှုလုပ်ငန်းများ လည်ပတ်နိုင်ရေး စွမ်းအင်ကို နျူကလီးယားမှ ထုတ်လုပ်ရန် ရည်ရွယ်ပါကြောင်း လေသံပစ်လာကြသည့်တိုင် မြန်မာနိုင်ငံ စစ်အစိုးရသည် နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုမည်မှာ သေချာပါသည်ဟု အာမခံဝံ့သူ မရှိခဲ့ချေ။ ရေအားလျှပ်စစ် အပါ အ၀င် နိုင်ငံ၏ စွမ်းအင်ထုတ်လုပ်မှု မလောက်ငသည့် အခြေအနေများကြောင့် နျူကလီးယား ဓာတ်ပေါင်းဖိုတစ်ခု တည်ဆောက်သွားရန် ကြံစည်နေပါသည်ဟု စစ်အစိုးရက ပြောဆိုနေသည့်တိုင် နိုင်ငံတိုင်းက သံသယ မျက်လုံးများ ဖြင့် စူးစမ်းနေဆဲဖြစ်သည်။

နောက်ပိုင်းတွင် နျူကလီးယား ဓာတ်ပေါင်းဖိုကို ဆေးပညာ လေ့လာမှုအတွက်ပါ အသုံးချသွားမည်ဟု ပြောင်းလဲ ပြောဆိုလာပြန်သဖြင့် စစ်အစိုးရ၏ မူရင်းရည်ရွယ်ချက်ကို ဖော်ထုတ်နိုင်ရန် ပိုမိုရှုပ်ထွေးလာတော့သည်။ သို့သော် လည်း လေ့လာသူများက ရုရှား၏ အကူအညီဖြင့် မြန်မာအစိုးရသည် အနည်းဆုံး (၅)မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် ဓာတ်ပေါင်းဖိုတစ်ခုလောက် အနည်းဆုံး တည်ဆောက်နိုင်ရန် မရမက ကြိုးပမ်းမည်ဖြစ်ပြီး ထိုမှတဆင့် လက်နက် ထုတ်လုပ်နိုင်သည်အထိ နျူကလီးယား သန့်စင်မှုဆိုင်ရာ နည်းစနစ်များကို မြောက်ကိုရီးယားထံမှ မှီခိုရယူနိုင်ဖွယ်ရှိ ကြောင်း သုံးသပ်ထားသည်။

ထိုအခြေအနေများကြောင့် နိုင်ငံတကာ နျူကလီးယားလက်နက် မပြန့်ပွားရေး ထိန်းချုပ်မှု အဖွဲ့အစည်းများအတွက် အဆုံးဖြတ်ရ ခက်ခဲသော စိန်ခေါ်မှုတစ်ခုကို ရင်ဆိုင်လာရသည်။ လက်ရှိအချိန်သည် အမေရိကန်အနေနှင့် အီရန်၏ နျူကလီးယား အစီအမံများအပေါ် အပြည့်အ၀ အာရုံစိုက်နေသဖြင့် မြန်မာနိုင်ငံအတွင်း နျူကလီးယားဆိုင်ရာ လုပ်ငန်း ဆောင်တာများ မည်မျှတိုးတက်နေသည်ကို ထောက်လှမ်းနိုင်ရန် အချိန်မပေးနိုင်ခဲ့ပေ။ ထို့အပြင် ရုရှားနှင့် တရုတ်တို့ ကဲ့သို့ ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ ကျောထောက်နောက်ခံ အင်အားကို ရရှိထားသည့် မြန်မာနိုင်ငံ၏ နျူကလီးယား အစီအမံများကို ခိုင်မာသော အထောက်အထား မပြနိုင်ဘဲ ကန့်ကွက်ရှုတ်ချနိုင်ရေးမှာ အမေရိကန်အတွက် အလွန် သတိထားရမည့် ခြေလှမ်းတစ်ခုဖြစ်သည်။ ထို့အပြင် ဆာဒမ်ဟူစိန်သည် အစုလိုက်အပြုံလိုက် သေစေတတ်သော လက်နက်ဆန်းများ သေချာပေါက် ထုတ်လုပ်နေသည်ဟူသော စွပ်စွဲချက်ဖြင့် အီရတ်ကို ကျူးကျော်သိမ်းပိုက်ပြီးမှ မှန်းချက်နှင့် နှမ်းထွက်မကိုက်ဘဲ သတင်းမှားကို ယုံစားမိသည့် အပြစ်အတွက် လက်ညှိုးထိုးခံရမှုမျိုး နောက်တစ်ကြိမ် ကြုံရမည်ကို အမေရိကန် ပြည်ထောင်စု အစိုးရအနေနှင့် ၀န်လေးနေမည်သာဖြစ်သည်။

ထိုနောက်ခံဖြစ်ရပ်များ အားလုံးတို့ကို အခွင့်ကောင်းယူကာ မြန်မာအစိုးရအနေနှင့် ၎င်း၏ရည်မှန်းချက် ပန်းတိုင်ဆီသို့ တိတ်တဆိတ် ချီတက်နေဖွယ်ရှိသည်။ အကယ်၍သာ မြန်မာနိုင်ငံ အစိုးရတွင် အဖျက်စွမ်းအား အလွန်ကြီးမား ပြင်း ထန်သည့် နျူကလီးယား လက်နက်ကြီးများ အမှန်တကယ် ပိုင်ဆိုင်ခွင့် ရလာတော့မည်ဆိုလျင် ကမ္ဘာတစ်ခုလုံး ကျီးလန့်စာစား ဖြစ်လာရမည်မှာ မလွဲနိုင်ပေ။ ထိုအကြောင်းကို ကမ္ဘာ့နိုင်ငံများမှ အစိုးရတိုင်း သဘောပေါက်ကြပါ သည်။ သို့သော်လည်း ထိုသို့မဖြစ်လာစေရေး မည်သို့ထိန်းချုပ်ရပါမည်နည်း။ လက်နက်ကိုင် အာဏာသိမ်းခဲ့သော အစိုးရအဖွဲ့တစ်ခုသည် နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးချပါမည်ဟု ကြွေးကြော်လျက်ရှိသည်။ အမှန် လား၊ အမှားလားဆိုသည်ကိုမူ ကာယကံရှင် စစ်အစိုးရသာ အသိဆုံးဖြစ်ပေလိမ့်မည်။ ငြိမ်းချမ်းမှုကို လိုလားသော ကမ္ဘာ့နိုင်ငံများအတွက် မြန်မာ့နျူကလီးယား ပြဿနာမှာ အနာသိလျက် ဆေးအရှာခက်နေသော အခြေအနေ တစ်ရပ်သာ ဖြစ်ပါတော့သည်။


REF: လူထုအသံ

Read More...

မြေအောက်ရဲဘော် ဆောင်ရန်ရှောင်ရန်

နိုင်ငံရေး လှုပ်ရှားမှုများ ဆောင်ရွက်တဲ့အခါမှာ တိုက်ပွဲဝင် ပုံသဏ္ဍာန်မျိုးစုံနဲ့ လှုပ်ရှားဆောင်ရွက်ကြပါတယ်။ ဒီလို လှုပ်ရှားမှုတွေထဲက မြေအောက်ယူဂျီနဲ့ ပတ်သက်တဲ့ ဆောင်ရန်ရှောင်ရန် အချက်တချို့ကို လေ့လာထားမိသမျှလေး တင်ပြပေးပါမယ်။ အဖွဲ့အစည်းတိုင်းမှာ သူ့အုပ်စုနဲ့သူ သီးခြားညွှန်ကြားချက်တွေ ရှိပါတယ်။ အခုဆောင်းပါးလေးမှာ ကတော့ ယေဘုယျအချက်လေးများကို အကြံပြုပြောကြားချင်ပါတယ်။

လုံခြုံရေးသည် ပထမ
ဘယ်လိုဆောင်ရွက်ချက်ကို လုပ်ဆောင်တဲ့အခါပဲဖြစ်ဖြစ် လုပ်ရန်ကိစ္စထက် မိမိလုံခြုံရေး၊ မိမိရဲဘော်လုံခြုံရေးကို ပထမဆုံး ထည့်စဉ်းစားဖို့လိုအပ်ပါတယ်။ ဘေးပတ်ဝန်းကျင်ကို အစဉ်အမြဲ ဂရုစိုက်ပါ။ စာရွက်စာတမ်းများ၊ ပိုစတာ များ ကိုယ်နဲ့မကွာပါနေရင် သွားမယ့်လမ်းကြောင်းကို သေချာရွေးပါ။ လမ်းကြောင်းတခုတည်း အစဉ်အမြဲသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

စိတ်နေစိတ်ထား
ဘယ်လောက်အရေးကြိးတဲ့ အလုပ်ပဲဖြစ်နေပါစေ၊ ပုံမှန်လုပ်ငန်းဆောင်တာ တခုလိုပဲ စိတ်ထဲမှာ တွေးထားပါ။ မတော် တဆ အာဏာပိုင်ဘက်တော်သားများနဲ့ ထိပ်တိုက်တွေ့ရင် စကားပြောတဲ့အခါမှာ မျက်လုံးကို လုံးဝမကစားပါနဲ့။ ပြေ ပြေလည်လည်နှင့် ချေချေငံငံပြောပါ။ သူတိုအပေါ်တွင် ခံပြင်းနေသည့် မိမိစိတ်ကို မျက်လုံးမှာ မပေါ်ပါစေနဲ့။ အမြဲတမ်း cover story တခုကို ကြိုတင်ပြင်ဆင်ထားပါ။ စိတ်ထဲမှာလဲ ထိုဇာတ်လမ်းကို စွဲစွဲမြဲမြဲ ရှိနေစေရန် လေ့ကျင့် ထားပါ။ တယောက်ထက်ပို၍ ပါဝင်သော လုပ်ငန်းတာဝန်ဖြစ်ပါက ကြိုတင်ဇာတ်တိုက်ထားပါ။

အ၀တ်အစား
လှုပ်ရှားမယ့်နေရာရဲ့ အ၀တ်အစားဝတ်ဆင်ပုံကို အမြဲသတိပြုပါ။ လူအများကြားမှာ သတိထားမိစေနိုင်တဲ့ အ၀တ် အစားများ လုံးဝမ၀တ်ပါနဲ့။ ပုဆိုးအ၀တ်များတဲ့နေရာမှာ ဘောင်းဘီမ၀တ်သွားပါနဲ့။ ဘောင်းဘီဝတ်များသော နေရာ မှာ ပုဆိုးဝတ်မသွားပါနဲ့။ ထင်ရှားတဲ့ တံဆိပ်ပါတဲ့ အကျီင်္တွေ၊ မြင်သာမှတ်မိလွယ်သော အရောင်တွေကို မ၀တ်ဆင်ပါ နဲ့။ လူအများကြားမှာ ပေါ်လွင်နိုင်တဲ့ ၀တ်စားဆင်ယင်မှုကို ရှောင်ကြဉ်ပါ။ ရှပ်အကျီင်္အဖြူနဲ့ ကချင်ပုဆိုး တွဲစပ် ၀တ်ဆင်ခြင်းကို သိပ်မလုပ်ပါနဲ့။

လှုပ်ရှားမှု
စိတ်လှုပ်ရှားမှုကို ပေါ်လွင်စေတဲ့ ကိုယ်ဟန်အမူအရာများကို တတ်နိုင်သမျှ ထိန်းချုပ်ပါ။ ဆိုင်တဆိုင်ဆိုင်မှာ တစုံ တယောက်နဲ့ ချိန်းဆိုထားပါက အပေါက်ဝကို ခဏခဏ မျှော်မကြည့်ပါနဲ့။ ထိုင်နေကျ လက်ဖက်ရည်ဆိုင်၊ ကော်ဖီ ဆိုင်၊ အအေးဆိုင်များကို ပုံမှန်မထားပါနဲ့။ အိမ်မှထွက်ချိန်ကို တသမတ်မထားပါနဲ့။ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ် တိုးလိုက်လျှော့လိုက်အမြဲလုပ်ပါ။

နောက်ယောင်ခံလာမှုကို သံသယရှိရင် ရုတ်တရက်ခြေလှမ်းမြန်လိုက်တာ မလုပ်ပါနဲ့။ သွားနှုန်းကို မသိမသာ မြှင့်ပါ။ လူအုပ်နှင့်ရောပါ။ ချိန်းထားတယ်ဆိုပြီး၊ စိတ်မလောပါနဲ့။ အခြေအနေမကောင်းပါက ချိန်းဆိုထားမှုကို ပျက်ကွက် လိုက်ပါ။ ဘတ်စ်ကားစီးရင် အပေါက်ဝနဲ့ နီးတဲ့နေရာမှာ ထိုင်တာ၊ ရပ်တာလုပ်ပါ။ ခေါင်းလှည့်ပြီး ဟိုကြည့်ဒီကြည့် မလုပ်ပါနဲ့။ မျက်စိကိုပဲ မသိမသာ အသုံးပြုပါ။

မော်တော်ယာဉ်၊ ဆိုင်ကယ်များကို သုံးပါက နံပါတ်ပြားပြောင်းသုံးပါ။ သို့ပေမယ့် နံပါတ်ပြားများ သယ်ဆောင်သွားခြင်း ကို ရှောင်ကြဉ်ပါ။ အိမ်(သို့) စိတ်ချရသော နေရာမှာ မထွက်ခင်ကတည်းက မှောင်ချိန်တွေမှာ ပြောင်းတပ်တာလုပ်ပါ။

အစည်းအဝေး
တတ်နိုင်သမျှ လူအများနဲ့ လုပ်တဲ့အစည်းအဝေးများ လုပ်တာကို ရှောင်ပါ။ မိမိကလာဘ်စည်းနှင့် မိမိသီးခြား ဆက်သွယ်မှုသာ လုပ်ပါ။ အိုဂျီလုပ်ငန်းဆောင်တာများ ပြုလုပ်နေသော အဖွဲ့များရဲ့ အစည်းအဝေးများ၊ အခမ်းအနား များကို လုံးဝသွားမတက်ပါနဲ့။

မဖြစ်မနေ အစည်းအဝေးလုပ်စရာရှိခဲ့ရင် နေရာကို သုံးယောက်ထက်ပိုပြီး အသိမပေးပါနဲ့။ လူတွေကို သီးသန့်နေရာ တွေမှာ ခွဲချိန်းပါ။ နောက်ယောင်ခံတာရှိမရှိ သေချာဆန်းစစ်ပါ။ ပြီးမှ အသုတ်များခွဲပြီး ဆုံမှတ်နေရာကို သွားပါ။ တနေရာတည်းပုံမှန် ဘယ်တော့မှ မသတ်မှတ်ပါနဲ့။ ရက်တွေအများကြီး ကြိုပြီး အချိန်ကို အသိမပေးထားပါနဲ့။

ဆက်သွယ်ရေး
“လိုင်းလုံးဝ၊ လုံးဝ မပူးပါနဲ့”။ မြေအောက်ရဲဘော်တယောက်အတွက် ဒီအချက်ဟာ အသက်တမျှ အရေးကြီးလှပါ တယ်။ အိုဂျီအသွင် လှုပ်ရှားသူတွေနဲ့ လိုင်းသွားပူးမိလို့၊ ထောက်လှမ်းရေး နောက်ယောင်ခံလိုက်ခံနေရတဲ့ လိုင်းတွေ နဲ့ သွားပူးမိလို့၊ အချိန်မတန်ခင် ရန်သူ့လက်ထဲ ရောက်သွားရတဲ့ အဖြစ်အပျက်တွေအများကြီးပါ။ အဖေနဲ့သားတောင် တလိုင်းတည်းမဟုတ်ရင် အချင်းချင်းဖွင့်ဟ မေးမြန်းတာတွေ မလုပ်ပါနဲ့။ ကိုယ့်သူငယ်ချင်းတယောက်က တယောက် ယောက်နဲ့ အဆက်အသွယ်ရှိနေမှန်း သိနေရင်တောင် မသိချင်ယောင်ဆောင်နေလိုက်ပါ။ လိုင်းလုံးဝမပူးပါနဲ့။

ပြည်ပမှာ နာမည်ကြီးနေတယ်ဆိုပြီးလဲ လိုင်းသွားမဆက်ပါနဲ့။ မလိုအပ်ပဲ လိုင်းသွားဆက်မိတဲ့အခါ သူတို့ရဲ့ ဂျီတော့ခ် တွေကို စောင့်ကြည့်ခံနေရတာဆိုရင် ကိုယ့်အမည် ပေါက်ထွက်သွားနိုင်ပါတယ်။ မီဒီယာများနဲ့ ဆက်သွယ်တဲ့အခါမှာ လဲ ဒီလိုပါပဲ။ မိမိတာဝန်က သတင်းယူဂျီမဟုတ်ပဲ၊ ကလာဘ်စည်းတည်ဆောက်ရေး၊ ရေရှည်မြှုပ်နှံရေးဆိုရင် မီဒီယာ များနဲ့ လုံးဝလိုင်းမပူးပါနဲ့။

ပြည်ပနဲ့၊ မီဒီယာနဲ့၊ အိုဂျီတွေနဲ့ သတင်းဆိုင်ရာ၊ ဆက်ဆံရေးဆိုင်ရာ တာဝန်ယူရတယ်ဆိုရင် သီးခြားအီးမေးလ်ကို သုံးပါ။ ကိုယ့်ပြည်တွင်းကလာဘ်စည်းများနဲ့ ဆက်သွယ်နေတဲ့ အီးမေးလ်ကို လုံးဝမသုံးပါနဲ့။ ဆက်သွယ်ရေးအီးမေးလ် ကို အမည်ရင်းများနဲ့ လုံးဝမဖွင့်ပါနဲ့။ အီးမေးလ်လိပ်စာရှေ့မှာ နာမည်တွေ ထည့်ထားတာမလုပ်ပါနဲ့။ အီးမေးလ်လိပ်စာ ပဲ address book မှာ ထည့်ထားပါ။ လိပ်စာတွေကို တတ်နိုင်သမျှ BCC ထဲထည့်ပြီး ပို့ပါ။ မိမိအီးမေးလ် အဖောက်ခံရ တယ်လို့ သံသယရှိရင် ဒီအီးမေးလ်လိပ်စာကို တခါတည်း ဖျက်ချပစ်လိုက်ပါ။ လုံးဝမထားပါနဲ့တော့။ မသိတဲ့လူများက ဆက်သွယ်မိရင် သတင်းပေါက်ကြားသွားတာတွေ ဖြစ်စေနိုင်ပါတယ်။ ကိုယ်ပိုင်ဘလော့ရှိသူများ ဘလော့ဖွင့်ထားတဲ့ အီးမေးလ်လိပ်စာကို ပြည်တွင်းပြည်ပဆက်သွယ်ရေးမှာ မသုံးပါနဲ့။

ပြည်တွင်းလှုပ်ရှားမှု ဓာတ်ပုံများပို့ရင် ဓာတ်ပုံတွေမှာ လူပုံတွေကို တတ်နိုင်သမျှ ဖျောက်ထားပါ။ လူပုံရိပ်တွေပါရင် တောင် ထင်ရှားတဲ့ အမှတ်အသားတွေပါတဲ့အထိ အနီးကပ်ဓာတ်ပုံရိုက်ပို့တာတွေ မလုပ်ပါနဲ့။ ကိုယ့်ရဲဘော်လုံခြုံရေး ကို အမြဲဂရုပြုပါ။ သတင်းတပုဒ်လေးအတွက် ကိုယ့်ရဲဘော်ကိုယ် စတေးလိုက်မိတဲ့ အဖြစ်မျိုး လုံးဝမဖြစ်ပါစေနဲ့။

စာရွက်စာတမ်း
တတ်နိုင်သမျှ စာရွက်စာတမ်းတွေကို ကိုယ်နဲ့ နီးနီးကပ်ကပ် မထားပါနဲ့။ USB ထဲမှာ စာရွက်စာတမ်းတွေ ရှိနေတုန်း၊ ပိတ်ဖမ်းနေတာမျိုး ကြုံတဲ့အခါ၊ မလွတ်နိုင်တော့ဘူးထင်ရင် USB ကို ချိုးဖဲ့ဖျက်ဆီးပစ်လိုက်ပါ။ စာရွက်စာတမ်းတွေနဲ့ အမိမခံပါနဲ့။

စာရွက်စာတမ်းတွေကို အိမ်မှာမထားပါနဲ့။ မလိုအပ်တာတွေကို သိမ်းမထားပါနဲ့။ အသုံးပြုစရာ မလိုတော့တဲ့ ပိုစတာ ဟောင်းတွေ၊ စာရွက်ဟောင်းတွေကို မီးရှို့ဖျက်ဆီးပစ်လိုက်ပါ။ ကွန်ပျူတာသုံးတယ်ဆိုရင် ကွန်ပျူတာထဲမှာ သိမ်း မထားပါနဲ့။ အလွယ်တကူ ရွှေ့ပြောင်းသယ်ယူနိုင်တဲ့ ပစ္စည်းလေးတွေထဲကို ပြောင်းထည့်လိုက်ပါ။ အီးမေးလ်ထဲက မလိုအပ်တော့တဲ့ မေးလ်တွေကို ဖျက်ပစ်လိုက်ပါ။ သိမ်းမထားပါနဲ့။ အထူးသဖြင့် ပြည်ပနဲ့ ဆက်သွယ်ထားတဲ့ chat တွေကို အကုန်ဖျက်ပစ်လိုက်ပါ။ လက်ဝယ်ရှိတဲ့ စာရွက်စာတမ်းတွေကို သိမ်းထားဖို့လိုတယ်ဆိုရင် တခြား ကျောင်း မှတ်စုတွေ၊ အလုပ်မှတ်စုတွေနဲ့ ရောထားလိုက်ပါ။ ဖိုင်သီးသန့်ခွဲသိမ်းတာမျိုး မလုပ်ပါနဲ့။

မိတ်ဆွေများအတွက် တစုံတရာ အကျိုးရှိမယ် ယူဆပြီး၊ စေတနာနဲ့ အကြံပြုချက်များသာ ဖြစ်ပါတယ်။


တော်လှန်ရေးသစ္စာဖြင့်
ခင်မမမျိုး (၂၆၊ ၁၂၊ ၂၀၀၈)
REF: ခင်မမမျိုး

Read More...

စစ်ကျွန်

(၁)
အချိန်ကား (၁၉၉၄) ခုနှစ်။
နေရာကား သန်လျင်တဘက်ကမ်း။
အကြော်သည် ဒေါ်အေးစိန်၏ အိမ်တွင် လူစည်ကားနေသည်။ ဖတဆိုးသားလေး ကျော်စွာမင်း ဆယ်တန်းကို နှစ် ဘာသာဂုဏ်ထူးဖြင့် အောင်သည်မို့ အခမ်းအနားလေးတခု ကျင်းပနေခြင်းဖြစ်သည်။ ရပ်ကွက်ထဲမှ လူအများကို မုန့်ဟင်းခါးပွဲလေးနှင့် ဧည့်ခံနေရင်း ဒေါ်အေးစိန်ရင်ထဲတွင် ၀မ်းနည်းဝမ်းသာခံစားနေရသည်။ ၀မ်းနည်းသည်က ခင်ပွန်းသည်အတွက်၊ ၀မ်းသာရသည်က ချစ်လှစွာသော သားလေးအတွက်။ ခင်ပွန်းသည်ဆုံးပါးသွားပြီနောက်မှာ ဘ၀ကို ပင်ပင်ပန်းပန်း ရုန်းကန်ရင်း သားလေးကို လူလားမြောက်အောင် တာဝန်ယူခဲ့ရသည်။ ခြောက်နှစ်ဆိုသော ကာလမှာ ပင်ပန်းပါဘိခြင်း။ အခုတော့ ပင်ပန်းရကျိုးနပ်ပါသည်။

သားလေးဆယ်တန်းအောင်သွားပြီ။ အကြော်သည် မုဆိုးမသားလေး ဘွဲ့ရပညာတတ်ဖြစ်အောင် ဆက်ကြိုးပမ်းရဦးမည်။ ဘာပဲဖြစ်ဖြစ် အမေရဲ့သားလေး ဘယ်တော့မှ မျက်နှာမငယ်စေရ။

“အမေပျော်လိုက်တာသားရယ်၊ ငါ့သားလေးအတွက် အမေဂုဏ်ယူတယ်သိလား။ တက္ကသိုလ် ဆက်တက်နော်သား။ အမေထားပေးမယ်”

“အမေလဲ ပင်ပန်းနေပါပြီအမေရယ်။ အမေပိုက်ဆံ မကုန်အောင်လေ သားစစ်တက္ကသိုလ်ပဲ သွားတော့မယ်”

“ဘာ----”

သားလေးရဲ့ စကားသံအဆုံးမှာ သူမတကိုယ်လုံး အေးစက်တောင့်တင်းသွားသည်။ “အမယ်လေး၊ ကိုသောင်းမင်း ရယ်” လို့သာ တမ်းတဟစ်အော်ပြီး ငိုလိုက်ချင်စိတ်ပေါက်သွားသည်။

“သားရယ်။ စစ်တက္ကသိုလ်တော့မသွားပါနဲ့။ မင်းအဖေသေရတာ စစ်တပ်ကပစ်တဲ့ သေနတ်ကျည်ဆံကြောင့်ဆိုတာ သားလဲသိသားနဲ့”

လွန်ခဲ့သော ခြောက်နှစ်က အတိတ်ဆိုးများကို ပြန်သတိရလာသည်။ ကိုသောင်းမင်းက ကုန်းလမ်းပို့ဆောင်ရေး (ကပရ) က ၀န်ထမ်း။ ရှစ်လေးလုံးအရေးတော်ပုံမှာ ပါဝင်ဆန္ဒပြခဲ့ရင်း စစ်တပ်မှပစ်သော သေနတ်ကျည်သင့်ပြီး သေဆုံးခဲ့ရတာဖြစ်သည်။

“သားသိပါတယ်အမေရယ်။ ဒါပေမယ့် သားတို့မှာ ရွေးစရာလမ်းမှ မရှိတော့တာပဲ။ သားတက္ကသိုလ်တက်ပြီး ဘွဲ့ရ တော့ကော အလုပ်ရမှာမှ မဟုတ်တာပဲ အမေရယ်။ အခုရန်ကုန်မြို့ကြီးမှာ ဘွဲ့ရတက္ကစီမောင်းသမားတွေမှ အများကြီး ရယ်။ စဘော်တင်စရာလေးရှိရင်တော့ တက္ကစီလေး မောင်းလို့ရမယ်။ ဒါပေမယ့် သားတို့မှာ စဘော်တင်စရာငွေ တောင် ရှိတာမှမဟုတ်တာပဲ။ ပြီးတော့ အမေပင်ပင်ပန်းပန်း ရှာထားတဲ့ ငွေတွေနဲ့ ကျောင်းမတက်ပါရစေနဲ့ အမေ ရယ်။ အခုအချိန်မှာ စစ်တက္ကသိုလ်တခုတည်းပဲ ထွက်ပေါက်ရှိနေတာ”

“ကျော်စွာမင်း၊ သားလေးရယ်။ သားအတွက် အမေကြိုးစားလာခဲ့သမျှဟာ လူသတ်သမားဖြစ်ဖို့ မဟုတ်ဘူးနော်။ မလုပ်ပါနဲ့”

“သားဆုံးဖြတ်ပြီးပြီအမေ။ သားဘ၀တက်လမ်းအတွက် ဒီအက်စ်အေကိုပဲသွားချင်တယ်”
(၂)

အချိန်ကား (၂၀၀၅) ခုနှစ်။

နေရာကား ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းသစ်။

“သမီး၊ ဆုံးဖြတ်ပြီးပြီလား”

မေမေ့ရဲ့ အေးစက်စက်အသံကြောင့် လင်းလင်းနွယ် မျက်နှာလေးငယ်သွားရသည်။ ချစ်သူက လက်ထပ်ချင်သည်ဆို၍ မေမေ့အား ပြောပြ အသိပေးရခြင်းဖြစ်သည်။ စစ်တပ်မှ အရာရှိငယ်လေးမို့ မေမေမငြင်းလောက်ပါဘူး ထင်ထားမိ သည်။

“မေမေကသဘောမတူလို့လားဟင်”

“မတူရုံတင်မကဖူးသမီး။ အဲလိုလူစားမျိုးတွေနဲ့ မပတ်သက်ချင်ဘူး”

“ဘာဖြစ်လို့လဲမေမေ”

“မေမေဟာ ချမ်းသာကြွယ်ဝတဲ့မျိုးရိုးက ဆင်းသက်လာပေမယ့် လူတန်းစားလုံးဝ မခွဲတတ်တာ သမီးသိတယ်နော်”

“သိပါတယ်မေမေ”

“မေမေလူတိုင်းကို မေတ္တာထားနိုင်တယ်။ ဒါပေမယ့် အဲဒီအထဲမှာ ဒီလိုလူတွေမပါဘူး။ လူသတ်သမားတွေ မပါဘူး”

မေမေ့ မျက်ဝန်းထဲက နာကြည်းမှု အရိပ်တွေကို မြင်တွေ့နေရတာမို့ သူမမှာ အသံပင်မထွက်ရဲ။

“လူနာတွေကို မေမေသိပ်ချစ်တယ်သမီး။ မေမေတို့ဆရာဝန်၊ ဆရာမတွေ အလုပ်ဆိုတာက လူနာတွေကို ကယ်ဖို့။ ဆေးရုံဆိုတာ လူ့အသက်တွေကို တတ်နိုင်သမျှ ကြိုးစားကယ်တင်နေတဲ့နေရာ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က စစ်တပ် ဟာ လူ့အသက်တွေကို ကယ်တင်နေတဲ့ ဆေးရုံဝင်းထဲကို သေနတ်တွေနဲ့ ပစ်ခဲ့ကြတယ်။ လူသတ်ပွဲတွေကို ရပ်ပါ တော့လို့ တောင်းဆိုခဲ့တဲ့ ဆရာဝန်၊ ဆရာမလေးတွေကို သွေးအေးအေးနဲ့ သတ်ပစ်ခဲ့ကြတယ်။ ဒီမြင်ကွင်းတွေကို မျက်ဝါးထင်ထင် တွေ့ထားရတဲ့ မေမေဟာ ဒီလိုလူမျိုးတယောက်ကို ကိုယ့်မိသားစုထဲ အ၀င်မခံနိုင်ဘူးနော်သမီး”

“မေမေရယ်။ အဲဒီတုန်းက ကိုကိုတို့ပါခဲ့တာမှမဟုတ်တာ။ အခုတပ်မတော်ကြီးကလဲ ပြောင်းလဲနေပါပြီ မေမေရဲ့။ အရင်လို မဟုတ်တော့ပါဘူး”

“တော်စမ်းလင်းလင်းနွယ်။ မင်းသားခေါင်းဆိုတာ ဘယ်လောက်ကြာကြာ စွပ်ထားနိုင်မှာတဲ့လဲ။ မေမေတခွန်းပဲ ပြော မယ်နော်သမီး။ လုံးဝသဘောမတူနိုင်ဘူး။ ယောက်ျားမရှားပါဘူးသမီးရယ်။ သမီးကြိုက်တယ်ဆိုရင် လမ်းဘေးက ဆိုက်ကားသမားကို ရွေးလာလဲ မေမေသဘောတူမယ်။ ဒါနောက်ဆုံးပြောတာ”

အင်မတန်ပြတ်သားထက်မြက်လှသော မေမေ့ကို သူမ ဘာမှပြန်မပြောရဲတော့ပါ။ သို့ပေမယ့် ကိုကို့ကိုလဲ မခွဲနိုင်။ အချစ်အတွက် စွန့်စားဖို့ သူမ ဆုံးဖြတ်ချက် ချလိုက်တော့သည်။ ဘာပဲပြောပြော တဦးတည်းသော သမီးလေးကို မေမေ မစွန့်ပစ်ရက်နိုင်ပါဘူးလေ။

(၃)
၂၀၀၇ ခုနှစ်၊ မတ်လ။

တပ်ရင်း ( ) အရာရှိအိမ်ယာ။

“မင်းကို ၀တ်တာ၊ စားတာ၊ နေတာ၊ ထိုင်တာ ဂရုစိုက်ပါလို့ ငါဘယ်နှစ်ခါ ပြောရမလဲ”

“အဲလိုပြောရအောင် ကျွန်မက ဘာတွေ လုပ်နေလို့လဲကိုကို”

“ဒီနေ့အခမ်းအနားမှာ မင်းဝတ်လာတဲ့ စိန်နားကပ်ကြီးကို ပြောနေတာ”

“ဒါဘာထူးဆန်းလို့လဲကိုကို။ စိန်အပါးဝိုင်းနားကပ်။ ကျွန်မတို့ မျိုးရိုးစဉ်ဆက် ဒီလိုပဲ ၀တ်ခဲ့ကြတာပဲ။ အခမ်းအနားပဲ ကိုကို။ ၀တ်မှာပေါ့”

“မင်းဝတ်ထားတာတွေကြည့်ပြီး၊ တပ်ရင်းမှူးကတော် ဘယ်လောက်မျက်နှာပျက်နေတယ်ဆိုတာ မင်းမမြင်ဘူးလား”

“ဘယ်တတ်နိုင်မှာလဲကိုကို။ ကိုယ့်ရှိလို့ကိုယ်ဝတ်တာပဲ။ ပြီးတော့ ဒါက သူတို့လို မတရားသဖြင့် စီးပွားရှာ လာဘ်စား ပြီး၊ ရထားတဲ့ ရတနာတွေမှမဟုတ်တာ။ မိဘအမွေပဲလေ။ သန့်သန့်ရှင်းရှင်းတွေ”

“မင်းစကားတွေ ဘယ်ရောက်နေလဲဆိုတာ မင်းသိသင့်တယ်နော်။ မင်းအခုနေနေတာ စစ်တပ်ကွ။ မင်းယူထားတဲ့ ယောက်ျားက စစ်သား”

“ဘာလဲကိုကို။ စစ်တပ်ဆိုတာ ဒီလိုကြီးနိုင်ငယ်ညှဉ်း လုပ်နေတဲ့နေရာမျိုးလား။ ယောက်ျားရဲ့ အထက်အရာရှိ မိန်းမ တွေရှေ့မှာ ကိုယ့်မိဘ အမွေရတနာလေးကိုတောင် ထုတ်မ၀တ်ရတဲ့ နေရာမျိုးလား”

“စစ်တပ်ဆိုတာ အထက်လူကြီးတွေကို ရိုသေလေးစားရတဲ့ နေရာမျိုးကွ။ လူကြီးတွေရဲ့ မျက်နှာအရိပ်အကဲကို သိရ တယ်။ သူတို့မျက်နှာကို ကြည့်နေရမယ်။ လူကြီးကတော်က စိန်ဝတ်ရင် ကိုယ်က ရွှေပဲဝတ်ရမယ်။ သူတို့ကို တုပြိုင် သလိုမျိုး ဘယ်တော့မှမဖြစ်ရဘူး”

“တော်စမ်းပါကိုကိုရာ။ အဲဒီသြ၀ါဒတွေကို ဘယ်နှစ်ခါ ခြွေနေဦးမှာလဲ။ မပြောချင်လို့ ကြည့်နေတာနော်ကိုကို။ ကျွန်မ ပညာတတ်မိန်းမ။ ပညာ၊ ဥစ္စာရှိပေမယ့် ကျွန်မမမောက်မာဘူး။ ဘယ်တုန်းကမှ လူတဘက်သားကို နှိမ့်ချမဆက်ဆံ ဘူး။ ကိုကို့ကို ချစ်လွန်းလို့သာ ကိုကို့ လူကြီးမိန်းမတွေရဲ့ မောက်မာမှုတွေကို သည်းခံနေတာနော်။ လူကြီးကတော် ဆိုတာတွေကို ခြေသလုံးဖက် ဒူးတုပ်ခယနေရတဲ့ဘ၀ကို သိပ်ပြီး ကျေနပ်လွန်းတယ်မထင်နဲ့”

“မကျေနပ်တော့ မင်းကဘာလုပ်ချင်လဲ။ မင်းဟာ ငါ့မိန်းမ။ ဗိုလ်ကြီးကျော်စွာမင်းရဲ့ မိန်းမ။ ဒီတော့ ငါ့အထက်က အရာရှိကတော်တွေအားလုံးဟာ မင်းရဲ့ အထက်လူကြီးတွေပဲ။ ရိုသေလေးစားရမယ်။ ခိုင်းတာလုပ်ရမယ်။ ဒါပဲ”

“ဟုတ်ပါတယ်။ ဘာလုပ်လို့ရမှာလဲ။ ကျွန်မကိုက ကျွန်ယောက်ျားကို ယူခဲ့မိတာကိုး။ ကျွန်မိန်းမပဲဖြစ်ရတော့မှာပေါ့”

သူမရဲ့ ပေါက်ကွဲအော်ဟစ်သံအဆုံးမှာ ဗိုလ်ကျော်စွာမင်းရဲ့ လက်က လေထဲသို့မြောက်တက်သွားသည်။

“မင်းလက်ကို ချလိုက်စမ်း၊ ကျော်စွာမင်း”

သူမမျက်စိပိတ်လိုက်မိစဉ်မှာ ကယ်တယ်ရှင် မေမေ့အသံက ထွက်ပေါ်လာခဲ့သည်။ သမီးကို စိတ်မချသူ မေမေက ဆေးခန်းအပြန်ဆို တခါတလေ ၀င်လာနေကျ။

“မင်းကို ဒို့က ယောက်ျားကောင်းတယောက်လို့ ထင်ထားတာ။ လက်စသတ်တော့ တကယ့် လူဖျင်းလူညံ့ပါလား”

”လင်မယားကြားမှာ ၀င်မပါချင်ပါနဲ့ အန်တီ”

“ပါရမယ်ကျော်စွာမင်း။ ဘာလို့လဲဆိုတော့ လင်းလင်းနွယ်ဟာ ဒို့သမီးဖြစ်နေလို့ပဲ။ သမီးတယောက်ရဲ့ အန္တရာယ်ကို ကာကွယ်ဖို့ အမေတယောက်မှာ တာဝန်ရှိတယ်”

“အန်တီ့သမီးမှာ ဘာအန္တရာယ်မှ ကျရောက်နေတာမဟုတ်ဘူး။ မလိမ္မာလို့၊ လူအရိပ်အကဲနားမလည်လို့ ကျွန်တော် က ဆုံးမနေတာ”

“ဒို့သမီးကို လူရာဝင်အောင် အမေတယောက်အနေနဲ့ ဆုံးမလမ်းညွှန်ခဲ့ပြီးသား။ လူအရိပ်အကဲ ဆိုတာကိုလဲ သူ နားလည်တယ်။ သူ့အခွင့်အရေးကိုလဲ သူနားလည်တယ်။ ဧည့်ခံပွဲဆိုတာကို ဘယ်လိုဝတ်စားသွားရမယ်၊ အသုဘ ဆိုတာကို ဘယ်လို ၀တ်စားသွားသင့်တယ်ဆိုတာလဲ သူသိတယ်။ အေး- တခုတော့ရှိတယ်။ ကျွန်ခံနည်းကိုတော့ ဒို့မသင်ပေးခဲ့ဖူးဘူး”

“အန်တီက ကျွန်တော့်ကို စော်ကားနေတာလား”

”မင်းအကြောင်းမင်းသိမှာပေါ့။ ကိုယ့်မိန်းမတယောက်ကို သူတပါးရှေ့မှာ ဒူးတုပ်ခစားဖို့ ကျွန်ဇာတ်သွင်းနေတဲ့ ယောက်ျားမျိုး ဒို့တသက်မှာ ဒီတခါပဲ တွေ့ဖူးသေးတယ်။ ကိုယ့်မိန်းမကိုယ် မကာကွယ်ပေးနိုင်ပဲ အိမ်တွင်း အကြမ်း ဖက်မှုလုပ်နေတဲ့ ယောကျာ်းတယောက်လက်ထဲမှာ ဒို့သမီးကို ဘယ်လိုစိတ်ချရမလဲ”

မေမေနဲ့ သူ စကားပြောနေစဉ်မှာ သူမခေါင်းထဲတွင် အတွေးများ ရှုပ်ယှက်ခတ်နေသည်။ သူ့ကိုချစ်တာမှန်ပေမယ့် ဒီလိုဒဏ်တွေကို သူမ မခံနိုင်။ မဆီမဆိုင် သူတပါးအောက်ကျို့နေရသည့် ဘ၀ကိုလဲ သူမစိတ်ကုန်လှပါပြီ။ ကြီးနိုင် ငယ်ညှဉ်းဖြစ်ရပ်များစွာကိုလဲ သူမတွေ့နေခဲ့ရပြီ။ အထက်လူကြီးကတော် ခြေသလုံးကို နှိပ်ပေးရတဲ့အကြိမ်များလဲ မနည်းတော့။ ယောက်ျားများ အလုပ်သွားနေစဉ်၊ အရာရှိငယ်မိန်းမများကို အိမ်ခေါ်ပြီး ညစ်ညမ်းခွေများပြနေသည့် လူကြီးကတော်ကလဲ ရှိသေးသည်။ စကော့ဈေးခေါ်သွားပြီး သူတို့ စမောလေးများနှင့် ချိန်းတွေ့သည်ကို မဆီမဆိုင် အဖော်လိုက်ပေးရသည်ကလဲ ရှိသေးသည်။ အထက်ကိုဖားပြီး အောက်ကိုဖိရသည်ကိုလဲ ရွံ့မုန်းလှပြီ။ သူမတသက် လုံး အိမ်ဖော်တွေနဲ့ ကြီးလာခဲ့တာဆိုပေမယ့် ပိုက်ဆံပေးပြီး အကူအညီ ခေါ်ထားခဲ့ခြင်းသာဖြစ်သည်။ အခုကျတော့ သူတို့ယောက်ျား စစ်သားဖြစ်တာနဲ့ပဲ တပ်ကြပ်ကြီးအိမ်က ခေါ်ခိုင်းလိုက်၊ အရာခံဗိုလ်အိမ်ကခေါ်ခိုင်းလိုက်၊ အရာရှိ အိမ်က ခေါ်ခိုင်းလိုက် လုပ်တာကို ခံနေကြရရှာသည်။ လက်အောက်က စစ်သားမိန်းမများ ဘ၀ကိုလဲ သနားလှသည်။

“ကျွန်မတခုပြောမယ်ကိုကို။ ထမင်းတလုတ်ရှာစားဖို့ဆိုတာ မခက်ခဲပါဘူး။ ကိုကိုတပ်ကနေ ထွက်လိုက်ပါ။ ကျွန်ခံပြီး စားရတဲ့ ထမင်းကို မက်မနေစမ်းပါနဲ့”

“မင်းပါးစပ်ပိတ်ထားလို့ ငါပြောနေတယ်နော်။ ကဲ-အန်တီ။ မြန်မြန်ပြန်ပါတော့ဗျာ။ ကျွန်တော်တို့ လင်မယားချင်းကိစ္စ အချင်းချင်း ရှင်းပါရစေ”

“ဆောရီးပဲ။ မောင်ကျော်စွာမင်း။ မင်းလိုလူတယောက် လက်ထဲမှာ ဒို့သမီးကို ထားခဲ့ဖို့ ဒို့စိတ်မချဘူး။ သမီး-လာ။ မေမေနဲ့လိုက်ခဲ့”

မေမေ့ခေါ်သံအဆုံးမှာ သူမအခန်းထဲဝင်ပြီး ပစ္စည်းသိမ်းမိခဲ့တော့သည်။ လွတ်လပ်သော မိသားစုဘ၀လေးကိုသာ သူမ လိုချင်ခဲ့ခြင်းဖြစ်ပါသည်။ အိမ်ထောင်လေးတခါပြုမိကာမှ အိမ်ထောင်သည် ယောက်ျားကိုသာမက ရှိသမျှ လူအားလုံး ရဲ့ ကျွန်သဘောက်ဖြစ်နေခဲ့ရသည်ကို သူမဘ၀င်မကျပါ။ မရီမပြုံးချင်ပဲ ဟန်ဆောင်ပြုံးပြနေရသည့် ဘ၀တွေကိုလဲ သူမငြီးငွေ့လှပြီ။

(၄)

၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ။

သန်လျင်တဘက်ကမ်း။

ဒေါ်အေးစိန်တယောက် ဘုရားရှိခိုးပြီး မေတ္တာသုတ်တရားတော်ကို ရွတ်ဖတ်နေမိသည်။ တာဝန်ထမ်းဆောင်နေသော သားလေးဘေးအန္တရာယ်ကင်းဝေးဖို့ကိုလည်း ဆုတောင်းနေမိသည်။ သားလေးတပ်က ရန်ကုန်မှာဆိုပေမယ့်၊ မိသားစု အိမ်လေးကို မခွာရက်တာကြောင့် သားလေးနှင့် သွားမနေဖြစ်ပါ။ တလတခါ ရောက်ရောက်လာတဲ့ သားလေးနဲ့ ချွေးမကိုပဲ အိမ်ကနေ စောင့်စားတွေ့ရတော့သည်။ အခုတလောတော့ ဘာဖြစ်တယ်မသိ။ လူတွေပေါ်မလာပဲ ငွေပဲ ရောက်ရောက်လာတတ်သည်။ နေထိုင်ပဲ မကောင်းလို့လား။

“ဒေါ်ကြီးစိန်ရေ။”

ရပ်ကွက်ထဲက မောင်အေးအိမ်ပေါ်တက်လာတာကြောင့် ဧည့်ဝတ်ပြုရသည်။ ဒီသူငယ်လေးက ရပ်ကွက်ထဲက လူမှု ရေး ကိစ္စမှန်သမျှ တက်တက်ကြွကြွပါဝင်တတ်သည်။ သူမကိုလဲ အသက်ကြီးအမယ်အိုဆိုပြီး စောင့်ရှောက်ပေးသည်။ အင်တာနက်ဆိုလား၊ ဘာဆိုလားတော့မသိ။ ကော်ဖီဆိုင်လို့တော့ ကြားဖူးသည်။ အဲဒီဆိုင်ကြီးကိုလဲ ဖွင့်ထားသေး သည်။

“ဒေါ်ကြီးရယ်။ ဒေါ်ကြီးသား၊ ကိုကျော်လုပ်ရက်တယ်ဗျာ”

“ဟေ”

သားအသံကြားတော့ သူမသေချာနားစွင့်မိသည်။ မောင်အေးမျက်လုံးမှာ မျက်ရည်စတွေကို တွေ့လိုက်ရတာကြောင့် စိတ်ထဲ မကောင်းဖြစ်သွားသည်။ ဘာများဖြစ်လို့ပါလိမ့်။

“ဘာဖြစ်လို့လဲကွယ်။ ဒေါ်ကြီးကို သေချာပြောပြမှပေါ့”

“အခုတလော ရန်ကုန်မှာ ဘုန်းကြီးတွေ မေတ္တာပို့ ဆုတောင်းပွဲတွေ လုပ်ကြတယ်ဒေါ်ကြီး။ မြန်မာပြည်ကြီး ငြိမ်းချမ်း သာယာဖို့အတွက် လမ်းလျှောက်ပြီး မေတ္တာပို့ကြတာ။ အဲဒါဗျာ။ ဟိုနေ့က ရွှေတိဂုံဘုရားပေါ်မှာ မေတ္တာပို့ဝတ်ပြုနေ တဲ့ ဘုန်းကြီးတွေကို ခေါင်းရိုက်ခွဲပြီး သတ်ကြတယ်။ သံဃာတော်အများကြီးကိုလဲ စစ်ကားကြီးတွေနဲ့ ဖမ်းခေါ်ကြ တယ်။ လမ်းပေါ်မှာလဲ လူတွေနဲ့ သံဃာတွေနဲ့ကို သေနတ်တွေနဲ့ပစ်၊ ဒုတ်တွေနဲ့ရိုက်ကြတယ်”

“အို-ဘုရား။ ဘုရား။ မကြားရက်စရာတွေ။ ဗုဒ္ဓဘာသာတိုင်းပြည်မှာ ဒီလိုတွေဖြစ်နေတယ်ဟုတ်လား။ ရွှေတိဂုံဘုရား ပေါ်မှာ ၀တ်ပြုနေတဲ့ သံဃာကို ခေါင်းရိုက်ခွဲသတ်တယ်၊ ဟုတ်လား။ တိရစ္ဆာန်တွေ၊ လူစင်စစ်က ပြိတ္တာဖြစ်မယ့်ဟာတွေ”

“ဟုတ်တယ်ဒေါ်ကြီးရယ်။ ကြားရတဲ့လူတိုင်းလဲ ငိုယိုမျက်ရည်ကျနေကြရတယ်။ လူမဆန်ဘူးဗျာ။ လူတွေမဟုတ်ဘူး။ ပိုပြီးဆိုးတာက။ ဒီမှာကြည့်ပါဦးဒေါ်ကြီးရာ။ အင်တာနက်မှာ ပါလာတဲ့ဓာတ်ပုံ။ အဲဒါတွေကို စီစဉ်ကွပ်ကဲနေတဲ့ စစ်ဗိုလ် က ကိုကျော်မှ ကိုကျော်အစစ်ဗျ။ ဒေါ်ကြီးသား ကိုကျော်ဗျ”

မယုံနိုင်စရာ ပုံရိပ်ကိုကြည့်ရင်း သူမကြက်သေသေသွားသည်။ ဒါဟာ သူမမွေးထုတ်ခဲ့တဲ့ သားတဲ့။ ဒါဟာ သူမ အကြော်ဆီပူအိုးဘေးမှာ နှစ်ပေါင်းများစွာ အပူခံပြီး ပညာသင်ပေးခဲ့တဲ့ သားတဲ့။ ဒါဟာ ဘုရားသားတော်တွေကို စော်ကားသတ်ဖြတ်နေတဲ့သားတဲ့။ ဘုရား။ ဘုရား။

ဘုရားစင်ရှေ့သို့ သူမပြေးသွားလိုက်သည်။

“အရှင်ဘုရား။ ဒီလို သားဆိုးသားမိုက်ကို လူလားမြောက်စေခဲ့တဲ့ တပည့်တော်မကို ခွင့်လွှတ်ပါဘုရား”

(၅)

(၂၀၀၇) အောက်တိုဘာလ။

စင်ကာပူနိုင်ငံ။

မွေးဖွားပြီး ဆေးရုံမှဆင်းလာကာစမို့ သူမတကိုယ်လုံးနွမ်းနယ်နေသည်။ ကိုကိုနဲ့ လမ်းခွဲခဲ့စဉ်ကတည်းက သူမဆီမှာ က ကိုကို့ကိုယ်ဝန်ပါလာခဲ့သည်။ သမီးကို အင်မတန်ချစ်တာမို့ မေမေက စင်ကာပူအထိ တကူးတကခေါ်လာပြီး မွေးဖွားပေးခဲ့သည်။ သားလေးကိုတွေ့တော့ ကိုကို့ကို သတိရသွားသည်။ ဘာပဲဖြစ်ဖြစ် ဓာတ်ပုံလေးတော့ ပို့ပေးဦးမှ။ သားလေးကိုမြင်ရင် ကိုကို့စိတ်တွေပြောင်းလာမှာပါ။ တပ်ထဲက ထွက်လာပြီး၊ သူမတို့မိသားစုနဲ့ နေချင်လာမှာပါလို့ တွေးလိုက်မိသည်။

“သမီးအွန်လိုင်းတက်လိုက်ဦးမယ်နော်မေမေ”

သူမကပြောတော့ မေမေက အလိုက်တသိပဲ သားငယ်လေးကို လာချီပေးသည်။ ကံအကြောင်းမလှသော သမီးလေးကို မေမေက အစွမ်းကုန်အလိုလိုက်လေသည်။

သူမအီးမေးလ်ထဲသို့ မ၀င်စဖူး အီးမေးလ်တွေ အများကြီးရောက်နေတာကြောင့် အံ့သြသွားမိသည်။ ဘာတွေများ ဖြစ် နေသလဲ။ သိပ်မကြာလိုက်ပါ။ အခြေအနေတွေကို သူမသတိပြုမိသွားတော့သည်။ မြန်မာတွေ ဘာလို့ ဒီလောက် အီးမေးလ်တွေ forward လိုက်လုပ်နေကြသလဲဆိုတာလဲ ရိပ်မိသွားသည်။ ယုတ်မာလိုက်ကြတာ။ မိုက်ရိုင်းလိုက်ကြ တာ။ သူမရင်ထဲက မခံချင်စိတ်များသည် နောက်ထပ်အီးမေးလ်တစောင်ကို ဖွင့်ကြည့်မိသည့် အချိန်မှာတော့ အဆုံးစွန် သို့ ရောက်သွားတော့သည်။

“တိရစ္ဆာန်ကောင်။ တိရစ္ဆာန်။ အဲလိုလူမျိုးဟာ ငါ့ယောက်ျားတဲ့လား။ ငါ့သားရဲ့ အဖေတဲ့လား”

သူမအသံ ဘယ်လောက်ကျယ်သွားသည်မသိ။ မေမေက ပျာပျာယာယာနဲ့ သူမအနီးသို့ရောက်လာသည်။

“မေမေရယ်။ သူ-”

ဘာမှဆက်မပြောနိုင်တော့ပဲ လည်ချောင်းထဲတွင် တစ်စို့စို့ဖြစ်နေသည်။ မျက်ရည်များက အလိုလို လိမ့်ဆင်းကျလာ သည်။

မေမေက သူမခေါင်းအား ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။

“မေမေသိပြီးပါပြီသမီးလေးရယ်။ မေမေအားလုံးကို မြင်တွေ့ခဲ့ပြီးပါပြီ။ ဆေးရုံမှာတုန်းက သမီးလေးကို တမင်ပြော မပြခဲ့တာပါ”

“မေမေရယ်။ သားလေးက သူ့ရဲ့ရင်သွေးတဲ့။ သမီးဘယ်လို----”

သူမရဲ့ နှုတ်ခမ်းကို မေမေက လက်ချောင်းလေးများဖြင့် အုပ်ကာလိုက်သည်။

“အဲလိုမပြောပါနဲ့ သမီး။ ကလေးလေးမှာ ဘာအပြစ်မှမရှိပါဘူး။ တကယ်တော့ သားသမီးတွေဟာ သူတို့မိဘကို ရွေး ချယ်ပိုင်ခွင့် အခွင့်အရေးတွေ မရှိကြရှာပါဘူး။ သိပ်သနားဖို့ကောင်းတဲ့ ကလေးလေးတွေပါ။ လူဖြစ်မယ်မကြံသေးဘူး။ မိဘရဲ့ ဆိုးမွေ၊ ကောင်းမွေကို ခံကြရရှာတာပါ။ လောကမှာ ယုတ်မာမိုက်ရိုင်းတဲ့ ဖခင်က မွေးလာတဲ့ ကလေးလေးတွေ အားလုံး ဖအေတူဖြစ်လာမယ်ဆိုတဲ့ နိယာမမရှိပါဘူး သမီးရယ်။ မောင်ကျော်စွာမင်းရဲ့ ဖခင်ဟာ လူကောင်းလား၊ လူဆိုးလား မေမေတို့ ဘယ်သိနိုင်ပါ့မလဲ။ ဒါပေမယ့် သူ့ကိုဒီလိုဖြစ်အောင် လုပ်ခဲ့တာဟာ သူ့မိဘမဟုတ်ဘူးသမီး။ စနစ်လေ။ သူဟာ စနစ်ရဲ့ သားကောင်ဘ၀၊ စစ်ကျွန်ဘ၀ကို သွတ်သွင်းခံလိုက်ရတာပါ။ သူ့မိဘနဲ့ မဆိုင်ပါဘူး။ ဒီလို ပဲ အခုသမီးရဲ့သားလေး၊ မေမေ့ရဲ့ မြေးလေးဟာလဲ သူ့အဖေလိုပဲ ဖြစ်လာမယ်လို့ ဘယ်သူက တပ်အပ်ပြောနိုင်မှာလဲ ကွယ်။ ဒါမျိုးတွေ မတွေးပါနဲ့ သမီးရယ်။ မြေးလေးကို သူ့အဖေရဲ့ အရိပ်မည်းတွေ မရှိတဲ့နေရာမှာ ပြုစုပျိုးထောင်ပေး ကြရမယ်။ မေမေ့မြေးလေး တသက်လုံး စစ်ကျွန်မဖြစ်စေရဘူး။ သမီးနားလည်တယ်နော်”

မေမေ့စကားသံအဆုံးမှာပဲ အခန်းထဲက သားလေးငိုသံကြားတော့ သူမအပြေးအလွှား သွားရောက်ပွေ့ချီမိလေသည်။ သားလေးကို ချီထားရင်း သူမပြောမိတဲ့စကားက

“မေမေ့သားလေး ဘယ်တော့မှ စစ်ကျွန်မဖြစ်စေရဘူး” ဟူသတည်း။


ခင်မမမျိုး (၂၂၊ ၁၂၊ ၂၀၀၈)
REF: ခင်မမမျိုး

Read More...

အခြေအနေအဆိုးရွားဆုံး ပြည်သူများတွင် မြန်မာပြည်သူများ ပါ


ဆိုမာလီယာ၊ ကွန်ဂို၊ ဇင်ဘာဘွေနှင့် မြန်မာနိုင်ငံများမှ ပြည်သူများ သည် အတိဒုက္ခ ကြုံနေရကြောင်း (၂၀၀၈) ခုနှစ်၏ လူသားဆိုင်ရာ ဘေးဒုက္ခအများဆုံး စစ်တမ်းများတွင် တွေ့ရှိရသည်။ Medicins Sans Fortieres (MSF) ခေါ် နယ်စည်းမခြား ဆရာဝန်များအသင်းက ကြေငြာသည့် (၂၀၀၈) ခုနှစ် အဆိုးရွားဆုံး အခြေအနေ (၁၀) ခုစာရင်းတွင် အဆိုပါ နိုင်ငံများ ပါဝင်နေခဲ့သည်။

MSFက ကြေငြာခဲ့ရာတွင် ယမန်နှစ် အတွင်း AIDS ရောဂါနှင့် နောက်ဆက်တွဲ တီဘီရောဂါကြောင့် တစ်ကမ္ဘာလုံးတွင် သေဆုံးခဲ့သူဦးရေ (၁.၇)သန်းရှိကြောင်း ပါရှိသည်။ MSF၏ ကြေငြာချက်အရ ဆိုမာလီယာတွင် ပြည်သူများသည် လူ နေမှု အဆင့်အတန်း အနိမ့်ကျဆုံးဖြစ်ပြီး မြန်မာနိုင်ငံမှာမူ ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းဆုံး အဖြစ် မှတ်တမ်းဝင် နေသည်။ ဇင်ဘာဘွေမှာမူ ရောဂါဘယ ထူပြောများပြားနေပြီး အရှေ့ကွန်ဂိုမှ ပြည်သူများမှာ ပိတ်မိပြီး ဒုက္ခရောက် နေ ကြသည်။

ဆူဒန်တွင် အကြမ်းဖက်မှုများ ဖြစ်ပွားနေပြီး အီရတ် ပြည်သူများ၊ အီသီယိုးပီးယား - ဆိုမာလီယာ နယ်စပ်ရှိ ဒေသခံ များမှာ အထောက်အပံ့များ လိုအပ်လျက်ရှိသည်။ ပါကစ္စတန် မြောက်ပိုင်း ဒေသခံများမှာလည်း တိုက်ပွဲများအတွင်း ကြားညပ်နေကြောင်း သိရှိရသည်။ ထို့အပြင် MSF က လူသားများအတွက် ခြိမ်းခြောက်မှု အများဆုံးရောဂါကို AIDS နှင့် နောက်ဆက်တွဲ တီဘီဟု အတည်ပြုခဲ့ပြီး လူသားများ သေဆုံးမှု အများဆုံးမှာ အာဟာရချို့တဲ့မှုကြောင့်ဖြစ် ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

REF: လူထုအသံ

Read More...

Friday, December 26, 2008

ထောင်ချသော်လည်း ကြောက်ရွံ့နောက်တွန့်မည် မဟုတ် (အင်တာဗျူး)

ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ 24 2008
(သတင်းစာဆရာကြီး ဦးဝင်းတင်နှင့် ဆက်သွယ်မေးမြန်းချက်)

ချင်းမိုင် (မဇ္ဈိမ)။ ။ နယ်ဝေးထောင်များတွင် ထောင်ဒဏ်များ ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများထံ သွားရောက်တွေ့ဆုံကာ အားပေးနေသော နှစ်ရှည် နိုင်ငံရေးအကျဉ်းသားဟောင်း သတင်းစာ ဆရာကြီးဦးဝင်တင်က 'အကျဉ်းသား မိသားစုများပါ ဒုက္ခရောက်နေသဖြင့် ၀ိုင်းဝန်းကူညီကြရန်' ယနေ့ တိုက်တွန်း လိုက်သည်။

သို့သော်လည်း ဆင်းရဲလှသည့် မိသားစုဝင်များအနေဖြင့် အားငယ်သွားခြင်း၊ အားလျော့သွားခြင်း မရှိသလို၊ ထောင်ချသည့်အတွက်လည်း အာဏာပိုင်များကို ကြောက်ရွံ့သွားမည်၊ တွန့်ဆုတ်သွားမည် မဟုတ်ကြောင်း ဆရာကြီးက ပြောသည်။

ဒီမိုကရေစီရေး လှုပ်ရှားနေသူများအနေဖြင့် အသံညီညီဖြင့် လက်တွဲလုပ်ဆောင်ပါရန် တိုက်တွန်းလိုက်သေး သည်။

နိုင်ငံရေးအကျဉ်းသား မိသားစုများထံ သွားရောက်အားပေးနေသည့် အခြေအနေနှင့် သူ့အမြင်များကို သိရှိနိုင်ရန် မဇ္ဈိမသတင်းထောက် ဇာနည်က မေးမြန်းထားသည်ကို တင်ပြလိုက်ပါသည်။

မေး။ ။ ဘဘ အခု အကျဉ်းကျနေတဲ့ သူတွေရဲ့ မိသားစုတွေကို လိုက်တွေ့နေတယ်လို့ သိရပါတယ်။ ဘယ်လို ကြောင့် အခုလို လိုက်တွေ့ဖြစ်တာလဲဆိုတာ သိပါရစေရှင့်။

ဖြေ။ ။ ဒီဥစ္စာက ဘယ်လိုလဲဆိုတော့ ကျနော်ကိုယ်တိုင် ထောင်ထဲမှာ အနှစ် ၂၀ လောက် နေခဲ့ရတာဗျာ။ အဲဒီ မှာ အဖွဲ့ချုပ်ကရော၊ နောက် အားလုံးကရော ၀ိုင်းကူညီကြတယ်။ အားပေးတယ်၊ သတိရတယ်လို့ ပြောတယ်။ တခါတလေလည်း မုန့်ဘာညာ စသည်ပေါ့ဗျာ လာလာပြီးတော့ ပေးကြတယ်။ ငပိကြော်ဖြစ်ဖြစ်ပေါ့။ ဒီလိုနဲ့ ကျနော် အနှစ် ၂၀ ကို ဖြတ်သန်းခဲ့ရတာ။

ဆိုတော့ ဒီလူတွေရဲ့ကျေးဇူး၊ ဒီလူတွေရဲ့ လုပ်ရပ်ကို မမေ့နိုင်ဘူး။ ကျနော့် ပေးတဲ့သူက မောင်ဖြူ ဖြစ်ပေမယ့်လို့ ကျနော် ပြန်ပေးတာက မောင်မဲဆိုရင်လည်း ဒါက မောင်ဖြူကို ကျေးဇူးဆပ်တယ်လို့ပဲ သဘောထားတယ်လေ။ ဘာလို့လဲဆိုတော့ ဒါက လူတိုင်း ၀ိုင်းလုပ်ပေးလို့ ကျနော် အသက်ရှည်လာတာဗျ။ ထောင်ထဲမှာက အသက်ရှည် နိုင်စရာ မရှိဘူး။ ဒီအစိုးရရဲ့ ဖိနှိပ်မှုတွေ ချုပ်ချယ်မှုတွေ ခံနေရတာ။ ဒါတောင် ကျနော် ညှဉ်းဆဲခံရတာတွေ ထည့် မပြောသေးဘူး။ ဒီအစိုးရ ဒီလောက်ကြပ်မတ် ချုပ်ချယ်ထားတဲ့ အထဲမှာ တယောက်ထဲ ပိတ်နေတဲ့အခါတွေမှာ ကျနော် အသက်ရှည်စရာအကြောင်း မရှိဘူး။

ဒီလို ကျနော့်ကို အားပေးတဲ့ လူတွေ၊ ကျနော့်ကို သတိရတဲ့လူတွေကြောင့်သာ ကျနော် အသက်ရှည်ခဲ့တာဗျ။ ဒါကြောင့် ဒီနေ့ ကျနော်သွားကူနေတယ်၊ ဘာညာဆိုတာက ကျနော့်ရဲ့ ပုဂ္ဂိုလ်ရေးအရကို လုပ်တာ။ တော်တော့် ကိုတော့ မောတယ်ဗျာ။ ဒါပေမဲ့ ကျနော် တတ်နိုင်သမျှ လုပ်မှာပါပဲ။ ကျနော် ဘယ်ကမှ ပိုက်ဆံရလို့တော့ မဟုတ် ဘူး။ ကျနော့ မိတ်ဆွေတွေ ထောက်ပံ့တဲ့ လမ်းစရိတ်ကို ကျနော် ချွေတာပြီး လိုင်းကားစီးပြီး သူတို့ကို မုန့်လေး ဘာလေးဝယ်ပြီး ပေးတယ်။ ဒါပါပဲ။

မေး။ ။ ဘဘ ဒီလိုသွားတော့ သူတို့ မိသားစုဝင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ကာယပိုင်းဆိုင်ရာ အခြေနေတွေကို ဘယ်လိုတွေ့ခဲ့ရပါလဲရှင့်။

ဖြေ။ ။ ကျနော်ပြောချင်တာတော့ နှစ်ချက် သုံးချက် ရှိမယ်ဗျ။ တချက်က လူတိုင်းက သိပ်ပြီးတော့ ကျနော်တို့ ထင်သလို စိတ်ပျက် အားငယ်နေတာတော့ မရှိဘူးဗျ။ လူတိုင်းက တက်ကြွနေတယ်။ ကျနော်တို့ လာတဲ့အတွက် လည်း ပိုပြီးတော့ ထက်သန်တက်ကြွနေတယ်။ ၀မ်းသာနေတယ်။ ကျနော် အဲဒါကို တွေ့ခဲ့ရတယ်။ နောက်တချက် က ဘယ်လိုလဲဆိုတော့ ဒီထဲမှာက တချို့ တောင့်တောင့်တင်းတင်းပေါ့ဗျာ၊ စီးပွားရေးအားဖြင့် တောင့်တင်းပုံပေါ် တဲ့ မိသားစုများထက် တော်တော်ဆင်းရဲတဲ့သူတွေကို သွားတွေ့တယ်ဗျ။ အဲဒီ အခါကျတော့ ကျနော်တော့ ဒီအစိုး ရ လုပ်တဲ့ပုံကို သိပ်ပြီးတော့ စိတ်ထဲ စိတ်ပျက်တယ်ဗျာ။

ဘာလို့လဲဆိုတော့ ကျနော်ပြောတာက အကျဉ်းသားတွေ ထောင်ကျတယ်။ နိုင်ငံရေး လုပ်တဲ့အတွက် ထောင် ကျမယ်ဆိုတာ နိုင်ငံရေးသမားတိုင်း နားလည်ပြီးသား ကိစ္စ။ ဆိုပါတော့ ကျနော်ဆို ထောင်ပြန်ကျလည်း ရယ်ဒီပဲ။ ကျနော် ဒီနေ့အထိလည်း ထောင်အ၀တ်အစား အပြာရောင်တို့ ဘာတို့ပဲ ၀တ်နေတာပဲ၊ ဘာမှလည်း တွန့်ဆုတ်မှု မရှိဘူး၊ ဘာမှလဲ ဂရုမစိုက်ဘူး။ ကျနော် လုပ်စရာရှိတာ ကျနော် လုပ်နေတာပဲ။ အဲဒီတော့ နိုင်ငံရေး အကျဉ်းသား တိုင်းအတွက်ကလည်း ထောင်ကျတယ်ဆိုတာ မဆန်းဘူးဗျ။ ဒါပေမဲ့ ဒီအစိုးရက သိပ်ပြီးတော့ကို တော်တော့်ကို ဆိုးဆိုးဝါးဝါး လုပ်တာပဲ။

ကျနော် စဉ်းစားကြည့်တယ်။ ခုနက ပြောတဲ့ တချက်ပေါ့ဗျာ။ မိသားစုတွေက တော်တော်ကို ဆင်းရဲတယ်ဗျာ။ ဆင်းရဲတဲ့ အခါကျတော့ ဒီလောက်ဆင်းရဲတဲ့ မိသားစုတွေက ဘယ်လိုဖြစ်လဲဆိုတော့ အဝေးမှာ ထောင်တွေက ကျတယ်ဆိုတော့ ဥပမာဆို ပူတာအိုကျတဲ့ မိသားစု ပါတယ်ပေါ့။ တနေ့က ကျနော် ဒေါပုံနယ်ထဲ သွားတယ်။ အဲဒီမှာ လေး၊ ငါး ဆယ်အိမ်လောက်သွားတာဆိုတော့ အဲဒီက လူတွေက တော်တော့်ကို ဆင်းရဲတယ်ဗျာ။ ဆင်းရဲ လိုက်တာမှဗျာ အိမ်လေးတွေကလည်း ကျဉ်းကျဉ်းလေးတွေ။ ဒါပေမဲ့ သူတို့ စိတ်ဓာတ်အားဖြင့်တော့ မကျဘူး။ မကျဘူး ဆိုပေမယ့်ဗျာ စိတ်တော့ နည်းနည်းလေး ညစ်နေတာပေါ့။

စိတ်ညစ်တယ်ဆိုတာက ခင်ဗျားတို့ စဉ်းစားကြည့်လေ။ ဒီထဲမှာ ကလေးတယောက်က ပူတာအိုသွားရမယ်ဆိုပြီး ပါတယ်။ စစ်တွေကို သွားရမယ့်သူတွေ ပါတယ်။ အဲဒီဟာတွေဟာ ခရီးစရိတ်ကထား၊ ICRC က ကူတယ် ဆိုသော်ငြားလည်း၊ ခင်ဗျား ဒီခရီးက စားရေးသောက်ရေး၊ နေရေးထိုင်ရေး ရှိသေးတယ်။ ဘာလို့ဆိုတော့ အဲဒီကို သွားတာ တပတ်နှစ်ပတ်ကြာတယ်။ အဲဒီတော့ သူတို့ စားရေးသောက်ရေးက ဟိုမှာတင် အခက်အခဲရှိရုံ မဟုတ် ဘူး။ သူတို့ ရန်ကုန်မှာက နေ့စား လက်လုပ်လက်စားတွေဗျာ။ သူတို့ ဘာမှ အလုပ်မလုပ်နိုင်ဘူး။ နိုင်ငံရေး လုပ် တဲ့သူတင် ထောင်ကျတာ မဟုတ်ဘူး။ မိသားစုပါ ဒုက္ခရောက်နေတာဗျာ။ ၀ိုင်းကူနိုင်ရင် ကူကြပါ ကူနိုင်အောင် လည်း လုပ်ကြပါလို့ ကျနော် တိုက်တွန်းချင်တယ်။

မေး။ ။ အခုလို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရတာတွေ၊ နောက် နယ်ဝေးက ထောင်တွေကို ပို့ခံရတာတွေ အပေါ် ဘယ်လိုမြင်ပါသလဲ ဘဘ။

ဖြေ။ ။ အဲဒါက အစိုးရ အနေနဲ့က မလုပ်ကောင်းတာပဲဗျာ။ ထောင်ချချပေါ့ဗျာ။ မိသားစုပါ ဒုက္ခရောက်အောင် တော့ မလုပ်ကောင်းဘူးပေါ့ဗျာ။ ကျနော်တော့ အဲလိုပဲ သဘောရတယ်ဗျ။ တမင်နှိပ်စက်တာပေါ့ဗျာ။ လူတွေကို အကျဉ်း နှစ်ပေါင်းများစွာ ချတယ်။

စဉ်းစားကြည့်ဗျာ။ လူသတ်မှု ကျူးလွန်တာတောင် ထောင်ဒဏ် နှစ်၂၀ စသည်လောက်ပဲ ကျနိုင်တယ်။ အဲဒါမျိုး တွေကို၊ လူတွေကို ထောင်ဒဏ် နှစ် ၆၀ တွေဘာတွေ ချတယ်ဆိုတာက ရှင်းရှင်းပြောရင် ဒါက လူတွေကို မတရားသဖြင့် လုပ်တာပဲဗျ။ တရားဥပဒေနဲ့ အညီလုပ်တာ မဟုတ်ဘဲ မတရားသဖြင့် လုပ်တာပဲဗျ။

မနေ့တနေ့က လူငယ်တယောက်ဆိုရင် တနေရာကို ၃ နှစ်လောက်ကျတာ။ ၀န်ထမ်းတယောက်နဲ့ ပတ်သက် တယ်ဆိုပြီးတော့လား မသိဘူး။ သူ့ကို ၃ မှုနဲ့ ထောင်ဒဏ် ၉ နှစ် ချတယ်ဗျာ။ ဒါမျိုးက မလုပ်ကောင်းတဲ့ အလုပ် တွေပဲ။ တရားစီရင်ရေးဟာ တရားသဖြင့် မဟုတ်ဘူးဆိုတာ ထင်ရှားနေတာပဲ။ ထားတော့ ဒါကတော့ အကျဉ်း သားတွေကို ထောင်ချတဲ့အတွက် ကျနော်ကတော့ မပြောချင်ဘူး။ များတာ နည်းတာလည်း ဂရုမစိုက်ပါဘူး။

နိုင်ငံရေးသမား ထောင်ချတာလည်း ကျနော်က သိပ်ပြီး မပြောချင်ဘူး။ နိုင်ငံရေးသမားကတော့ ထောင်ကျရင် ကျမယ် လုပ်တာပဲ။ ဒါပေမဲ့ မိသားစုကိုတော့ ဒီလောက်ကြီး မညှဉ်းဆဲကောင်းဘူးဗျ။ စဉ်းစားကြည့်လေ။ တရား သဖြင့်လည်း မဟုတ်ဘူးဗျာ။ မိသားစုကို ဒုက္ခရောက်အောင် ထပ်လုပ်တယ်။ ဒါလုပ်ကောင်းသလားဗျာ။

အောက်ဗမာပြည်က အကျဉ်းသားကို ပုသိမ်ပို့တာတို့၊ ဖျာပုံပို့တယ်။ ဘားအံပို့တယ်ဆို ထားအုံး။ နောက် အင်းစိန် ထောင်မှာ မတရားနဲ့ ထောင်ကျနေတဲ့သူတွေ များလွန်းလို့ နေရာမရှိဘူး။ နေရာမရှိလို့ အဝေးပို့ရတယ်ဆို တော် သေးတယ်။ ဘယ့်နှယ်ဗျာ အောက်ဗမာပြည်က လူကို ပူတာအိုပို့တယ်ဆိုတာတော့ တရားလွန်တာပေါ့။ ကျနော် ကတော့ ဒီလိုပဲ သဘောရပါတယ်။

မေး။ ။နိုင်ငံရေးလှုပ်ရှားတဲ့ သူတွေကို အခုလိုမျိုး နှစ်ရှည်ထောင်ဒဏ်တွေချတာ အဝေးက ထောင်တွေကို ပို့တာ တွေ လုပ်တော့ နိုင်ငံရေးလှုပ်ရှားမှုတွေက အရှိန်လျော့သွားနိုင်ပါသလား ဘဘ။

ဖြေ။ ။ မလျော့ဘူး မနည်းသွားဘူး။ ကျနော်ကတော့ စိတ်အားထက်သန်နေလို့လားတော့ မသိဘူး။ ကျနော် တော့ နည်းမယ်လို့ မထင်ဘူး။ ဘာလို့ ကျနော် ဒီလိုပြောနိုင်လဲဆိုတော့ အထောက်အထားမရှိ၊ စိတ်ကူး စိတ်သန်းနဲ့ ပြောနေတာ မဟုတ်ဘူး။ အခု ကျနော် သွားတွေ့တဲ့ မိသားစုတွေဆိုရင် တော်တော်ကို ဆင်းရဲနွမ်းပါး တဲ့ မိသားစုတွေ ဖြစ်ပေမယ်လို့ အကုန်လုံးက မျက်ရည်တပေါက် မကျဘူး။ ဘယ်သူကမှ စိတ်အားပျက်တဲ့စကား မပြောဘူး။ မိဘတွေကလည်း သူတို့ကို ထောက်ခံနေတုန်းပဲဗျ။ မိဘတွေကလည်း ဘာမှ စိတ်ပျက်တာ မရှိဘူး။

အဲဒီတော့ ကျနော်ထင်တယ် ဒီလို ထောင်ချတဲ့အတွက်နဲ့တော့ လူတွေက ပိုပြီးတောင် ထက်သန်လာတယ်။ အိမ် တအိမ်ဆိုရင် မိခင်တယောက်က ပြောတယ်။ 'အခု ကလေးတွေ ကြည့်ရတာတဲ့၊ ထောင်တွေ အရမ်းချတာ တောင်မှ ပိုတောင်မှ စိတ်အားထက်သန်နေတယ်' တဲ့။ တက်ကြွနေတယ်ပေါ့လေ။ ဆိုတော့ ကျနော်က အထောက်ထားမဲ့ ပြောတာမဟုတ်ဘူး။ ကျနော့ ကိုယ်တွေ့ပေါ့လေ။ မြင်တွေ့နေရတယ်။

ဆင်းရဲတဲ့ မိသားစုတွေထဲမှာ အားငယ်သွားခြင်း၊ အားလျော့သွားခြင်းဆိုတာ ဘာမှ မရှိဘူးဗျ။ အဲဒီတော့ ကျနော် ပြောနိုင်တယ်။ ဒီလိုထောင်ချတဲ့အတွက်နဲ့ကတော့ သူတို့ကို ဘယ်သူမှ ကြောက်မှာလည်း မဟုတ်ဘူး။ ဘယ်သူမှ လည်း ဂရုမစိုက်ဘူး။ ဘယ်သူမှ ဂရုမစိုက်ဘူးဆိုတာက အကျဉ်းထောင်ထဲမှာ ရောက်နေတဲ့ ကျောင်းသား လူငယ်တွေ မကဘူး၊ ပြင်ပမှာရှိနေတဲ့ သူတို့ မိဘတွေကလည်း ဘာမှကို ဂရုစိုက်မှာ မဟုတ်ဘူး။ ဘာမှ ကြောက် မှာ မဟုတ်ဘူး။ ဘာမှ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ပဲ ပြောချင်တယ်။

မေး။ ။ ဘဘ ဒီလို အကျဉ်းကျသူတွေရဲ့ မိသားစုတွေကို လိုက်တွေ့တော့ အာဏာပိုင်တွေဘက်က စောင့်ကြည့် တာတွေ၊ နှောင့်ယှက်တာတွေရော ရှိပါသလား ဘဘ။

ဖြေ။ ။ ဟာ အများကြီးပေါ့ဗျာ၊ အများကြီးပေါ့ဗျာ။ တနေ့က ကျနော် မြောက်ဥက္ကလာဘက်သွားတာ။ ထွက်ထား တဲ့ ကျောင်းသားလူငယ် ၁၄ ယောက်လောက်ပါတယ်။ ဒါပေမယ့်ဗျာ ကျနော်တို့ကို နောက်ကနေ အမြဲတမ်း လိုက်နေကျက ထောက်လှမ်းရေးက လူ ၂ ယောက်လောက် မော်တော်ဆိုင်ကယ် ၂ စီးလောက်ပဲ ရှိတာ။ အဲဒီနေ့ ကဆို ဆိုင်ကယ်က အားလုံးပေါင်း ၉ စီးလောက်ရှိတယ်။ နောက်ထပ် ၇ စီး ရောက်လာတယ်။ ကျနော်တို့လည်း လူတော့ နည်းနည်းတော့ များတယ်ပေါ့ဗျာ။

ဒါပေမယ်လို့ သူတို့လုပ်တာနဲ့ကို အရပ်ထဲမှာ လူတွေက ၀ိုင်းကြည့် ဘာညာနဲ့ပေါ့ဗျာ။ ဘာလို့ဆိုတော့ ဒီနေရာ၊ ဒီအိမ်မှာကတော့ အကျဉ်းကျနေတဲ့ ဘယ်သူဘယ်ဝါဆိုတာ အန်အယ်လ်ဒီက လူတွေ အိမ်ဆိုတာတွေက သူတို့ သိကြတယ်။ အဲဒီ သိတဲ့အထဲမှာ ထပ်ပြီးတော့ သူတို့တွေက မော်တော်ဆိုင်ကယ်တွေ ဘာတွေနဲ့ 'တဘွန်းဘွန်း' လုပ်တဲ့အခါကျတော့ လူတွေက ၀ိုင်းကြည့်ဘာကြည့်။

အဲဒီတော့ ကျနော်ပြောချင်တာက အကြောင်းကြောင်းကြောင့် ဆူတာပူတာတို့ လှုပ်လှုပ်ရှားရှားဖြစ်တာတို့ အော် တာဟစ်တာဖြစ်ရင် သူတို့တာဝန်က ပိုများတယ်လို့ ထင်တယ်ဗျ။ ဘာလို့ဆို ကျနော်တို့ကတော့ အကျဉ်းကျတဲ့ သူတွေ ရဲဘော်တွေ ကိုယ့်မိတ်ဆွေတွေ ဟုတ်လား။ နောက် ကိုယ့်အဖွဲ့အစည်းက လူတွေအနေနဲ့ ကျနော်တို့ သွားပြီး နှုတ်ဆက်တာပဲ အားပေးတာပဲ။ ဒါ့အပြင် မပိုဘူး။ ကျနော်တို့ အေးအေးဆေးဆေး သွားပြီးတော့ တွေ့ တယ်။ တခါတလေ ကျနော်တို့ ဒီက တယောက် နှစ်ယောက်ပဲ သွားတယ်။ တခါတလေတော့လည်း များတယ် ပေါ့ဗျာ။

ဒါပေမဲ့ သူတို့ လုပ်တာက တရားလွန်တယ်။ သူတို့လုပ်တာနဲ့ကို အရပ်ထဲမှာ ဆူတာပူတာ၊ အော်တာဟစ်တာ မဟုတ်ရရင်လည်း လှုပ်လှုပ်ရှားရှားဖြစ်တာတွေဆိုရင် ဒါ သူတို့တာဝန်ဗျ။ သူတို့တာဝန်။ တခုတော့ ရှိတယ်ပေါ့ ဗျာ။ အစိုးရ ကိုယ်၌ကလည်း တရားလွန်တယ်ဆိုတော့ သူတို့လက်အောက်က သူတို့ခိုင်းတာ လုပ်နေရတဲ့သူ တွေ၊ သူ့တာဝန်အရ သူလုပ်တာကတော့ ပိုပြီးတော့ များတော့မှာပေါ့ဗျာ။

ကျနော်ကတော့ အပြစ်မတင်ပါဘူး။ သူတို့တာဝန် သူတို့လုပ်ပေါ့။ ဒါပေမဲ့ လုပ်ပုံ ပြောပါတယ်။ အခုကျတော့ ဟိုလူက ၀ိုင်းကြည့်၊ ဒီလူက ၀ိုင်းကြည့်နဲ့ပေါ့။ တခုပေါ့၊ ကျနော်တို့ကို ၀ိုင်းပြီး ရိုက်လွှတ်ရင်လည်း ဒါကတော့ တမျိုးပေါ့ဗျာ။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် အော်ကြဟစ်ကြနဲ့ဆိုရင်တော့ သူတို့ရဲ့တာဝန်ပေါ့။ သူတို့ကို မကျေနပ်လို့ ဆူပူရင် ဒါက ကျနော်တို့ လှုံ့ဆော်တာ မဟုတ်ဘူး။

မေး။ ။ ဘဘ အခု သွားတာမှာ အန်အယ်လ်ဒီကနေ ထွက်ထားတဲ့ လူငယ်တွေလည်း ပါတယ်လို့ သိရပါတယ်။ ဒီ ထွက်ထားတဲ့ လူငယ်တွေကို ဘဘ ဘယ်လိုစုစည်းထားလဲ။ သူတို့အပေါ် ထားရှိတဲ့ ဘဘရဲ့ သဘောထားက ဘယ်လိုလဲဆိုတာ သိပါရစေရှင့်။

ဖြေ။ ။ အတွင်းက လူငယ်တွေနဲ့လည်း သွားတယ်။ မြို့နယ်ဥက္ကဋ္ဌတွေနဲ့လည်း သွားတယ်။ ဒီနေ့ဆို မြို့နယ် ဥက္ကဋ္ဌ တယောက်ပါတယ်။ ကျနော်တော့ အစုံသွားကြည့်နေတာပဲဗျာ။ ထွက်ထားတဲ့ လူငယ်ဆိုတော့ပေမယ့် လည်း ကျနော်ကတော့ ထွက်ထားတဲ့ လူငယ်လို့ သဘောမထားဘူး။ ကျနော်ကတော့ ဒါ အန်အယ်လ်ဒီအတွင်း မှာ ရှိနေတဲ့လူတွေပဲ။ ဒါတွေက ကျနော်က ဖက်ထားတဲ့ လူတွေ။ ဘာလို့လဲဆိုတော့ ကျနော်က သူတို့ ပြဿနာ တွေကို မဖြေရှင်းပေးနိုင်ဘူး။

မပေးနိုင်တော့ ကျနော်က ဖက်ထားတယ်။ မင်းတို့ ဒီကနေထွက်ချင်တာလား ဆိုတော့ မဟုတ်ပါဘူးတဲ့။ မဟုတ် ဘူးဆိုတော့ ငါတော့ မင်းတို့ကို ဖက်ထားမယ်။ မင်းတို့ဟာ ထွက်ထားတဲ့လူတွေ ဘာတွေ ပြောပြော မင်းတို့ဟာ ထုတ်ထားတဲ့လူတွေ မဟုတ်ဘူး။ မင်းတို့ကို ပြန်လည်ညီညွတ်ရေးလုပ်ရအောင် ငါ့မှာလည်း နိုင်ငံရေးသြဇာ မရှိဘူး။ အင်အားလည်း မရှိဘူး။ သို့သော် ငါထင်တယ်။ ငါမင်းတို့ကို ပိုက်ထွေးထားတဲ့ အားပဲရှိတယ်။ အဲလို လုပ်ရတဲ့အကြောင်းက ဘာလဲဆိုတော့ ဒေါ်စုလာရင် ဖြေရှင်းကြမယ်ပေါ့။ ဘာလို့ဆိုတော့ ဒေါ်စုက နိုင်ငံရေး သြဇာရှိတယ်။ အင်အားရှိတယ်။ အဲဒီ အခါကျရင် သူ့သြဇာ။ သူ့နိုင်ငံရေးအင်အားနဲ့ သူတို့ အခု ဖြစ်နေတာတွေကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျနော်ထင်တယ်။ ကျနော်က ပိုက်ထွေးထားနိုင်တယ်လို့ ကျနော် ယုံတယ်လေ။

မေး။ ။ ဒါဆိုရင် ဘဘက ဒေါ်အောင်ဆန်းစုကြည်က ပြန်လွတ်၊ မလွတ် ဆိုတဲ့အပေါ် ဘယ်လို မျှော်လင့်ချက် ထားလို့ပါလဲရှင့်။

ဖြေ။ ။ ဒါကတော့ ဟိုလူ လွတ်မယ်၊ ဒီလူ လွတ်မယ်လို့ နိုင်ငံရေးဗေဒင်ဟောတာက မကောင်းဘူးခင်ဗျ။ အရူး ဖြစ်တတ်တယ်။ နိုင်ငံရေး ဗေဒင်ဟောရင် မှားတာပဲ များတယ်။ ဖြစ်နိုင်ချေက သူတို့အစိုးအရရဲ့ အခြေအနေနဲ့က ရော၊ ကမ္ဘာက ဖိအားပေးတာနဲ့ကရော လွတ်နိုင်တဲ့ အနေအထားပေါ့ဗျာ။ ဒါကတကြောင်း။ နောက်တခုကတော့ ဦးနေ၀င်းသမီး ဒေါ်စန္ဒာဝင်း ပြန်လွတ်လာတာတွေ၊ နောက် ဦးအုန်းကြိုင်လို ပုဂ္ဂိုလ်မျိုးကို ပြန်လွှတ်လိုက်တာမျိုး။ ထောင်ချဖို့ဖမ်းတာပဲဗျာ။ ထောင်မကျဘဲ ပြန်လွတ်လာတယ်ဆိုတာ ရှားတယ်လေ။ အဲဒီ အပြင်ကို ဒေါ်စုနဲ့ ပတ်သက်ပြီး သူတို့ပြောတဲ့စကားက ရှေ့နေက အယူခံတင်တော့ သူတို့က တွေ့ခွင့်ပေးတယ်ဆို ပေးတယ်၊ မပေး ဘူးဆို မပေးဘူးပြောရင် ပြီးပြီ။ အခုက သူတို့က အစိုးရအဖွဲ့က ကိုင်တွယ်နေပါတယ်လို့ ပြောခြင်းအားဖြင့် ဒါက ရှင်းရှင်းလေးပဲ။ လွှတ်ဖို့ ကိုင်တွယ်တာလည်း ဖြစ်မယ်။ မလွှတ်ဖို့ စဉ်းစားတာလည်း ဖြစ်မယ်ပေါ့။ ဘာပဲပြောပြော အကောင်းဘက်ကပဲ စဉ်းစားကြည့်တာပေါ့။ မှားရင်လည်း မတတ်နိုင်ဘူးပေါ့ဗျာ။

မေး။ ။ ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ သူတွေကို ဘဘအနေနဲ့ ဘာများ ပြောချင်ပါလဲရှင်။

ဖြေ။ ။ ကျနော်ကတော့ အားလုံး ညီညီညွှတ်ညွှတ် လုပ်စေချင်ပါတယ်။ အသံညီရမယ်ပေါ့ဗျာ။ လုပ်နေတဲ့သူ တွေ အားလုံး တယောက်တပေါက် မဟုတ်ဘဲ တသံထဲ ထွက်မယ်၊ အလုပ်ညီမယ်ဆိုရင် ကောင်းတာပေါ့ဗျာ။ အခုက အသံမညီနိုင်သေးတော့ ပြဿနာတွေ ရှိတာပေါ့ဗျာ။ ဒါက ဒီစစ်အစိုးရကလည်း ဒီလိုဖြစ်အောင် လမ်း ကြောင်းတွေ ချနေတာဗျ။ အကွဲအပြဲတွေကို လိုက်ဖန်တီး မျိုးစေ့လိုက်ချနေတာဗျ။ ဒီတော့ ကျနော် ပြောချင်တာက အားလုံးပေါ့ဗျာ၊ ပြည်တွင်းပြည်ပက အဖွဲ့တွေ အားလုံးကို ပြောချင်တာက ကျနော်တို့ အသံညီညီ နဲ့ လုပ်ကြရအောင်လို့ပါ။


ဇာနည်
REF: မဇ္ဈိမ

Read More...

စစ်အစိုးရသံအမတ်အား ဖယ်ရှားရေး စိန်ခေါ်ချက် လက်တွေ့ကျပါ့မလား

၂၆ ဒီဇင်ဘာ ၂၀၀၈
“ပြည်တွင်းလှုပ်ရှားမှုတွေမပါဘဲ ကုလသမဂ္ဂ ဖြေရှင်းပေးမှုကြောင့် လွတ်မြောက်သွားသော နိုင်ငံဟူ၍ ကမ္ဘာပေါ် တွင်မရှိ” ဟူသည့် လူထုဦးစိန်ဝင်း၏ အသံဖိုင်ကို နားထောင်ခဲ့ဖူးသည်။ ထို့ကြောင့် လက်လှမ်းမီသမျှ ကမ္ဘာ့ အခင်းအကျင်းများကို လေ့လာကြည့်သောအခါတွင်လည်း ထိုသို့ပင်တွေ့ရသည်။ သို့သော်လည်း ကုလသမဂ္ဂ သည် မြန်မာနိုင်ငံ၏ နိုင်ငံရေး တိုးတက်ဖြစ်ပေါ်ပြောင်းလဲရေးအတွက် ဆက်လက် ကြိုးစားလုပ်ဆောင်နေသည် ကို အသိအမှတ် ပြုရပေလိမ့်မည်။

မြန်မာနိုင်ငံတွင် စစ်အုပ်စု၏ ပြည်သူအပေါ် နှိပ်စက်ကလူပြုမူနေမှုများသည် မြန်မာပြည်သူများသာမက ကမ္ဘာ့ ပြည်သူများပါ သည်းမခံနိုင်စရာဖြစ်နေသည်ကို လူသားချင်းစာနာသူတိုင်း သတိထားမိကြမည်ဖြစ်သည်။ ထို့ ကြောင့် နိုင်ငံတကာအသိုင်းအ၀န်းမှ စစ်အစိုးရအား ဖိအားပေးမှုများ၊ အရေးယူဆောင်ရွက်မှုများ ယနေ့ကာလ တွင် ဆက်တိုက်ဆောင်ရွက်နေသည်ကို တွေ့မြင်ကြရပေသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းအရေးမှုးချုပ်၏ အထူးကိုယ်စားလှယ်များနှင့် လူ့အခွင့်အရေးအထူးကိုယ်စား လှယ်များ မြန်မာနိုင်ငံသို့သွားရောက်ပြီး ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတိုးတက်ပြောင်းလဲလာစေရန် အကြိမ်ကြိမ်သွားရောက် ကြိုးစားခဲ့ကြသည်။ သို့သော်လည်း နအဖ၏ တဖက်သတ်စီစဉ်မှုအောက်တွင်သာ သွား လာလှုပ်ရှားခွင့်ရကြသဖြင့် တိုးတက်မှုမတွေ့ရဘဲ အနုတ်လက္ခဏာများသာ ဖြစ်ပေါ်ခဲ့ရပါသည်။ နအဖအစိုးရ သည် အာဏာရှင်တို့ထုံးစံအတိုင်း ၎င်းတို့အာဏာတည်မြဲရေးကိုသာ ရှေးရှုပြီး ပြည်သူလူထုအား ခြိမ်း ခြောက် ခြင်း၊ အနိုင်ကျင့်ခြင်း၊ ဖိနှိပ်ခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း စသည်တို့ကိုသာ အစဉ်တစိုက် လုပ်ဆောင်မြဲ လုပ်ဆောင် နေသည်ကို တွေ့ရသည်။

တဖက်တွင်လည်း ပြည်တွင်းပြည်ပရှိ မြန်မာ့ဒီမိုကရေစီဘက်တော်သားများကလည်း မိမိတို့တတ်စွမ်းသရွေ့ စစ် အာဏာာရှင် ဆန့်ကျင်ရေးလုပ်ငန်းများကို နည်းနာအမျိုးမျိုးဖြင့် လုပ်ဆောင်နေကြပေသည်။ ဤရက်ပိုင်းအတွင်း ကမ္ဘာ့နိုင်ငံအသီးသီးရှိ နိုင်ငံ့ခေါင်းဆောင်ဟောင်း (၁၁၂) ဦးက စုစည်းလက်မှတ်ထိုး၍ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ထံ မြန်မာနိုင်ငံအား ဖိအားပေးရန် တောင်းဆိုမှုတရပ် ထွက်ပေါ်လာသည်။ ထို့နည်းတူ အာဆီ ယံနိုင်ငံများ၏ လွှတ်တော်အမတ်များကောင်စီ (AIPMC) မှ ကမကထပြုပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေး မှူးချုပ်ထံသို့ အလားတူစာများ ပေးပို့တောင်းဆိုခဲ့ကြသည်။ ဤဖြစ်ရပ်များသည် နအဖစစ်အစိုးရအပေါ် ဖိအား ပေးရေးလုပ်ငန်းတွင် အင်မတန်ထိရောက်သည့် အရေးယူ ဆောင်ရွက်မှုများပင်ဖြစ်သည်။ ထိုကဲ့သို့သော နည်းနာ ပေါင်းများစွာ၊ လုပ်ငန်းစဉ်ပေါင်းများစွာထဲတွင် Credential Challenge သည်လည်း တခုအပါအ၀င်ဖြစ်နိုင်ပါ သည်။ စစ်အစိုးရအား နိုင်ငံတကာမှ အသိအမှတ်မပြုနိုင်အောင် ကြိုးစားခြင်းသည် ကြိုဆိုရမည့်ကိစ္စဖြစ်ပါသည်။ သို့သော် ထိုနည်းနာသည် နည်းနာပေါင်းများစွာထဲမှ တခုဖြစ်သည်ဆိုသည်ကို သတိပြုရန် လိုအပ်ပေသည်။

ထို့အပြင် စစ်အာဏာရှင်အားတိုက်ဖျက်ကြရာတွင် “မိမိတို့လုပ်ဆောင်ချက်သည်သာ အမှန်ကန်ဆုံးဖြစ်သည်၊ ထို လုပ်ဆောင်ချက်အပေါ် စစ်အစိုးရဆန့်ကျင်ရေး အင်အားစုများအားလုံး မည်သူမဆို ထောက်ခံလုပ်ဆောင်ကြရ မည်၊ မတူကွဲပြားသော စဉ်းစားချက်၊ အကြံပြုချက်များကို တင်ပြအကြံပြုပြီး မိမိတို့၏ အစီအစဉ်အား ငြင်းဆိုပိုင် ခွင့်မရှိစေရ” ဆိုသည့်အယူအဆမျိုး မထားရှိသင့်ဟု ထင်မြင်ပါသည်။ ထိုသို့ စဉ်းစားဆောင်ရွက်ကြပါက လူတဦး ချင်း တဖွဲ့ချင်းစီ၏ ပြဋ္ဌာန်းချက်နှင့် လွတ်လပ်ခွင့်များကို ထိခိုက်သွားပေလိမ့်မည်။ တဦးနှင့်တဦး တဖွဲ့နှင့်တဖွဲ့ ပုတ်ခတ်စွပ်စွဲသည့်အပြုအမူများအထိ မတော်တဆပင်ဖြစ်စေ ဖြစ်ပေါ်လာပါက ညီညွတ်ရေးကို ထိခိုက်လာစေ နိုင်ပါသည်။

မိမိ၏ယူဆချက်မှာ ကမ္ဘာ့ခေါင်းဆောင်များကြား မြန်မာ့ပြဿနာကို တင်ပြနိုင်ဖို့အတွက်မှာ ကုလသမဂ္ဂတွင် တရားဝင်ကိုယ်စားလှယ် ရှိခြင်း မရှိခြင်းဆိုသည်ထက် မိမိတို့၏ ချဉ်းကပ်နိုင်မှုနည်းနာများသည် တခုလုံး အကျိုး စီးပွားအတွက် မည်မျှထိရောက်သည် မထိရောက်သည်ကသာ အဓိကကျသည့် ကိစ္စဖြစ်သည်ဟု ထင်မြင်မိသည်။

အမျိုးသားညွန့်ပေါင်းအစိုးရသည် ပြည်ပရောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များမှ ရွေးချယ်ခန့်အပ်ထား သည်ဖြစ်ရာ Credential Challenge နှင့်ပတ်သက်၍ အမျိုးသားညွန့်ပေါင်းအစိုးရနှင့် ပြည်ပရောက် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များအကြား သဘောထားများ ကွဲပြားနေကြသည် ဆိုသည့်အဖြစ်မှာ အင်အားစုများ အကြား သို့မဟုတ် ပြည်တွင်းမှ တက်ကြွလှုပ်ရှားနေသူများအကြား နားရှုပ်စေနိုင်သော အကြောင်းအရာများဖြစ် လာစေပါသည်။

Credential Challenge အဆင့်ဆင့်နှင့်ပတ်သက်၍ ….

ပထမအဆင့်အနေဖြင့် MPU ဒု-ဥက္ကဋ္ဌမှ လက်မှတ်ရေးထိုးပြီး စက်တင်ဘာလ (၉) ရက်နေ့တွင် Credential Challenge လျှောက်လွှာကို ကုလသမဂ္ဂသို့ တင်သွင်းခဲ့သည်။ ကုလသမဂ္ဂ အထွေထွေညီလာခံ လုပ်ထုံး လုပ် နည်း ဥပဒေနှင့် ကိုက်ညီမှုမရှိသေး၍ Credential Challenge ကော်မတီသို့ တင်သွင်းရန် မပြည့်စုံသေးကြောင်း ပြန်ကြားခဲ့ပါသည်။

ပထမဦးဆုံးအဆင့်ဖြစ်သော ဤတင်သွင်းမှုနှင့်ပတ်သက်၍ ဆောင်ရွက်သူများသည် ကုလသမဂ္ဂ အထွေထွေ ညီလာခံ လုပ်ထုံးလုပ်နည်းဥပဒေများကို မသိကျိုးကျွန်ပြုပြီး တင်သွင်းခဲ့လေသလားဆိုသည်ကို မေးခွန်းထုတ် ဖွယ်ဖြစ်သည်။ သိလျက်နှင့် တင်သွင်းသည်ဆိုလျှင်တော့ အခြားသော ရည်ရွယ်ချက်များ ရှိနေသေးသလားဟု ထပ်မံမေးခွန်းထုတ်စရာဖြစ်လာပါသည်။

ဒုတိယအဆင့်အနေဖြင့် ၂၀၀၈ ဒီဇင်ဘာလအတွင်းတင်သွင်းရန် ထပ်မံကြိုးပမ်းမှုများသည် အမျိုးသားညွန့်ပေါင်း အစိုးရ၀န်ကြီးချုပ်မှ လက်မှတ်ထိုးမပေး၍ ပျက်ကွက်ခဲ့ရသည်ဟု ကြားသိကြရသည်။ ၀န်ကြီးချုပ်မှ လက်မှတ်ထိုး မပေးခြင်းဆိုသည်မှာလည်း လုံလောက်သော အကြောင်းရှိပေလိမ့်မည်။ ၀န်ကြီးချုပ်၏စဉ်းစားချက်များကို အလေးအနက်ထား၍ ထည့်သွင်း စဉ်းစားကြရမည်လည်းဖြစ်သည်။ အကြောင်းမဲ့ လက်မှတ်မထိုးဘဲ ငြင်းဆိုနေ သည်တော့ မဟုတ်တန်ရာဟု အောက်မေ့မိပါသည်။

တတိယအဆင့်အနေဖြင့် ပြည်ပရောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ညီလာခံကို ၂၀၀၉ ဇန်န၀ါရီလ ထဲတွင် ကျင်းပကြမည်။ ထိုညီလာခံတွင် Credential Challenge ကိစ္စ၌ လက်မှတ်ထိုးမည်ဟု ကတိပြုနိုင်သော သူကိုသာလျှင် ၀န်ကြီးချုပ်ရာထူးခန့်အပ်မည် ဆိုသည့်ပြောဆိုမှုများ စိတ်မကောင်းစွာ ကြားနေကြရသည်။ ထို ညီလာခံမှဖွဲ့စည်းလိုက်သည့် အစိုးရ၏ ၀န်ကြီးချုပ် (သို့မဟုတ်) နိုင်ငံခြားရေးဝန်ကြီးမှ လက်မှတ်ရေးထိုး၍ ထပ်မံ တင်သွင်းကြမည်ဟု ကြားသိနေရပါသည်။

ထိုသို့ဆောင်ရွက်ရန် သင့် မသင့်၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် လှုပ်ရှားမှုကြီးတခုလုံးအတွက် အပေါင်းလက္ခဏာ ဆောင် မဆောင်၊ ဆောင်ရွက်ကြမည့်သူများက သတိချပ်ကြဖို့ လိုမည်ဟု ထင်ပါသည်။ မဆောင်ရွက်သင့်သည် များကို ဆောင်ရွက်မိလျှင် တရှုံးအပေါ် တရှုံးဆင့်သလို ဖြစ်သွားတတ်ပါသည်။

စတုတ္ထအဆင့်အနေဖြင့် မိမိတို့တင်လိုက်သော တင်ပြချက်ကို Credential Challenge ကော်မတီက လက်ခံ စဉ်းစားပြီဆိုသည့်တိုင် Credential Challenge Committee တွင် နိုင်ငံပေါင်း (၉) နိုင်ငံ ပါဝင်ဖွဲ့စည်းထားသည် ဖြစ်ရာ မိမိတို့ဘက်မှ အမေရိကန်နိုင်ငံက ထောက်ခံရန်မှာ မသေချာလှပေ။ အစ္စရေးအရေးက သူတို့အတွက် Credential Challenge ကို ထောက်ခံရန် တံတိုင်းသဖွယ် တားဆီးနေသော ဖြစ်စဉ်တခုကို သတိမူသင့်သည်။ တရုတ်နှင့် ရုရှကတော့ သေချာပေါက် ငြင်းပယ်မည်သာဖြစ်သည်။ မဲစနစ်ဖြင့်ဆုံးဖြတ်ရာတွင် (၅) နိုင်ငံရဖို့ ဆို သည်မှာ အလွန်ခက်ခဲသော ကိစ္စရပ်ပင်ဖြစ်သည်။

ပဉ္စမအဆင့်အနေဖြင့် (၅) နိုင်ငံမှ ထောက်ခံ၍ အထွေထွေ ညီလာခံသို့ရောက်ရှိသွားခဲ့သော် မည်သို့ဖြစ်လာမည် နည်း။ ၂၀၀၈ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီ အစည်းအဝေးတွင် မြန်မာပြည် လူ့ အခွင့်အရေးချိုးဖောက်မှုနှင့်ပတ်သက်၍ ကြေညာချက်တစောင် ထုတ်ပြန်ရန်အတွက် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ (၈၉) မဲ၊ ကန့်ကွက်မဲ (၂၉) နှင့် ကြားနေ (၆၃) မဲရရှိခဲ့သည်။ ထောက်ခံမဲမှာ (၅၀) ရာခိုင်နှုန်းမပြည့်ခဲ့ပေ။ လူ့ အခွင့်အရေးချိုးဖောက်မှုမှတ်တမ်း ညံ့ဖျင်းလှသည်ဟု နာမည်ကြီးနေသော စစ်အစိုးရ၏လုပ်ရပ်များကို ဝေဖန် အကြံပြုလွှာ အပေါ်မှာပင် အဖွဲ့ဝင် (၁၈၂) နိုင်ငံအနက် (၈၉) နိုင်ငံကသာ ထောက်ခံခဲ့သည်မှာ အားရစရာမရှိလှ ကြောင်းကို ညွှန်ပြနေပေသည်။ စစ်အစိုးရအား ကုလသမဂ္ဂထိုင်ခုံမှ ဖယ်ရှားခြင်းဆိုသည့် ခေါင်းစဉ်အတွက်ဆို လျှင် ကြားနေမဲပေးခဲ့သည့် (၆၃) နိုင်ငံသည် ဆက်လက်၍ ကြားနေမဲပေးကြပါဦးမည်လော။ စဉ်းစားသင့်ပါသည်။ ထိုနိုင်ငံများသည်လည်း သူတို့၏ သီးခြားပြဿနာများ ကိုယ်စီ အသီးသီးရှိနေကြပါသည်။ မထောက်ခံချင်၍ ကြား နေသည်ဆိုသည်ကို သတိမူသင့်သည်။ ပို၍အရေးကြီးသော Credential Challenge လို ကိစ္စများအဖို့ဆိုလျှင် ကြားမနေတော့ဘဲ ကန့်ကွက်သည်ဆိုသောအဆင့်သို့ ပြောင်းသွား မပြောင်းသွားကို မည်သူမျှ အတတ်ပြောနိုင် လိမ့်မည်မဟုတ်ဟု ထင်ပါသည်။

ကျွမ်းကျင်သော ဥပဒေပညာရှင်များနှင့် နိုင်ငံရေးအကဲခတ်သမားများ၏ အကြံပြုချက်မှာ ညွန့်ပေါင်းအစိုးရ ၀န်ကြီးချုပ်လက်မှတ်ထိုးခြင်း မထိုးခြင်း၊ နိုင်ငံတခုမှ လက်ခံလက်မှတ်ထိုးခြင်း မထိုးခြင်းသည် အရေးကြီးသော ဖြစ်စဉ်တခုမဟုတ်ဘဲ အတိုက်အခံအင်အားစုများနှင့် နိုင်ငံတကာအင်အားစုများက နိုင်ငံရေးအရ ထောက်ခံမှု များ လေလေ Credential Challenge အပေါ် နိုင်ငံရေးသြဇာသက်ရောက်မှု ကြီးလေလေဖြစ်သည်ဟု ဆိုကြသည်။

အထက်ပါအကြောင်းအချက်များကို ဆန်းစစ်ကြည့်ခြင်းဖြင့် Credential Challenge သည် လက်တွေ့ကျသော နိုင်ငံရေးထိုးနှက်ချက်တခု ဖြစ်နိုင် မဖြစ်နိုင်၊ မိမိတို့အတွက် အောင်ပွဲ ရနိုင် မရနိုင် ဆိုသည့်မေးခွန်းများမှာ အမှန် တကယ် ဖြေကြားကြရမည့်မေးခွန်းများ ဖြစ်လာပါတော့သည်။

တဖက်တွင် ကုလသမဂ္ဂက ယနေ့အချိန်တွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ တွေ့ဆုံနွေး နွေးအဖြေရှာခြင်းကိုသာ ဆက်လက်ကြိုးပမ်းနေဆဲဆိုသည်ကိုလည်း အထူးသတိချပ်သင့်ပေသည်။ စစ်အစိုးရကို နေရာမှ လုံးဝဖယ်ရှားပစ် ရေးထက် စကားပြောဖက်အဖြစ် တက်လှမ်းလာရေးကို ပို၍အားစိုက်နေကြောင်း သတိချပ်သင့်ပါသည်။

ယနေ့အချိန်သည် မြန်မာနိုင်ငံအတွက် အရေးကြီးသော အပြောင်းအလဲတရပ်သို့ ဦးတည်နေသည့် အချိန်ကာလ ဖြစ်သည်ဆိုသည်ကို အားလုံးလက်ခံနိုင်ကြမည်ထင်ပါသည်။ ထိုသို့သောအခြေအနေအောက်တွင် ပြည်တွင်းပြည် ပညီညွတ်မှုကို အစွမ်းကုန် တည်ဆောက်ကြရမည်လည်းဖြစ်သလို နည်းလမ်းပေါင်းစုံဖြင့် တိုက်ပွဲဆင်ကြရာတွင် လည်း အပြန်အလှန်အသိအမှတ်ပြု အပြန်အလှန်တန်ဖိုးထားပြီး လက်တွဲဆောင်ရွက်၍ ရသမျှလုပ်ငန်းတိုင်းတွင် လက်တွဲဆောင်ရွက်ကြရမည်လည်းဖြစ်ပါသည်။

လက်ရှိအခြေအနေတွင် ပြည်သူတို့၏မဲများကို အတင်းလုယူ၍ အတည်ပြုခဲ့သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ မူကြမ်းကို အသက်သွင်းနိုင်ရေးအတွက် ၂၀၁၀ ရွေးကောက် ပွဲဆိုသည်ကို ဇွတ်ကျင်းပရန် နအဖအစိုးရက စီမံ ဆောင်ရွက်နေပြီဖြစ်သည်။ ၎င်းဆောင်ရွက်ချက်များသည် ၉၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရပါတီများနှင့် ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အပြီးအပိုင်ဖျက်သိမ်းပစ်ရန် စစ်အစိုးရ၏ ကြံရွယ်အားထုတ်ချက်များဖြစ်သည်။

အကျိုးဆက်အဖြစ် မြောက်များလှစွာသောစိန်ခေါ်ချက်များကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပါအ၀င် ပြည် တွင်းအတိုက်အခံ အင်အားစုအားလုံး ရင်ဆိုင်နေကြရပြီဖြစ်သည်။ ဤကဲ့သို့သောအခြေအနေမျိုးတွင် မည်သည့် လုပ်ရပ်တစ်ခုကို ဆောင်ရွက်သည်ဖြစ်စေ မိမိတို့ အင်အားစုတစ်ခုလုံးအတွက် သို့မဟုတ် ဒီမိုကရေစီအရေး လှုပ် ရှားမှုကြီးတစ်ခုလုံးအတွက် အကျိုး ရှိ မရှိ၊ အပေါင်းလက္ခဏာ ဆောင် မဆောင်ဆိုသည့် ပေတံဖြင့်သာ ချင့်ချိန် တိုင်းတာ ဆောင်ရွက်သင့်သည်ဟု စဉ်းစားမိပါသည်။ တစ်ဦးစီတိုင်း၏ ဆောင်ရွက်မှုတိုင်းသည် တစ်ခု လုံးဆိုင်ရာ ဆောင်ရွက်ချက်ကို အထောက်အကူပြုနေရမည်ဖြစ်သည်။ တစ်ဖွဲ့ချင်းစီ၏ ဆောင်ရွက်ချက်တိုင်းသည် တစ်ခုလုံး ဆိုင်ရာဆောင်ရွက်ချက်ကို အထောက်အကူပြုနေရမည်ဖြစ်သည်။ ဤစဉ်းစားနည်းများသည် နိုင်ငံတစ်ခုကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်နေသူများအဖို့ ကိုင်စွဲကြရမည့် အခြေခံအကျဆုံးသော လုပ်ထုံးလုပ်နည်း များဖြစ်သည်ကို အင်အားစုအားလုံး မည်သူမဆို လက်ခံနိုင်လိမ့်မည်ဟု ရိုးသားစွာယုံကြည်မိပါသည်။


နိုင်ကျော်
REF: ခေတ်ပြိုင်

Read More...

နွှေစဉ်သတင်းများ

ထိုင်း-မြန်မာ ဆက်ဆံရေးသစ် စတင်တော့မည်လော
၂၀၀၉ တွင် အနောက်ဖိအား ပိုများလာနိုင်
ပဲခူးထောင်တွင် နိုင်ငံရေးအကျဉ်းသားတဦး သတ်သေမှုဖြစ်
နေပြည်တော်က မကြာမီ သတင်းစာ ထုတ်ဝေမည်
မူဆယ်တွင် လုယက်မှုများ ဆက်တိုက်ဖြစ်နေ
အင်အားစုများ ညီညွတ်ရန် စီအာပီပီ တိုက်တွန်း
အစိုးရ မကူညီသဖြင့် ငါးလုပ်ငန်းကို ခက်ခဲစွာ လုပ်ကိုင်နေရ
ကလေးမြို့တွင် အိန္ဒိယနိုင်ငံသားတဦး သေနတ်နှင့် ပစ်သတ်ခံရ
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အဖွဲ့ ဆိုင်ကလုံးဒဏ်ခံ ဒေသသို့ သွားရောက်မည်
စစ်အစိုးရက ဘိန်းစိုက်ခိုင်းနေဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ပြောဆို

Read More...

Tuesday, December 23, 2008

နေ့စဉ်သတင်းများ

ကျောင်းသားခေါင်းဆောင် ကိုသက်ဇော် အစာငတ်ခံ ဆန္ဒပြ
နာဂစ်ကူညီရေး ပြုလုပ်သူ အမျိုးသမီး ထောင်တွင်း၌ ကျန်းမာရေးဆိုးဝါးနေ
တခါသုံး ဖုန်းကတ်များ ဈေးနှုန်း အဆမတန်မြင့်တက်
မြန်မာ့အလင်း သန်းညွန့် ကွယ်လွန်
လူ့အခွင့်အရေး အချိုးဖောက်ခံရဆုံး ၁၀ နိုင်ငံတွင် မြန်မာပါဝင်
၂၀၀၈ ခု ဒီမိုကရေစီရေးညွှန်းကိန်း ဆန်းစစ်ချက် မြန်မာနောက်ဆုံးနီးပါးရ
စစ်အစိုးရ ကြိုရေးတာဖတ်ရသည့် ကျေးဇူးတင်စကား
၂၀၀၉ ခုနှစ်မှာ အမေရိကန် အလုပ်အကိုင် ၁,၀၀၀,၀၀၀ ဆုံးရှုံးနိုင်
မွမ်ဘိုင်းသေနတ်သမား ပါကစ္စတန် သံအမတ်ကို တွေ့ခွင့်တောင်း
လူသားကပ်ဘေး ကျရောက်မှု ၁၀ နိုင်ငံစာရင်းထဲ မြန်မာနိုင်ငံ ပါဝင်
မင်းသား ကျော်သူ ၀ါဒဖြန့် ဇာတ်ကားများ မရိုက်တော့
နေပြည်တော်မှာ သတင်းစာထုတ်တော့မည်
ဇာဂနာ၏ အနုပညာအကြောင်း ဂေါ်ဇီလာ ပြန်ပြောင်းပြောဆို
မြန်မာနိုင်ငံအလယ်ပိုင်း အဝေးပြေးယာဉ်များ စီးပွားရေးကျဆင်း

Read More...

Monday, December 22, 2008

မဟာဗျူဟာမြောက် အမှားများ

အလုပ်လုပ်ရင် အထူးသဖြင့် ပုဂ္ဂိုလ်ရေး ရည်မှန်းချက် အတွက်သော်လည်းကောင်း၊ အဖွဲ့အစည်း ရည်မှန်း ချက် ပေါက်မြောက်အောင်မြင်ရေး အတွက်သော် လည်းကောင်း၊ ကျားကုတ် ကျားခဲ အလုပ်လုပ်သူများ၏ ဘဝတွင်( အနည်းအများ အတိုင်းအထွာသာ ကွာမည် ) အမှား ကျူးလွန်မိကြ၊ ပြုမိကြသည်မှာ ခွင့်မလွှတ် နိုင်သည့် အမှားတော့ မဟုတ်ပါ၊ သို့သော် အမှားများထဲ ခေါင်းပြန်ထူရန် ခက်ခဲသည့် အမှားကတော့ သိ၍ ဖြစ်စေ မသိ၍ ဖြစ်စေ မမှားသင့်သည်က မဟာဗျူဟာမြောက်အမှားပင် ဖြစ်ပေသည်။

မဟာဗျူဟာကို သံခိပ်ပြုသော် ရှေ့မှာဖြစ်လာနိုင်သည့် အမှား သို့မဟုတ် စီမံကိန်းကို တွက်ဆ၍ လက်ငင်း ပြင်ဆင် တင်ကြိုကာ နောင်မည်သို့ လုပ်ဆောင်မည်ကို ( Large Scale Action Plan ) ၊ စီမံကိန်း ရေးဆွဲခြင်း ပင် ဖြစ်သည်။

Author of strategies planning workbook for non-profit organization ရေးသားသူ ဘရိုင်ယန် ဒဘ လျူ ဘယ်ရီ၏ စာအုပ်တွင် မဟာဗျူဟာနှင့် နည်းဗျူဟာ ရေးဆွဲသူကို ယခုလို ဆွေးနွေးဖူးသည်၊ အဖွဲ့စည်း တခု ရည်မှန်းချက်တခုအတွက် နည်းဗျူဟာရေးဆွဲရာတွင် ရှေ့တွင်ဆောင်ရွက်မည့် စီမံကိန်းကို တိုက်ရိုက် တင်ကြိုပြင်ဆင် ထားရမည်၊ ထိုဗျူဟာ၏ ရည်မှန်းချက်ပန်းတိုင်ကို ပြီးပြည့်စုံ အောင်မြင်စွာ ရောက်ရှိရန် အလုံးစုံသော နည်းလမ်းများဖြင့် ဝါယမပြုနိုင်မှာသာ မကြာမီ လိုရာခရီးသို့ မသွေရောက်ရှိမည်ဟု ဆိုထား သည်။

အဖွဲ့စည်းတခု၏ ရှင်သန်ရေးသည် ၄င်းအဖွဲ့စည်းတခု၏ မဟာဗျူဟာမြောက် အစီအမံ အပေါ်တိုက်ရိုက် တည်မှီနေသည်မှာ ထင်ရှားသည်၊ မှန်ကန်တဲ့ မဟာဗျူဟာကို ချမှတ်ဆောင်ရွက်တဲ့ အဖွဲ့အစည်းသည် ရှေ့ဆက်တည်တံ့ ခိုင်မြဲပြီး ကြီးထွား စည်ပင်၍ မှန်းချက်ပန်းတိုင်သို့ ချိန်သားကိုက် ရောက်၏၊ မှားယွင်းသော ဗျူဟာ ချမှတ်သူတို့သည် ရေရှည်မှာချိနဲ့ပြီး အဆုံးတွင် မှေးမှိန်ပျောက်ကွယ် သွားရမည်မှာ အထင်အရှားပါ။

အနီးဆုံး ဖြစ်မဲ့ ဖြစ်ရပ်များထဲက အားလုံးသိနိုင်အောင် “အစ”ဆွဲထုတ်ပြရယင် အမေရိကန်သမတ ဂျော့ရှ် ဒဘလျူဘုရှ်နဲ့ ကားကုမ္မဏီများဖြစ်တဲ့ ဂျင်နရယ်မော်တာ၊ ဖို့ဒ်၊ ခရိုက်စလာတို့ အကြောင်းပဲ ဖြစ်ပါတယ်၊ အဲတာနဲ့ ဆက်စပ်လို့ ဂျပန်အကြောင်းနဲနဲ ဆက်စပ်ပြောရဦးမယ်။

၁၉၇၀ -၈၀ ခုနှစ်ပြည့်နှစ်များဆီက ဓါတ်ဆီဈေး၊ သံဈေးများ ပေါစဉ်၊ ကမ္ဘာဈေးကွက်မှာ နည်းပညာအရ အခု လောက်လဲ တိုးတက်မှုမရှိ၊ ပြိုင်ဆိုင်သူ အခုလောက်လဲ မများသေးဖူး၊ ဂျပန်က ကားကုမ္မဏီ၊ လျှပ်စစ်ကုမ္မဏီ နဲ့ အခြားကုမ္မဏီတွေဟာ ကမ္ဘာဈေးကွက်မှာ ဖြစ်နိုင်ချေ၊ ကြုံတွေ့နိုင်စရာ ရှိလာနိုင်တာတွေကို မျှော်တွေးပြီး၊ ကုမ္မဏီတခုခြင်းအနေနဲ့ရော တိုင်းပြည်တခုလုံး၏ စီးပွားရေး ဖွံ့ဖြိုးရေးအတွက်ပါ နှိုင်းနှိုင်းဆဆ Total Quality Management (TQM) ကို မဟာဗျူဟာ ချမှတ်ရေးဆွဲပြီး ဂျပန်ကုန်ပစ္စည်းတွေကို ကမ္ဘာဈေးကွက် ကို တင်သွင်းစေခဲ့တယ်။

TQM ဟာ အခြေခံအားဖြင့် စစ်ပြီးခေတ် ဂျပန်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးဖို့ ရည်ရွယ်ပြီး အမေရိကန် သင်္ချာ ပညာရှင်တဦးဖြစ်တဲ့ ဒဘလျူ အက်ဒဝပ် ဒန်မင်းနဲ့ ဂျိုးဇက် အမ် ဂျူနန် တို့ကို ၁၉၈၂ခုနှစ်မှာ ဂျပန်နိုင်ငံကို ခေါ်သွင်းလာပါတယ်၊ သူတို့ နှစ်ဦးရဲ့ အခြေခံအယူအဆက Fitness for use လို့ ခေါ်တဲ့ စားသုံးသူ တကယ့် လိုအပ်ချက်များကို အရည်အသွေးမှီမှီ ထုတ်လုပ်ဖို့ပဲ ဖြစ်ပါတယ်။

ဒီရည်မှန်းချက် ပြီးမြောက်အောင်မြင်ဖို့ သူတို့ ၂ဦး ချမှတ်ခဲ့တာကတော့ …..

Make continues improvement a priority - ထုတ်ကုန် ပစ္စည်းများအား ကျေနပ်ရောက်ရဲ့မှု မရှိပဲ အသေးငယ်ဆုံး အစိတ်ပိုင်းဖြစ်ပါစေ အရည်အသွေး တိုးတက်ကောင်းမွန်အောင် စဉ်ဆက်မပြတ် နေရာတိုင်း အချိန်တိုင်း လုပ်ဆောင်နေဖို့။

Get every employee involved - အဆုံးမသတ် တိုးတက်မှုအတွက် အဖွဲ့ဝင်အားလုံးဟာ ကျစ်လစ်ခိုင်မာ ဟန်ချက်ညီတဲ့ အခြေခံလုပ်ဆောင်မှု၊ အပြန်အလှန် လေးစား၊ ယုံကြည်မှု ။

Listen to and Learn from customers and employees - စားသုံးသူနှင့် အဖွဲ့ဝင်များ၏ တောင်းဆိုမှု တုန့်ပြန်သံအား နားဆင် အရေးယူဆောင်ရွက်မှု။

Use accurate standard to identify and eliminate problems - တီကျူအမ် ကုမ္မဏီများဟာ သူတို့ရဲ့ ပြိုင်ဖက်ကုမ္မဏီထက်ကို ဘယ်လိုကောင်းမွန်အောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ နားလည်ပြီး၊ ရလဒ် တိုင်းကို အကဲဖြတ်ဖို့ စံသတ်မှတ်နှုန်းတွေ ထားရှိပြီး ပြဿနာတွေကို ဖယ်ရှားကာ ပိုမိုကောင်းမွန်အရည် အသွေးတွေကို စားသုံးသူတွေဆီ ပို့ပေးနေတော့ တာပါပဲ။

ဒီအကျိုးဆက်တွေဟာ ဒီအချိန် ဈေးကွက်မှာ ဈေးပေါပြီး အရည်အသွေးမမှီတဲ့ ဂျပန်ကုန်ပစ္စည်းတွေဟာ ရေရှည်မှာဈေးချိုပြီး ခိုင်ခန့်အရည်သွေးမှီ ပစ္စည်းအဖြစ် ရောက်ရှိလာခြင်းပါပဲ၊ ဈေးကွက်တူတဲ့ ပြိုင်ဖက် အမေရိကန်နိုင်ငံမှာတောင် ဈေးချိုတယ်၊ ခိုင်ခန့်တယ်၊ ဆီစားသက်သာတယ်၊ ရေရှည်ခိုင်ခန့်တယ် ဒီလို နေရာချဲ့ ယူလာယင်းကနေ အမေရိကန် ကားဈေးကွက်မှာ စားသုံးသူက ဟွန်ဒါ၊ တိုယိုတာ၊ နီဆန်း နံပါတ် (၁) သတ်မှတ် လာပြီး အီလက်ထရောနစ် ဈေးကွက်မှာတော့ ဆိုနီ၊ ပင်နိုဆောနစ်တို့ ထိပ်တန်း အမှတ် တံဆိပ်တွေ ဖြစ်လာပါတော့တယ်။

နောက်ထပ် ဂျပန်တို့ရဲ့ မဟာဗျူဟာမြောက် စီမံကိန်းတခုကတော့ တိုယိုတာရဲ့ ဟိုက်ဘတ်စီမံကိန်းပါပဲ၊ ၁၉၉၀ ခုနှစ် ဓါတ်ဆီတဂါလံ ဒေါ်လာ ကျပ်မပြည့်သေးခင်မှာပဲ တိုယိုတာ ထိပ်တန်း အုပ်ချူပ်သူတွေ ဖြစ်တဲ့ ကတ်ဆူယာကီ ဝါတာနာဘေး၊ ယိုရှီယို ကင်ဘာနာ၊ အအိဂျိ တိုယိုဒါ တို့ဟာ အမေရိကန် လူလတ်တန်းစား တို့ ပြောင်းလဲလာမဲ့အရေး၊ ဓါတ်ဆီဈေးတွေ ထိုးတက်လာပြီး၊ လေထုညစ်ညမ်းမှုတွေ ဖြစ်ပေါ်လာမှုတွေကိုပါ တွက်ဆပြီး၊ အခုအမေရိကားမှာ လူကြိုက်များနေကြတဲ့ ဓါတ်ဆီတဝက်၊ လျှပ်စစ်တဝက် မောင်းနှင်တဲ့ တိုယို တာ “Prius” Hybrid ကို စီမံကိန်းချ ဆောင်ရွက်ခဲ့ခြင်းပါ၊ ဒါဟာ အနာဂါတ်ကို မှန်းဆလို့ မှန်ကန်စွာ ချမှတ်ခဲ့ တဲ့ တိုယိုတာရဲ့ မဟာဗျူဟာမြောက် ထင်ရှားတဲ့ ပြယုဂ်တခုပါ။

ဒီအချိန်က လျှပ်စစ်ကားဈေးကွက်ကို ပမာမခန့်ပြုလုပ်ခဲ့တဲ့ အခြားကုမ္မဏီတွေကတော့ အခုချိန်မှာ အိပ်မှုံ စုံမွှားနဲ့ တိုယိုတာနောက်က လိုက်နေဆဲပါ၊ ကမ္ဘာ့စီးပွားရေးလောကမှာ ဂျပန်ုလိုက်မမှီတဲ့ ဈေးကွက်တခု ကျန်ရှိနေသေးပါတယ်၊ ဒါက Retailing လို့ခေါ်တဲ့ လူအများစု နေ့စဉ်လိုအပ်နေတဲ့ စားသုံးကုန်ပစ္စည်းတွေကို လျှင်မြန်စွာနဲ့ ဈေးသက်သက်သာသာ ရောင်းချနိုင်သည့် လုပ်ငန်းနယ်ပယ်ပဲ ဖြစ်ပါတယ်။

ဒါနဲ့ ပါတ်သက်လို့ အမေရိကန်ကုန်တိုက်ကြီး Wal-Mart ထူထောင်တဲ့ ဆမ်ဝေါလ်တွမ်နဲ့ ဒေးဗစ် ဂလပ်(စ်) { မိုက်ခရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ်ကို ကွန်ပျူတာဟုဆိုလျှင် ကွန်ပျူတာ အရှင်သခင် အဖြစ် ကမ္ဘာ အဝှမ်းမှ လူအများသိရှိသော်ငြားလည်း၊ Supply Chain System အခြေခံစားသုံးကုန်ပစ္စည်းများကို လျှင်မြန် စွာ ဈေးသက်သာစွာ ဝယ်ယူနိုင်သော စနစ်တီထွင်သူ ဒေးဗစ်ဂလပ်ကိုတော့ လူသိနဲလှပေသည်။} က အောက်ဖေါ်ပြသလို ရှင်းပြပါသည်။

ဝေါလ်မတ် စတိုးလုပ်ငန်း စတုန်းကဆို သေးသေးလေးပါပဲ၊ Sear ( ဆီးယား ) တို့ ( K- Mart ) ခေမတ် တို့နဲ့ ယှဉ်လိုက်ရင် အချိန်တိုတိုအတွင်းမှာပဲ ဈေးကွက်မှာ အလွယ်တကူ ပျောက်သွားမဲ့ အနေအထားမှာ ရှိပါ တယ်၊ ဝေါမတ်ရဲ့ Vision ကတော့ စားသုံးသူကို ဈေးသုံးချိုသာစွာ ရောင်းချရေး ( Discount ) ပါပဲ၊ ဝေါမတ် စတင်ကာစ ၁၉၆၀ ခုနှစ်များမှာ ဒီလိုဈေးချရောင်းဖို့ မဖြစ်နိုင်ပါဖူး၊ ကုန်ပစ္စည်းတွေကို ပွဲရုံတွေ ဒိုင်တွေက ချုပ် ကိုင်ထားပါတယ်၊ သူတို့ဆီကမှ တဆင့်ခံဝယ်လို့ရောင်းချရယင် ဝေါမတ်အနေနဲ့ ဘယ်လိုမှ ပြိုင်ဖက်တွေကို အနိုင်ယူနိုင်မှာ မဟုတ်ပါဖူး။

ဒီတော့ မဟာဗျူဟာမြောက် လုပ်ငန်းစဉ် (၃) ရပ် ကို ဝေါလ်မတ် ချမှတ်ရာ

ပထမဆုံးအနေဖြင့် ဝေါမတ်ကုန်ပစ္စည်း သိုလှောင်ဖြန့်ဖြူးရေး ဋ္ဌာနချုပ်တွင် ၁၂မိုင်ရှည်လျားသော ကုန်ပစ္စည်း သယ်ယူသော ကွန်ဗေယာဘဲလ် ခေါ်သော စက်နှင့် လည်ပါတ်နေသော အလွယ်တကူ ကုန်ပစ္စည်းသယ် ခါးပါတ်ကြိုး ထားရှိသည်။

ဒုတိယ အချက်အနေဖြင့် ကမ္ဘာအရပ် ကုန်ပစ္စည်းတွေကို ဝေါမတ်အနေဖြင့် စက်ရုံ၊ အလုပ်ရုံများဆီ တိုက် ရိုက် သွားရောက်ဝယ်ယူကာ ဝေါမတ်ပိုင်ကုန်တင်ကားများနဲ့ အရောင်းဆိုင်များဆီ တင်ပို့ ဖြန့်ချီပါတယ်။

နောက်ဆုံးအချက်အနေနဲ့ ဝေါမတ်ရဲ့ အင်ဖေါ်မေးရှင်း တက္ခနိုလော်ဂျီ အဆင့်မြှင့်ပြီး Wal-Mart on perpetual system လို့ ခေါ်တဲ့ Accounting Inventory System ကုန်ပစ္စည်း အဝင်အထွက် စာရင်း မှတ် တမ်းများကို ချက်ခြင်းလက်ငင်း သိမ်းဆည်း ဖြန့်ဝေခြင်းစနစ်ကို ကျင့်သုံးပါတယ်။ အကျိုးဆက်ကတော့ ဝယ်ယူတဲ့ စားသုံးသူတဦးဟာ ဝယ်ယူလို့ ပိုက်ဆံရှင်းလိုက်တာနဲ့ အဲဒီပစ္စည်းထုတ်လုပ်တဲ့ စက်ရုံက ကွန်ပြူတာဖန်သားပြင်ပေါ်မှာ ဝေါမတ်ကို ပို့ပေးရမယ်ဆိုတာနဲ့ ဝေါမတ်က စားသုံးသူတွေက ဘယ်ပစ္စည်းကို ကြိုက်တယ်၊ ဘယ်လောက်များများ ဝယ်တယ်၊ ဘယ်ပစ္စည်းက ဘယ်ဆိုင်မှာ ဘယ်လောက်ကျန်သေးတယ်၊ ဘယ်ဆိုင်ကိုတော့ များများပို့ပြီးပြီ၊ ဘယ်ဆိုင်ကိုတော့ ဘယ်ပစ္စည်းလျော့ပို့ရမယ်ကို ဝေါမတ်ရဲ့ တာဝန်ရှိ စီမံ ခန့်ခွဲသူများဟာ စက္ကန့်နှင့် အမျှသိနေခြင်းဖြင့် စားသုံးသူ လိုအပ်သလောက်ကို ကွက်တိရောင်းချခြင်းဖြင့် ရောင်းချကုန် ချကုန်ပစ္စည်းများရဲ့ လှစ်ဟာမှု အစုစုကို ဖါထေးနိုင်ခဲ့မှုဖြင့် ဝေါမတ်ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဈေးနှုန်းချိုသာစွာ ရောင်းချနိုင်ရေးကို လုပ်ဆောင်နိုင်ခဲ့ပြီး တဖက်မှာလဲ အမြတ်အစွန်းများစွာ ရရှိပြီး ပြိုင်ဖက် များအားလည်း ဈေးကွက်မှ ဖယ်ရှား အနိုင်ယူနိုင်ခဲ့သော အမေရိကန်နိုင်ငံ၏ ဈေးကွက်မဟာဗျူဟာဖြင့် ဦးဆောင်ခဲ့သော ကုမ္မဏီဖြစ်သည်။

မဟာဗျူဟာ မှန်ကန်စွာ ချမှတ်နိုင်တဲ့ ဂျပန်ကားကုမ္မဏီတွေ ဝေါလ်မတ်တို့ အောင်ပွဲအသီးအပွင့် ဆွတ်ခူးနေ ချိန်မှာ အမေရိကန်ကား ကုမ္မဏီတွေကတော့ ကမ္ဘာမြေကနေ ပျောက်ကွယ်ဖို့အတွက် အသက်ငင်နေကြပါ တယ်။

အဓိက အခြေခံ အကြောင်းတရားများကတော့
• (၁) အမေရိကန်များရဲ့ Stereo Type ပါ ( အမေရိကန်တွေဟာ ထုထည်ကြီးမားတဲ့ ကောင်းပေ့ ညွှန့် ပေ့အရာတွေကို Style အဖြစ် သုံးစွဲကြပါတယ် )
• (၂) အမေရိကန်အစိုးရရဲ့ စီးပွားရေးအမြင်နဲ့ သဘောတရားပါ၊ { အစိုးရအနေနဲ့ သူ့နိုင်ငံသားတွေ ကားများများကို အကြိမ်ကြိမ်များများ ဝယ်စီးမယ်ဆိုရင် အစိုးရဝင်ငွေ များများရမယ်၊ လူတွေ အလုပ်လက်မဲ့ ဖြေရှင်းနိုင်မယ် ဒီလို သဘောထားပုံ ရပါတယ် }
• (၃) အမေရိကန်က ဂျပန်လို Hybrid လျှပ်စစ်ကားကို ထုတ်မယ်ဆိုယင် ဂျပန်တွေ မထုတ်နိုင်ခင် ကတည်းက ထုတ်လုပ်နိုင်ပါတယ်၊ အမေရိကား စီးပွားရေးအပေါ် ရေနံကုမ္မဏီကြီးတွေရဲ့ သြဇာ သက်ရောက်မှု လွှမ်းမိုးနိုင်မှုအားကြီးမားတာဟာ လျှပ်စစ်ကားတွေ မထုတ်လုပ်ဖို့ သွယ်ဝိုက်ပြီး တားမြစ်ချက်တွေပါပဲ။

အားလုံးကို ချုပ်လိုက်တဲ့အခါ အမေရိကားက ကားကုမ္မဏီတွေက အနာဂါတ်ဖြစ်လာမဲ့ အရေးတွေကို သုံး သပ်ဆင်ခြင်ပြီး ပြင်ဆင်ပြောင်းလဲတာတွေကို မလုပ်တော့ပဲ ကားတစင်းကို ၄၊၅၊၆ နှစ်ပဲ ခံအောင် ထုတ်လုပ် ပြီး အစိုးရနဲ့ ရေနံကုမ္မဏီတွေ အလိုကျ လူတယောက် ကားတစီး၊ ၅နှစ်ပြည့်လျှင် နောက်တစင်းဝယ်ရေး မဟာဗျူဟာကို ချမှတ်လိုက်ပါတော့တယ်။

အကျိုးဆက်အနေနဲ့ အခြေအနေတွေ ပြောင်းလဲလာတဲ့အခါ အမေရိကန်ကားကုမ္မဏီတွေ အပြောင်းအလဲ နောက်ကို မလိုက်နိုင်တော့ပါဖူး၊ စီးပွားရေးကြပ်တည်းချိန်နဲ့ကလဲ ချိန်သားကိုက် လာကျနေတော့ အမေရိ ကန်လူမျိုးတွေ ၅နှစ် ကားတစီး ဝယ်မစီးနိုင်တော့ပါဖူး၊ ဓါတ်ဆီဈေးတွေ တက်လာတယ်၊ သံဈေးတွေ တက် လာတယ်၊ အမေရိကန် ပညာတတ်လူတန်းစားတွေ အဆတိုး ပွားများလာတော့ လေထုညစ်ညမ်းမှုအတွက် အသံတွေ ကျယ်လောင်လာတယ်၊ အမေရိကန်ကားတွေ မကောင်းဖူး၊ ဆီစားတယ်၊ အရည်သွေးမကောင်းဖူး၊ ပျက်လွယ်တယ်ဆိုတာတွေကတော့ အမေရိကန်တွေ ကိုယ်တိုင် ပြဋ္ဌာန်းလိုက်တဲ့ ကားပညတ်ချက်တွေဟာ အမေရိကန်တွေ ကိုယ်တိုင် ကျောခိုင်းဖို့ ဖြစ်လာရတော့ပါတယ်။

အခုဆိုယင် အဲဒီ ကားကုမ္မဏီတွေရဲ့ ရှင်သန်မှုဟာ အမေရိကန်နိုင်ငံသားတွေရဲ့ အခွန်တော်ငွေကနေ ချေး ပေးမဲ့ အစိုးရရဲ့ Bailout အပေါ် တည်မှီနေရမဲ့အထိ ဖြစ်လာရပါတယ်။

သမတဘုရှ် အစိုးရရဲ့ မဟာဗျူဟာအမှားကတော့ အမေရိကန်ယဉ်ကျေးမှုကို ပြောင်းရမယ်ဆိုပြီး စီးပွားရေး ပေါ်လစီကို Demand Side Theory လို့ခေါ်တဲ့ အစိုးရက စီးပွားရေးတိုးတက်မှုကို ရည်ရွယ်ပြီး ဈေးကွက်ကို လိုအပ်ရင် လိုအပ်သလို ဝင်ရောက်ပါတ်သက်ဖို့ ချမှတ်ထားတဲ့ အစီအမံများလို့ ဆိုပါတယ်။ ဥပမာအားဖြင့် လမ်း၊ ကျောင်း၊ ပန်းခြံ၊ ဆေးရုံ တည်ဆောက်ရေး လုပ်ငန်းများမှာ သုံးခြင်းအားဖြင့် စားသုံးသူတွေကို အလုပ် အကိုင် ဖန်တီးပေးနိုင်ပြီး ဝင်ငွေဖန်တီးရရှိစေခြင်းဖြင့် ဈေးကွက်မှာ သုံးစွဲခြင်းမှ မြှင့်တင်ခြင်းကို ယေဘူယျ ဆိုပြီး Aggregates Expenditure လို့လဲ ခေါ်ဆိုပါတယ်။

Supply Side Theory က အစိုးရဟာ ဈေးကွက်မှာ လုံးဝ ပါဝင်ပါတ်သက်ခြင်း မပြုပဲ ဈေးကွက်ရဲ့ ဝယ်လို အား ရောင်းလိုအားကို ဈေးကွက်ကပဲ လွတ်လပ်စွာ သတ်မှတ်ခြင်းကို လုံးဝပြောင်းလဲ သတ်မှတ်လိုက်ခြင်း ပါပဲ၊ အဲဒီမူအပေါ် အခြေခံတဲ့ သမတ ဘုရှ်ရဲ့ မဟာဗျူဟာ အစီမံများကတော့ စီးပွားရေးလုပ်ငန်းရှင်တွေကို အခွန်လျှော့ချပစ်ပါတယ်၊ ရည်ရွယ်ချက်ကတော့ ရရှိလာတဲ့ အပိုဝင်ငွေတွေကို အမေရိကန်ကုမ္မဏီတွေမှာ ပြန်လည်အသုံးချပြီး မြှပ်နှံပြီး နာလန်ထဖို့ပါပဲ၊ နောက်တခုက အမေရိကန်တွေရဲ့ စက်ရုံအလုပ်ရုံတွေကို အချိန်တိုတိုအတွင်း ပြည်ပကို အလုံးအရင်းနဲ့ ပို့ပစ်ခြင်းဖြင့် အမေရိကန်ဈေးကွက်မှာ အလုပ်သမားတွေ အလျှံပါယ် ပေါများလာစေခြင်းဖြင့် အလုပ်ရှင်တွေအနေနဲ့ လုပ်အားခချိုချိုနဲ့ အလုပ်သမား ငှားရမ်းနိုင်မှာ ဖြစ် သလို အလုပ်သမားတွေရဲ့ အခွင့်ရေးတွေလဲ လျှော့ချပစ်နိုင်ခြင်း၊ တချို့ဆို ပယ်ဖျက်ခြင်းများပင် ရှိလာနိုင်မှာ ဖြစ်ပါတယ်။

အဲဒီလို လုပ်ခြင်းအားဖြင့် ကုန်ပစ္စည်းများ ဈေးပေါပေါနဲ့ ထုတ်လုပ်နိုင်လာပြီး အမေရိကန်တိုင်း ကြိုက်တဲ့ ကုန် ပစ္စည်းတိုင်း ဝယ်ယူလာနိုင်မယ်၊ ဘဏ်တွေကလည်း မည်သူမဆို အများစုကို အကြွေးနဲ့ ငွေတွေချေးပါ တယ်၊ အိမ်ဝယ်ချင်လဲ ကြိုတင်ငွေလဲ ပေးစရာမလိုပဲ အကြွေးနဲ့ဝယ်ယူရပါတယ်၊ လိုအပ်တဲ့ ကြိုတင်ငွေတွေ ကိုလဲ ဘဏ်တွေကနေ အတိုးနှုန်းအစုံနဲ့ ထပ်ချေးပေးပါတယ်။

ရေတိုမှာတော့ အမေရိကန်စီးပွားရေးက ပညတ်သလိုပါပဲ အိမ်ဝယ်၊ ကားဝယ်၊ ဂျပန်ထုတ် Flat တီဗွီတွေ ဝယ်ကြနဲ့ ပျော်စရာကြီးပါ၊ အစိုးရကလည်း အခွန်ငွေတွေတိုးရ၊ လုပ်ငန်းရှင်တွေ ဘဏ်တွေကလဲ သူတို့ရဲ့ လုပ်ငန်း စတော့တွေ၊ Bond တွေ ဈေးကွက်မှာ ချရောင်း၊ ဘဏ်တွေကလည်း သူတို့ရဲ့ Mortgage အိမ်စာ ချုပ်တွေကို Government Security အဖြစ်နဲ့ချရောင်း၊ တဖက်မှာကလဲ အမေရိကန်ထက် စီးပွားရေးကောင်း မွန်လာတဲ့ တရုတ်တို့ ဆော်ဒီတို့က အမေရိကန်ရဲ့ ငွေကြေးဆိုင်ရာ ဈေးကွက်တွေမှာ စတော့တွေ ဘွန်း စာချုပ်တွေ ဝယ်ယူနေခြင်းအားဖြင့် အမေရိကန် Gross Domestic Product (GDP) ကျဆင်းသော်ငြားလဲ ပတိအမြင်မှာတော့ ကောင်းမွန်နေသလိုပါပဲ။ ငွေကြေးဈေးကွက်မှာ ရောင်းချလို့ရတဲ့ အမေရိကန်လုပ်ငန်း တွေရဲ့ စာချုပ်စာတမ်းများကရတဲ့ အမေရိကန်ရဲ့ Balance Account က ကမ္ဘာကြီးကို အမေရိကန်ရဲ့ ဝယ်ယူ သုံးစွဲမှုအပေါ် လုံးဝယုံကြည် မှီခိုစေပါတယ်။

ဒါပေမဲ့ ဒါတွေဟာ ခဏတာပါ၊ အလုပ်မရှိ လုပ်အားခ လျော့ချခြင်း ခံရတဲ့ အမေရိကန်တွေဟာ စီးပွားရေး ဖွံ့ဖြိုးဖို့အတွက် ဆက်လက်သုံးစွဲဖို့ မဖြစ်နိုင်တော့တဲ့အပြင် အကြွေးဖြင့် ဝယ်ယူထားတဲ့ အရာတွေကိုလည်း ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိတော့ပါဖူး၊ အကျိုးဆက်ကတော့ ဘဏ်ချေးငွေတွေ ဆုံးရှုံးရသလို စက်ရုံ အလုပ်ရုံတွေ ပိတ်လိုက်ရတော့ပါတယ်၊ ဒီအပေါ် အခြေခံတည်ဆောက်ထားတဲ့ ငွေကြေးဈေးကွက် တဘုန်း ဘုန်း လဲပြိုခဲ့ရတော့တာပါပဲ၊ ဒါကို ဘုရှ်အစိုးရက ကုန်ပစ္စည်းတွေကို ဈေးချိုချို ထုတ်လုပ်ရောင်းချဖို့ ဗျူဟာ ချမှတ်လိုက်တော့ လုပ်အားပေါများရေးနဲ့ စည်းမဲ့ကမ်းမဲ့ ငွေချေးခြင်း (ချစ်တီးစနစ်) လို့ခေါ်ဆိုရမဲ့ Supply Side Theory ဘဏ္ဍာရေးဆိုင်ရာ ဗျူဟာအမှားတွေနဲ့ အမေရိကန်ရဲ့ လက်ရှိဘဝပါ။

ဒီလို ဂျပန်နဲ့ အမေရိကန် တိုင်းပြည်နဲ့ ကုမ္မဏီအဖွဲ့အစည်းတွေ ရည်မှန်းချက်အောင်မြင်ဖို့အတွက် ချမှတ် လုပ်ဆောင်တဲ့ မဟာဗျူဟာ အမှားအမှန်တွေကို သုံးသပ်ယင်း မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် ခေါင်းဆောင်များ ဗျူဟာမြောက် ဘယ်လို ရေးဆွဲဆောင်ရွက်နေသလဲ တွေးတောဖြစ်ပါတယ်။

အောက်ဖေါ်ပြပါ ပကတိ တရားတွေဟာ မှားတယ်မှန်တယ် ... ဆွေးနွေး ငြင်းခုန်တာကို အဓိကမထားပဲ မိမိ သဘောထားကို ယူဆသုံးသပ်ပြတာပါ၊ ပြည်ပမှာရောက်နေတဲ့ နိုင်ငံရေး တော်လှန်ရေး ဦးဆောင်နေသူများ ကိုလဲ သူများသုံးသပ်ပြီးသားပဲ ထပ်လောင်း ညှပ်ပြီးပြောပါ့မယ်။

• (၁) မြန်မာပြည် ဒီမိုကရေစီ ရရှိရေး တိုက်ပွဲဝင်နေသည်မှာ အနှစ်(၂၀) ကျော်နေပါပြီ၊ တော်လှန်ရေး မှာ "ညောင်း" လွန်လှရောပေါ့။

• (၂) အနှစ် ၂၀ အတွင်းမှာ ပြည်ပရောက်ရှိနေသူတို့မှာ သံတမန်ရေး တော်လှန်ရေး အသွင်အပြင် အခြားသော ပုံသဏ္ဍာန်များဖြင့် တိုက်ပွဲဝင်ခဲ့ပါတယ်၊ ကြာတော့လဲ မခံနိုင်၍ ရွတ်ရွတ်ချွံချွံ မရှိနိုင်ကြ တော့ပါ။

• (၃) အိမ်နီးချင်းနိုင်ငံများ အထူးသဖြင့် တရုတ်နိုင်ငံ၏ မူဝါဒပေါ်လစီ ပြောင်းလဲရန် အလျဉ်းမရှိကို သတိမူ ဗျူဟာရှိသင့်သည်။

• (၄) ပြည်တွင်းတွင် အကြမ်းမဖက် ငြိမ်းချမ်း စည်းကမ်းရှိ တိုက်ပွဲများတိုက်ခဲ့ပြီး ထိုသူများမှာ အကျဉ်းထောင်များတွင် ရှိနေကြသည်၊ သို့သော် စစ်တပ်အနေဖြင့် လူထုဖက်က ရပ်တည်ခဲ့ခြင်းမရှိ၊ စစ်တပ်မှာ ဘက်ပြောင်းရန်လဲ မမြင်ပါ၊ အကြောင်းမှာမူ မြန်မာစစ်တပ်မှမူ အခြားသောနိုင်ငံများမှ အာဏာရှင်စစ်တပ်များကဲ့သို့ မတူသော စိတ်နေသဘောထား၊ ယဉ်ကျေးမှုနဲ့ တည်ဆောက်ထားမှု များ ရှိနေပါတယ်၊ အဲဒီအဖြေကတော့ ပြည်သူများကို စစ်တပ်က အမြဲတမ်းရန်သူအဖြစ် ဆုံးဖြတ် ထားခြင်းပါပဲ။

• (၅) ပြည်ပရောက် အတိုက်အခံ အဖွဲ့အစည်းများသည် မြန်မာနိုင်ငံရေး အပြောင်းအလဲ ဖြစ်ရေး ထက် လုပ်သင့်လုပ်ထိုက်သည်များကို ကိုယ်ကျိုးစွန့် အနစ်နာခံ လုပ်ဆောင်နေခြင်းထက် အဖွဲ့ အစည်း ရှင်သန်ရပ်တည်ရေးကိုသာ ဦးစားပေးဆောင်ရွက်နေသည်မှာ အထင်အရှားပင်။

• (၆) အကျိုးဆက်အနေဖြင့် ပိုက်ဆံပေးနိုင်သူများ၏ သဘောထားအလိုနှင့် အနောက်နိုင်ငံတို့၏ သင်ကြားမှုများကိုသာ တိုက်ရိုက်နို့သက်ခံစို့နိုင်သော အခြေအနေသို့ ရောက်ရှိနေသည်။

• (၇) ပြည်ပရောက်ရှိနေသော အဖွဲ့အစည်းများသည် လူထုနှင့် ကင်းကွာနေသလို ရဲဘော်ရဲဖက်များ နှင့်လဲ ကင်းကွာမှုရှိနေခြင်းမှာ ထင်ရှားနေပြီး လူထုကို အခြေခံသည့် တော်လှန်ရေးဆိုသည်မှာလဲ မမြင်ရသလောက်ရှိပါသည်။

• (၈) ကျနော်တို့ လက်ရှိ မြန်မာတို့၏ အသံကို လက်ရှိနှုန်းများလောက်နှင့် ကမ္ဘာကြီးက မကြားနိုင် သလို အိမ်နီးချင်းနိုင်ငံများကလဲ အတိုက်ခံများအပေါ် လေးစားလောက်သော (ဝါ) ကြောက်ရွံ လေးစားလောက်သော အပြုအမူ အပြောအဆို လုံးဝမတွေ့ရပါ။

ဖေါ်ပြပါ အခြေအနေနှင့် အချက်အလက်များကို ကျနော်တို့၏ ပြည်ပရောက်ခေါင်းဆောင်များ အသေအချာ ဖတ်ရှု၍ ကနေ့ချမှတ်ထားသော မဟာဗျူဟာလမ်းစဉ်များ၊ အနာဂါတ် ချမှတ်မည့် နည်းဗျူဟာများ အမှား အမှန်နှင့် အကျိုးဆက်ကို တိုင်းသူပြည်သားတို့ မျက်နှာကို ထောက်ရှုပြီး အသေအချာ ဆင်ခြင်သင့်ပါသည်။

သမတဘုရှ် အစိုးရ၏ ဦးဆောင်မှုအောက်ရှိ အမေရိကန် ကားကုမ္မဏီတွေလို အမှားမျိုး၊ ဂျပန် ကုမ္မဏီများ၏ အမှန်မျိုးဖြင့် သေချာ မဟာဗျူဟာဆွဲရင်ဖြင့် မြန်မာတွေ ကမ္ဘာမှာ အောက်တန်း နောက်တန်း ကျနေရသော ဘဝမျိုးမှ လွန်မြောက်နိုင်တော့မည်မှာ မလွှဲဧကန် အမှန်မဟုတ်ပါလား။


ကျော်ငြိမ်းမိုး
REF: လူထုအသံ

Read More...

ဒေါ်အောင်ဆန်းစုကြည်အား ကမ္ဘာ့အမျိုးသမီးခေါင်းဆောင်များ ကောင်စီက ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် ကြေငြာ

ဒီဇင်ဘာ - ၁၉ ရက်၊ ၂၀၀၈။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာ အခြေစိုက်ပြီး ကမ္ဘာ့နိုင်ငံများမှာ သမတ ဒါမှမဟုတ် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ တာဝန်ထမ်းဆောင်နေဆဲ အမျိုးသမီးများနဲ့ ဖွဲ့စည်းထားတဲ့ ကမ္ဘာ့ အမျိုးသမီးခေါင်းဆောင်များကောင်စီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဒေါ် အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင်အဖွဲ့ဝင်အဖြစ် ၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့က ကြေငြာလိုက်ပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်မှုထွန်းကားလာအောင် လုပ်ဆောင်မှု၊ လူ့အခွင့်အရေးလေးစားလိုက်နာကြရန်ဆောင်ရွက်မှုနဲ့ ဒီမိုကရေစီ ပြန်လည်ထွန်းကားအောင် လုပ်ဆောင်မှု တွေမှာ သူမတူအောင် ဆောင်ရွက်ခဲ့တဲ့အတွက် ကောင်စီအဖွဲ့ဝင်တွေက ဂုဏ်ထူးဆောင်အဖွဲ့ဝင်အဖြစ် မဲပေး ရွေးချယ်လိုက်ကြတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီအဖွဲ့ရဲ့ ဂုဏ်ထူးဆောင်အဖွဲ့ဝင်အဖြစ် ပထမဆုံးရွေးချယ်ခံရသူဖြစ်ပါတယ်။

အဆိုပါအဖွဲ့ရဲ့ ကြေငြာချက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ ရွေး ကောက်ပွဲမှာ ၈၂ ရာခိုင်နှုန်းနဲ့ အနိုင်ရခဲ့ကြောင်း၊ မြန်မာစစ်အစိုးရက အဲဒီရလဒ်ကို ငြင်းဆန်ခဲ့ကြောင်း၊ ဒေါ် အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်အခြေခိုင်နိုင်ရေးအတွက် အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ လှုပ်ရှားဆောင်ရွက်ရာ ၁၉ နှစ်အတွင်း ထောင်ကျခြင်း ဒါမှမဟုတ် နေအိမ်အကျယ်ချုပ်ကျခြင်း ကို ၁၃ နှစ်ကြာခံခဲ့ရကြောင်း၊ သူ့ရဲ့သတ္တိ၊ ပညာဉာဏ်ရှိမှုနဲ့ အမျှော်အမြင်ရှိမှုတို့ကို နိုင်ငံတကာက အသိအ မှတ်ပြုခံခဲ့ရကြောင်း၊ သူဟာ တဦးတည်းသော အကျဉ်းကျခံ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်ကြောင်း စသည် ဖြင့်ဖော်ပြထားပါတယ်။

ကမ္ဘာ့အမျိုးသမီးခေါင်းဆောင်များ ကောင်စီကို ၁၉၉၆ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး တာဝန်ထမ်းဆောင်နေဆဲ၊ တာဝန်ထမ်းဆောင်ပြီး နိုင်ငံခေါင်းဆောင်နဲ့ အစိုးရအဖွဲ့ခေါင်းဆောင် အမျိုးသမီးများနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါ တယ်။ အဲဒီ အမျိုးသမီးတွေဟာ သူတို့ရဲ့ အတွေ့အကြုံတွေကို ဖလှယ်ကြရင်း နိုင်ငံခေါင်းဆောင်တယောက် နဲ့ တယောက် အကူအညီပေးကြဖို့၊ အစိုးရကောင်းတေါ ပေါ်ပေါက်လာဖို့နဲ့ အမျိုးသား အမျိုးသမီး ညီမျှမှုဖြစ် ပေါ်လာဖို့ စသည်ဖြင့် ဆွေးနွေးပွဲတွေ၊ ဆက်သွယ်မှု ကွန်ယက်တွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ကြ တာဖြစ်ပါတယ်။

အဆိုပါအဖွဲ့ထဲမှာ ဖိလစ်ပိုင်သမတအဖြစ် ၁၉၈၆ ခုနှစ်မှ ၁၉၉၂ အထိ တာဝန်ယူခဲ့တဲ့ ကိုရာဇန် အာကွီနို၊ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်အဖြစ် ၁၉၉၆ ခုနှစ်မှ ၂၀၀၁ အထိ တာဝန်ယူခဲ့တဲ့ sheikh Hasina၊ ၂၀၀၁ ခုနှစ်မှ ယနေ့အထိ ဖိလစ်ပိုင်သမတအဖြစ် တာဝန်ယူနေတဲ့ Gloria Macapagal Arroyo၊ ၁၉၉၄ ခုနှစ်မှ ၂၀၀၅ ခုနှစ် အထိ သီရိလင်္ကာ သမတအဖြစ်တာဝန်ယူခဲ့တဲ့ Chandrika Kumaratunga၊ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်အဖြစ် ၁၉၉၁ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ တာဝန်ယူခဲ့တဲ့ Khaleda Zia စတဲ့ အာရှနိုင်ငံများက အမျိုးသမီးခေါင်း ဆောင်များ ပါဝင်သလို ကမ္ဘာတဝှမ်းမှ အမျိုးသမီးခေါင်းဆောင် ၃၇ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။


REF: ဘားမားတူဒေး


Read More...

Friday, December 19, 2008

လူ့ငနွား များအတွက် ငရဲမရှိတော့ပြီလော

တကယ်တော့လဲ ထိုအကြောင်းအရာသည် လူတိုင်း ကြားရ၊ ဖတ်ရလွန်းသဖြင့် ရိုးနေလောက်ပါပြီ။ (၂၀၀၇) ခုနှစ်၊ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံ၏ အဓိက မြို့တော်ကြီးဖြစ်သည့် ရန်ကုန်မြို့တွင် ဗုဒ္ဓဘာသာ မြန်မာ ရဟန်းတော်များအား မြန်မာအစိုးရ စစ်တပ်မှ အကြမ်းဖက်နှိမ်နင်း သတ်ဖြတ်ခဲ့မှု အကြောင်း အင်တာ နက် စာမျက်နှာများမှ တဆင့် တစ်ကမ္ဘာလုံး မမြင်ချင်လဲ မြင်ရ၊ မကြားချင်လဲ ကြားရပြီး ဖြစ်ပါသည်။ ယခု အခါမှ ထိုအကြောင်းကို ဆက်ကာ ဆက်ကာ ပြောနေခြင်းသည် ချေးခြောက်ရေနှူးသကဲ့သို့သာ ဖြစ်နေနိုင်ပါ သည်။ သို့တိုင်အောင် ထိုဖြစ်ရပ်ဆိုးများ၏ နောက်ကွယ်တွင် လူအများ အသေအချာ မသိနိုင်သေးသော အခြေအနေ အချို့လဲ ရှိနေနိုင်ပါသေးသည်။ တကယ်တမ်းတော့ အနော်ရထာမင်းစော လက်ထက်ကတည်း က ဗုဒ္ဓသာသနာသည် မြန်မာနိုင်ငံတွင် အခိုင်အမာ အမြစ်တွယ်လာခဲ့သည်။ အခြားသော ဘာသာရေး ကိုး ကွယ်မှုများ ပြန့်နှံ့ဝင်ရောက်လာသည့်တိုင် နိုင်ငံတော်ဘာသာအဖြစ် အခိုင်အမာ တည်ရှိနေခဲ့သည်။

ခေတ်နှင့် စနစ်များ အမျိုးမျိုး ပြောင်းလဲသွားသည့်တိုင် ဗုဒ္ဓဘာသာ၏ အခန်းကဏ္ဍသည် မြန်မာနိုင်ငံအတွက် ထည်ဝါစွာ ရပ်တည်နိုင်ခဲ့သလို အစိုးရ အဆက်ဆက်ကလည်း သာသနာပြု မင်းများအဖြစ်နှင့် ဗုဒ္ဓသာသနာ ရောင်ဝါထွန်းလင်းစေရေး အားကြိုးမာန်တက် ပံ့ပိုးခဲ့ကြသည်။ သို့သော်လည်း စစ်အာဏာရှင် အစိုးရအတွက် တော့ ခြွင်းချက်သာဖြစ်သည်။ ၎င်းတို့အတွက် ဘုရားမရှိ၊ တရားမရှိ၊ သံဃာမရှိပါ။ ၎င်းတို့၏ ကိုးကွယ်ရာ သည် အာဏာသာဖြစ်ခဲ့သည်။ မြန်မာ စစ်အစိုးရသည် ၎င်းတို့၏ အာဏာတည်မြဲရေးအတွက် ငြိမ်းချမ်းစွာ မေတ္တာပို့ လှည့်လည်ခဲ့ကြသော သံဃာတော်များအား ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့သလို နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့ကြသည်။

သံဃာတော်တို့၏သွေးဖြင့် သံဃာတော်တို့၏ သင်္ကန်းရောင်အား ပိုမိုနီစွေးစေခဲ့သည်။ အပြင်းအထန် ယုတ်မာပက်စက်စွာ အကြမ်းဖက် နှိမ်နင်းမှုများ နောက်တွင်မူ သံဃာတော်များ၏ လှုပ်ရှားမှုမှန်သမျှကိုပါ ထိန်းချုပ်သွားရန် ရည်ရွယ်ဆောင်ရွက်လာခဲ့သည်။ ပထမဦးစွာ ဘုန်းတော်ကြီးများ၏ တရားပွဲများတွင် အစိုး ရဆန့်ကျင်ရေး စကားလုံးများ မပါစေရပါဟု ခံဝန်ကတိအား လက်မှတ်ရေးထိုးစေသည်။ ထိုအခြေအနေသည် အလွန်စက်ဆုပ်ဖွယ်ရာ လုပ်ရပ်တစ်ခုဖြစ်ကြောင်း ပြောစရာမလိုပါ။ ခေတ်အဆက်ဆက် ဗုဒ္ဓဘာသာ ရဟန်း တော်များသည် ရှင်တော်ဗုဒ္ဓ၏ တရားတော်များ မတိမ်ကော၊ မပပျောက်အောင် ဟောပြောခဲ့ကြသည်။ တရားနာ ပရိသတ်ကလည်း ကြည်ညို မြတ်နိုးစွာဖြင့် တလေးတစား နာယူခဲ့ကြသည်။

ရဟန်းတော် အရှင်မြတ်များအနေနှင့် ဒကာ၊ဒကာမများ တရားတော်၏အနက်ကို ထဲထဲဝင်ဝင် နားလည်စေ ရန် ခေတ်အခြေအနေနှင့် ကိုက်ညီသော အဖြစ်အပျက်များ၊ ဥပမာများနှင့် ဝေေ၀ဆာဆာ ဟောပြောခဲ့သည် မှာ အစဉ်အလာဖြစ်သော်လည်း ယခုကဲ့သို့ ကန့်သတ်မှုများကြောင့် အရှင်မြတ်များ နှလုံးမသာမယာ ဖြစ်ကြ ရရှာသည်။ ရဟန်းတော်များသည် သူတော်စင်များ ဖြစ်ကြသည့်တိုင် ဗုဒ္ဓ၏ သားတော်များအချင်းချင်း စည်းလုံးမှုကို အခြေခံပြီး စက်တင်ဘာလ အရေးအခင်းအတွက် မြန်မာအစိုးရအပေါ် အမြင်မကြည်မှု ရှိနေ မည်မှာ လူတိုင်းလက်ခံနိုင်သည့် အခြေအနေ တစ်ရပ်ပင်ဖြစ်သည်။ မည်မျှအကျင့်ဖြူစင်ပြီး သည်းခံစိတ် မွေးမြူနိုင်သည့် ကိုယ်တော်များ ဖြစ်စေကာမူ ပုထုဇဉ်တို့အနေနှင့် စစ်အစိုးရ ကျူးလွန်ခဲ့သော ယုတ်မာသည့် အမှုအတွက် ဥပက္ခောတရား လက်ကိုင်ပြုကာ မျက်စိမှိတ် နေနိုင်မည် မဟုတ်ပါချေ။

ထို့ကြောင့်လည်း တရားပွဲများတွင် စစ်အစိုးရ၏ လုပ်ရပ်များအား ပညာသားပါပါ ရှုတ်ချဟောပြောခဲ့သဖြင့် အစိုးရမှာ အချို့ဓမ္မကထိက ကိုယ်တော်များအား တရားဟောခွင့် ပိတ်ပင်မှုများပင် ပြုလုပ်ခဲ့ကြသည်။ သံဃာ တော်များ ဟောပြောသော တရားတို့သည် နိုင်ငံရေး တိုက်ခိုက်မှုများအတွက် ဦးတည်ထားခြင်း မရှိခဲ့ပါ။ မြတ် ဗုဒ္ဓ၏ အဆုံးအမနှင့် တရားတော်တို့ကိုသာ အခြေခံပြီး ကိုးကားထားလေ့ရှိပါသည်။ သို့သော်လည်း ဒေ၀ဒတ် နှင့် မာရ်နတ်တို့ နှစ်ဦးပေါင်းလျှင်တောင် မလုပ်ဝံ့လောက်သည့် လူမဆန်သော ဗုဒ္ဓဘာသာ ချိုးနှိမ်မှုများ ကျူး လွန်ထားသည့် မိစ္ဆာတစ်ပိုင်း၊ အာဏာရူးတစ်ပိုင်းတို့အတွက်မူ အနာပေါ် တုတ်ကျမျှ ဆတ်ဆတ်ခါကြရ သည်။ ထို့နောက်တွင်မူ သံဃာတော်များအား တရားဟောခွင့် ပိတ်ခဲ့ကြလေတော့သည်။ အံ့သြစရာတော့ အလွန်ကောင်းပါသည်။ ထေရ၀ါဒဗုဒ္ဓဘာသာ အထွန်းကားဆုံး နိုင်ငံကြီးတစ်နိုင်ငံတွင် ထေရ၀ါဒ ရဟန်း တော်များ၏ တရားဟောခွင့်အား ထေရ၀ါဒကို စောင့်ရှောက်ပါသည်ဆိုသော သာသနာပြုအစိုးရက တားမြစ် ပါသည်တဲ့။ မည်မျှ တရားကျသင့် ပါသနည်း။

နာဂစ်မုန်တိုင်းကြီး တိုက်ခတ်ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အင်တိုက်အားတိုက် ပါဝင်နေသော ကိုယ်တော်များကိုလည်း စစ်အစိုးရ အာဏာပိုင်များက မေးမြန်းမှုများ ပြုလုပ်ခဲ့သေးကြသေးသည်။ စစ်အစိုးရ နှင့် ရာထူးရာခံ အဆင့်ဆင့်တို့က လေဘေးသင့် ပြည်သူများအတွက် နိုင်ငံတကာမှ လှူဒါန်းသော အထောက် အပံ့များအား ရသလောက် ခေါင်းပုံဖြတ်နေကြချိန်တွင် သံဃာတော်များက Organize လုပ်ကာ အလှူငွေများ ကောက်ခံစုဆောင်းပြီး လေဘေးသင့် ကျေးရွာများထိ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းကြသည်။ သို့ သော်လည်း ထိုလုပ်ရပ်များကို စစ်အစိုးရက မကျေမနပ် ဖြစ်နေတတ်ပြီး သံဃာတော်များ၏ လုပ်ဆောင်မှု အဆင့်ဆင့်ကို ထောက်လှမ်းနေခဲ့ကြောင်း ဘုန်းတော်ကြီးများက ပြန်လည်မိန့်ကြားခဲ့ကြသည်။ စက်တင်ဘာ လ သံဃာတော်များ ဆန္ဒပြပွဲအတွင်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သော ကျောင်းတိုက်များအနေနှင့်မူ ဆိုဖွယ် ရာပင် မရှိတော့ပါချေ။

ဒကာ၊ ဒကာမများက လှူဒါန်းထားသော သံဃာပိုင်ပစ္စည်းများကို မိုက်ကြေးခွဲ သိမ်းယူသည်။ သံဃာပျိုများ ကို ဖမ်းဆီးထောင်ချသည်။ လှူဒါန်းထားသည့် ကားအသိမ်းခံရသူ ဆရာတော်တစ်ပါးက ၎င်းအနေနှင့် ခြေ ထောက်ကို ရိုက်အချိုးခံရသလို ထင်မှတ်မိကြောင်း၊ ဆရာတော်၏ သာသနပြုလုပ်ငန်းများအတွက် ခရီးဝေး သွားလာမှုများ လိုအပ်ချိန်တွင် ကားမရှိမှုက စိတ်သွားတိုင်းကိုယ်မပါ ဖြစ်စေကြောင်း မိန့်တော်မူရှာသည်။ ဆရာတော်တစ်ပါးကမူ နာဂစ်ဒဏ်ခံ ဒေသအတွင်း ဒုက္ခသည်များအား ပြန်လည်ထူထောင်ရေး လုပ်ဆောင် ပေးနေသော အသင်းအဖွဲ့များကြောင့် ကြည်နူးမိကြောင်း၊ သို့သော်လည်း ထိုအသင်းများသည် အခြားသော ဘာသာရေးကို အခြေခံပြီး သာသနပြုလုပ်ငန်းများ ပူးတွဲဆောင်ရွက်ကာ ဒုက္ခသည်များကို သိမ်းသွင်းသွားခဲ့ ကြောင်း၊ ထိုသို့သော ဘာသာရေးသိမ်းသွင်းမှုများအား အပြစ်မဆိုချင်သော်လည်း သာသနာ့ ဒါယကာအဖြစ် ခံယူထားသော အစိုးရ၏ ညံ့ဖျင်းမှုကြောင့် ဗုဒ္ဓသာသနာ၏ အရှိန်အ၀ါ ညှိုးနွမ်းလာမည်ကို စိုးရိမ်မိကြောင်း ရင်ဖွင့်တော်မူခဲ့သည်။

လက်တွေ့တွင်မူ အဆိုပါဆရာတော်အနေနှင့် အစိုးရအား သာသနာတော်၏ ဒါယကာအဖြစ် သတ်မှတ်နေ သေးသည်မှာ အံ့သြစရာ အခြေအနေပင် ဖြစ်ပါသည်။ ရဟန်းတော်တွေကို သတ်သည်။ ထောင်ချသည်။ အတင်းအကြပ် လူဝတ်လဲခိုင်းသည်။ သေလျင်တောင် ငရဲကြီးရှစ်ထပ်အနက် မည်သည့်ငရဲတွင် အပြစ်ပေး ရမည်ကို ယမမင်းခမျာ အတော်လေး ခေါင်းစားဖွယ်ရှိသော အနှီမသူတော် ဒုစရိုက်၊ ရာဇ၀တ်ကောင် သာသနာဖျက် သန်းရွှေနှင့် အပေါင်းအပါများသည် သာသနာတော်၏ ဒကာတော်များအဖြစ် သတ်မှတ်နိုင် ရေးမှာ အလွန်မအပ်မရာသော အခြေအနေပင် ဖြစ်ပါသည်။ မြတ်ဗုဒ္ဓ၏ တပည့်သား ရဟန်းတော်တို့သည် ဘုရားရှင်၏ အဆုံးအမတွင် မွေ့လျော်ကာ တရားတော်နှင့် ငြိမ်းချမ်းမှုကို ရှာဖွေနေခဲ့ကြသူများသာ ဖြစ်ကြပါ သည်။ သို့သော်လည်း ကံဆောင်ခြင်းနှင့်အတူ ဒကာ၊ ဒကာမများ ကြုံတွေ့နေရသည့် အခက်အခဲများ အတွက် မေတ္တာလက်နက်ဖြင့် စစ်အစိုးရအား ငြိမ်းချမ်းစွာ ဆန့်ကျင်ခဲ့ပါသည်။ သို့သော်လည်း မအောင်မြင်ခဲ့ ပါချေ။ လူသားတို့ အကျိုးနှင့် ငြိမ်းချမ်းရေးကို လိုလားသော အရှင်မြတ်တို့၏သွေးသည် မြန်မာနိုင်ငံ၏ သမိုင်း စဉ်ကို အသရေ ညှိုးနွမ်းစေခဲ့ပါပြီ။

စစ်အစိုးရကား မိုက်ရိုင်းမြဲ၊ ယုတ်မာနေဆဲဖြစ်သလို သံဃာတော်များကိုလည်း ပိုမိုဖိနှိပ်လာခဲ့ပါသည်။ ထိုသို့ သော လူမသမာများ၊ လူ့အန္ဓများအတွက် ငရဲမရှိတော့ပြီလော မပြောတတ်ပါ။ ဘုရားရှင်၏ ခြေမတော်တွင် အနာဖြစ်စေခဲ့သော ဒေ၀ဒတ်ကိုဖြင့် မဟာပထ၀ီမြေကြီးက ခွင့်မလွှတ်နိုင်ဘဲ ၀ါးမြိုခဲ့ပါပြီ။ ဘုရားရှင်ဟော ကြားသော တရားတော်အတိုင်း ကျင့်ကြံအားထုတ်နေကြသည့် ရဟန်းတော်များ၏ မဏိတော်ကို နံပါတ် တုတ်နှင့်ရိုက်၊ သင်္ကန်းမြင်သမျှ သေနတ်နှင့်ပစ်၊ စစ်ဖိနပ်နှင့် ကန်ခဲ့သော ခေတ်သစ် ဒေ၀ဒတ်များကရော။ သူတို့အတွက် မဟာအ၀ီစိမှ ငရဲမီးလျှံသည် ထိုက်တန်သော အပူဒဏ်ကို ပေးနိုင်ပါ့မလား။ အကုသိုလ်သမား တို့ သေခါမှ နိမိတ်ထင်မည့် လမ်းစဉ်များအတွက် ပြည်သူတစ်ရပ်လုံး အမုန်းတရားနှင့် မျှော်လင့်နေမည်ကို သန်းရွှေတို့လူစု သိစေချင်ပါတော့သည်။


ပန်းစုလှိုင် ( လူထုအသံ- ရန်ကုန် )
REF: လူထုအသံ

Read More...

အပေါ်သို့