လူအမည်။ ။ ညီညီလွင်
ဦးမင်းလွင်၊ အမိဒေါ်ရေးတို့မှ မကွေးတိုင်း၊ ပေါက်မြို့နယ်၊
ကိုင်းလယ်ကျေးရွာတွင်မွေးဖွားခဲ့သည်။
မိသားစုနောက်ခံပုံရိပ်တစေ့တစောင်း
ဖခင်ဖြစ်သူမှာ စစ်မှုထမ်းဟောင်းတဦးဖြစ်ပြီး ၁၀နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ မဟုတ်မခံစိတ် ရှိပြီး အများအတွက် အနစ်နာ ခံလိုစိတ်များရှိ၍ ထိုစိတ်ဓါတ် ကြောင့်ပင် အထက် လူကြီးများနှင့် မတည့်ဖြစ်ကာ တပ်မှ ထွက်ခဲ့ရသည်။ တပ်မှ ထွက်ပြီးနောက် ဒေါ်ရေးနှင့် အိမ်ထောင်ပြုကာ လက်ဖက်ခြောက်၊ ကျားရိုး၊ ကျားရေ၊ ကျောက်မျက် ရတနာ ကုန်သည် အဖြစ် အသက်မွေးခဲ့သည်။ မိခင်ဖြစ်သူ ဒေါ်ရေးမှာ ကျောင်းဆရာမဟောင်း တဦး ဖြစ်ခဲ့ပြီး တာဝန်ကျရာ ပေါက်မြို့နယ်၊ သပွတ်စုကျေးရွာ၊ ကိုင်းလယ် ကျေးရွာတို့ တွင် ၁၃ နှစ်ကြာ တာဝန် ထမ်းခဲ့သည်။ သူမသည်လည်း ၀ါသနာကြောင့်သာလျှင် ကျောင်းဆရာမ အလုပ်ကို ၁၃နှစ်ကြာ တာဝန် ထမ်းဆောင်နိုင်ခြင်း ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ထိုအချိန်က မဆလ လူကြီးများနှင့် အထက်ဖား အောက်ဖိ ကျောင်းအုပ် ဆရာကြီးများ၏ ပညာပြမှုမှာ သြချရလောက်သော ကြောင့်ဖြစ်ပေသည်။
သပွတ်စုကျေးရွာတွင် တာဝန်ထမ်းဆောင်စဉ်ကဆိုလျှင် အခြားဆရာမများကို ရွာတွင် ၀န်ထမ်း အိမ်ရာများ ပေးခဲ့ သော်လည်း ဒေါ်ရေးကိုမူ ပေါက်မြို့မှနေ့ချင်းပြန် ကျောင်းတက် စေခဲ့သည်။ ထိုအချိန်က ဒေါ်ရေးတွင် သားသမီး နှစ်ယောက် ရှိနေပြီဖြစ်ပြီး ဒုတိယ သမီးမှာ ရက်ငါးဆယ်သာ ရှိသေးသည်။ မဆလ ကောင်စီလူကြီး ဦးမောင်မောင် ၏ တူမဖြစ်သူမှာ ဒေါ်ရေး၏ နေရာတွင် တာဝန် ထမ်းဆောင်လိုသည် ဆိုသောကြောင့် ဒေါ်ရေးမှာ ပေါက်မြို့နှင့် (၈) မိုင်ဝေးသော ကိုင်းလယ်ရွာသို့ ပြောင်းရွှေ့ခြင်း ခံရသည်။ ထိုအချိန်တွင် ဖခင်ဖြစ်သူ ဦးမင်းလွင်မှာ ဆန်စက်၊ ဆီစက်များ စတင်တည်ထောင်ကာ စီးပွားရေးကို ကြိုးစားရှာ ဖွေခဲ့ရာ အတန်အသင့် စုမိဆောင်းမိ ဖြစ်လာခဲ့သည်။ ကလေးငယ် နှစ်ဦး တာဝန်၊ ဆီစက်၊ ဆန်စက်များ တာဝန်၊ ထမင်း ဟင်းလျာများ ချက်ခြင်း တာဝန်များကို တစ်ဦးတည်း ယူခဲ့ရသည်။ မိခင်ဖြစ်သူ ဒေါ်ရေးကတော့ အလုပ်ထွက်ရန် ခေါင်းမာနေဆဲ၊ ကျောင်းအုပ် ဆရာကြီး၏ ပညာပြမှုများကို နေ့စဉ် ခါးစည်း ခံနေရမြဲ ဖြစ်သည်။ ဤသို့ဖြင့် ကိုင်းလယ်ရွာသို့ ရောက်ပြီး ၁၁-နှစ်အကြာ အလုပ်မှ ထွက်ခဲ့ရသည်။ ဦးမင်းလွင် သည်လည်း မဆလ လူကြီးများ၏ စစ်မေးမှုများကို မကြာခဏ ခံခဲ့ရသည်။ အကြောင်းပြချက်မှာ “ဘာကြောင့် ဒီလောက် ချမ်းသာသလဲ“ ဟူ၍ဖြစ်သည်။ မကြာခဏလည်း ဖမ်းဆီးရန် ထောင်ချောက် ဆင်ခြင်း ခံရသည်။ မဆလ လူကြီးမင်းများ မုန်းတီးရသည့် အကြောင်းအရင်းမှာ ဦးမင်းလွင်သည် တနယ်သားဖြစ်ပြီး စီးပွား တက်လာခြင်းနှင့် သူ၏မဟုတ်မခံ စိတ်ရှိ ခြင်းကြောင့် သာဖြစ်ပေသည်။ ထိုသို့သော အခြေအနေ အရပ်ရပ်ကြောင့် ၁၉၈၃-ခုနှစ်တွင် ပေါက်မြို့သို့ ပြောင်းရွှေ့ခဲ့သည်။
၁၉၈၈ခုနှစ် အရေးအခင်းဖြစ်သောအခါ ပေါက်မြို့နယ် သပိတ်ခေါင်းဆောင်၊ NLD အဖွဲ့ဝင် ဖြစ်ပြီး တသီးပုဂ္ဂလ အမတ်အဖြစ် ရပ်ရွာ လူထု၏ ရွေးချယ် တင်မြှောက်ခြင်း ခံရသူဖြစ်သည်။ ထို အရေးအခင်းတွင် ဦးဂမ္ဘီရ၏ ဖခင်မှာ နှိပ်စက်ခံ ပြည်သူလူထု၏ စိတ်ဓါတ် အုံကြွမှု၊ လက်စားချေလိုမှု၊ လက်တုံ့ပြန် လိုမှုများကို အကြမ်း မဖက်စေဘဲ ငြိမ်းချမ်းရေး အသွင်ဖြင့် ထိန်းသိမ်း ခဲ့သောသူ ဖြစ်ပါသည်။
အကယ်ဆိုလျှင် ၎င်း မဆလများအပေါ် လက်တုံ့ပြန်လျှင်ရနိုင်သော်လည်း ရန်ကို ရန်ချင်း မတုံ့နှင်းခဲ့ပေ။ ရှစ်လေး လုံးကာလ အတွင်းက ဆီစက် တလုံးမှ လွဲ၍ ရှိသမျှ စည်းစိမ် ဥစ္စာများ အားလုံး ကုန်ဆုံး သွားခဲ့သည်။ ပြည်သူလူထု အတွက် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ အိမ်၌လည်း အငယ်ဆုံး ကလေးမှ လွဲလျှင် အားလုံး ကျောင်းသားများ ဖြစ်ကြသည်။ အငယ်ဆုံး ကလေးမှာ (၄) နှစ် အရွယ်ဖြစ်သည်။ အရေးအခင်း ပြီးချိန်တွင် ဖခင်ဖြစ်သူနှင့် အကိုကြီးတို့မှာ ထောင် (၁နှစ်ခွဲ) နှင့်(၃) နှစ်စီ ကျခံခဲ့ရသည်။ မိခင် ဖြစ်သူမှာ ဖခင်နှင့် အကိုကြီးတို့၏ အမှုကိစ္စများကို လိုက်လံ ဆောင်ရွက် နေရသောကြောင့် အိမ်မှုကိစ္စများကို မရှောင်မလွှဲသာ ပခုံးပြောင်း တာဝန် ထမ်းဆောင်ရန် လိုအပ်လာသဖြင့် ဒုတိ ယသမီးဖြစ်သူ မခင်သူဌေးမှာ (၁၀) တန်းနှင့် ကျောင်းထွက် လိုက်ရပြီး မောင် ညီမလေးများ အားလုံး (၁၀) တန်း အောင်မြင်ပြီးမှ တဖန် (၁၀) တန်း ပြန်ဖြေ ခဲ့ရသည်။ ဂုဏ်ထူး ၁ ခုနှင့် နှစ်ချင်းပေါက် အောင်မြင်ခဲ့သည်။
၁၉၈၃ခုနှစ် ထိုကာလက ဦးဂမ္ဘီရမှာ အသက်လေးနှစ်ရှိပြီ ဖြစ်သည်။ မွေးချင်း (၇)ယောက်ရှိပြီး ဦးဂမ္ဘီရမှာ (၅) ယောက်မြောက် ဖြစ်သည်။ အသက် (၅) နှစ်အရွယ်တွင် ပေါက်မြို့၊ အောင်တံခွန်ရပ်၊ အမှတ်(၄) မူလတန်း ကျောင်းတွင် စတင် ကျောင်းနေခဲ့သည်။ သူငယ်တန်းမှ လေးတန်းအထိ၊ အတန်းစဉ် ပထမရကာ ကျောင်းအုပ် ဆရာမကြီး၏ ချစ်ခင်မှုကို အထူး ခံရသူဖြစ်သည်။
ကလေးစစ်သားဖြစ်ရသေး
၁၉၈၈ခုနှစ်မှစ၍ ဦးဂမ္ဘီရ၏စိတ်တွင် မိသားစုများ တကွဲတပြားစီဖြစ်ရခြင်း၊ စီးပွားရေး ကျဆင်း မှုများကို ခံစားရခြင်းနှင့် အတူ နိုင်ငံရေး စိတ်များလည်း အမြစ် တွယ်ခဲ့ဟန် ရှိပါသည်။ ကျောင်းများ (၂) နှစ်ခန့် ပိတ်လိုက်ခြင်း ကြောင့်လည်းကောင်း၊ အုပ်ထိန်းသူ မိဘများ၏ အုပ်ချုပ်မှုကင်းလွတ် သွားခြင်းကြောင့် လည်းကောင်း၊ အသက် ငယ်ငယ်နှင့်ပေခဲ့၊ တေခဲ့ သေးသည်။ မိသားစု အုပ်ချုပ်မှု ပုံစံမှာလည်း ဖခင်မှာ စစ်မှုထမ်းဟောင်း တဦး ဖြစ်ခြင်းကြောင့် စည်းကမ်း တင်းကျပ်ကာ စစ်တပ်ပုံစံ အုပ်ချုပ်ခဲ့သည်။ လူငယ် ဘ၀တွင် ကြောက်ရွံ့ရသော ပုံစံနှင့် ရှင်သန်ရလျှင် ထွက်ပေါက် ရှာကြစမြဲ ဖြစ်သည်နှင့် အညီ မိဘ၏ တင်းကျပ်မှု အောက်တွင် အသက် ငယ်ငယ်နှင့် ပေတေ လေလွင့်ခဲ့သည်။ ထိုအခါ မိဘများက ပို၍တင်းကျပ်၊ တဖန် လူငယ်က ထွက်ပေါက်ရှာ မှားသည့်အခါ နောက်ဆုံး ငရဲတွင်း ရောက်ခဲ့ရသည်။ ဤသို့ဖြင့် အသက်၁၂ နှစ်အရွယ် ၅ တန်းကျောင်းသား ဘ၀တွင် ကလေး စစ်သား ဖြစ်ခဲ့ရသည်။
သာသာနာ့ဘောင်ရောက်ပြီ
အိမ်မှရုတ်တရက် ပျောက်သွားသော သားဖြစ်သူ၏ သတင်းကို မိဘများက အပူတပြင်း လိုက်လံ စုံစမ်းခဲ့သည်။ ရန်ကုန်ရှိ စစ်ဌာန တစ်ခုတွင်ဟု စုံစမ်း သိရှိရသောအခါ လိုက်လံ ကယ်ထုတ်ခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်၍ အာဏာပိုင်များက ပေါက်မြို့သို့ လာရောက် စုံစမ်းခဲ့သည်။ သားဖြစ်သူကို တွေ့သွားလျှင် အဖမ်းခံရမည်၊ အသက် မပြည့်ဘဲ စစ်မှု ထမ်းရမည်၊ ထောင်ဒဏ် ကျခံရမည်စိုးသောကြောင့် ပေါက်မြို့လေသာတောင် ကျောင်းတိုက် ဆရာတော်ကို ဥပဇ္ဇယ်ပြုကာ သာမဏေ အဖြစ် စတင် ရောက်ရှိခဲ့သည်။ ထို့နောက် ရန်ကုန်ရှိ အင်းစိန် ရွာမ ကျောင်းတိုက်သို့ ပို့ဆောင် ပေးခဲ့သည်။ သာသနာ့ ဘောင်တွင် ပျော်ပိုက်ကာ စာဝါများ လိုက်ခဲ့သည်။ မူလတန်း၊ အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်း၊ စာမေးပွဲများနှင့် နိကာယ် လေးကျမ်းကို ထူးချွန်စွာ အောင်မြင်ခဲ့ပြီး ဖြစ်သည်။
နေထိုင်ခဲ့သော ကျောင်းများကတော့ အစုံအနှံ့ပင်ဖြစ်သည်။ အင်းစိန်ရွာမ၊ ထောက်ကြံ့တောရ၊ သဒ္ဓမ္မ၀ံသ အလုံ ကျောင်းတိုက်၊ ပခုက္ကူ အရှေ့တိုက်၊ အလယ်တိုက်၊ မန္တလေး မစိုးရိမ်ကျောင်း တိုက်တို့ ဖြစ်သည်။ အသက် ၂၀ အရွယ်တွင် လှည်းကူးမြို့မှ ရဟန်းဒကာ ဦးသိန်းဦးတို့ ဇနီး မောင်နှံနှင့်အတူ၊ မိသားစုတို့က ရဟန်း ခံပေးခဲ့ခြင်း ဖြစ်ပါသည်။ စာဝါ လိုက်နေစဉ်အတွင်း ကရင်ပြည်နယ် မြိုင်ကြီးငူတွင် ၅ နှစ်ကြာမျှ ဗုဒ္ဓဘာသာ ပြန့်ပွားရေး အတွက် သာသနာ ပြုခဲ့ပါသည်။
အရှင်ဂမ္ဘီရနှင့်ရဟန်းဒကာမိသားစု
ပင်ကိုယ်စိတ်နေစိတ်ရင်း
မိမိ၏ တိုင်းပြည်နှင့်လူမျိုးအပေါ် အထူးချစ်ခင်သူ၊ အမှန်တရားကို မြတ်နိုးပြီး လွတ်လပ်မှုကို ခုံမင်သူ၊ ဖိနှိပ်စိုးမိုး အနိုင် ကျင့်မှုများကို စက်ဆုပ်သူဖြစ်သည်။ စာပေကို မြတ်နိုးသော အရှင်ဂမ္ဘီရသည် ဘာသာရေး ဆိုင်ရာ စာအုပ်များ၊ အင်္ဂလိပ်စာနှင့် ဆိုင်သော စာအုပ်များ၊ ကွန်ပြူတာ နည်းပညာနှင့် ဆိုင်သော စာအုပ်များကို အမြဲ ၀ယ်ယူဖတ်ရှု စုဆောင်းခဲ့သည်။ မြန်မာနိုင်ငံ အရပ်ရပ်ရှိ စာကြည့်တိုက်များသို့ စာအုပ်များ လှူဒါန်းခဲ့သည်။ သူနေထိုင်ရာ ပေါက်မြို့တွင် စာကြည့်တိုက် တခုကို ထူထောင်၍ စာအုပ်များ လှူဒါန်းခဲ့သည်။ ဇီဝိတ ဒါန သွေးလှူခြင်း အမှုကို လည်း နှစ်စဉ်နှစ်တိုင်းလိုပင် ပြုလုပ်မြဲဖြစ်သည်။
ရည်မှန်းချက်မှာ------
ထောက်ကြံ့တောရ၌ နေစဉ်အတွင်း ကျောင်းထိုင်ဘုန်းကြီး၏ ချစ်ခင်မှုကို အထူးခံရသူ ဖြစ်သည်။ စာချ ဘုန်းကြီး အဖြစ် တာဝန် ပေးအပ်ခြင်း ခံရသည်။ ရခိုင်ပြည်နယ် ဘုန်းကြီးကျောင်း တကျောင်း မှလည်း ကျောင်းထိုင် ဘုန်းကြီးအဖြစ် ပင့်ဖိတ်ခြင်း ခံရသည်။ သို့သော် ဓမ္မာစရိယတန်းပြီးလျှင် သာသနာပြု တက္ကသိုလ် တက်ရန် ရည်ရွယ်ချက် ရှိခဲ့သောကြောင့် ကျောင်းမထိုင်ခဲ့ပေ။ သာသနာပြု တက္ကသိုလ်မှ ဘွဲ့ရပြီးလျှင် အိန္ဒိယနိုင်ငံတွင် ပညာ သင်ကြားပြီးလျှင် နိုင်ငံတကာ သာသနာပြု ဓမ္မကထိက အဖြစ် ရှင်သန်သွားရန် ရည်ရွယ်ထားသည်။ အချိန် ရလျှင်လည်း အင်္ဂလိပ်စာနှင့် ကွန်ပြူ တာပညာတို့ကို လေ့လာ လိုက်စားခဲ့သည်။ နိုင်ငံရေးသိပ္ပံ၊ ရသစာပေ၊ ကဗျာ၊ ဂီတ တို့ကိုလည်း လေ့လာ လိုက်စားခဲ့သည်။ ဘာသာရေးဆောင်းပါး၊ ၀တ္ထု၊ ကဗျာတို့လည်း ရေးသားခဲ့သည်။
လမ်းကြောင်းပြောင်းပြီ
ဓမ္မာစရိယတန်း စာဝါလိုက်နေစဉ်အတွင်း ၂၀၀၅ ခုနှစ်တွင် ပြည်သူလူထု၏ စားဝတ်နေရေး၊ ပညာရေး၊ ဘာသာရေး နိမ့်ကျ နေမှုများကို အထူးသိမြင်ကာ လျစ်လျူ မရှုရက်တော့ဘဲ သံဃာထု အတွင်း စည်းရုံးမှုများကို စတင်ခဲ့သည်။ ဒီပဲယင်း အရေးအခင်း ကာလက နှစ်ကြီး ထောင်ကျ အကျဉ်းသားများကို သင်္ကန်း စည်းပေးကာ ဒေါ်အောင် ဆန်းစုကြည်နှင့် ကျောင်းသားများအား အာဏာပိုင်များက အသတ်ခိုင်းမှု အပေါ် အထူး စိတ်နာခဲ့သည်။ စစ်အစိုးရ အာဏာပိုင်များ၏ ဘာသာတရား ကင်းမဲ့မှု၊ သာသနာ တော်ကြီးအား အသရေ ညှိုးနွမ်းအောင် ပြုလုပ်မှု၊ ဘုန်းကြီး အယောင်ဆောင်ကာ နာမည်ဖျက်မှု၊ စစ်အုပ်စု အာဏာတည်မြဲရေး တခုတည်းကိုသာ ကြည့်မှုတို့ကြောင့် မိမိ၏ ရည်ရွယ်ချက်များ အပျက်ခံကာ စာဝါ မလိုက်နိုင်တော့ဘဲ ဤစက်တင်ဘာ အရေးအခင်းကို ဦးဆောင်ပါဝင် လှုပ်ရှား ခဲ့ရပါတော့သည်။
သူ၏ မအိပ်မနေလှုပ်ရှားမှုများကတော့ အံ့မခန်းပင်ဖြစ်သည်။ ထို့ကြောင့်လည်း တနိုင်ငံလုံးရှိ သံဃာတော် အရှင်သူမြတ် အားလုံး လိုလိုနှင့် ပေါင်းစည်း လက်တွဲနိုင်ခဲ့သည်။ ထို့ကြောင့်ပင်၂၀၀၇ ခုနှစ် စက်တင်ဘာ အရေးတော်ပုံကြီးမှာ အောင်မြင်စွာ ပေါ်ပေါက် လာခဲ့ရသည်။ သို့သော် အာဏာရှင် ဗိုလ်ချုပ်ကြီးများ အနေဖြင့် သံဃာတော် အရှင်သူမြတ်များ၊ ပြည်သူများ၊ ကျောင်းသား လူငယ်များ အပေါ် ဤကဲ့သို့ ရက်ရက်စက်စက် ချေမှုန်း သတ်ဖြတ်ပစ်မည် ကိုတော့ သူ-လုံးဝ မျှော်လင့် မထားမိခဲ့။ ဤမျှ ရိုင်းစိုင်း ယုတ်မာလိမ့်မည်ဟု မထင်ခဲ့ခြင်းကြောင့်လည်း လမ်းပေါ် ထွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက နောက်ပိုင်းတွင် ဖွင့်ဟ မြွက်ကြားခဲ့သည်။
ဤအဖြစ်ဆိုးကြီးကို ပြန်လည်းစဉ်းစားမိတိုင်း စိတ်ဖိစီးမှုများခံစားရကာ ကျန်းမာရေး ထိခိုက် လာခဲ့သည်။ သို့သော်လည်း ကျန်းမာရေး ချို့ငဲ့နေသည့် အကြားကပင် ရှောင်တိမ်း ပုန်းအောင်းရင်းနှင့် အရေးတော်ပုံ အရှိန် အဟုန် ကျမသွားရေး ဆက်လက် ထိန်းသိမ်း သယ်ပိုး နေခဲ့ရသည်။ မိတ်ဆွေ အသိုင်းအ၀ိုင်းများမှ သူလွတ်မြောက်ရေး အတွက် ပြည်ပသို့ ထွက်ခွာသွားရန် တိုက်တွန်း ပြောဆို ခဲ့သော်လည်း "တိုက်ပွဲ မအောင်မြင် မချင်း ပြည်ပသို့ ထွက်ခွာမသွားကြေး" ဆိုသည့် တိုက်ပွဲဝင် ရဲဘော်များအကြား ထားရှိခဲ့သည့် ကတိသစ္စာကို သစ္စာရှိရှိ ခိုင်ကျည်စွာ စောင့်ထိန်းခဲ့သည်။
အဖမ်းခံရပြီ
ယခုအချိန်တွင်မူ အာဏာပိုင်များ၏ ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးမှု အောက်၌ အဖမ်း ခံလိုက်ရပေပြီ။ နိုဝင်ဘာ ၄ ရက်နေ့၌ ၎င်းပုန်းအောင်း နေထိုင်သည့် စဥ့်ကိုင်းနယ်ထဲတွင် အဖမ်း ခံလိုက်ရပြီး၊ ရန်ကုန်၊ အင်းစိန်အကျဉ်း ထောင်၊ အဆောင် (၂)၊ အခန်း (၂၃) ၌ တဦးတည်း အထီးကျန် စံပယ်နေရသည်။
ထောင်ကျသော်လည်း
ဒီဇင်ဘာ ၅ ရက်နေ့တွင် မိသားစုအနေဖြင့် ပထမအကြိမ် ထောင်ဝင်စာတွေ့ဆုံခွင့် ရခဲ့သည်။ မိသားစု၏ စီးပွားရေး အခြေအနေ ယိမ်းယိုင် နေခြင်းနှင့်အတူ ခရီးလည်း ဝေးကွာသည့်အတွက် ထောင်ဝင်စာ ပုံမှန် တွေ့ဆုံနိုင်ရန် အတွက်ပင် ရုန်းကန် နေကြရသည်။ အရှင်ဂမ္ဘီရသည် ထောင်တွင်း အထီးကျန်မှုကို တရားတော်များ မှတ်ရင်းနှင့်ပင် ပယ်ဖျောက်ရင်း ပြင်ပတွင် ကျန်နေရစ်သည့် ရဟန်းရှင်လူ ပြည်သူများ၏ နောက်ထပ်တကြိမ် တိုက်ပွဲခေါ် သံကို နားစွင့်နေမည်မှာ မလွဲဧကန်ပင်။
ဦးဂမ္ဘီရပြောနေကြစကားတခွန်းရှိပါသည်။
“ကျုပ်တို့ဘုန်းကြီးတွေဆိုတာက လူတွေလို ဇနီးမယား၊ စည်းစိမ် ဥစ္စာ တွယ်တာစရာတွေ ဘာမှ ရှိတာမဟုတ် ဘူး၊ ကျုပ်တို့ လူဖြစ်လာရတာကိုက သာသနာ ပြုဖို့ အတွက်ဗျ၊ လူတွေ အတွက်ဗျ၊ သာသနာပြုနိုင်ဖို့ ဆိုတာကလည်း လူတွေရဲ့ ဘ၀ စားဝတ်နေရေး၊ လူမှုရေး၊ မင်းဆိုးမင်းညစ်တွေ ဘေးက ပြေလည် ကင်းလွတ်နေမှဗျ၊ ဘာ သံယောဇဉ်မှမရှိတဲ့ ကျုပ်တို့က လူတွေရဲ့ အခက်အခဲတွေကို ပြေလည်အောင် ဖြေရှင်းပေးရမယ်။ ဒီအလုပ်တွေ ကို လုပ်ကတည်းက ဘ၀တွေ၊ အသက်တွေ ရင်းထားရတာ၊ အဖမ်းခံရမှာနဲ့ သေမှာ နှစ်မျိုးပဲရှိတယ်“
1 comments:
thanks for dis article..
it is really sad thing...
and wat we can do for him??
he is such a respectful and brave person...
always slute to him...
Post a Comment