စစ်သည် ၂ ဦးသေဆုံး
ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းနောင်မြို့တွင် နအဖစစ်တပ်အချင်းချင်းပစ်ခတ်မှုဖြစ်ပွား၍ တပ်သား (၂) ဦး သေဆုံးပြီး ဒုတိယအရာခံဗိုလ် (၁) ဦး ထွက်ပြေးနေကြောင်း စစ်ဖက်သတင်းများအရ သိရသည်။
ဖြစ်ပွားပုံမှာ ဇန်န၀ါရီလ (၁၃) ရက်နေ့ည (၈) နာရီခန့်တွင် မိုင်းနောင်မြို့အခြေစိုက် အမှတ် (၂) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် ( စကခ- ၂) မှ ဒုတိယအရာခံဗိုလ်ကျော်သိန်းဦးစီးသည့် တပ်စိတ်သည် မိုင်းနောင်မြို့အတွင်း ကင်းလှည့်နေစဉ် မိုင်းနောင်မြို့၊ မြို့မဈေးအနောက်ဖက်အရောက်တွင် လဲချားမြို့အခြေစိုက် ခလရ (၆၄) မှ တပ်သားဇော်ထွန်းကိုတွေ့ရှိ၍ စစ်ဆေးမေးမြန်းရာတွင် စကားများကြပြီး ဒုတိယအရာခံဗိုလ်ကျော်သိန်းက တပ်သားဇော်ထွန်းကို ရိုက်နှက်ထိုးကြိတ်သဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး တပ်သား (၂) ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု သိရသည်။
အခင်းဖြစ်ပွားချိန်တွင် ဒုတိယအရာခံဗိုလ်ကျော်သိန်း၏ တပ်စိတ်မှ တပ်သား (၁) ဦး သေနတ်ထိမှန်ပြီး တပ်သား ဇော်ထွန်းသည်လည်း သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားသည်ဟုသိရသည်။ ဒုတိယအရာခံဗိုလ်ကျော်သိန်း သည် ထိခိုက်မှုမရှိသော်လည်း အခင်းဖြစ်နေရာမှ ၎င်းကိုင်ဆောင်သည့် MA လက်နက်နှင့်အတူ ထွက်ပြေး လွတ်မြောက်သွားသည်ဟု သိရသည်။
မိုင်းနောင်အခြေစိုက် စကခ (၂) လက်အောက်ခံတပ်များက လက်နက်နှင့်အတူ ထွက်ပြေးလွတ်မြောက်သွား သည့် ဒုတိယအရာခံဗိုလ်ကျော်သိန်းကို ပိုက်စိတ်တိုက်လိုက်လံရှာဖွေနေပြီး ဖမ်းဆီးမခံပါက အသေပစ်သတ်၍ ဖမ်းဆီးရန် စကခ (၂) မှ အမိန့်ပေးထားသည်ဟု သိရသည်။
၂၀၀၇ ခုနှစ် အောက်တိုဘာလ (၁၁) ရက်နေ့ကလည်း ဟိုမိန်းဒေသတွင် လှုပ်ရှားနေသည့် ကွန်ဟိန်းအခြေစိုက် ခလရ (၂၄၆) မှ အောက်ခြေတပ်သားများကို နိုင်ထက်စီးနင်းပြုလုပ်နေသည့် ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးမျိုးလှီုင် ကိုလည်း တပ်သားသီဟအောင်က ၎င်းကိုင်ဆောင်သည့် MA-1 သေနတ်ဖြင့် ကျည်ဘောက်ကုန်သည်အထိ အသေပစ်သတ်ခဲ့သည်။
















































0 comments:
Post a Comment