Friday, October 10, 2008

ရွေးကောက်ပွဲကို အများလက်ခံနိုင်အောင် လူ့အခွင့်အရေးရှိဖို့လိုအပ်

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေဟာ စိန်ခေါ်ချက်တရပ် ဖြစ်နေပြီး၊ ၂ဝ၁ဝ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို အများက ယုံကြည် လက်ခံနိုင်အောင် ကျင်းပမယ်ဆိုရင် မြန်မာ စစ်အစိုးရအနေနဲ့ လူ့အခွင့်အရေး ရှိတဲ့ အခြေအနေတရပ်ကို ဖော်ဆောင်ဖို့လိုတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာထောမတ် ကင်တားနားက တိုက်တွန်းလိုက်ပါတယ်။

အောက်တိုဘာလ ၈ ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာမှာ အထူးကိုယ်စားလှယ်က အခုလို ရေးသားဖော်ပြထားတာဖြစ်ပြီး ဒီအစီရင်ခံစာကို လာမဲ့ အောက်တိုဘာလ တတိယပတ် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တင်ပြမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်ကာလဟာ မြန်မာနိုင်ငံရေးသမိုင်းမှာ ထူးခြားတဲ့ အချိန်ဖြစ်ပြီး အစိုးရရဲ့ နိုင်ငံရေး လမ်းညွန် လမ်းပြမြေပုံ နောက်တဆင့်ဖြစ်တဲ့ ၂ဝ၁ဝ နှစ် ရွေးကောက်ပွဲကို အများလက်ခံနိုင်အောင် ကျင်းပဖို့ဆိုရင် လူ့အခွင်အ့ရေးတွေ ရှိဖို့ လိုတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီမိုကရေစီစနစ်ကို ကူးပြောင်းရာမှာ လူ့အခွင့်အရေးတွေကို လေးစားဖို့ဟာ မရှိမဖြစ် လိုအပ်ပြီး ငြိမ်းချမ်းတဲ့ လူစုဝေးခွင့်၊ လွတ်လပ်စွာ အဖွဲ့အစည်း ဖွဲ့နိုင်ခွင့်၊ လွတ်လပ်စွာ သဘောထားအမြင် ထုတ်ဖော် ပြောကြား ရေးသားနိုင်ခွင့် စတာတွေဟာ ခိုင်မာပြီး စိတ်ချယုံကြည်ရတဲ့ ဒီမိုကရေစီစနစ် တည်ဆောင်ရာမှာ အခြေခံကျတဲ့ လူ့အခွင့်အရေးတွေ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

စာမျက်နှာ ၂၃ မျက်နှာပါတဲ့ ဒီ လူ့အခွင့်အရေး အစီရင်ခံစာသစ်ဟာ မစ္စတာ ကင်တားနား ရဲ့ ဒုတိယမြောက် အစီရင်ခံစာဖြစ်ပြီး၊ ပြီးခဲ့တဲ့ သြဂုတ်လက မြန်မာနိုင်ငံခရီးစဉ် နောက်ပိုင်း မှာ ပထမဆုံး ထုတ်ပြန်တဲ့ အစီရင်ခံစာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ တတိယပတ်က မစ္စတာကင်တာနားဟာ ဦးဝင်းတင်အပါအဝင် နိုင်ငံရေး အကျဉ်းသား တချို့ကို မြန်မာစစ်အစိုးရက ပြန်လွှတ်ပေးခဲ့တာကို ကြိုဆိုခဲ့ပြီး ဒါဟာ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးရေးအတွက် ပထမခြေလှမ်းဖြစ်မယ်လို့ မျှော်လင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ref: RFA News

0 comments:

အပေါ်သို့