Tuesday, May 5, 2009

ဖျောက်ဖျက်လို့ မရတဲ့ သမိုင်းမှတ်တိုင်များ

ဆောင်းပါးရှင် - ဒုဗိုလ်မှူးကြီးအေးမြင့်

၁၉၅၅ ခုနှစ်မှာ ကျနော်က စစ်သားဖြစ်လာပြီမို့ စစ်သမိုင်းတွေကို ပို၍ လေ့လာမှတ်သား သိရှိ ခဲ့ရပါတယ်။ ဗိုလ်ချုပ်ကျော်ဇောရဲ့ ထက်မြက်တဲ့ စစ်ရေး စွမ်းဆောင်မှုများကြောင့် တပ်မတော် အတွင်းမှာသာမက တိုင်းပြည်မှာရော နိုင်ငံတကာမှာပါ ဗိုလ်ချုပ်ကျော်ဇောဟာ အောင်မြင်သော စစ်သူကြီးတစ်ဦးအဖြစ်နဲ့ ဂုဏ်သတင်း ပြန့်လွင့် ကျော်ကြားခဲ့တာ သတိပြုမိပါတယ်။

ဒီ ကျော်ကြားမှု ကြောင့်ပဲ စစ်ဦးစီးချုပ် ဗိုလ်နေ၀င်းဟာ သူ့ရဲ့ အနာဂတ် ရှေ့ရေးအတွက် တွေးပူပြီး စိတ်မအေးနိုင် ဖြစ်နေရှာပါတယ်။ ဒီလို အခြေအနေမျိုးမှာ ပြိုင်ဘက် ထိပ်သီး ဆိုရှယ်လစ် စစ်ဗိုလ် တချို့ဟာ ဗိုလ်ချုပ်ကျော်ဇော အပေါ် မနာလို၊ မရှုစိမ့်၊ သ၀င်တိုစိတ်များ ပြင်းပြ လာရာက ၁၉၅၆ ခုနှစ်မှာ ၀န်ကြီးချုပ် ခေတ္တတက်နေတဲ့ ဆိုရှယ်ညစ် ပဂေးကြီး ဦးဗဆွေထံ အကြံအဖန် လန်ကြုပ်ဇာတ်လမ်းဆင် တင်ပြလို့ ကန်ထုတ်ကြပြန်တာ တွေ့ရပါတယ်။ သရုပ်ပြ အမွှန်းတင် စီစဉ်တင်ဆက်ကြသူများထဲမှာ ဆိုရှယ်ညစ် ထိပ်သီး ဗိုလ်မှူးကြီးကြည်ဝင်း၊ ဗိုလ် မှူးကြီးအောင်ကြီးနဲ့ ဗိုလ်နေ၀င်းတို့ ပါဝင်ကြောင်း သမိုင်း အထောက်အထား တွေ့ခဲ့ရပါတယ်။

၁၉၅၇ ခုနှစ်မှာ ဗိုလ်ချုပ်ကျော်ဇော ခမျာ တပ်မဲ့ ဗိုလ်ချုပ်ဘ၀ကို ရောက်သွား ခဲ့ရပါတယ်။ နာမည်ကျော် စစ်သူကြီးတစ်ဦး တိုင်းပြည်မှာ ဆုံးရှုံးသွားခဲ့သလို မနေ့က တပ်မတော်မှာပါ အတိုင်းမသိ ထိခိုက် နစ်နာခဲ့ရပြီး အစားထိုးမရတဲ့ ဆုံးရှုံးမှုတစ်ရပ် ဖြစ်ခဲ့ရပါတယ်။ ပုဂ္ဂိုလ်တဦးကို မလိုမုန်းထား ဖယ်ရှား လိုက်တယ် ဆိုရင်ပဲ ယင်းပုဂ္ဂိုလ်ရဲ့ သမိုင်းကိုပါ မှေးမှိန် ပျောက်ပြယ်အောင် စွမ်းဆောင်ခဲ့ကြတာ ရင်နာစရာ တွေ့ရှိ နားလည်ခဲ့ရပါတယ်။

အထူးသဖြင့် “ဘုရင့်နောင်” ၊“ရန်ကြီးအောင်” စစ်ရေးသမိုင်းမှာ ကိုယ်ကျိုးစွန့် ဦးစီးတိုက်ပွဲ ၀င်ခဲ့သူ စစ်သူကြီး ဗိုလ်ချုပ်ကျော်ဇောရဲ့ အမည်ကို ပြောင်ပြောင်တင်းတင်း ဖျောက်ဖျက် ပစ်ကြတာကို ရင်နာစရာ တွေ့ခဲ့ရပါတယ်၊ သမိုင်းဆိုတာ လိမ်လည်လှည့်ဖြား မှတ်တမ်းတင်လို့ မရစကောင်းပါဘူး။ အဆိုးအကောင်း အကျိုးအကြောင်းနဲ့ တိတိပပ မော်ကွန်းတင်ရရိုး ထုံးတမ်းစဉ်လာ ရှိစမြဲပါ။ ဒီထက်ပိုလို့ ရင်နင့်စရာ မြင်ရတာက တိုင်းပြည်ရဲ့ ကျေးဇူးရှင် လွတ်လပ်ရေး ဗိသုကာ ဒီနေ့ တပ်မတော်ကို စတင် စုဖွဲ့ခဲ့တဲ့ မူလ ပထမ ဖခင်အစစ် ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမိုင်းကိုပင် ထဲထဲဝင်ဝင် ပီပီပြင်ပြင် ကြိုးပမ်းဖျောက်ဖျက် နေကြတာ တွေ့ရလို့ဖြစ်ပါတယ်။

မနေ့ကတပ်မတော်ရဲ့ ၅၈ အဆစ်အကွေ့ သမိုင်းမှာတော့ ဆိုရှယ်ညစ် ထိပ်သီး ဗိုလ်မှူးကြီး ကြည်ဝင်း၊ ဗိုလ်မှူးချုပ် အောင်ရွှေနဲ့ ဒုဗိုလ်မှူးကြီး ချစ်ခိုင်တို့ရဲ့ အာဏာသိမ်း ဇာတ်ညွှန်းကို စစ် ရုံးချုပ်က ဆိုရှယ်လစ်ပဂေး ဗိုလ်ချုပ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့ရဲ့ ဇာတ်ပို့ ဇာတ်ရံမှုနဲ့ ဗိုလ်နေ၀င်းက “တပည့်လိမ္မာ ဆရာအာပတ်လွတ် နည်းဗျူဟာ” အရ ပါဝင် ကပြကာ အသုံးတော် ခံခဲ့တာမို့ ကလိမ်ခြုံ အာဏာ အနုကြမ်းစီးမှု တစ်ခု သမိုင်း စာမျက်နှာပေါ်မှာ ပါခဲ့ရပြန်ပါတယ်။
ကျနော် ရိုးရိုးရှင်းရှင်းလေး နားလည်ခံယူမိတာက ဖဆပလ ကွဲကြ၊ ပြဲကျ၊ ချဲကြတာဟာ နိုင်ငံရေးသမားတို့ ကြုံတွေ့ရမြဲ ဓမ္မတာတရားလို့ မြင်ပါတယ်။ အဖွဲ့အစည်းတစ်ခုအတွင်း ပါတီတစ်ရပ်အတွင်းမှာ ဖြစ်ရိုးဖြစ်စဉ် တစ်ခုသာ ဖြစ်ခဲ့ပါတယ်။ တိုင်းပြည်အတွက် အန္တရာယ်လို့ မဆိုနိုင်သလို တပ်နဲ့လည်း ဘာမှမဆိုင်ပါ။ သူတို့နည်း သူတို့ဟန်နဲ့ ဖြေရှင်းကြရင် ရတာပဲ။ ဒါကို မဆီမဆိုင် လက်ပံသား ဓါးနဲ့ချိုင်ခဲ့လို့ တပ်မတော်ရဲ့ သမိုင်း အကျည်းတန် ခဲ့ရပါတယ်။

ဒီနေ့တပ်မတော်သမိုင်း ၂၀၀၄ မှာလည်း တလက်ကိုင် သစ္စာခံ ဒေါက်တိုင် အဲမ်အိုင် စစ်မလိုင် တွေနဲ့ မတော်မှန်သူ ဗိုလ်သန်းရွှေတို့ ကွဲကြ၊ ပြဲကြ ပြန်တာတွေ့ရပါတယ်။ “ကျားနဲ့ဆင် လယ်ပြင်မှာ ပီပြင်စွာ တွေ့ကြတဲ့ ဖြစ်စဉ်” လို့သာ ဆိုချင်ပါတယ်။ ကျားနိုင်ရင်လည်း ပြည်သူတွေ ကျားကိုက်ခံရမယ်။ ဆင်နိုင်ရင်လည်း ပြည်သူတွေ ဆင်နင်းခံရမယ်။ ဘယ်သူနိုင်နိုင် ပြည်သူ တို့အဖို့ မစားသာဘူး။ ကျားရော ဆင်ပါ လယ်ပြင်မှာ သေကုန်မှသာ ပြည်သူတို့ သက်သာ မှာပါလို့ ကျနော် DVB နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ နိမိတ်ဖတ် ဟောကိန်း ထုတ်ခဲ့ဘူးပါတယ်။

ဒီနေ့မှာ ပြည်သူတွေဟာ ဆင်နင်းတာကို နင်ပဲငဆခံနေရရှာပြီ မဟုတ်ပါလော။ ဘယ်သူငြင်း မလဲ။ နအဖ ဗိုလ်စုတ် မှန်သမျှဟာ စားခွက်ကို သေးပန်းပြီး ထမင်းကျွေးတဲ့ လက်ကို ကိုက်တဲ့ ခွေးတွေလိုပါပဲ။ ဒါကို ဒီနေ့ ဖြစ်စဉ်တွေက သက်သေ ခံနေပါတယ်။

၁၉၅၈ ခုနှစ် ဖဆပလ အကွဲအပြဲကို မြစ်ဖျားခံကာ မနေ့က တပ်မတော်ရဲ့ အာဏာသိမ်းမှု၊ ဒါမှ မဟုတ် အာဏာ အနုကြမ်းစီးမှု ဖြစ်စဉ်ကို တပ်ထဲက နိုင်ငံရေး အရောင်အသွေး မရှိတဲ့ မျိုးချစ် စစ်သား၊ တပ်ဗိုလ်၊ တပ်မှူး အများစုက မကျေနပ်ခဲ့ကြပါ။ ကျနော်ပင်လျှင် အဲဒီတုန်းက ရွံ့ရှာစက်ဆုပ် ခဲ့ပြီး တစခန်း ထခဲ့တဲ့ ဆိုရှယ်လစ် စစ်ခေါင်းဆောင်များကို ပိုလို့ မုန်းတီး နာကြည်းခဲ့ပါတယ်။

နဂိုကမှ စစ်ဦးစီးချုပ် အကျင့်ပျက် ခြစားမှု အပေါ်မှာ မကျေနပ်ခဲ့တာနဲ့ ဗိုလ်ချုပ်ကျော်ဇောကို တပ်က ဖယ်ရှားမှုကြောင့်ပါ ဗိုလ်နေ၀င်း၊ ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်၊ ဗိုလ်ကြည်ဝင်း၊ ဗိုလ်အောင်ရွှေ၊ ဗိုလ်ချစ်ခိုင် စတဲ့ ဆိုရှယ်ညစ် တပ်မှုးများကို လုံးဝ လေးစားမှု မရှိခဲ့ပါဘူး။ ရှစ်လေးလုံး အရေးအခင်း ဖြစ်လာတော့မှပဲ ဗိုလ်ချုပ်အောင်ရွှေ၊ ဗိုလ်မှူးကြီးကြည်ဝင်း၊ ဗိုလ်မှူးကြီး သီဟသူရလှမော် စတဲ့ ဆိုရှယ်လစ် တပ်မှူးကြီး တချို့ကို မျိုးချစ် တပ်မှူးဟောင်း အဖွဲ့မှာ ပြန်လည် ဆုံစည်းပြီး ရင်းနှီးခဲ့ရလို့ နားလည်မှုပေးကာ လေးစားခဲ့ရပါတယ်။

၅၈ ဖြစ်စဉ်မှာ စစ်သားအပီသဆုံး စစ်ခေါင်းဆောင် အကြီးအကဲဟောင်း တစ်ဦးကတော့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဒီကေဘလိပ်လို့် ဆိုရပါမယ်။ ယင်းဖြစ်စဉ်ကို လုံးဝ ကျေနပ် လက်ခံခြင်း မရှိခဲ့သလို ရဲရဲရင့်ရင့်ပင် ကန့်ကွက်ခဲ့တယ်လို့ ကြားဘူးနားဝ ရှိခဲ့ပါတယ်။ ဒီကိစ္စကြောင့် ဗိုလ်ချုပ်ဘလိပ်ဟာ တပ်ကနေ ထွက်သွားပြီး နိုင်ငံခြားသို့ပင် တခါတည်း ထွက်သွားခဲ့တယ်လို့ အဆိုရှိပါတယ်။ ဒါကြောင့် ဗိုလ်ချုပ် မောင်မောင်ကျော်ဝင်းကို တရုတ်ပြည် ဆိုင်ရာ သံအမတ်ကြီး အဖြစ် ခန့်အပ် ခဲ့ပေမယ့်လို့ ဗိုလ်ချုပ်ဘလိပ် (ယခု နယူးဇီလန်တွင် သက်ရှိထင်ရှား ရှိနေသူ) ကိုတော့ တပ်မှ အငြိမ်းစား ပေးခဲ့ကြ ပါတယ်။ ဒီ ထိပ်တန်း အရာရှိကြီးရဲ့ နေရာကို ဗိုလ်ချုပ် ဘသော်အား စစ်ရေးချုပ်အဖြစ် အစားထိုးခဲ့ကြသလို ဗိုလ်ချုပ် စန်းယုဟာ တိုင်းမှူး ဖြစ်လာခဲ့ပါတယ်။
ဒီနေရာမှာ မနေ့က တပ်မတော်အတွင်းက ခိုးလိုး ခုလု ဖြစ်စဉ် ရာထူး နေရာ ခန့်ထားမှုကို ဆရာသမားကြီး တစ်ဦးပြောပြမှုကို အခြေခံလို့ ရေးပြပါရစေ။ ဗိုလ်ချုပ်ကျော်ဇောကို ဖယ်ရှားစဉ်က တပ်မှာ စစ်ရေး အထက်မြက်ဆုံး အစဉ်အလာ အကောင်ဆုံး ဗိုလ်မှူးကြီး ချစ်မြိုင်ကို တိုင်းမှူးခန့် အပ်ရန် စီမံခဲ့ကြပေမယ့် ဗိုလ်ချုပ်ကျော်ဇောနဲ့ အလွန်ရင်းနှီးတဲ့ တပ်မဟာမှူးကြီး ဖြစ်နေတာမို့ တပ်မဟာ ၅ မှူး ဗိုလ်မှူးကြီး အောင်ရွှေကို ခန့်ခဲ့ကြပါတယ်။

ဗိုလ်ချုပ်ဘလိပ် တပ်ကထွက်ပြန်တဲ့အခါ ဗိုလ်မှူးကြီးချစ်မြိုင်ခမျာ တိုင်းမှူး မဖြစ်ပြန်ဘူး။ မြောက်ပိုင်း တိုင်းမှူး ဗိုလ်ချုပ်အောင်ရွှေကို တောင်ပိုင်းတိုင်းသို့ ရွှေ့ပြောင်းခဲ့ပြီး၊ စစ်ရုံးချုပ် စစ်ရာထူးခန့် အတွင်းဝန် ဗိုလ်မှူးကြီး အဆင့်ရတာ တစ်နှစ်ခန့်သာ ရှိသေးတဲ့ ဗိုလ်မှူးကြီး စန်းယုကို မြောက်ပိုင်းတိုင်းမှူး ခန့်လိုက်တော့ စီနီယာဗိုလ်မှူးကြီး တပ်မဟာမှူး တော်တော် များများက မကျေနပ်ကြဘူး။ အထူးသဖြင့် ဗိုလ်မှူးကြီး ချစ်မြိုင် သနက-၃ တပ်ရင်းမှူး ဖြစ်စဉ် က ဗိုလ်ချုပ်စန်းယုက တပ်ခွဲမှူး၊ ဒုတပ်မှူးများနဲ့ ကွပ်ကဲမှု အောက်တာဝန် ထမ်းခဲ့ရတာကိုး။ ဒီခိုးလိုးခုလု ဖြစ်စဉ်ကို အကျယ်အကျယ် မဖြစ်ချင်လို့ ဗိုလ်မှူးကြီး ချစ်မြိုင်ကို စစ်ရုံးချုပ်သို့ ခေါ်ယူကာ ဗိုလ်ချုပ်တင်ဖေရဲ့ တွဲဘက် စစ်ထောက်ချုပ် ဆိုပြီး ခေါက်ထား လိုက်တာတဲ့ဗျာ။ ရင်နာစရာ ရာထူးနေရာ ပေးမှုတွေပေါ့။

ဒီဖြစ်စဉ်မျိုး ရှစ်လေးလုံး အရေးတော်ပုံ ကာလမှာလည်း ဒီနေ့ တပ်မတော်က ကျင့်သုံးခဲ့တာ တွေ့ရပါတယ်။ ရတခတိုင်းမှူး ဗိုလ်ချုပ် ဥာဏ်လင်းဟာ ပြည်သူ့ဘက်ကို ယိမ်းတယ်၊ ပြည်သူ ကရော ဒီမိုကရေစီ လှုပ်ရှားသူများကပါ လေးစား အားထားကြပါတယ်။ အထူးသဖြင့် တပ်မှူး ဟောင်းများနဲ့ နီးစပ်တာမို့ စစ်ရုံးမှာ တွဲဘက် ခေါ်ယူထားလိုက်တာ သတိပြုမိပါတယ်။

ဗိုလ်ချုပ်နေ၀င်းနဲ့ ဆိုရှယ်လစ်တပ်မှူးများဟာ အဲဒီတုန်းကတည်းက စစ်အာဏာရှင်စနစ် ထူထောင်ပြီး အာဏာကို တပ်ပိုင်အဖြစ် ထာဝရ သိမ်းထားဘို့ ကျိတ်ကြံ ခဲ့ကြသတဲ့။ ဆိုရှယ်လစ် နိုင်ငံရေးသမား တည်မြဲတို့ကလည်း မြှောက်ထိုး ပင့်ကော် လုပ်ခဲ့ကြပါတယ်လို့ ကြားဘူးနားဝ ရှိခဲ့ပါတယ်။

ဒါပေမယ့် ဦးနုတို့ကရော ပမညတ တို့ကပါ ပြင်းပြင်းထန်ထန် ဆန့်ကျင်မှု ပြုခဲ့ကြလို့ မလွှဲမရှောင်သာ ရွေးကောက်ပွဲ ကျင်းပပေးပြီး အာဏာ ပြန်လွှဲခဲ့ရတာလို့ အဆိုရှိပါတယ်။ ရွေးကောက်ပွဲမှာ တည်မြဲတို့ နိုင်ရန်လည်း ပင်းခဲ့ကြသတဲ့။ တည်မြဲ ဆိုရှယ်ညစ် တို့ကလည်း ၆၀ ပြည့်ရွေးကောက်ပွဲမှာ “မုချနိုင်ရမယ် ရှုံးရင်လည်း နိုင်ရမယ်” လို့ ကြွေးကြော်ခဲ့တာ မှတ်မိပါသေးတယ်။ ဆိုရှယ်ညစ် တပ်မှူး အများစု ကလည်း တည်မြဲ ဆိုရှယ်လစ်တွေ အနိုင်ရဖို့ လုပ်နိုင်သမျှ နည်းပေါင်းစုံနဲ့ ပြောင်ပြောင် တင်းတင်းကို ကျင့်သုံပြီး ဘက်လိုက်ခဲ့ကြတာ ကျနော်ကိုယ်တိုင် နဖူးတွေ့ ဒူးတွေ့ ခံစား သိရှိခဲ့ရပါတယ်။

ဒီလို တပ်ကဘက်လိုက်တာကို ပြည်သူတို့က တိတိပပ သိခဲ့ကြပါတယ်။ ဒါကြောင့် ၆၀ ပြည့် ရွေးကောက်ပွဲမှာ သူတို့ရဲ့ အသည်းကြားက မဲပြားကို ဦးနုရဲ့ သန့်ရှင်းကို ပုံအောထည့်ခဲ့ကြ တော့တာပါပဲ။ တကယ်တော့ ဦးနုရဲ့ သန့်ရှင်းကိုလည်း ပြည်သူက သိပ်ကိုကြိုက်ကြတာတော့ မဟုတ်ဘူး။ တပ်ရဲ့ ဘက်လိုက်မှုကို ရွံ့ရှာစက်ဆုပ်လို့ သန့်ရှင်းကို အရွဲ့ တိုက်ခါ ပုံအောထည့် လိုက်တဲ့ သဘောလို့ သိရပါတယ်။

ဒါထက်ပိုရှင်းအောင် ရေးရရင် စစ်တပ်ကို မြင်ပြင်းကပ်လို့ ဆိုရှယ်လစ် စစ်ဗိုလ်တွေကို စောက်မြင်ကပ် မျက်မုန်း ကျိုးလွန်းလို့ သန့်ရှင်းကို ပုံအော ထည့်ခဲ့ကြတာပါ။ ကျနော်လည်း သန့်ရှင်းကိုပဲ မဲပေးခဲ့တယ်လေ။ ၆၀ ပြည့်ရွေးပွဲမှာ တည်မြဲ ခွက်ထိုးခွက်လန် အရှုံးကြီး ရှုံးခဲ့ရသလို ၉၀ ပြည့် ရွေးကောက်ပွဲမှာ တစညတို့ အရှုံးကြီး ရှုံးခဲ့ရတာဟာ အခြေခံ အကြောင်းရင်း တူညီခဲ့တာ သတိပြုမိပါတယ်။ စစ်တပ်ရဲ့  ပံ့ပိုးမှုနဲ့ နိုင်မယ်လို့ တွက်ပြီး ၉၀ ရွေးကောက်ပွဲကို လုပ်ပေးစေခဲ့ပေမဲ့ မဆလ တဖြစ်လဲ တစည ဆိုပြီး ယှဉ်ပြိုင်ခဲ့ရာမှာ အကွဲကြီး ကွဲခဲ့ရတဲ့ သမိုင်းမှတ်တိုင် တစ်ခု စိုက်ထူနိုင်ခဲ့ပါကြောင်း တင်ပြလိုက်ရပါတယ်။

ဒုဗိုလ်မှူးကြီးအေးမြင့်

0 comments:

အပေါ်သို့