Sunday, July 26, 2009

စစ်တပ်နဲ့ အာဏာရှင်ကို ခွဲထုတ်ကြ

ဗိုလ်ထက်မင်း
၂၀ ဇူလိုင် ၂၀၀၉

ကချင်ပြည်နယ် မန်စီမြို့အခြေစိုက် ခမရ (၃၁၉) က တပ်ထောက် တာဝန်ခံ အရာခံ ဗိုလ်ထွန်းရွှေဟာ ပြီးခဲ့တဲ့ ဇွန်လ (၂၈) ရက်နေ့က တပ်တွင်း အိမ်ထောင်သည်လိုင်းခန်းမှာ ကြိုးဆွဲချကာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ပါတယ်။ ဒီသတင်းကို ပြင်ပ မပေါက်ကြားဖို့ စစ်အရာရှိကြီးတွေက အထူးထိန်းချုပ် မှာကြား ထားကြောင်းလည်း သိရှိရပါတယ်။

မြန်မာ့တပ်မတော်အတွင်း အခြားအဆင့် အားလုံးထဲမှာ ရာထူး အကြီးဆုံးနဲ့ အမြင့်ဆုံး သူများဟာ ဒု-အရာခံဗိုလ်နဲ့ အရာခံ ဗိုလ်များပင် ဖြစ်ကြပါတယ်။ သူတို့ကို Non Commission officer လို့ ခေါ်ကြပြီး ပြန်တမ်းဝင် မဟုတ်တဲ့ အရာရှိများလို့ သတ်မှတ်ကြပါတယ်။ သူတို့ဟာ ရထားတွဲစီးရင် အရာရှိများနည်းတူ အထက်တန်းတွဲမှာ စီးခွင့်ရသူများ ဖြစ်ကြပါတယ်။ တပ်ခွဲတွေမှာ တချို့အရာခံ ဗိုလ်များဟာ တပ်စုတစုကို အရာရှိမပါဘဲ သီးခြား အုပ်ချုပ်ခွင့် ရရှိပြီး တချို့တပ်ခွဲရုံးမှာတော့ တပ်ခွဲမှူးများနဲ့ ပူးတွဲစီမံခွင့် ရသူများလည်း ဖြစ်ကြပါတယ်။ အရာခံဗိုလ်များရဲ့ အရေးပါမှု အရာရှိများနဲ့ ဆက်ဆံမှုတွေကို ဒီဆောင်းပါးမှာ တင်ပြသွားပါမယ်။

တပ်ရင်းအရာခံဗိုလ် ‘မာ’ မှ ကောင်းမှ တပ်ရင်းရဲ့တိုက်ခိုက်မှု၊ စည်းကမ်းသေဝပ်မှု ကောင်းတယ်လို့ ပြောစမှတ် ပြုကြပါတယ်။ တပ်ရင်း အရာခံဗိုလ်ဟာ တပ်ရင်းမှူးရဲ့ လမ်းညွှန်ချက်ကိုလည်း အကောင်အထည် ဖော်ရပါတယ်။ တပ်ရင်း အရာခံဗိုလ်ဟာ အိမ်ထောင်သည် လိုင်းများ စည်းကမ်း သေဝပ်မှု၊ နောက်တန်းလုံခြုံမှုနဲ့ သက်သာချောင်ချိရေး စတာတွေကို တာဝန် ယူကြရသလို ဗဟိုကင်းကိုလည်း ကြီးကြပ် ပေးရသူ ဖြစ်ပါတယ်။

ဒါ့အပြင် တပ်ရင်းအရာခံဗိုလ်များဟာ စစ်သည်များကို တန်းစီ လူစစ်ရာမှာ ကြပ်မတ် ပေးကြရပါတယ်။ ဒါ့ကြောင့် ရဲဘော်များ အနေနဲ့ တပ်ရင်း အရာခံဗိုလ်ကို ချစ်နေရင် သိပ်ပြီး မကောင်းသလို ကြောက်ရွံ့ရိုသေမှ ကောင်းတယ်လို့ အရာရှိတွေက ယူဆကြပါတယ်။ ဒါဘာလို့ ခေါ်တဲ့ တပ်တွင်း ဆန္ဒ ထုတ်ဖော်ပွဲများမှာလည်း တပ်ရင်း အရာခံဗိုလ်တွေဟာ အစစအရာရာ စီစဉ်ကြပ်မတ် ပေးကြရပါတယ်။ ဒါ့အပြင် တပ်ရေးဗိုလ်ကြီးနဲ့ အနီးကပ် လက်တွဲကာ အသေးစိတ် တာဝန်ယူ တင်ပြ ဆောင်ရွက် ကြရပါတယ်။ တပ်တွင်းက စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်ငန်းတွေကိုလည်း အရာခံဗိုလ်တွေက တာဝန်ယူ ကြပ်မတ် ဆောင်ရွက်ပေးကြရပါတယ်။

ရဲဘော်တွေအား အရာခံဗိုလ်အိမ်တွေနဲ့ စိုက်ပျိုးမွေးမြူရေး လုပ်ငန်း အပါအ၀င် အပို လုပ်ငန်းတွေကို လုပ်အား ပေးခိုင်းစေရာမှာ နာမည်ကြီးလို့ တချို့ ရဲဘော်တွေက အရာခံဗိုလ် လာတာတွေ့ရင် ဝေးဝေးက ရှောင်ပြေးသွားလေ့ ရှိကြတာကိုလည်း တွေ့ရပါတယ်။ တပ်ရင်း အရာခံဗိုလ်ဟာ လစဉ်ရိက္ခာစား စာရင်းချုပ်ကို တာဝန်ယူကာ ရေးဆွဲ ပေးကြရပါသေးတယ်။ ဒါ့အပြင် အရာခံ ဗိုလ်တွေဟာ တပ်တွင်းက သာရေး၊ နာရေး၊ လူမှုရေး စတဲ့ လုပ်ငန်းရပ်များကိုလည်း တပ်ရင်းမှူးကတော် ညွှန်ကြားတဲ့ အတိုင်း ဦးစီးကာ လုပ်ကိုင် ပေးကြရပါတယ်။

အလားတူ RQ လို့ခေါ်တဲ့ တပ်ထောက်အရာခံဗိုလ် တဦးဟာ တပ်ရင်း တရင်းလုံးရဲ့ စစ်ထောက်ပိုင်း ဆိုင်ရာ ရိက္ခာခဲယမ်း၊ စက်သုံးဆီ တွေကို ကိုင်တွယ်ရပါတယ်။ တပ်ရဲ့  ထမင်းအိုးကြီးကို ကိုင်တွယ်ရသလို လောဘကြီးတဲ့ တပ်ရင်းမှူး၊ တပ်ထောက် ဗိုလ်ကြီးတို့နဲ့ နှစ်ပါးသွားရရင်တော့ ဆီပူလောင်သလို ဒုက္ခရောက်ပြီသာ မှတ်ပေတော့ပါပဲ။ တပ်ထောက် အရာခံဗိုလ်တွေဟာ တပ်ထောက် ဗိုလ်ကြီးကို တာဝန်ခံရပြီး အထက်အရာရှိတွေနဲ့ “ရိုက်စား” လုပ်တဲ့နေရာမှာလည်း တဦးကိုတဦး မဖော်ကြဘဲ ဝေစားမျှစား လုပ်ကြသူတွေ ဖြစ်သလို အဆင်မသင့်ရင်လည်း ဓားစာခံ ဖြစ်ကြရပါတယ်။

တချို့ အရာခံဗိုလ်များဟာ တပ်မှာ အနေကြာ နှစ်ကြာလာတာနဲ့ အမျှ စားဝတ်နေရေး ကျပ်တည်းမှုကြောင့် လစာနဲ့ မလောက်ငမှု ကြုံတွေ့ရကာ သားသမီးများ ပျက်စီး နေကြတာကိုလည်း တွေ့ရှိရပါတယ်။ တချို့ အရာခံ ဗိုလ်တွေကတော့ မိမိတို့ရဲ့အိမ်များ၊ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများ ဖြစ်ကြတဲ့ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်း၊ စားသောက်ဆိုင် လုပ်ငန်းကိစ္စများမှာ စစ်သည် ရဲဘော်တွေရဲ့ လုပ်အားကို ရယူပြီး ကိုယ်ကျိုးစီးပွား အတွက် အသုံးချ ခိုင်းစေတာကိုလည်း တွေ့ရပါတယ်။ ဒီအတွက် တပ်ရင်းမှူးကိုလည်း ပံ့ပိုး ပေးထားတာမျိုးနဲ့ ဝေစားမျှစား လုပ်ကြပါတယ်။

တပ်ဟောင်းများက အရာခံဗိုလ်တွေအနေနဲ့ သက်သောင့်သက်သာ ရှိကြပေမယ့် တပ်အသစ်များကို ရောက်သွားတဲ့ အရာခံ ဗိုလ်တွေမှာတော့ ဒုက္ခဆင်းရဲမျိုးစုံ ကြုံတွေ့ကြရပါတယ်။ အရာခံဗိုလ်တွေဟာ အထက်ကပေးတဲ့ တပ် တည်ဆောက်ရေး တာဝန်ကို ထမ်းဆောင်ရာမှာ ရရှိထားတဲ့ ပစ္စည်းကိရိယာ မပြည့်စုံမှု၊ ငွေကြေး မလုံလောက်မှု တို့ကြောင့် နီးစပ်ရာ ကျေးရွာ ရပ်ကွက်များက ရွာသားတွေကို အဓမ္မလုပ်အားပေး ခေါ်ယူခိုင်းစေပြီး အလွယ်လမ်း လိုက်ခဲ့ကြရတာလည်း တွေ့ရှိရပါတယ်။ အရာခံ ဗိုလ်တွေဟာ အထက်က တာဝန် မယူမှုကြောင့် ကြုံသလို ဖြေရှင်းလုပ်ကိုင် နေရလို့ စိတ်မွန်းကျပ်မှုများနဲ့ အတူ ထွက်ပေါက် မရှိဘဲ အာဏာရှင်တွေ အလိုကျ လှုပ်ရှားနေကြရပါတယ်။

တချို့ကိစ္စရပ်တွေမှာ အဲဒီ တပ်ထောက် အရာခံဗိုလ်တွေဟာ စားကွက် ရိုက်စား ‘ခွင်’ များနဲ့ ပတ်သက်ပြီးတော့ တပ်ထောက် ဗိုလ်ကြီး၊ တပ်ရင်းမှူးတို့နဲ့ သဟဇာတ ဆက်ဆံရေး အဆင်မပြေမှုများ ဖြစ်တတ်ကြပါတယ်။ တပ်ရင်းမှူး၊ တပ်မှူးများရဲ့ စိတ်ကြိုက် အလေးပေးမှုနဲ့ လုပ်ရည်ကိုင်ရည် အပေါ်မှာ မူတည်ပြီး တချို့တပ်များမှာ တပ်ရင်းအရာခံဗိုလ်ဟာ အစွမ်းထက် နေသလို တချို့ တပ်များမှာလည်း ဘေးဖယ် ကျဉ်ထားခြင်း ခံရတာကို တွေ့ရှိရပါတယ်။

အရာရှိတွေဟာ တပ်ရင်းတခုမှာ သိပ်ကြာကြာမနေရဘဲ အကြောင်း အမျိုးမျိုးနဲ့ ပြောင်းရွှေ့  သွားကြရပေမယ့် အရာခံဗိုလ်တွေ အနေနဲ့ကတော့ တပ်ရင်းတွေမှာ စွဲမြဲစွာ နေရလေ့ရှိတာမို့ တပ်ရင်း တခုလုံးကို အပ်ကျမတ်ကျ သိရှိနေတဲ့အပြင် စစ်သည် ရဲဘော်တွေနဲ့လည်း နီးနီးစပ်စပ် ရှိကြတာမို့ အောက်ခြေ တပ်မတော်သားတွေကို ပြည်သူ့ဘက် ရပ်တည်ဖို့ ထိုးဖောက် စည်းရုံးရာမှာ အရာခံဗိုလ်များအား အဓိကပစ်မှတ်ထားသင့်ပါတယ်။ အထူးသဖြင့် ဒီမိုကရေစီဆိုတာ စစ်အာဏာရှင်တွေ ၀ါဒဖြန့်ထားသလို မဟုတ်ဘဲ တိုင်းပြည်အတွက် တပ်မတော်အတွက် အလွန်လိုအပ်နေကြောင်း သိရှိနားလည်ဖို့ တပ်ရင်းတွေမှာ အဓိကဖြစ်တဲ့ အရာခံဗိုလ်များကတဆင့် စည်းရုံးလှုံ့ဆော်ပါက ထိရောက်အောင်မြင်နိုင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချ သတ်မသေရဲဘဲ စစ်အာဏာရှင် စနစ်နဲ့ စစ်အာဏာရှင် တွေကို နာကြည်း မုန်းတီးနေတဲ့ အရာခံ ဗိုလ်တွေလည်း အမြောက်အမြားရှိကြပါတယ်။ ပြေးစရာမြေမရှိ၊ ထွက်လို့လည်းမရဘဲ ကြိတ်မှိတ်လုပ်နေကြရတဲ့ အရာခံ ဗိုလ်တွေနဲ့ အောက်ခြေတပ်မတော်သားတွေရဲ့ဘ၀ကို စစ်အာဏာရှင်တွေက သတင်း အမှောင်ချထားပါတယ်။

တပ်မတော်အတွင်း အောက်ခြေမှာ ဘယ်လိုဖြစ်ပျက်နေသလဲ ဆိုတာ တပ်မတော် စစ်ဆေးရေး အရာရှိချုပ် ဗိုလ်ချုပ် လွန်းမောင် ကိုယ်တိုင် လျှို့ ဝှက်ဆင်းကာ အမှတ်မထင် ၀င်ရောက်စစ်ဆေးပြီး ဗိုလ်သန်းရွှေကို အစည်းအဝေး တခုမှာ တင်ပြခဲ့တာကတော့ ရဲဘော်တွေ ခွက်ပျောက် နေပါတယ်ဆိုတဲ့ စကားနဲ့အတူ တိုင်းမှူးတွေအားလုံးလည်း မျက်စိမျက်နှာ ပျက်ကုန်ကြပါတယ်။ ဗိုလ်သန်းရွှေက တိုင်းမှူးတွေ၊ တပ်မမှူးတွေကို လှိမ့်ဆူရာ စစ်အာဏာရှင် ထိပ်သီးတချို့မှ ကိုလွန်းမောင် အမှန်အတိုင်း ဒီလို လျှောက်ပြောရင်တော့ ခင်ဗျားကို တိုင်းမှူးတွေက ထမင်းတောင် ကျွေးချင်တော့မှာ မဟုတ်ဘူးလို့ ဟန့်သလိုလို ၀ိုင်းပြောပြီး တားခဲ့ကြတဲ့ အထိ ဖြစ်ခဲ့ပါတယ်။

ဒါကိုကြည့်ရင် စစ်အာဏာရှင်တွေ အကြောက်ဆုံးက တပ်တွင်းစည်းလုံးရေး ပြိုကွဲမှာ ကိုသာ ဖြစ်ပါတယ်။ ကမ္ဘာ့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ ဖိအားနဲ့ ပြည်တွင်းပြည်ပက နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများကို ဗိုလ်သန်းရွှေက ဂရုမစိုက်သလို အစည်းအဝေး တွေမှာလည်း တို့တပ်မတော်ကြီး စည်းစည်းလုံးလုံး ရှိနေသမျှ ဘယ်လို အန္တရာယ်မှ မကျရောက်နိုင်ဘူးလို့ အမြဲ ပြောလေ့ရှိပါတယ်။ ဒါ့ကြောင့် ဒီမိုကရေစီ ဘက်တော်သားတွေ အနေနဲ့ တပ်မတော်သားတွေကို စစ်အာဏာရှင် တစ်စုရဲ့  လက်ထဲက ဆွဲထုတ်ကြဖို့ ထိထိရောက်ရောက် စီမံကိန်းချကာ ဆောင်ရွက်ရန် အရေးကြီးဆုံး အချိန်ကို ရောက်နေပြီဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။


Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့