ဗိုလ်ထက်မင်း
၃၀ ဇူလိုင် ၂၀၀၉
ရုရှားနိုင်ငံကို သွားရောက်ပညာဆည်းပူး ခဲ့တဲ့ DSA ကျောင်းဆင်း ညီတော်တွေကို အရင်ခေတ် တပ်မတော် အရာရှိတွေရဲ့ စိတ်ဓာတ်နဲ့ ခံယူချက် ထားရှိပုံတွေကို ရှင်းပြလိုပါတယ်။ တို့တတွေ ကျောင်းဆင်း လာတော့ ပခုံးပေါ်မှာ တင်ထားတဲ့ တပွင့်တည်းသော ကြယ်ပွင့် လျှောကျ သွားမှာစိုးလို့ ဆွဲဆွဲ တင်နေလိုက်ရတာ အမောပဲ ဆိုတာကို ရှင်းပြလိုတာပါ။ ပြီးတော့ တို့တိုင်းပြည် အတွက် ဘာလုပ်မယ် ညာလုပ်မယ် ဆိုပြီးတော့ လက်သီး လက်မောင်း တန်းရင်း ကြိမ်းဝါး မိတာလည်း ရှိပါသေးတယ်။
အရာရှိအချင်းချင်း နောက်ပြောင်ပြောဆို နေကြပုံက အဲဒီအပွင့်ကို ညှစ်လိုက်ရင် ချွေးတွေ၊ သွေးတွေ ကျလာ ရမယ်။ ရှေ့တန်းမှာ မတိုက်ရဘဲ နောက်တန်းမှာ နှပ်နေရတာမျိုး၊ သင်တန်းတွေပဲ လှိမ့်တက် နေရတာမျိုးနဲ့ ရတဲ့ အရာရှိရဲ့ အပွင့်ကိုတော့ ညှစ်လိုက်ရင် ‘ပဲ’ တွေပဲ ကျလာမယ် အထင် မကြီးဘူးလို့လည်း ရိတိတိ ပြောတတ် ခဲ့ကြပါတယ်။
တပ်ရင်းကို ရောက်သွားတော့လည်း တို့တတွေဟာ ကာဘိုင်သေနတ်ကို ရွေးရတာ ခေါင်းအကိုက်ရ ဆုံးပါပဲ။ ရန်သူနဲ့ တွေ့ရင် ပြန်ပစ် နိုင်ဖို့ရာ Zero inch ဖြောင့်တန်းမှု ရယူထားတဲ့ ကာဘိုင်ကို အလိုချင်ကြဆုံး ဖြစ်ပါတယ်။ တချို့တပ်ခွဲ တပ်ကြပ်ကြီးတွေရဲ့ ကာဘိုင်ဒင် သစ်သားပိုင်းက ပေါလစ် သုတ်ထားလို့ ပြောင်နေတာကို တွေ့ရင် အရာရှိ ပေါက်စတွေက ရင်သပ်ရှုမော ကိုင်တွယ် ကြည့်ကြတာ ညီတော်တို့ သိစေချင်ပါတယ်။
Equipment လို့ခေါ်တဲ့ စစ်ချပ်ဝတ် တန်ဆာ အပိုင်းမှာ ခါးပတ်နဲ့ ရေဘူးဆိုရင် အမေရိကန်ထုတ် ခါးပတ်၊ ရေဘူးမှ ၀တ်ဆင် ကြပါတယ်။ အရာရှိတဦး US Equipment အပြည့်အစုံ ၀တ်ထားပြီဆိုရင် ကျန်တဲ့ အရာရှိတွေက ရင်သပ်ရှုမောနဲ့ ဘယ်လောက် ပေးရလဲ ဘယ်မှာဝယ်လဲ စသဖြင့် အလုအယက် မေးမြန်း လာကြတာလည်း တွေ့ရပါတယ်။ အဲဒီအရာရှိတွေ တပ်ပြောင်း ခဲ့ရင် US Equipment ကို အမှတ်တရ လက်ဆောင်အဖြစ် သိမ်းပိုက်ဖို့ ကြံစည်ကြတဲ့ အထိ အရာရှိတွေက မက်မက်မောမော ရှိကြပါတယ်။
ကျောင်းဆင်းအရာရှိတွေဟာ တပ်ရင်းရှိ တပ်စုတစုကို ကိုင်တွယ်ဖို့ တပ်ခွဲမှူးက အပ်နှံခဲ့ရင် ဖြစ်စေ၊ တပ်စု တပ်ကြပ်ကြီး တဦးက ၎င်းတပ်စုကို သတိဆွဲကာ မိမိထံသို့ အလေးပြုပြီး သတင်းပို့ခဲ့ရင် ဖြစ်စေ အဲဒီအချိန်မှာ ရင်ထဲမှာ ငါဟာ လူ (၃၀) ကို အုပ်ချုပ်ရတဲ့ အရာရှိပေါက်စ တဦး မကြာခင် ဖြစ်တော့ မှာပါလားဆိုတဲ့ ရင်ထဲက ပီတိကို ညီတော်တွေအား မျှဝေပေးချင်ပါတယ်။
ရှေ့တန်းရောက်ရင် တပ်စုတပ်ကြပ်ကြီးလုပ်သူ ဆရာကြီးက နယ်မြေနဲ့ ရန်သူ သတင်းတွေကို စိတ်ရှည် လက်ရှည် ရှင်းပြပုံ၊ ရွာတွေ ရောက်ခဲ့လို့ အိမ်တွေမှာ ညအိပ်ခဲ့ရင် ကိုယ့်ထက် အသက်ကြီးတဲ့ တပ်စု တပ်ကြပ်ကြီးက အိမ်အောက်မှာ အနစ်နာခံ အိပ်ခဲ့ပုံ၊ မိမိကိုတော့ အိမ်ပေါ်မှာ ဇိမ်ကျကျ အိပ်ခွင့် ပေးခဲ့ပုံ … စသဖြင့် အတူတူစား အတူတူ သွားလာကြတဲ့ သံယောဇဉ်နဲ့ ရဲဘော်ရဲဘက် စိတ်တွေ ကြီးမား လှပုံကို ပြောပြချင်ပါတယ်။
တပ်ခွဲမှူးကိုဆိုရင် ကိုယ့်ရဲ့ အကိုကြီး တယောက်လို ခင်တွယ်မိကာ ထမင်းလက်ဆုံ စားကြတဲ့ အခါမျိုး စစ်နည်းဗျူဟာ တွေကို လက်တွေ့ နယ်ပယ်မှာ အပ်ကျမတ်ကျ သင်ကြား ပေးခဲ့ပုံတွေက အစ နောက်ဆုံး ညီတော်တွေ ပိုက်ဆံ မရှိလို့ နောင်တော်တွေက မုန့်ဖိုးအဖြစ် ပေးသုံး ခဲ့ပုံတွေ၊ ရန်သူနဲ့ နင်လား ငါလား တိုက်ပွဲတွေ ဖြစ်လာရင် တပ်ခွဲမှူးက အတွေ့အကြုံ နည်းတဲ့ ကျောင်းဆင်း မိမိတို့ တပ်စုမှူးတွေကို ချေမှုန်းရေး တပ်စုမှာ မထားဘဲ တပ်ခွဲမှူးရုံးရဲ့ အနီးကပ် တပ်စု အဖြစ် စိုးရိမ် ကြောင့်ကြစွာ ပြောင်းလဲ ထားခဲ့ပုံတွေ ဒါတွေကိုလည်း အခုခေတ် ညီတော်တွေ သိစေချင်တယ်။
နောက်တန်းပြန်ရောက်လို့ လူပျိုအရာရှိရိပ်သာရောက်ပြီဆိုရင် စီနီယာ နောင်တော် တပ်ခွဲမှူး ဗိုလ်ကြီးတွေက ဦးဆောင်ပြီး စားသောက် ဖွယ်ရာတွေ အပါအ၀င် အထွေထွေ ကုန်ကျစရိတ် အားလုံး အကုန်အကျ ခံပုံတွေ၊ သူတို့ကိုယ်တိုင်က မင်းတို့ တပ်စုမှူးတွေ ပိုက်ဆံရှိကြတာ မဟုတ်ဘူး၊ ငါတို့အကြီးတွေပဲ ပေါင်းပြီး ရှင်းပေးလိုက်မယ် ဆိုတဲ့ ကြင်နာမှု စကားသံတွေ၊ မြို့ထဲကို ကားတစီးနဲ့ ထွက်လည်ကြလို့ စားသောက်ဆိုင်ကို ရောက်ပြီး ရှင်းကြပြီဆိုရင်လည်း စီနီယာ အရာရှိတွေက ကျနော်တို့ ဂျူနီယာ အရာရှိတွေကို လက်ကာပြီး သူတို့ပဲ ရှင်းပေးကြပုံတွေ၊ အကိုကြီး အဖအရာ ဆိုသလို တပ်ထဲမှာ နေထိုင်ပြုမူ ကျင့်ကြံပုံ၊ ဆိုင်ရာတွေကို ဆိုဆုံးမ ပုံတွေဟာ ယနေ့ထက်တိုင် ရင်ထဲ အသည်းထဲ စွဲမြဲနေပါတယ်။
တိုက်ပွဲမှာ တပ်ခွဲမှူးဖြစ်ဖြစ်၊ တပ်စုမှူးဖြစ်ဖြစ် ထိခိုက်ဒဏ်ရာ ရလို့ဖြစ်စေ ပိတ်ဆို့ ခံရလို့ဖြစ်စေ ဘယ်လိုမျိုး အခက်အခဲတွေ ကျရောက် နေပါစေ ညီတော် နောင်တော်တွေက မဖြစ်ဖြစ်အောင် ဖောက်ထွက်ပြီး ကူညီဖေးမ ကယ်တင်တတ်တဲ့ ရှေ့တန်းရဲ့  ရဲရဲတောက် သံမဏိ စိတ်ဓာတ် တွေကိုလည်း ညီတော်တွေ သိစေချင်ပါတယ်။ အခုတော့ ဒါတွေဟာ ပုံပြင်တွေလို ဖြစ်နေပြီး တို့တပ်မတော်ဟာ ရာထူး အာဏာ မက်မောမှုနဲ့ အတူ စီးပွားရေး၊ နိုင်ငံရေးမှာ ထဲထဲဝင်ဝင် ပတ်သက် ချုပ်ကိုင်လာတာနဲ့ အမျှ တိုင်းပြည်နဲ့ လူမျိုးအတွက် ဆိုတာဟာ တပ်မတော်နဲ့ ဘာမှ မသက်ဆိုင်တော့တဲ့ အထိ ရာဇ၀င် ရိုင်းခဲ့ပြီ ဖြစ်ပါတယ်။
တို့ ကျောင်းဆင်းပြီးပြီးချင်း ရှေ့တန်းမှာ (၉) လ ဆက်တိုက် ကြာသွားတော့ မိခင်ဖြစ်သူက တပ်ရင်းမှူးဆီ စာရေးပြောတယ်။ အဲဒီအခါကျမှ တပ်ရင်းမှူးက သတိရပြီး ခွင့်ခေါ်ပေးလို့ မိခင်အိမ်ကို ပြန်ခွင့်ရပါတယ်။ ဒါပေမယ့် ရှေ့တန်းမှာ ရုန်းရင်း ကန်ရင်း ပေပေတေတေ နေလိုက်တာ ပင်ပန်းရမှန်း မသိဘဲ အချိန်ကုန် သွားခဲ့တာဖြစ်တယ်။ တပ်ရင်းမှူးက ခွင့်ခေါ်ပေးမှသာ (၉) လ ကြာပြီ ဆိုတာကို သိရတာဖြစ်တယ်။
ရှေ့တန်းမှာက တပ်ခွဲမှူးက အစစအရာရာ ကျွေးမွေးနေတော့ ဘာကုန်ကျမှုမှ မရှိဘူး။ ဒါကြောင့် အိမ်ပြန်တဲ့အခါ ဘဏ် (၆) မှာ လစာကို တလုံးတခဲတည်း ထုတ်ရတယ်။ အဲဒီအချိန်မှာ ခံစားခဲ့ရတဲ့ ပီတိ၊ အဲဒီလစာတွေ ထဲက မိခင်ကို ကန်တော့လိုက်ရတဲ့ ပီတိ၊ အရင်က ကျောင်းနေဖက် သူငယ်ချင်းဖြစ်ခဲ့တဲ့ RIT ကျောင်းသား သူငယ်ချင်းထံ သွားပြီး သူ့ကို RIT ကင်တင်း ရိပ်သာမှာ ကိုယ်ရတဲ့ လစာနဲ့ ကျွေးမွေး ပြုစုရတဲ့ ပျော်ရွှင်မှုပီတိ ခံစားချက်တွေကို ငါ့ညီတော်တွေ သိစေချင်တယ်။
ငါတို့ဟာ တက္ကသိုလ်ကျောင်းသားဘ၀က လာခဲ့တာမို့ ကျောင်းသားတွေရဲ့ ဘ၀ကို ပြန်လည် တမ်းတမိရင်း အတူတူ လက်တွဲခဲ့တဲ့ တက္ကသိုလ် ကျောင်းသားတွေနဲ့ ရှေ့တန်းမှာ မသေလို့ ပြန်လည် ဆုံတွေ့ခဲ့ရတဲ့ ငါတို့ရဲ့  အမှတ်တရ ပွဲလေးကို ဘယ်တော့မှ မေ့ပျောက်မှာ မဟုတ်သလို ကျောင်းသားတွေရဲ့ တန်ဖိုးနဲ့ ရဲစွမ်းသတ္တိကိုလည်း ခံစားနားလည်တယ်။ တို့တပ်တွေမှာ အရင်က ရှေ့တန်းမှာ ပင်ပန်း ဆင်းရဲလွန်းအား ကြီးပြီ ဆိုရင် သင်တန်းတခုခု တက်ခွင့်ရတာကိုပဲ အနားယူတဲ့ သဘောလို့ ယူဆကြတယ်။
အခုညီတော်တွေကျတော့ အဲဒီလိုဖြတ်သန်းမှုမျိုး မရှိခဲ့လို့ တပ်မတော်ရဲ့ သံမဏိ စိတ်ဓာတ်ဆိုတာ ဘာမှန်းမသိ၊ ရဲဘော်ရဲဘက် စိတ်ဓာတ်ဆိုတာ ဘာကို ဆိုလိုရမှန်း မသိ ဖြစ်နေကြတယ်။ အဆိုးဆုံးက စစ်တပ်ကို လက်ကိုင်တုတ် သဖွယ် အသုံးချနေတဲ့ တပ်မတော် သမိုင်းကို ဖျက်ဆီးနေသူ အာဏာရှင် ထိပ်ပိုင်းတစုရဲ့ လုပ်ရပ်တွေကြောင့် ညီတော်တွေဟာ သန်လျက်ကို ရေထင်၊ ရွှေသမင် အလိုက်မှား နေကြတယ်။
ညီတော်တွေဟာ DSA သုံးနှစ် ကျောင်းဆင်းပြီး ကတည်းက ခြေလျင်တပ်ကို ရောက်ရှိ သတင်းပို့တာနဲ့ ရှေ့တန်းမှာ ကျောပူအောင် လမ်း မလျှောက်ကြရတော့ဘဲ MSC ဆိုတဲ့ (၂) နှစ် သင်တန်းကြီးကို မဖြစ်မနေ ဆက်လက် တက်ရောက်ကြပုံတွေ၊ အဲဒီကမှ တဆင့် အဆင့်မီလို့ ရုရှားကို ပညာဆည်းပူးခွင့် ဆက်လက် တက်ရောက်ခွင့် ရကြပုံတွေ၊ ပြန်လာကြတော့လည်း ပြင်ဦးလွင်မှာ ကွန်ပျူတာနဲ့ နပန်းလုံးပြီး ဒီမိုကရေစီ ဘက်တော်သား ၀က်ဆိုက်တွေကို အဖျက်အမှောင့် လုပ်ခဲ့ပုံတွေ ကြားသိရတော့ ညီတော်တွေရဲ့ ကျပ်မပြည့်တဲ့ စစ်သား တပိုင်း ဘ၀ကို သနားမိပါတယ်။
အခုတော့ ညီတော်တွေထဲက အရာရှိတဦးကို DSA မှာ နည်းပြအဖြစ် ရောက်နေတဲ့ ရုရှားနည်းပြ အမျိုးသမီးလှလှ တဦးက အပြာ ဇာတ်လမ်းတွေနဲ့ မှတ်ကျောက် တင်ပေးလိုက်တယ်လို့ ကြားသိရလို့ စိတ်မကောင်း ဖြစ်မိတယ်။ စစ်သားရဲ့ မှတ်ကျောက် တင်မှုဟာ ရှေ့တန်း စစ်ဆင်ရေး နယ်မြေသာ ဖြစ်လို့ ညီတော်တွေရဲ့ မှတ်ကျောက်ကို ဘယ်နေရာမှာ တင်ရမလဲ ဆိုတာ စဉ်းစားလို့ မရအောင်ကို ဖြစ်ရတယ်။
မင်းတို့သိပြီးသား တို့တတွေရဲ့ “ဆောင်ပုဒ်” ရှိပါတယ်။ ပြန်ပြောပြမယ်။ “ဘာလုပ်နေလဲ - လေ့ကျင့်နေတယ်၊ ဘာလုပ်ဖို့လဲ - တိုက်ပွဲဝင်ဖို့၊ ဘယ်သူ့အတွက်လဲ - ပြည်သူ့အတွက်၊ ဘာစိတ်ဓာတ်လဲ - သံမဏိစိတ်ဓာတ်” ဆိုပြီး ငါတို့ ဆိုရတဲ့ ဆောင်ပုဒ် ရှိပါတယ်။ အခုတော့ ညီတော်တွေခေတ်မှာ အဲဒီဆောင်ပုဒ်ကို ပြင်ရမလို ဖြစ်နေပါတယ်။
“ဘာလုပ်နေလဲ - ဒီမိုဝက်ဆိုက် ဖျက်ဆီးနေတယ်၊ ဘာလုပ်ဖို့လဲ - ရာထူးအာဏာ မတရားယူဖို့၊ ဘယ်သူ့ အတွက်လဲ - နအဖ စစ်အာဏာရှင်တွေ အတွက်၊ ဘာစိတ်ဓာတ်လဲ - မစ္ဆရိယ စိတ်ဓာတ်” လို့ ပြင်ရမလို ဖြစ်နေတယ်။
ညီတော်တွေရဲ့ ခံယူချက်၊ စိတ်ဓာတ်တွေဟာ ယခင်နောင်တော်တွေရဲ့ ခံယူချက် စိတ်ဓာတ်တွေနဲ့ မိုးနဲ့မြေလို ကွာခြားတာနဲ့ အမျှ တပ်မတော်ရဲ့ အနာဂတ်ဟာလည်း မဲမှောင်လျက်သာ ရှိနေမှာဖြစ်ကြောင်း တင်ပြ လိုက်ရပါတယ်။
Ref: ခေတ်ပြိုင်
Thursday, July 30, 2009
စစ်သားကောင်း ပီသကြပါစေ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment