Thursday, July 23, 2009

ကယ်တင်ရှင်မရှိပါ

ဗသြ
7/23/09

ကုလသမဂ္ဂအတွင်းရေးမှူးမစ္စတာဘန်ကီမွန်း ဗမာပြည်ကနေ ပြန်သွား ပြီးတဲ့နောက် ပြည်ပက မီဒီယာတွေ အကြားမှာ ဒီခရီးစဉ်ဟာ အောင်မြင်သလား၊ မအောင်မြင်ဘူးလား ဆိုတာကို အတော်ကလေး ရေးကြီးခွန်းကျယ် ပြောဆိုကြတာသတိထားမိ ပါတယ်။ နောက်ထပ် သတိပြုမိတဲ့ အချက်ကတော့ မစ္စတာ ဘန်ကီမွန်း ပြန်သွားတဲ့ နောက်မှာ ဒီလို ပြောဆိုရေးသား တာတွေဟာ ဂယက်လောက်သာ ဖြစ်နေခဲ့ပြီး လှိုင်း ငယ်ငယ်တောင် ဖြစ်မလာဘူး ဆိုတာပါပဲ။

ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတာကို ပြန်စဉ်းစား လိုက်တော့ အဓိက အကြောင်းရင်းက ပြည်တွင်းက ပြည်သူတွေက ဒီခရီး အပေါ်မှာ စိတ်ဝင်စားမှု နည်းလို့၊ မျှော်လင့်ချက် ထူးထူးခြားခြား မထားလို့ ဖြစ်ပါတယ်။ ပြောရရင် ဗမာပြည်ရဲ့ အရေး နိုင်ငံတကာ စားပွဲခုံတွေပေါ် ရောက်သွားတာကို ဗမာပြည်သားတွေက မလိုလားပါဘူး။ ဘယ်သူ မဆို ကိုယ့်အိမ်တွင်းက ပြဿနာကို ကိုယ့်အိမ်တွင်းမှာပဲ ဖြေရှင်း ချင်တာပါ။

အိမ်ပြင်ရောက်သွားရင် ရှက်စရာ ကောင်းတယ်လို့တောင် ယူဆကြတာပါ။ ဒါပေမဲ့ နအဖ စစ်အစိုးရရဲ့ အာဏာ ရမက်ကြီးမှု၊ အင်အားနဲ့ အနိုင်ကျင့်လိုမှု၊ အမှန်တရားကို လက်မခံနိုင်မှု တို့ကြောင့် အိမ်တွင်း ကိစ္စဟာ ရပ်ကျော် ရွာကျော် ဖြစ်ကုန်ရပါတယ်။

ကိုယ့်တိုင်းပြည်ရဲ့အရေး ဒီလို ပြည်ပကို ရောက်သွားတဲ့ အခါမှာ ကိုယ့်တိုင်းပြည် အတွက် အကျိုးရှိတာ၊ မရှိတာတွေ နောက်ထားလို့ ပထမဆုံး ဖြစ်လာတာ ကတော့ ကိုယ့်ပြဿနာဟာ သူများပြဿနာ ဖြစ်သွား တာပါပဲ။ အထူးသဖြင့် အင်အားကြီး နိုင်ငံတွေရဲ့ ပြဿနာ ဖြစ်သွားတာပါပဲ။ ဒီအခါမှာ သူတို့က ကိုင်တွယ် ဖြေရှင်းတယ် ဆိုတော့ သဘာဝ ကျစွာပဲ ဗမာပြည်ရဲ့ ပြဿနာကို သူတို့ အကျိုးစီးပွားပေါ် အခြေခံပြီး ချဉ်းကပ် ကြပါတယ်။ အဲဒီလိုချဉ်းကပ် စဉ်းစားနည်းမျိုးတွေ ကနေ ပေးလာတဲ့ အကြံပေးချက်တွေကို အစိုးရရော၊ အတိုက်အခံတွေပါ လက်ခံရ အခက်၊ လက်မခံရ အခက် ဖြစ်တော့တာပါပဲ။ သူတို့ ဖြစ်စေချင်တာတွေက ဗမာပြည် သားတွေ ဖြစ်ချင်တာနဲ့ တူချင်မှ တူညီတာ ဆိုတာကို မေ့လို့ မဖြစ်ပါဘူး။

ပိုဆိုးတာက ဒီပြည်ပကလူတွေဟာ ကုလသမဂ္ဂလို၊ အီးယူလို၊ အာစီယံလို အဖွဲ့ နာမည်ကြီးတွေနဲ့ လုပ်ကြပြောကြတာ ဆိုတော့ ဗမာပြည်သားတွေ အဖို့ ဒါကြီးတွေ လုပ်ကိုင်ကြတာ တွေကိုပဲ အဖြေရနိုးနိုး၊ လိုချင်တာရနိုးနိုး၊ ဟိုဟာနိုးနိုး၊ ဒီဟာနိုးနိုး မျှော်ရမလိုဖြစ်လာပါတယ်။

နောက်ပြီး“ဗမာပြည်အကြောင်းကျွမ်းကျင်သူ”၊ “ဗမာပြည်ကို စာနာသူ”ဆိုသူတွေကလည်း ဗမာပြည် အရေး ဆွေးနွေးပွဲတွေ၊ နှီးနှော ဖလှယ်ပွဲတွေ တချီပြီး တချီ ကျင်းပ ကြပါတယ်။ တချို့ လူတွေကလည်း ဒီလို ပြည်ပ ကနေ စဉ်းစားတွေးဆ တာတွေကိုပဲ သိုက်စာပေးသလို ပေးကြပါတယ်။

ဒီနေ့ နိုင်ငံတကာအခြေအနေတွေဟာ တော်တော်မြန်မြန်ပဲ ပြောင်းလဲ နေပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး အဖက်ဖက်မှာ ပြောင်းလဲနေတာပါ။ နိုင်ငံတိုင်းဟာ အဲဒီ အပြောင်း အလဲတွေနဲ့ အညီ ကိုယ့်ကိုယ်ကို လိုက်လံ ထိန်းညှိ နေရပါတယ်။ ဒီထဲမှာ အမေရိကန် နိုင်ငံလည်း ခြွင်းချက် မဟုတ်ပါဘူး။ ဗမာပြည်နဲ့ ပတ်သက်ပြီး သူတို့လုပ်မဲ့ ပေါ်လစီ အပြောင်းအလဲ တွေဟာ ဗမာပြည်အတွက်၊ ပြည်သူတွေအတွက် ဘယ်လောက် အကျိုးရှိမှာလဲ။ သေချာ စောင့်ကြည့်ရပါမယ်။ နိုင်ငံရေးမှာ “မိတ်အင်- - -” နိုင်ငံခြားမှာ လုပ်သည် ဆိုတိုင်း ကောင်းတယ်လို့ ယူဆလို့ မဖြစ်ပါဘူး။

တကယ်လို့ မစ္စတာဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရရင် ဘာပြောမယ် ဆိုတာကို ဘာမှ မသိရပဲ သူဒီလိုပြောခွင့် မရတဲ့အတွက် ဆုံးရှုံးမှု ဘယ်ရွေ့ဘယ်မျှ ကြီးပါသကောလို့ အချေအတင် ပြောနေ ကြတာဟာ မယောင်ရာ ဆီလူးသလိုများ ဖြစ်နေသလား စဉ်းစားစရာ ဖြစ်နေပါတယ်။ တကယ်ကျတော့ သူပြောမယ့် စကားဟာ ဗမာပြည်သားတွေရဲ့ အကျိုးနဲ့ နီးစပ်ရဲ့လား၊ မနီးစပ် ဘူးလား၊ ဘယ်သူမှ မသိပါဘူး။ သူက ဒေါ်အောင်ဆန်းစုကြည်ကို “တောင့်ထား၊ ခင်ဗျားတို့ကို ကျွန်တော်တို့ ထောက်ခံတယ်”လို့ မပြောမှာတော့ သေချာပါတယ်။ ၂ဝ၁ဝရွေးကောက်ပွဲကို ဘာကြောင့် ဝင်သင့်ကြောင်း ဆိုတာမျိုးတွေတော့ ပြောကောင်း ပြောနိုင်ပါတယ်။ ဒါကြောင့် သူက ဒေါ်အောင်ဆန်းစုကြည်ကို ပြောမယ့်စကားဟာ ပြည်သူတွေ အတွက် အကျိုး မရှိတဲ့ စကားမျိုးဆိုရင် မစ္စတာ ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့် မရတဲ့ အတွက် ဗမာပြည် ပြည်သူတွေမှာ ဘာမှ မဆုံးရှုံးပါဘူး။ သူ့တဦးချင်း ဂုဏ်သိက္ခာ အတွက်တော့ ဆုံးရှုံးးမှု ရှိကောင်း ရှိနိုင်ပါတယ်။

ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မစ္စတာ ဂမ်ဘာရီတုန်းက အတွေ့ မခံခဲ့ဘူး ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းစဉ်းစား ရပါမယ်။ မစ္စတာ ဂမ်ဘာရီက သူ့ခြံပေါက်လာပြီး ပြောတာတောင်မှ လက်မခံ ခဲ့တာပါ။ အခုလည်း မစ္စတာ ဘန်ကီမွန်းက တွေ့ချင်ပါတယ် ဆိုဦးတော့ ဒေါ်အောင်ဆန်းစုကြည်က တွေ့ပါ့မလား ဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ ဂမ်ဘာရီကို အတွေ့မခံ ခဲ့တာဟာ ပုဂ္ဂိုလ် အာဃာတကြောင့် မဟုတ်နိုင်ပါဘူး။ သူပြောခဲ့တဲ့၊ သူပြောမယ့် စကားတွေနဲ့ ဆက်စပ် နေမယ်လို့ ယူဆရပါတယ်။

ဒီနေရာမှာထပ်ထောက်ပြသင့်တဲ့အချက်က ဗမာပြည် ပြည်သူတွေဟာ ကိုယ့်တိုင်းပြည် နိုင်ငံရေးနဲ့ ပတ်သက်လာရင် သူတို့ထင် သလို မနုံအဘူး ဆိုတာပါပဲ။ နိုင်ငံရေးဆိုတာ တက္ကသိုလ်တွေက သင်ပေးမှ နားလည်တာ မဟုတ်ဘူးဆိုတာ သတိထားသင့်ပါတယ်။ ဒါကြောင့်လည်း ဗမာပြည် ပြည်သူတွေဟာ မစ္စတာ ဘန်ကီးမွန်ရဲ့ ခရီးကို ထူးထူးခြားခြား စိတ်မဝင်စားပါဘူး။ မျှော်လင့်ချက်လည်း လုံးဝ မထားပါဘူး။ ‘အော်-လာပြန်ပကော၊ ပြန်သွားပြန်ပကော’ လို့ပဲ အောက်မေ့တာပါ။ အားမနာတမ်း ပြောရရင် နအဖရဲ့ အထာကို ဗမာ နိုင်ငံသားတွေက မစ္စတာဘ န်ကီမွန်းထက် ပိုသိပါတယ်။ နအဖအပေါ် မစ္စတာ ဘန်ကီမွန်းထားတဲ့ မျှော်လင့် ချက်မျိုး ဗမာပြည်သားတွေက မထားပါဘူး။ နည်းနည်းမှ မထားပါဘူး။ နအဖ စစ်အာဏာရှင်တွေကို မစ္စတာ ဘန်ကီမွန်း မပြောနဲ့ စင်္ကြာဝတေး နတ်မင်းကြီး လာပြောတောင် အာဏာနဲ့ ပတ်သက်လို့ကတော့ တပြားသားမှ မလျှော့ဘူးဆိုတာ ဗမာပြည်သားတွေက အသိဆုံး ဖြစ်ပါတယ်။

ဒီလိုဆိုတဲ့ အတွက် ပြည်ပက ဖိအားပေးတာ၊ ပြည်သူတွေ ဖက်က ရပ်တည်ပေးတာ၊ ဒီမိုကရေစီဖက်က ရပ်တည်ပေးတာ တွေကို ငြင်းပယ်ရမယ်လို့ မဆိုလိုပါဘူး။ လက်ခံရုံမက ကြိုဆိုရမှာပါ။ သူတို့ရဲ့အခန်း၊ သူတို့ရဲ့ ထိရောက်တဲ့ အတိုင်း အတာတွေကို အသိ အမှတ် ပြုရပါမယ်။ ဒါပေမဲ့ ပြည်ပက လုပ်ကိုင်မှုတွေကို မှားယွင်းတဲ့ အချက်ပြမှုပေးပြီး ပြည်သူတွေကို ကယ်တင်ရှင် မျှော်စေတာမျိုး ဆိုရင်တော့ ဆန့်ကျင် ကြရပါမယ်။

ဒီနေ့ ဆင်နွှဲနေကြတဲ့ ဒီမိုကရေစီအရေးတော်ပုံကြီးမှာ ကယ်တင်ရှင် မရှိပါဘူး။ ပြည်သူ လူထုကြီးကသာ တိုင်းပြည်ကိုရော အရေးတော်ပုံကိုရော ကယ်တင်နိုင်တယ် ဆိုတာ မမေ့ဖို့လိုပါတယ်။

ဗသြ


0 comments:

အပေါ်သို့