Thursday, August 6, 2009

နိုင်ငံရေးဦးဆောင်မှုကင်းရင် လူထုလှုပ်ရှားမှု ဆိုတာ ခဏ တဖြုတ်ပဲ ဖြစ်နိုင်တယ်

NEJ / ၅ သြဂုတ် ၂၀၀၉

(သတင်းစာဆရာကြီး ဦးဝင်းတင်နှင့် အင်တာဗျူး)

၈-၈-၈၈ တွင် ပေါ်ပေါက်ခဲ့သည့် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ကာလတလျှောက် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက် ရလဒ်များနှင့် နိုင်ငံရေး အမြင်များကို ကိုယ်တွေ့ ကြုံခဲ့ရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် တဦးဖြစ်သူ သတင်းစာ ဆရာကြီး ဦးဝင်းတင်နှင့် ခေတ်ပြိုင် ဆက်သွယ်မေးမြန်းချက် အထူးအစီအစဉ်

မေး။ ။ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ လူထုအုံကြွမှုကြီးကို ကြုံတွေ့ ဖြတ်သန်းလာခဲ့သူ တယောက်အနေ နဲ့ ဒီ အရေးတော်ပုံကြီး ဘယ်လို ပေါ်ပေါက်လာရတယ် ဆိုတာ သိပါရစေ။

ဖြေ။ ။ ရှစ်လေးလုံးပေါ်လာတာ ရုတ်တရက် ထပေါ်လာတာ မဟုတ်ဘူးလေ၊ နောက်ကြောင်းလေးကလည်း ရှိတယ်။ နှစ်နဲ့ကို ချီပြီး ဖြစ်ခဲ့တာ။ ၆၂ ခုနှစ် စစ်အစိုးရ တက်လာတော့ ကျောင်းသားတွေက ကန့်ကွက်ကြတယ်။ ဆန္ဒပြကြတယ်။ အဲဒီပေါ်မှာ တည်ပြီးတော့ နောက်ဆုံး တက္ကသိုလ် သမဂ္ဂ အဆောက်အအုံ မိုင်းဗုံး အခွဲခံရတဲ့ အ ဆင့်အထိ ရောက်ခဲ့တယ်ပေါ့။ ဒါက စစချင်းဖြစ်တာ။ အဲဒီ နောက်ပိုင်းမှာလည်း ဆန်စပါးရှားလို့ ဖြစ်တာတွေ၊ တရုတ်-ဗမာ အဓိကရုဏ်း ဖြစ်တာတွေ၊ နောက် ကျောင်းသားတွေကို တောထဲ မောင်းထုတ်တာတို့၊ ဖမ်းတာ ဆီးတာ၊ ထောင်ထဲမှာ ညှဉ်းပန်း နှိပ်စက်တာတွေ အထိပေါ့ဗျာ။ တလျှောက်လုံးဟာ အဲဒီ ကိစ္စတွေပေါ် တည်ပြီး ကျောင်းသား လူငယ်တွေရဲ့ မျိုးဆက်အသစ်တွေ အသစ်တွေက ဆက်လုပ်သွားတယ် ဆိုတာကို ပြတာပေါ့။

ဥပမာ ၁၉၆၂ ခုနှစ်လောက်က လှုပ်ရှားခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ကိုဗဆွေလေးတို့လို ခေါင်းဆောင်မှုက နေပြီးတော့ ပြောင်းလာ လိုက်တာ ၈၈ နားရောက်တဲ့ အခါကျတော့ မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့၊ မင်းဇေယျာတို့ စတဲ့ ကျောင်းသား ခေါင်းဆောင်တွေ အထိ တက်လာပြီးတော့ နောက်ဆုံးပိတ် ကြတော့ ရှစ်လေးလုံး ပေါ်လာတာပဲပေါ့။

ရှစ်လေးလုံးကာလကို ပြန်ကြည့်တဲ့အခါကျလည်း စောစောက ပြောခဲ့သလို ဒီကိစ္စဟာ ကျောင်းသား လူငယ်များရဲ့ လှုပ်ရှားမှု သက်သက် မဟုတ်ဘူး။ ရဟန်းသံဃာများ၊ စာနယ်ဇင်း စာပေသမားများ အပါအ၀င် အားလုံးရဲ့ လှုပ်ရှားမှု ဖြစ်တဲ့အတွက် နောက်ဆုံးကြတော့ ဒီ အရေးတော်ပုံကြီး ပေါ်ခဲ့တယ်။ ဒါကြောင့် ဒီကာလ ဆန္ဒပြကြတဲ့ အခါမှာ အလွှာ အသီးသီးက အကုန်လုံးပါတယ်။ အိမ်ရှင်မတောင် ပါတယ်ဗျာ။ ကျောင်းသားတွေက ခေါင်းဆောင်တယ် ဆိုတာမှန်တယ်၊ ကျောင်းသား လူငယ်များက ရှေ့ဆောင်တာပေါ့။ သို့သော် ရှစ်လေးလုံးဟာ ရုတ်တရက် ပေါ်လာခြင်း မဟုတ်ဘူး။ နှစ်ပေါင်း (၂၀) ကျော် တော်လှန်ရေး အစိုးရ စတက်တဲ့ အချိန်ကစပြီး လူထုရဲ့ ဆန္ဒတွေနဲ့ ရုန်းကန်မှုတွေနဲ့ ပေါ်ထွက်လာတာလို့ ပြောချင်ပါတယ်။

မေး။ ။ ရှစ်လေးလုံးအရေးတော်ပုံမှာ အဓိကတောင်းဆိုချက်က ဘာပါလဲဆရာ။

ဖြေ။ ။ အဓိက တောင်းဆိုချက်ကတော့ ဒီမိုကရေစီတောင်းဆိုချက်ပဲဗျ။ သို့သော် ပထမ ရက်ပိုင်းလေးမှာ တောင်းဆိုချက်တွေ ကတော့ မတရား ဖမ်းဆီး ချုပ်နှောင်တာတို့ကို ကန့်ကွက်တဲ့ဟာ၊ နောက် ကျောင်းသားတွေကလည်း သူတို့ရဲ့ တကသ အဆောက်အအုံ ဖြစ်တာတွေ ဘာတွေနဲ့ ပတ်သက်ပြီးတော့ အဲဒီတုန်းက အပြစ်ရှိတဲ့ သူတွေကို အရေးယူဖို့ တောင်းဆိုတာမျိုးတွေ ပါလာတယ်။ စာနယ်ဇင်း သမဂ္ဂက ကျနော်တို့တွေ ဆိုလို့ရှိရင်လည်း စာနယ်ဇင်း လွတ်လပ်ခွင့်ကို တောင်းဆိုတာတွေ ပါတယ်ပေါ့ဗျာ။ နောက်တခါ ကွန်မြူနစ် အင်အားစုတွေ အနေကျတော့လည်း အခြေခံဥပဒေကို ဖျက်သိမ်းဖို့ စသည်ပေါ့ဗျာ ဒီလို တောင်းဆိုချက်တွေ ပါတယ်။

စစ်အာဏာရှင်စနစ်ရဲ့ မတရားဖိနှပ်မှုတွေကြောင့် မခံမရပ်နိုင် ဖြစ်ပြီးတော့ လူထုတွေ အားလုံးက အုံကြွလာတဲ့ သဘောပေါ့။ အရေးတော်ပုံ ကာလမှာ နောက်ဆုံးတော့ အဓိက တောင်းဆိုချက်က တိုင်းပြည်မှာ ဒီမိုကရေစီ ပြောင်းလဲရေး လုပ်ဖို့ စစ်အစိုးရ ထွက်ပေး၊ စစ်အစိုးရကို ဖယ်ရှားပြီးတော့ ဒီမိုကရေစီစနစ် ထူထောင်ဖို့ ဆိုတဲ့ တောင်းဆိုချက်က အဓိက အကျဆုံး ဖြစ်လာတယ်။

မေး။ ။ ဒီလိုအရေးတော်ပုံကြီးရဲ့ရလဒ် ကောင်းကျိုးဆိုးကျိုးတွေက ဘာတွေပါလဲ ဆရာ။

ဖြေ။ ။ အဲဒီကာလအတွင်းမှာ အထင်ရှားဆုံးနဲ့ အကြီးဆုံးက ဒေါ်အောင်ဆန်းစုကြည် ဆိုသော နိုင်ငံရေးခေါင်း ဆောင်တဦး ပြည်သူကြားက၊ လှုပ်ရှားမှုကြားက ပေါ်ထွက်လာတယ်ပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည်က သူ့ ဟာသူ နဂိုကတည်းက ခေါင်းဆောင် ဖြစ်နေတာ မဟုတ်ဘူး။ ဒီလှုပ်ရှားမှုက မွေးထုတ်လိုက်တာ။ အရေးတော်ပုံက မွေးထုတ်တဲ့ ခေါင်းဆောင်။ နောက် အရေးတော်ပုံ အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်အားဟာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို ပြတဲ့ဟာကတော့ ရွှေတိဂုံ အနောက်မုခ်မှာ ကျင်းပတဲ့ သူရဲ့ပထမဆုံး လူထု အစည်းအဝေး ပေါ့ဗျာ။ အဲဒီအချိန်က ကျနော်လည်း စင်ပေါ်မှာရှိပါတယ်။ အဲဒီအချိန်မှာ လူထု အလွှာအသီးသီးက ပါဝင်လာကြတယ်။ လူ (၅) သိန်းလောက်ရှိမယ်။ အဲဒီထဲက နေပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ဆိုသော ခေါင်းဆောင် တယောက်ပေါ့ဗျာ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးအနေနဲ့ နောက် သူ့ရဲ့ ပြောတာဆိုတာ လုပ်တာ ကိုင်တာတွေကို ကြည့်ပြီးတော့ ခေါင်းဆောင်မှုကို အလိုလို ရလာတယ်။ အဲဒီကနေပြီးတော့ တိုင်းရင်းသားတွေ ဆီကလည်း ရလာတယ်။ ကျနော် ပြောခဲ့တဲ့ လှုပ်ရှားမှုထဲမှာ တိုင်းရင်းသားတွေ ကလည်း တော်တော် ကြီးကြီးမားမားကို ပါတယ်။ ရခိုင်တွေ၊ မွန်တွေ၊ ရှမ်းတွေ၊ ကချင်တွေ၊ ချင်းတွေ စသဖြင့်ပေါ့ဗျာ။

အရေးတော်ပုံကာလမှာ နောက်ဆုံးတော့ အဓိက တောင်းဆိုချက်က တိုင်းပြည်မှာ ဒီမိုကရေစီ ပြောင်းလဲရေး လုပ်ဖို့ စစ်အစိုးရ ထွက်ပေး၊ စစ်အစိုးရကို ဖယ်ရှားပြီးတော့ ဒီမိုကရေစီစနစ် ထူထောင်ဖို့ ဆိုတဲ့ တောင်းဆိုချက် က အဓိက အကျဆုံး ဖြစ်လာတယ်။ အဲဒီ ဒီမိုကရေစီ မျှော်မှန်းချက်တွေဟာ နောက်ပိုင်းကျတော့ အန်အယ်လ်ဒီလို အဖွဲ့ချုပ်ကြီး ပေါ်လာတယ်။ နိုင်ငံရေးပါတီ တခု။ အရေးတော်ပုံကနေ ပေါက်ဖွားလာတာ။ ဒီအန်အယ်လ်ဒီနဲ့ ပတ်သက်လို့ ဘယ်လောက်ပဲ မကျေနပ်စရာတွေ ကောင်းကောင်း၊ ဘယ်လောက်ပဲ အားနည်းတာတွေ ရှိတယ် ပဲပြောပြော၊ ဒီပါတီဟာ အရေးတော်ပုံကနေ ပေါက်ဖွားလာတာလို့ ကျနော်တို့ ပြောလို့ရတယ်ဗျာ။

ဒီအရေးတော်ပုံကြီးလည်း ဖြစ်လိုက်ရော ဒီမိုကရေစီပြောင်းလဲမှုတွေကို အမျိုးမျိုးနဲ့ ဟန့်တားဖို့ မဆလအစိုးရ ကလည်း လုပ်တယ်။ နောက်ဆုံး ရွေးကောက်ပွဲများ လုပ်ပေးမယ် ဆိုတာမျိုးလုပ်တယ်။ အဲဒီအချိန် ကာလတုန်းက သဘောထားက ဘာလဲဆိုရင် ကျနော်တို့ လက်မခံနိုင်ဘူး။ မဆလ အစိုးရက လုပ်ပေးတဲ့ ရွေးကောက်ပွဲကို ဘယ်လိုမှ လက်မခံနိုင်ဘူး။ သန့်ရှင်းတယ်လို့ မယူဆနိုင်ဘူး ဆိုတဲ့ အခါကျတော့ ရွေးကောက်ပွဲ ကိစ္စကနေ ဘယ်ကို ပြောင်းလာသလဲ ဆိုတော့ ကြားဖြတ်အစိုးရ ဖွဲ့စည်းဖို့ ဆိုတဲ့ဟာ တောင်းလာတယ်။ အဲဒီကာလမှာ ဒေါ် အောင်ဆန်းစုကြည်လို ထင်ရှားတဲ့ ခေါင်းဆောင်တွေ ပေါ်ထွက်လာတဲ့ အချိန်မှာပဲ နိုင်ငံရေး သမားဟောင်းတွေ ကလည်း လူထုထဲ ပြန်ဝင်လာတယ် ပေါ့ဗျာ။ ဦးနုလို ပုဂ္ဂိုလ်မျိုး။ ဦးနုက အဲဒီအချိန်မှာ ကြားဖြတ် အစိုးရတခုကို ဖွဲ့လိုက်တယ်ပေါ့ဗျာ။ သူ့အစိုးရကို ဖွဲ့တယ်ဆိုပြီး ကြေညာတယ်။ သို့သော် ဦးနုက ဆန္ဒစောသွားတာ။ ဦးနုက ကျောင်းသား လူငယ်တွေနဲ့ တခြားလူတွေနဲ့ ညှိပြီးတော့ ကျုပ်ကတော့ ကျုပ်အစိုးရ အရင်က ရှိခဲ့တယ်။ ခင်ဗျားတို့ တာဝန်ပေးရင် ကျုပ်အစိုးရ အဖွဲ့ကို လုပ်မယ်ဆိုတဲ့ သဘောမျိုး မပြောဘဲနဲ့ သူ့ဟာသူ တဖက်သတ် သူ့အစိုးရ တောင်းလိုက်တဲ့ အခါကျတော့ သူ့အစိုးရ ပြိုသွားတယ်။ ပြိုသွားတဲ့ဟာကို ကြည့်ပြီးတော့ နောက်ပိုင်းမှာ လူတွေက ကြားဖြတ် အစိုးရတောင်းခြင်း သည်လည်း တကယ့် နိုင်ငံရေးဖြေရှင်းမှု ဟုတ်ရဲ့လား၊ မဟုတ်ရဲ့လား သံသယ တွေက ဖြစ်လာတယ်။ တွန့်ဆုတ်မှုတွေ ပေါ်လာတယ်။ တချို့ကတော့လည်း တောင်းမယ်ပေါ့။ သို့သော် ကြားဖြတ်အစိုးရ တောင်းမယ် ဆိုတဲ့ဟာ ခိုင်ခိုင်မာမာ ပေါ်လာတဲ့အခါ မဆလက ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးတောင် မလုပ်တော့ဘဲနဲ့ စစ်တပ်ကို ခေါ်ပြီးတော့ လက်အပ်လိုက် တာပေါ့။

ဒီမိုကရေစီအကျိုးတွေကို မရလိုက်သော်ငြားလည်း ဒီနေ့ထိ ရှစ်လေးလုံး စိတ်ဓာတ်က မကွယ်ပျောက်ဘူး ရှိနေတယ်။ နိုင်ငံရေး ပါတီကြား၊ ကျောင်းသား လူငယ်ကြားထဲမှာ ရှိနေတယ်။ ဒီနေ့ အန်အယ်လ်ဒီလို ဒီမိုကရေစီနိုင်ငံ ရေးရှင်သန်နေတာ၊ ရဟန်းသံဃာ၊ ပြည်သူ၊ ကျောင်းသားတွေထဲမှာ ရှင်သန်နေတာတွေ အားလုံး ဒီနေ့နိုင်ငံရေး ဖြစ်ပေါ်မှုတွေ အားလုံးဟာ ရှစ်လေးလုံးကနေ အခြေခံခဲ့တဲ့ ရှစ်လေးလုံး စိတ်ဓာတ်ရဲ့ အသီးအပွင့် တချို့ပေါ့ဗျာ။

မေး။ ။ နိုင်ငံရေး အသီးအပွင့်တချို့ဖြစ်ထွန်းခဲ့ပြီး ဘာကြောင့် အောင်မြင်မှု မရှိတာပါလဲ ဆရာ။

ဖြေ။ ။ ပြည်သူလူထုကလည်း ခြေကုန်လက်ပန်းကို ကျနေပြီ။ ဒီနေ့ဒီအခါ ဆိုတာ နည်းနည်း မဟုတ်ဘူး။ စစ်အစိုးရ လက်အောက်မှာ နေရတာ ဖိနှိပ်မှုတွေ၊ ချုပ်ချယ်မှုတွေ၊ ကန့်သတ်မှုတွေ၊ ထောင်သွင်း အကျဉ်းချမှုတွေ၊ တိုင်းသူပြည်သားတွေ စီးပွားရေး ပျက်လာတာတွေ၊ တိုင်းသူပြည်သားက ကျောကော့နေအောင် ခံရတဲ့ အခါကျတော့ အတော့်ကို အားနည်းနေပြီ။ ဒါက အခြေခံ တခုပေါ့ဗျာ။

နောက်တခုက နိုင်ငံရေးခေါင်းဆောင်မှု ကျတော့ အန်အယ်လ်ဒီက ပြည်သူလူထုကို ခေါင်းမဆောင်နိုင်ဘူး။ သုံးသပ်ကြည့်ရတာ ဘာလဲ ဆိုတော့ အဓိကက အန်အယ်လ်ဒီက လွန်ခဲ့တဲ့ ကာလတွေ တလျှောက်လုံးမှာ ဒေါ်စုက ထောင်ကျလိုက်၊ ဒေါ်စုက ထောင်ထဲက ထွက်လာတဲ့အခါ ဒေါ်စုက ပြန်ပြီးတော့ အလုပ်လုပ်နိုင်တယ်။ ဒါပေမယ့် ချက်ချင်း ထောင်ထဲပြန်ရောက် စသဖြင့်ပေါ့ဗျာ။ အဲဒီကာလမှာ အန်အယ်လ်ဒီ ခေါင်းဆောင်မှုကလည်း ဘာ အဓိက ထားနေလဲဆိုတော့ ပါတီမပျက်ရေး၊ ပါတီပြိုကွဲ မသွားရေး၊ ပါတီကို ထိန်းသိမ်းထားရေး ဆိုတဲ့ အနေနဲ့ထားပြီး တတ်နိုင်သမျှ စစ်အစိုးရ အပေါ်မှာ ဆက်ဆံရေးက အတော်ကို တုံ့ပြန်မှုက အားနည်းတယ်။ အဲဒီအပေါ်မှာလည်း စစ်တပ်က ဒါကိုသေချာသိတယ်။ သိတဲ့အတွက် ထိန်းထားပြီးတော့ အန်အယ်လ်ဒီကိုလည်း ပြရုပ် အနေနဲ့ ထားတယ်။ နိုင်ငံရေး လိုက်လျောမှုတွေ မပေးဘဲနဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေ လုပ်သထက် လုပ်နေတယ်။ အဲလို အခြေအနေကြောင့် နိုင်ငံရေး ခေါင်းဆောင်မှု မရှိတာလည်းပါတယ်။ ပြည်သူလူထု ခြေကုန် လက်ပန်းကျသွားတာ လည်းပါတယ်။ စီးပွားရေး ကျပ်တည်းမှုတွေ ပေါ့ဗျာ။ တောင်သူ လယ်သမားတို့ ဘာတို့ ကျတော့လည်း စီးပွားရေးက တော်တော့်ကို ရုန်းကန် လုပ်နေရတယ်။

နောက်တခုက ပြည်သူလူထုကြားထဲမှာ ခြေကုန်လက်ပန်းကျရတဲ့ အကြောင်းက ဘယ်လိုလဲ ဆိုရင် ဥပမာ - တခြား မပြောနဲ့ဗျာ။ လူထု အများစုဟာ ဆင်းရဲသားကို မပြောနဲ့ တော်ရုံတန်ရုံ လူလတ်တန်းစား အထိလောက်မှာ ပင်လျှင် မိသားစုတစုဟာ အရင်တုန်းက အဖေ အလုပ်လုပ်ရင် မိသားစုတစုလုံး စားနိုင်တယ်။ သို့မဟုတ် အဖေ နဲ့ အမေပါ အလုပ်လုပ်ကြမယ် ဆိုရင် ပိုပြီးတော့ ခိုင်ခိုင်မာမာလေး ရပ်တည် နိုင်တယ်။ အဲလိုဆိုတဲ့အခါမှာ ကျောင်းသားလူငယ် ဆိုတဲ့ သူတွေဟာ အသက် (၂၀) လောက် အထိကို စဉ်းစားနိုင်တယ်၊ လှုပ်ရှားနိုင်တယ်၊ နိုင်ငံရေးတို့ ဘာတို့ စဉ်းစားနိုင်တယ်။

ဒီနေ့ခေတ်ကျတော့ မိသားစုတစုထဲမှာ လူ (၅) ယောက်ရှိရင် အငယ်ဆုံး သားသမီး တယောက်လောက်ပဲ အလုပ် မလုပ်ဘဲ နေရမယ်။ ကျန်တဲ့လူက အလုပ်ဝိုင်းလုပ်မှ သာလျှင် အိမ်ထောင်စု တစုကို ရပ်တည်နိုင်တဲ့ အနေအထား ဖြစ်လာတယ်ဗျ။ စစ်အစိုးရကလည်း ဒါကိုသိတယ်။ ဒါကြောင့် စစ်အစိုးရက အများကြီး စီးပွားရေးကို သူတို့စစ်ဘက်မှာပဲ ပိုသုံးတယ်။ ပြည်သူအတွက် မသုံးဘူး။ ပြည်သူလူထု အနေနဲ့ကလည်း စားရေးသောက်ရေး တွက်ပြီး မိသားစုတစုမှာ လူ (၅) ယောက်ရှိရင် (၄) ယောက်လောက်က အလုပ်လုပ်နေရတဲ့ အနေအထားမျိုး ရောက်တယ်။ ဒီအခြေအနေတွေပေါ် တည်ပြီး နိုင်ငံရေး အားဖြင့်လည်းး ခြေကုန် လက်ပန်းကျလာတယ်။ နိုင်ငံရေး ထဲမှာ ခြေစုံ ပစ်ဝင်နိုင်တဲ့ အနေအထားမျိုး၊ ခြေစုံပစ်ပြီးတော့ ထောက်ခံနိုင်တဲ့ အနေအထားမျိုးက လျော့လာတယ်ပေါ့။

မေး။ ။ ရှစ်လေးလုံးအရေးတော်ပုံက ရရှိခဲ့တဲ့ ဒီမိုကရေစီအသီးအပွင့် တချို့ကို ဘယ်လို ဆက်ပြီး အကောင်အထည် ဖော်နိုင်မလဲ ဆရာ။ ဒီလို အရေးတော်ပုံမျိုး နောက်ထပ် ပေါ်ပေါက်ဖို့ရော အလားအလာ ရှိပါသလားဆရာ။

ဖြေ။ ။ ဒါကဘယ်လိုပြောရမလဲဆို ကျနော်တို့ရဲ့လုပ်ဆောင်ချက်ကြောင့်၊ ကျနော်တို့ အားနည်းချက်ကြောင့် ဆိုရင်တော့ ပေါ်နိုင်တဲ့ အနေအထားက မရှိဘူးဗျ။ သို့သော် negative side က ပြန်ကြည့်မယ် ဆိုရင် ဒီစစ်အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုက မခံနိုင် လောက်အောင်ကို ဖြစ်နေတယ်။ အဲဒီအထဲမှာ နိုင်ငံရေး ဦးဆောင်မှု အားနည်းခြင်း ကြောင့်လည်း တဖက်ကနေ လျော့သွားတယ်။ တဖက်ကလည်း ဖိနှိပ် ချုပ်ချယ်မှုက အပြင်းထန်ဆုံး ဖြစ်အောင် လုပ်နေတဲ့ အခါကျတော့ ပြည်သူလူထု ဆိုတာ ရှင်းရှင်းပြောရရင် စိတ်ဆိုးရင် ထပြီးဆူပူမယ်၊ ဆန္ဒပြမယ် ဆိုတာ ဖြစ်နိုင်တာကိုး။ နိုင်ငံရေး ခေါင်းဆောင်မှု မရှိဘူးဆိုရင် လှုပ်ရှားမှု ဖြစ်မလာဘူးဗျ။ နိုင်ငံရေး လှုပ်ရှားမှုကို ဦးဆောင်နိုင်တဲ့ အနေအထားမျိုးကို ပေးနိုင်တဲ့၊ တွန်းအားပေးနိုင်တဲ့၊ ဦးဆောင်မှု ပေးနိုင်တဲ့ဟာမျိုးက အန်အယ်လ်ဒီ မှာရှိတယ်။ ကျောင်းသား လူငယ်တွေ မျိုးဆက်သစ် လူငယ်တွေဆီမှာ ရှိတယ်။ ဒါပဲဗျ။

ဗမာပြည်ရဲ့ဒီနေ့နိုင်ငံရေးမှာ အရေးကြီးဆုံးက တိုင်းရင်းသားတွေ ဖြစ်ပေမယ်လို့ တိုင်းရင်းသား ဆိုတာက လူနည်းစုကိုး။ ရန်ကုန်လို၊ မန္တလေးလို နေရာမျိုး လူထုအုံကြွမှုတွေ ဖြစ်ဖို့ကျတော့ တိုင်းရင်းသားတွေက သိပ်ပြီးတော့ ဦးဆောင်နိုင်တဲ့ အနေအထား မရှိဘူး။ သူတို့ပါဝင်ရင် ပါဝင်မယ်ပေါ့။

နိုင်ငံရေးဦးဆောင်မှုပေးနိုင်တာက အဓိကအားဖြင့် (၂) ခုပဲရှိတယ်။ အန်အယ်လ်ဒီ နိုင်ငံရေး အတိုက်အခံ ဒီမိုကရေစီ အင်အားစု၊ နောက်တခုကတော့ ကျောင်းသား လူငယ်ပေါ့။ အဲဒါကို ကြည့်တဲ့ အခါကျတော့လည်း မြင်တဲ့ အတိုင်းပဲ။ ကျောင်းသား လူငယ်ကလည်း အကုန်လုံး လိုလို ထောင်ထဲ ရောက်တယ်။ ထောင်ထဲရောက်တာ တောင်မှ အင်းစိန်လိုဟာမျိုး ထောင်ထဲရောက်ရင် အဆက်အသွယ် ရအုံးမယ်။ ဟိုးတပြည်လုံး ဖြန့်ပြီးတော့ နယ်စွန် နယ်ဖျား ပူတာအိုတို့၊ ခန္တီးတို့၊ ကျိုင်းတုံတို့၊ မိုင်းဆတ်တို့၊ ဒီဘက် ဘူးသီးတောင် မောင်းတောတို့၊ ကော့သောင်းတို့ ဆိုတဲ့ အထိ ဖြန့်ချပြီးတော့ ကျောင်းသား အင်အားစုကိုလည်း ပြိုကွဲအောင် လုပ်ပစ် လိုက်တာကိုးဗျ။ အဲတော့ နိုင်ငံရေး ဦးဆောင်မှုပေးမယ့် အင်အားနှစ်ခုလို့ အဓိက ပြောရမယ့် ကျောင်းသား လူငယ်နဲ့ အန်အယ်လ်ဒီ လိုဟာမျိုးက မလုပ်နိုင်ဘူး ဖြစ်နေတယ်။

ကောင်းပြီး အဲလိုဆိုရင် ခေတ်အဆက်ဆက်မှာ နိုင်ငံရေးဦးဆောင်မှု ပုံသဏ္ဌာန် တခုခုသာ ရလိုက်ရင် လှုပ်ရှား နိုင်တဲ့ အင်အားက (၃) ခုရှိတယ်။ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား လူငယ်ပေါ့။ သို့သော် ဒီအင်အားစု တွေဟာ နိုင်ငံရေး ဦးဆောင်မှုနဲ့ ဆက်နေတာ၊ ဥပမာ ဆရာစံ သူပုန်လို ဟာမျိုးဆိုရင် လယ်သမားက အုံကြွလာတယ်။ ဘာဖြစ်လို့ဖြစ်လဲ၊ ဂဠုန်ဆိုတဲ့ ဆရာစံလို ပုဂ္ဂိုလ်မျိုးတွေရဲ့ နိုင်ငံရေး ဦးဆောင်မှုက ရှိခဲ့လို့ဗျ။ ကျောင်းသား အရေးတော်ပုံတွေ ဖြစ်ခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ဗိုလ်အောင်ကျော်တို့၊ ဦးဗဆွေတို့၊ သခင်ဗဟိန်းတို့ စတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဦးဆောင်မှုက အများကြီး ပါခဲ့တယ်။ နိုင်ငံရေး ဦးဆောင်မှု ကင်းရင် လူထု လှုပ်ရှားမှုဆိုတာ ခဏတဖြုတ်ပဲ ဖြစ်နိုင်တယ်။ အများကြီးမဖြစ်နိုင်ဘူး။ အခုဒီနေ့ ဖြစ်နေတဲ့ အနေအထားက ဒါပဲ။ အန်အယ်လ်ဒီ ဟာ ပါတီ မပျက်ရေးသာ ရှိပြီး အဲဒီခေါင်းဆောင်မှုမှာ ထည့်ထားတဲ့ လူတွေရဲ့ အနေအထား ကျတော့လည်း အသက်ကြီးတဲ့ ပုဂ္ဂိုလ်တွေပဲ ရှိနေတဲ့ အခါကျတော့ သူတို့ အနေနဲ့ ပြည်သူလူထုနဲ့ နီးနီးကပ်ကပ် ထဲထဲဝင်ဝင်ပေါ့ဗျာ၊ ပြည်သူ့ အောက်ခြေဆင်းပြီး ပြည်သူနဲ့အတူ လှုပ်ရှားနိုင်တဲ့ အနေအထားက မရှိဘူး။

မေး။ ။ ဒါဆို အန်အယ်လ်ဒီ ဘာလုပ်သင့်ပါသလဲဆရာ။

ဖြေ။ ။ ဒါက အနာဂတ်နဲ့ချီပြောမှ ရမယ့်ကိစ္စဖြစ်တယ်။ အခုအစိုးရက ရွေးကောက်ပွဲ ကျင်းပမယ်။ ဘာလို့ကျင်းပ မလဲဆိုတော့ သူတို့ ရွေးကောက်ပွဲ ကျင်းပမှသာလျှင် သူတို့ ဓားပြတိုက်သလို လုပ်ထားတဲ့ ပြည်သူ့ဆန္ဒနဲ့ (၉၂) ရာခိုင်နှုန်းနဲ့ ဖြစ်တည် လာတယ် ဆိုတဲ့ အခြေခံ ဥပဒေကို အတည်ပြုနိုင်မယ်။ ရွေးကောက်ပွဲတွေ လုပ်မှ လွှတ်တော်ပေါ်မယ်။ လွှတ်တော်ပေါ်မှ အခြေခံဥပဒေကို အတည် ပြုနိုင်မယ်။ ဒီ အခြေခံ ဥပဒေသာ အသက်ဝင်သွားမယ် ဆိုရင် သူတို့ဟာ လာမယ့်နှစ်ပေါင်း (၂၀)၊ (၂၅)၊ (၃၀)၊ (၄၀) တောင် လွှမ်းမိုး နိုင်မယ်လို့ ထင်နေတာပေါ့။ ဖြစ်တာမဖြစ်တာ တပိုင်းပေါ့။

အခုအရေးအကြီးဆုံးက ဒီရွေးကောက်ပွဲကို ကျနော်တို့ အသိအမှတ် မပြုဖို့၊ ကမ္ဘာကလည်း အသိအမှတ် မပြုဖို့ သို့မဟုတ် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပစ်ဖို့၊ သို့မဟုတ် ဖျက်သိမ်းထားဖို့ ဖြစ်တယ်။ အဲဒီမှာ အဓိကသော့ချက်က ဘာလဲဆိုရင် ဒီအခြေခံ ဥပဒေကို ပြင်ပေးပါ ဆိုတဲ့ အချက်ပဲဖြစ်တယ်။ နိုင်ငံရေး အင်အားစုတွေ တိုင်းရင်း သားလူမျိုးစုတွေကလည်း ဒီအခြေခံဥပဒေ ပြင်ပေးပါလို့ တောင်းဆို နေကြတယ်။ ဒါပေမယ့် ကမ္ဘာက ပါမလာဘူး။ ပြည်သူ့ ဆန္ဒခံယူပွဲနဲ့ လုပ်ထားတဲ့ ဟာမို့ သူတို့က သံရေး တမန်ရေးအရ ပြောနိုင်ပုံ မပေါ်ဘူးနဲ့ တူတယ်။ သူတို့က ဘာပြောနေလဲ ဆိုတော့ ရွေးကောက်ပွဲ သန့်ရှင်းဖို့ လွတ်လပ်ဖို့ကို ပြောတယ်။ ကျနော်တို့က ရွေးကောက်ပွဲကို ထည့်မစဉ်းစားဘူး။ အခြေခံ ဥပဒေပြင်ပေးပါ၊ အခြေခံဥပဒေ မပြင်ဘဲနဲ့တော့ ဗမာပြည်ရဲ့ နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်မယ်လို့ မထင်ဘူး။

ကျနော်ပြောချင်တာကတော့ လူထုဘက်ကို တွန်းဖို့ပဲ။ ကျနော် ရွှေဂုံတိုင် အစည်းအဝေးမှာ မိန့်ခွန်း ပြောတယ်ဗျ။ အဲဒီမှာ သုံးချက်ပါတယ်။ တချက်က ဘာလည်းဆိုရင် မူလဘူတ မူဝါဒတွေ တောင်းဆိုချက်တွေ ဖြစ်တဲ့ ဥပမာ အာဏာရှင်စနစ် ဆန့်ကျင်ရေးလို ဟာမျိုး၊ လွှတ်တော် ခေါ်ယူပေးရေး ဆိုတဲ့ မူလတောင်းဆိုချက် ဒါတွေကို မစွန့်ဘူးလို့ ကျနော်တို့ ပြောတယ်။ ကျနော်တို့ ပါတီဝင်ထုကိုလည်း မက်ဆေ့ပေးတဲ့ သဘောပဲ။ စစ်တပ်ကိုလည်း ကျနော်တို့ ပြောတာပဲ။ ဒါတွေ ကျနော်တို့ မစွန့်ဘူးလို့။ နောက်တခုက ညီညွတ်ရေးကို ကျနော်တို့ပြောတယ်။

နောက်တခုကတော့ လူထုကို မျက်နှာမူတဲ့နိုင်ငံရေး လုပ်ကြမယ်ဆိုပြီးတော့ ပြောတယ်။ အဲဒါ ဘာလို့ ပြောလဲဆိုတော့ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေး မလုပ်ရင် အန်အယ်လ်ဒီဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၂၀) လောက်အတွင်းမှာ ဖြစ်သလိုပဲ၊ လူထုကို မျက်နှာ မမူဘူး။ မျက်နှာမူတာ ကုလသမဂ္ဂကို မျက်နှာမူချင်တယ်၊ နအဖကို မျက်နှာမူချင်တယ်၊ ပြင်ပမှာရှိတဲ့ အဖွဲ့အစည်းများကို မျက်နှာမူချင်တယ်။ လူထုနဲ့ ပတ်သက်လို့ မလုပ်ဝံ့ဘူး။ ဆိုလိုတာက လူ ထုကို ခေါင်းမဆောင်နိုင်ဘူး၊ လူထုခေါင်းဆောင်မှု မပေးချင်ဘူး၊ မပေးနိုင်ဘူး ဆိုတဲ့ အနေအထားမှာ ရှိတယ်။

အခု ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချလိုက်ရင် လူထုလှုပ်ရှားမှုများ ပေါ်နိုင်တယ်လို့ ကျနော်ကတော့ ယူဆတယ်။ လူထုကလည်း မကျေနပ်မှုတွေက များသထက် များနေတာလေ။ တနှစ်၊ နှစ်နှစ်လောက် အတွင်းမှာ စီးပွားရေး ကျဆင်းတာတွေရော၊ နအဖဘက်က မတရား ဖိနှိပ် ချုပ်ချယ်မှုတွေကရော ဟိုးကျေးလက်အထိ ရောက်နေတယ်နော်။ ဒီအတောတွင်းမှာ ထပ်ပြီး ဘာတွေ ပေါ်လာလည်း ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဆွဲပြီး ထောင်ထဲ သွင်းဖို့ လုပ်လည်း လုပ်ရော ကမ္ဘာ တခုလုံးကလည်း ဖိနင်း လာလိုက်တာဟာ နောက်ဆုံးပိတ် သူတို့ရဲ့အနီးကပ် မိတ်ဆွေလို့ ပြောရမယ့် တရုတ်လို ဟာကတောင်မှ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် လုပ်ဖို့ ပြောလာတယ်။ အာဆီယံလို ဟာမျိုးက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ပြောလာတယ်။ ကုလ လုံခြုံရေး ကောင်စီလို ဟာမျိုးက ဒေါ်စုကို လွှတ်ဖို့ ပြောလာတယ်။ အဲတော့ နိုင်ငံတကာ ဖိအားတွေ ကြီးမားတာနဲ့အတူ ပြည်တွင်းမှာလည်း လူထု လှုပ်ရှားမှု သဘောမျိုး ဆောင်တဲ့ အနေအထားမျိုး ပေါ်လာနိုင်တယ်လို့ ကျနော်တော့ ထင်တယ်။

အဲတော့ အဲလိုလှုပ်ရှားမှု ပေါ်လာမယ်ဆိုရင် ဘာအရေးကြီးလည်း ဆိုရင် ရိုးရိုးတန်းတန်း ထအော်လို့ကတော့ စစ်တပ်က သေနတ်နဲ့ ပစ်မှာပဲဗျာ။ ဒါမှမဟုတ်လည်း ထောင်ထဲ ဆွဲသွင်းမှာပဲ။ နှစ်မျိုးပဲ လုပ်မှာပဲ။ တခြားနည်းနဲ့ လုပ်ပေးဖို့ ဘာမှ ရည်ရွယ်ချက် မရှိဘူး။

လူထုအနေနဲ့ နိုင်ငံရေးဦးဆောင်မှု လိုမှာပဲ။ နိုင်ငံရေး ဦးဆောင်မှုပေးနိုင်တဲ့ အနေအထားက စောစောက ပြောသလို ကျောင်းသား လူငယ် ရှိမယ်၊ အန်အယ်လ်ဒီ ရှိမယ်။ ကျောင်းသားလူငယ်က အားလုံးလိုလို ထောင်ထဲပို့ ထားတဲ့အတွက် ကျောင်းသားလူငယ် အတွက် နိုင်ငံရေး ဦးဆောင်မှု ပေးလာနိုင်တဲ့ အနေအထားက နည်းမယ်။ အလားတူပဲ အန်အယ်လ်ဒီကရော အရေးပေါ်လာရင် နိုင်ငံရေး ဦးဆောင်မှု ပေးနိုင်မှာလား ဆိုတာကတော့ ပြောဖို့ တော်တော်ခက်တယ်။ အန်အယ်လ်ဒီ တဖွဲ့လုံးရဲ့ ဆုံးဖြတ်ချက် အရသာ ဖြစ်လာမှာကိုး။

ကျနော်တို့အခုလုပ်နေတဲ့ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေး အရဆိုရင်တော့ လူထုနဲ့အတူ ခံစားပါ။ လူထုဒေါသ ဖြစ်ရင်လည်း ကျနော်တို့ ဖြစ်ရမှာပဲ။ လူထု ငိုကြွေးရင်လည်း ကျနော်တို့ ငိုရမှာပဲ။ လူထုက စိတ်ညစ်နေတယ်၊ ဒေါသဖြစ်နေတယ် ဆိုရင် ကျနော်တို့လည်း စိတ်ညစ် ဒေါသဖြစ်ရမှာပဲ။ ဒါတခုပေါ့။

နောက်တခုက လူထုကို ပြောပါ၊ ကြားပါ၊ လူထုကို ဆွေးနွေးရမယ်၊ ညှိနှိုင်းနိုင်ရမယ်။ လူထုရဲ့အသံတွေကို လည်းနား ထောင်နိုင်ရမယ်၊ ကြားနိုင်ရမယ်။ နောက်တခုကတော့ လူထုနဲ့အတူ လှုပ်ရှားနိုင်ရမယ် ဆိုတာ ပါပြီး သားပါ။ အနည်းဆုံး လူထုကို နိုင်ငံရေး ဦးဆောင်မှုကဏ္ဍ မပေးနိုင်ရင်တောင်မှ လူထုနဲ့အတူ ပါဖို့ ဆိုတာကိုတော့ လုပ်သင့်တယ်လို့ ကျနော်ကတော့ ယူဆတယ်။ ဘယ်လို ဖြစ်လာမလဲ ဆိုတာတော့ ကျနော် တယောက်တည်းနဲ့တော့ ပြောလို့ မရဘူး။

ဒါပေမယ့် လှုပ်ရှားမှုသာပေါ်ရင်တော့ ကျနော်တို့ သေချာတာတခုက ရွှေဝါရောင် တော်လှန်ရေး တုန်းက အန်အယ်လ်ဒီက ကျန်ခဲ့တယ်။ ဘေးမှာ ထိုင်ကြည့်နေခဲ့တယ် ဆိုတဲ့ အနေအထားမျိုး ကနေ ဒီနေ့ ဒေါ်စုကိစ္စမျိုးပေါ် လာမယ်ဆိုရင်တော့ အန်အယ်လ်ဒီတွေပါ ရောပါလာလိမ့်မယ်လို့ ယူဆတယ်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ကျနော်ထောင်ထဲမှာ ၂၀၀၈ မှ လွှတ်တာ။ အသေးစိတ် သိပ်မသိသော် ငြားလည်း အန်အယ်လ်ဒီက ၀င်ပြီး ခေါင်းဆောင်မှု မပေးနိုင်ခဲ့ဘူး ဆိုတာတော့ ထင်ရှားတယ်ဗျာ။ ရွှေဝါရောင်နဲ့ မတူတာက ဒီနေ့ လှုပ်ရှားမှု ဖြစ်လာရင် ဖြစ်လာမယ့် ကိစ္စက ဒေါ်စုဗျ။ ဒေါ်စုဆိုတာ ကျနော်တို့ အန်အယ်လ်ဒီရဲ့ ခေါင်းဆောင်၊ နောက်တခုက ဒေါ်စုဟာ ဒီမိုကရေစီ လှုပ်ရှားမှုကြီး တခုလုံးရဲ့ ခေါင်းဆောင်၊ နောက်တခါ တိုင်းရင်းသားတွေရဲ့ ထောက်ခံမှုကို ယုံကြည်မှု အားကိုးမှုကို အများဆုံးရတဲ့ ခေါင်းဆောင်။ အဲတော့ ဒေါ်စုကိစ္စ ဖြစ်လာတဲ့ အခါကျရင် အန်အယ်လ်ဒီ နိုင်ငံရေး ပါတီဝင်များဟာ ရွှေဝါရောင် တုန်းကလိုတော့ လက်ပိုက် ကြည့်နိုင်တဲ့ အနေအထားမျိုး မရှိပါဘူး။ ဘာလို့ဆို ကျနော်တို့ရဲ့ခေါင်းဆောင်ကိစ္စ၊ ကျနော်တို့ အရေးကိစ္စ ဖြစ်နေတယ်။ ဒါ့အပြင် ဒီခေါင်းဆောင် ထောင်ကျ သွားခြင်းအပေါ် တည်ပြီး ကျနော်တို့ ရှေ့ဆက် လှုပ်ရှားမှုထဲမှာ ရောပါမှာပဲလို့ တွက်မိတယ်ဗျာ။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့