Saturday, November 28, 2009

အောက်ခြေတပ်မှူးများ ဒီမိုကရေစီလိုလား

ဗထူး
Friday, 27 November 2009 10:35

စစ်အစိုးရ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို အောက်ခြေ တပ်မှူးများ စိတ်ဝင်စားခြင်း မရှိဘဲ စစ်အာဏာရှင် စနစ်သည် မှန်ကန်ခြင်း မရှိဟု သုံးသပ် ပြောဆိုနေကြသည်။

“စားဝတ်နေရေးကိစ္စကို တပ်ကိုပဲမှီခိုနေရလို့ စိတ်သွားတိုင်း ကိုယ်မပါကြဘူး။ အပြောင်းအလဲ တရပ် ဖြစ်မှ အခြား အဆင့်အတန်းများ အတွက် အဆင်ပြေမှာပါ” ဟု အမည် မဖော်လိုသည့် ဒုဗိုလ်မှူးကြီး တဦးက ပြောသည်။

ရွေးကောက်ပွဲဖြစ်ပေါ်လာပါကလည်း စစ်အစိုးရသာ ရာသက်ပန် သက်တမ်းရှည်မည် ဖြစ်ပြီး ဗိုလ်မှူးကြီးနှင့် ဒုဗိုလ်မှူးကြီး အဆင့်များမှာ ထပ်ဆင့် ရာထူး တိုးမြှင့်ခြင်း မခံရသည်က တပ်တွင်း အကြပ်အတည်း အလွန်ကြီးမား နေကြောင်း ၎င်းက ဆက်ပြောသည်။

“ရွေးကောက်ပွဲက ဘယ်သူပဲနိုင်နိုင် အာဏာရှင် စနစ်ပဲ ဖြစ်မယ်။ ဒီမိုကရေစီ ပြည့်ဝအောင် ရမယ်လို့ ကျနော်တို့ မမျှော်လင့်ဘူး။ မဲသွားပေးလည်း အလကားပဲ” ဟု အဆိုပါ ဒုဗိုလ်မှူးကြီးက ဆက်ပြောသည်။

လက်ရှိ စစ်အစိုးရအနေဖြင့် ပြည်သူနှင့် အောက်ခြေဝန်ထမ်းများကို စားဝတ် နေရေး ကိစ္စများဖြင့် လုံးချာ လိုက်အောင် ဖန်တီးထားပြီး ရွေးကောက်ပွဲကို စိတ်မဝင်စားအောင် ပြုလုပ် ထားခြင်းသာ ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောသည်။

“တပ်မှာက အသက် ၆၀ ပြည့်ရင် နားရမယ်လေ။ သူတို့က တကယ်တမ်း မနားရဲပါဘူး။ ဒါကြောင့် ကျနော်တို့ အဆင့်တွေ အောက်ခြေမှာ ပိတ်ဆို့ နေတာ။ ဒီကိစ္စကို အားလုံးက မကျေနပ်ကြဘူး။ ရွေးကောက်ပွဲတောင် ဖြစ်ပါ့မလားလို့ စဉ်းစားမိတယ်” ဟု အဆိုပါ ဒုဗိုလ်မှူးကြီးက ဆက်ပြောသည်။

လာမည့် ၂၀၁၀ ရွေးကောက်ပွဲကို မေလအတွင်း ပြုလုပ်မည် ဖြစ်ကြောင်း တပ်မတော် အတွင်း သတင်းများ ထွက်ပေါ်နေလျက်ရှိသည်။

Ref: ရိုးမ ၃

0 comments:

အပေါ်သို့