Saturday, November 14, 2009

ဒေါ်အောင်ဆန်းစုကြည် မှန်သလား၊ မာသလား

မောင်သြ
၁၃ နိုဝင်ဘာ ၂၀၀၉

၃-၁၁-၀၉ ရက်နေ့က အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အရှေ့ အာရှနဲ့ ပစိဖိတ် ရေးရာဌာန လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ်ကမ်ဘဲ ဦးဆောင်တဲ့ အဖွဲ့ မြန်မာနိုင်ငံကို ရောက်ရှိ လာခဲ့ပါတယ်။

သူတို့ဟာ အမေရိကန်ပြည်ထောင်စုရဲ့ အဆင့်အမြင့်မှာရှိတဲ့ ပုဂ္ဂိုလ်များ ဖြစ်ကြပါတယ်။ နအဖ စစ်အာဏာရှင် အုပ်စုရဲ့ ထိပ်ပိုင်း ခေါင်းဆောင်များနဲ့ တွေ့ဆုံခဲ့သလို အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (အကျယ်ချုပ်နဲ့ ထောင်ဒဏ် ကျခံနေရသူ)၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ ဖြစ်ကြတဲ့ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးညွန့်ဝေ၊ ဦးလှဖေ၊ ဦးခင်မောင်ဆွေ တို့နဲ့လည်း တွေ့ဆုံခဲ့ကြပါတယ်။ ဒီ့အပြင် တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်များနဲ့လည်း တွေ့ဆုံ ခဲ့ကြပါတယ်။ နအဖစစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကတော့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့ကို မတွေ့ဆုံချင်လို့ ဧရာဝတီတိုင်းဘက် ခရီးအထွက်ပြ ရှောင်တိမ်းနေတာ တွေ့ရပါတယ်။

ကာ့တ်ကမ်ဘဲနဲ့အဖွဲ့ အခုလို လာရောက်တာဟာ မြန်မာပြည်မှာ နအဖ စစ်အာဏာရှင် တွေရဲ့ ဖိနှိပ် အုပ်ချုပ်မှုကြောင့် ဒီမိုကရေစီ ရေးနဲ့ လူ့ အခွင့်အရေးတွေ အလွန်အမင်း ချိုးဖောက် ခံနေရပြီး နိုင်ငံရေး အကျပ်အတည်း ဆိုက်နေတာတွေကို ပြေလည်အောင် ကြားဝင် ဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်။ အမေရိကန် သမ္မတသစ် အိုဘားမားက ပထမ ခြေလှမ်းသစ် အနေနဲ့ မြေစမ်း ခရမ်းပျိုးတဲ့ သဘော စေလွှတ်လိုက်တာ ဖြစ်ပါတယ်။

အမေရိကန်အစိုးရအနေနဲ့ တဘက်မှာ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ထားတဲ့ ဆန်ရှင် (Sanction) ကို ထားမြဲထားပြီး တဘက်ကနေ နအဖ အစိုးရကို တိုက်ရိုက်ထိတွေ့ ဆက်ဆံမှု ပြုလုပ်ခဲ့တာပါ။ အမေရိကန် အစိုးရရဲ့ ဆိုလိုချက် အရ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင် အစိုးရဟာ လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေ၊ ဒီမိုကရေစီရေး ဖိနှိပ် ရက်စက်မှုတွေကို ထင်သာ မြင်သာအောင် ပြုပြင်ပြောင်းလဲ ဆောင်ရွက် ပေးရမှာဖြစ်ပါတယ်။ ဒါကိုမှ မဆောင်ရွက် ပေးနိုင်ခဲ့ဘူး ဆိုရင် ဆန်ရှင်ဟာလည်း ပိုနေမြဲ ကျားနေမြဲ ဖြစ်နေဦးမယ်လို့ ဆိုလိုတာဖြစ်ပါတယ်။။

ပိုနေမြဲကျားနေမြဲ ဖြစ်နေသမျှတော့ နအဖစစ်အာဏာရှင်တစုရဲ့ အနာဂတ် ဘ၀ဟာ မရေရာ မသေချာနဲ့ ခြသေ့င်္ဂူထဲ ပိတ်မိနေတဲ့ မြေခွေးလို ဒုက္ခနဲ့ တွေ့ရတော့မှာ သေချာပါတယ်။ ဒါကြောင့် အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ မူဝါဒအသစ် ပေါ်မှာ နအဖ စစ်အာဏာရှင် အစိုးရဟာ ကွယ်လွန်သူ ဦးကြည်မောင် (အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ) ပြောသွားတဲ့ စကားအတိုင်း “မောင်မောင်ခေါ်တုန်း ဗျာထူးသင့်နေပါပြီ” လို့ ပြောလိုက် ပါရစေ။

မည်သို့ဆိုစေ နအဖစစ်အစိုးရက အမေရိကန်၊ အီးယူ၊ သြစတြေးလျ သံအရာရှိတွေနဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ်ကမ်ဘဲလ် အဖွဲ့တို့ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် ပေးခဲ့တဲ့အပေါ် အကဲခတ် ခန့်မှန်းကြည့်ရရင် ပထမ လင်ကြီးဖြစ်တဲ့ ကိုရွှေတရုတ်ကို စိတ်ကုန်လို့ ကွာရှင်းချင်ပြီး နောက်အိမ်ထောင်သစ် ပြုဖို့အတွက် ကိုရွှေအမေရိကန်ကို ပလူးပလဲ မြူဆွယ်ပြီး မျက်စပစ် နေပြီလို့ ထင်ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် နအဖအစိုးရဟာ မြန်မာနိုင်ငံနဲ့ ပြည်သူလူထု အကျိုးကို တကယ် တိုးတက် ဖွံ့ဖြိုးစေချင်တဲ့ စေတနာ ဆန္ဒ ရှိရင် အမေရိကန် အစိုးရရဲ့ မူဝါဒအသစ်ကို ကြိုဆို လက်ခံရပါမယ်။ ဒါမှလည်း သူတို့ (စစ်အစိုးရ) အတွက် ဘ၀ အာမခံချက်တွေ မျှော်လင့် နိုင်မှာပါ။ အခုလာသွားတဲ့ မစ္စတာ ကာ့တ်ကမ်ဘဲလ် အဖွဲ့ အကြံပြု ပြောဆိုသွားတဲ့ နအဖရယ်၊ အန်အယ်လ်ဒီရယ်၊ တိုင်းရင်းသား အဖွဲ့ခေါင်းဆောင် တွေရယ် အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် တွေ့ဆုံ ဆွေးနွေးကြဖို့ ဆိုတဲ့ အချက်က ဒီအချိန်မှာ အလွန် လိုအပ်တဲ့ အချက်လည်းဖြစ်ပါတယ်။ နအဖဟာ ၂၀၁၀ ရွေးကောက်ပွဲကို ၎င်းတို့ရဲ့ ဆန္ဒအတိုင်း ဖြစ်မြောက် စေချင်တယ် ဆိုရင် အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုတဲ့ သုံးပွင့်ဆိုင် ဆွေးနွေးမှုကို အမြန်ဆုံး စောနိုင်သမျှ စောစော ဆောင်ရွက်သင့်ပါပြီ။ ‘ငါ’ ဆိုတဲ့ အတ္တတရားတွေနဲ့ ခေါင်းမမာ သင့်တော့ဘဲ အမှန်တရားကို လက်ကိုင်ထားပြီး အလျင်အမြန် ဆောင်ရွက်သင့်ပါပြီ။ ဒါ့အပြင် နအဖအစိုးရ အနေနဲ့ (၂၁) နှစ်ကျော်ကြာ တရုတ်အစိုးရနဲ့ ဆက်ဆံခဲ့တာမှာ တိုးတက်မှု ရှိ မရှိနဲ့ အမေရိကန် အစိုးရနဲ့ ဆက်ဆံခဲ့ရင် တိုးတက်မှု ရှိနိုင် မရှိနိုင်ဆိုတာကို အလေးအနက် စဉ်းစားရမယ့်အချိန်လည်း ဖြစ်ပါတယ်။

ဒီအတောအတွင်း ၅-၁၀-၀၉ နေ့ထုတ် ကြေးမုံသတင်းစာပါ စာမျက်နှာ (၄) မှာ ဖော်ပြထားတဲ့ နအဖသတင်းစာရဲ့ သတင်းစဉ်မှာ “Mr Kurt M.Campbell က ကြိုတင် ပန်ကြားထားသည့် အတိုင်း ၎င်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခြင်း မပြုမီ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များ ကြိုတင် တွေ့ဆုံထားနိုင်ရန်လည်း အစိုးရက စီစဉ် ပေးထားခဲ့သည်။ သို့သော်လည်း နိုဝင်ဘာ (၂) ရက် ညနေ (၃) နာရီခွဲတွင် တာဝန်ရှိသူတဦးက ဦးတင်ဦးမှလွဲ၍ ကျန်ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် တွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည်အား သွားရောက် အသိပေး ပြောကြားပြီး တွေ့ဆုံလိုသည့် အချိန်ကို မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က မတွေ့လိုကြောင်း၊ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်အားလုံး မစုံ၍ မတွေ့နိုင်ကြောင်း၊ အားလုံးကို ကျေးဇူးတင်ကြောင်း ပြန်လည် ပြောကြားခဲ့သည်။ နိုင်ငံတော်အနေဖြင့် Mr Kurt M.Campbell ၏ တောင်းဆိုချက်ကို အလေးထားသည့် အနေဖြင့်လည်းကောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်စေရန်နှင့် ပြည်တွင်း နိုင်ငံရေး အခြေအနေများ တိုးမြင့်ရန် ရည်ရွယ်လျက် လည်းကောင်း၊ အပြုသဘော လိုက်လျော ပေးခဲ့သည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ငြင်းပယ်ခဲ့သဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များ တွေ့ဆုံရေးသည် ဖြစ်မြောက်ခဲ့ခြင်း မရှိကြောင်း သတင်းရရှိသည်” လို့ ရေးသားထားတာကို ဖတ်ရပါတယ်။

အထက်ပါ သတင်းစာအရေးအသားကို လေးလေးနက်နက် တွေးဖြစ်ရင် နအဖ စစ်အစိုးရက သဘောထား ကြီးကြီးနဲ့ ဖြူစင် မွန်မြတ်တဲ့ စေတနာနဲ့ အပြုသဘောဆောင် လိုက်လျော ပေးခဲ့ပုံပေါက်ပြီး ဒေါ်အောင်ဆန်းစုကြည်က နအဖရဲ့ ရိုးသား ဖြူစင်မွန်မြတ်မှု၊ သဘောထားကြီးမှု အပေါ် လျစ်လျူရှုခြင်း၊ ဆန့်ကျင်ခြင်း၊ ခေါင်းမာခြင်း၊ မထီလေးစားလုပ်ခြင်း … စတဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် အမြင်မှားစရာ၊ မကောင်း မြင်စေနိုင်တဲ့ သဘော သက်ရောက်နေတာ တွေ့ရပါတယ်။

ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်က မှန်သလား၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်က ခေါင်းမာသလား ဆိုတဲ့ အချက် (၂) ချက်ကို စဉ်းစားစရာ ဖြစ်လာရပါတယ်။ စီအီးစီ အားလုံးနဲ့ တွေ့ဆုံပေးသင့် ပါလျက်နဲ့ စီအီးစီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးကို ဘာကြောင့် ချန်လှပ် ထားခဲ့ပါသလဲ။ ဒီအချက်က နအဖသဘောထားကို သံသယ ၀င်စရာဖြစ်စေပါတယ်။ နအဖအနေနဲ့ စေတနာ သဘောထား ဖြူစင် မွန်မြတ်ရိုးမှန်ရင် ဦးတင်ဦးကို ချန်လှပ်ထားဖို့ မသင့်ဘူးလေ။ အဲဒီ အချက်ကလေးနဲ့တင် နအဖရဲ့ စေတနာ သဘောထားဟာ ဆွမ်းဆန်ထဲ ကြက်ချေးတတုံး ရောက်သွားသလို ဖြစ်ခဲ့ရပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အားလုံး မစုံ၍ မတွေ့နိုင်ကြောင်း၊ အားလုံးကို ကျေးဇူးတင်ကြောင်း” ဟု ပြန်လည် ပြောဆိုလိုက်ခြင်းမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့ အတွက် ခေါင်းမာခြင်းလို့ မဆိုနိုင်ပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အမှန်နဲ့ အမှားကိုသာ ဆုံးဖြတ်တတ်ပြီး အမာနဲ့ အပျော့ပေါ်မှာ စဉ်းစားသူ မဟုတ်ပါဘူး။ အမှန်တရားကို ယုံကြည်မှုနဲ့ ဆုံးဖြတ်တာဟာ ‘ခေါင်းမာတာ’ မဟုတ်ပါဘူး။ ရဲရင့်ခြင်းသာ ဖြစ်ပါတယ်။

နောက်ဆုံးပြောချင်တာကတော့ မြန်မာနိုင်ငံကို လာရောက်သွားတဲ့ အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ၀န်းကြီးဌာန အရှေ့ အာရှနဲ့ ပစိဖိတ်ရေးရာ ဌာန လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဦးဆောင်တဲ့ အဖွဲ့ရဲ့ ခရီးစဉ်ဟာ ဒီတကြိမ်နဲ့ ပြီးသွားပြီလား၊ မပြီးသေးဘူးလား၊ ရှေ့ကို ဘာတွေ ဆက်လက် ဆောင်ရွက်ကြဦးမလဲ ဆိုတာ ကြိုတင် မပြောနိုင်ပေမယ့် နအဖ စစ်အစိုးရ အနေနဲ့ ၉၀ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ အခြား တိုင်းရင်းသား ကိုယ်စားလှယ်များနဲ့ သုံးပွင့်ဆိုင် အမြန်ဆုံး တွေ့ဆုံ ဆွေးနွေးပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်သင့်ချိန် ရောက်ပြီဖြစ်ကြောင်း စေတနာကောင်းနဲ့ ကြေညာမောင်း ခတ်လိုက်ရပါတယ် ခင်ဗျား။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့