Tuesday, November 10, 2009

NDC နဲ့ ခွဲတမ်းပြဿနာ အပိုင်း - ၂

ဗိုလ်ထက်မင်း
တနင်္လာနေ့၊ နိုဝင်ဘာလ 09 ရက် 2009

တပ်မတော်ရဲ့ တတိယမျိုးဆက်သစ် (Third Generation) ဖြစ်လာမယ့်၊ ထိပ်ပိုင်း ရာထူးတက်ဖို့ လှေကားထစ်ဟာ ၁၉၉၃ ခုနှစ် ကာလပိုင်း ခန့်ထိကတော့ စစ်ဦးစီး တက္ကသိုလ်ကို တက်ရောက်ကြဖို့ လိုပါတယ်။ အဲဒါကြောင့် တပ်ရင်းမှူး များဟာ ကလောမြို့ရှိ စစ်ဦးစီး တက္ကသိုလ်ကို တက်ရောက်နိုင်ရန် အလုအယက် ကြိုးစားကြရပါတယ်။ ကျောင်းဆင်းပြီးရင်တော့ G-1 လို့ ခေါ်တဲ့ စစ်ဦးစီးမှူး (ပထမတန်း) ဖြစ်ကြပါတယ်။ စစ်ဦးစီးမှူး (ပထမတန်း) ရာထူးဟာ ထိပ်ပိုင်းရာထူး မပေးခင် လက်တွေ့ စမ်းသပ် ကာလမှာပေးတဲ့ ရာထူးဆိုရင်လည်း မမှားပေဘူး။

စစ်ဦးစီးမှူး (ပထမတန်း) ဟာ စစ်ဆင်ရေးကို အဓိကထားပြီး ကိုင်တွယ်ရသလို တိုင်းမှူး/တပ်မမှူး ကိုယ်စား လုပ်ပိုင်ခွင့် အပြည့်အဝ ရှိကာ ဦးစီးအရာရှိ (ပထမတန်း) (စစ်ရေး) နဲ့ ဦးစီးအရာရှိ (ပထမတန်း) (စစ်ထောက်) တို့ထက် ပိုလည်း အာဏာထက်ပြီး ရာထူး တက်လမ်းလည်း ပိုပါတယ်။ နဝတ တက်လာပြီးတဲ့ နောက် တိုင်းစစ်ဦးစီး ဗိုလ်မှူးကြီး (Col.Gs) ဆိုတဲ့ ရာထူး တီထွင် ပေါ်ပေါက် လာခဲ့ပေမယ့် စစ်ဦးစီးမှူး (ပထမတန်း) G-1 ရာထူးဟာ အဲဒီ (Col.Gs) ရာထူးထက် ပိုမို ထက်မြက် နေသေးကြောင်း ဖြစ်စဉ်တခု အရ ပေါ်လွင်ပါတယ်။

အဲဒါကတော့ ရပခ တိုင်းမှူးဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်မောင်ဘိုက ရပခ (Col.Gs) ဖြစ်ခဲ့တဲ့ ယခု ပညာရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် အောင်မျိုးမင်းကို G-1 အလုပ်ကို ဝင်ရှုပ်လို့ ဆိုပြီး ဆူပူ ကြိမ်းမောင်း ခဲ့ဖူးကြောင်း သိရပါတယ်။ G-1 တနှစ်လောက် လုပ်ပြီးရင်တော့၊ တိုင်းမှူးက ထောက်ခံချက် ပေးရင် ဗိုလ်မှူးကြီး အဆင့်နဲ့ ဗျူဟာမှူး ရာထူးသို့ တက်လှမ်းကာ အဆင့်ဆင့် ထိပ်ပိုင်းကို ရောက်ရှိကြတာ များပါတယ်။

နဝတ ခေတ်က နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် ကျောင်းဆင်းဆင်းချင်း ဗိုလ်မှူးကြီးများ အနေနဲ့ အမှတ်ကောင်းကောင်း ရရှိကြတဲ့ အခါ ဗိုလ်မှူးချုပ် အဆင့်ဖြင့် စမ်းသပ်ကာလ ရာထူးများလို့ ခေါ်ဆို ရမလိုဖြစ်တဲ့ တပ်မမှူး၊ စကခမှူး၊ ဒကစမှူး ရာထူးများကို တိုးမြှင့် ရရှိကြပါတယ်။ နအဖ ခေတ်ကျတော့ တပ်မမှူး ဗိုလ်မှူးချုပ် ရာထူး ဆိုရင်တောင် ထိုင်ခုံ မငြိမ်သေးဘဲ တနည်းအားဖြင့် တတိယ မျိုးဆက်သစ် ထိပ်ပိုင်း ရာထူးထိ တက်ရန် မသေချာတော့ဘဲ အချိန်မရွေး ဒုဝန်ကြီး (သို့) သံအမတ်ကြီး အဖြစ်သို့ လွင့်သွား နိုင်ပါသေးတယ်။

ဥပမာ - တပ်မ ၅၅ တပ်မမှူး ဗိုလ်မှူးချုပ် သန်းထွန်းနဲ့ စကခ ၄ စကခမှူး ဗိုလ်မှူးချုပ် စောလှမင်းတို့ဟာ သံအမတ်ကြီးများ ဖြစ်သွားတာ တရုတ် သွေးစပ်လို့ ဆိုပြီး သတင်းစကား ထွက်ပါတယ်။ အဖားတော်လို့၊ အမျိုးတော်လို့ ရှိရင်တော့ ခြွင်းချက် အနေနဲ့ တပ်မမှူးမှ ဝန်ကြီး အဖြစ် စံမြန်းသွားတဲ့ သာဓက အချို့တော့ ရှိပါတယ်။

မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးချုပ် မောင်မောင်သိန်းနဲ့ သတ္တုတွင်း ဝန်ကြီး ဗိုလ်မှူးချုပ် အုန်းမြင့်၊ ဗိုလ်မှူးကြီး ဇော်မင်း၊ ဗိုလ်မှူးကြီး သိန်းညွှန့်၊ ဗိုလ်မှူးချုပ် သိန်းဇော်နှင့် ဗိုလ်မှူးကြီး အောင်သောင်းဟာ တချို့ NDC ကိုတောင် မတက်လိုက်ရဘဲ “တော် သုံးတော်” ထဲမှာ ပါရှိနေလို့ ထူးခြားတယ်လို့ပဲ ခေါ်ဆိုရပါမယ်။ NDC တက်ရောက်ရတဲ့ ဗိုလ်မှူးကြီးများဟာ အများအားဖြင့် ဗျူဟာမှူး ဘဝမှ တက်ရောက်ရတာ ဖြစ်လို့ တပ်မဲ့ ဗိုလ်ဘဝနဲ့သာ ဖြစ်တာမို့ အခြား ထောက်ပံ့မှု မရှိဘဲ ရှိသမျှ စည်းစိမ် ဥစ္စာများကို ရောင်းချရကာ သင်တန်းမှာ အကုန်အကျခံ တက်ရောက် ကြရပါတယ်။

ဗျူဟာမှူးဘဝဟာ သူတို့ရဲ့ လုပ်ပိုင်ခွင့်၊ အကျိုးခံစားခွင့် စည်းစိမ်ဥစ္စာ အခွင့် အရေးများကို အထက်က တပ်မမှူး၊ တိုင်းမှူးများက ချုပ်ကိုင် ထားကြတာ ဖြစ်ပြီး ပေးကမ်း စွန့်ကြဲ သမျှကိုသာ လက်ခံကြရ ပါတယ်။ တချို့ ဗျူဟာမှူး ဆိုရင် စက်သုံးဆီ ခွဲတမ်းကိုသာ ရကြတယ်။ ဗျူဟာမှူး ဆိုရာမှာ စစ်ဗျူဟာမှူးနဲ့ နည်းဗျူဟာမှူး အဆင့် တူချင်းတောင် အခွင့်အရေး ရပုံချင်းက မတူညီကြပြန်ပါဘူး။ တိုင်း အဆင့်ဆိုရင် စစ်ဗျူဟာမှူးလို့ ခေါ်ပြီး နယ်ဘက် အုပ်ချုပ်ရေးကို ဝင်ရောက် ကိုင်တွယ်ရတာမို့ တိုင်းမှူး ကြည်ဖြူရင် အရိုးအရင်းလေး ရတာမျိုးတော့ ရှိပါတယ်။

တပ်မအဆင့်ဆိုရင်တော့ နည်းဗျူဟာမှူးလို့ခေါ်ပြီး နည်းဗျူဟာမှူးမှာ တပ်မမှူးမှ လစဉ် ခွဲတမ်း ချပေးတဲ့ ဆီပေပါ ခွဲတမ်း လေးကိုသာ ရောင်းစားရပြီး ခြိုးခြံချွေတာ နေကြရပါတယ်။ အဲဒီ နည်းဗျူဟာမှူးတွေ ကတော့ စစ်ဆင်ရေး ရှိမှာသာ တပ်ရင်းတွေကို ဟောက်စားလုပ်ကာ ကြပ်မတ် ရတာမို့ အဲဒီအခါကျရင် တပ်ရင်းမှူးတွေက လာဘ်ထိုး ကြတာကြောင့် စိုပြေကြပါတယ်။ စစ်ဦးစီး တက္ကသိုလ်ကို တက်ရောက်ကြရတဲ့ တပ်ရင်းမှူး ဘဝနဲ့ နှိုင်းယှဉ်ရင်တော့ ဆီနဲ့ရေလို ကွာခြားပြီး တပ်ရင်းမှူး ဘဝမှာ သူ့ရဲ့နောက်က တပ်ရင်း တရင်းလုံးရဲ့ အဆီအနှစ်တွေ အားလုံးကို ဝါးမျိုလို့ ရနေတာကြောင့် အိုကေမှာ စိုပြေလှပါတယ်။

ဒါပေမဲ့ စစ်ဆင်ရေးတွေ ပြန်နားပြီဆိုရင်တော့ နည်းဗျူဟာမှူး တွေဟာ တပ်မမှူး ကိုယ်စား အမှုတွေ၊ မှုခင်း ပြဿနာတွေကို ရှင်းလင်းပေးရတဲ့ လူမိုက် တာဝန်ကိုသာ ယူကြရပါတော့တယ်။

စစ်ဗျူဟာမှူး၊ နည်းဗျူဟာမှူးတွေဟာ ပခုံးပေါ်ကို ဗိုလ်မှူးကြီး အပွင့် တင်ရလို့ လှပတယ် ဆိုတဲ့ အများအမြင်မှာ ရှိပေမယ့် သူ့အဆင့်နဲ့ လျော်ညီစွာ နေထိုင် ဝတ်ဆင်ရတာမျိုးနဲ့ အပေါ်ကို ဖားရတာ မျိုးတွေကြောင့် ကျားကြီးတော့ ခြေရာကြီးကာ စားဝတ်နေရေး ကျပ်တည်းမှုတွေ ဖြစ်ပေါ်နေတာကိုလည်း တွေ့ရပါတယ်။

ဗိုလ်မှူးကြီးတွေရဲ့ နေ့စဉ် ကြုံတွေ့ရတဲ့ နောက်ရောဂါ တမျိုးကတော့ ဆက်သွယ်ရေး စက်ပေါ်မှာ တိုင်းမှူး၊ တပ်မမှူးတွေရဲ့ အရှိန်အဝါကို သုံးပြီး စစ်ဦးစီးမှူး (ပထမတန်း)၊ ဦးစီးအရာရှိ (ပထမတန်း) တွေက “ကြပ်” ခြင်းကို ခံနေကြရတာပဲ ဖြစ်ပါတယ်။ တက်လမ်းဝေးပြီး လုပ်သက်ရင့် စီနီယာ အရာရှိကြီးတွေ ဖြစ်တဲ့ ဦးစီး အရာရှိ (ပထမတန်း) (စစ်ရေး/စစ်ထောက်၊ စစ်ဥပဒေ) တွေရဲ့ လေသံက ဗျူဟာမှူးတွေ အပေါ် အစာမကျေမှုတွေ အမြဲလိုလို ရှိနေတာကို တွေ့ရပါတယ်။ ဗျူဟာမှူးတွေမှာ လုပ်သက်နုပြီး ရာထူး အဆင့်ကြီး နေပေမယ့် ဂျူနီယာ အရာရှိတွေဖြစ်လို့ “မင်း … ငါ့လောက် တပ်ထဲမှာ အတွေ့အကြုံ မရှိသေးပါဘူး၊ လူပါးမဝနဲ့” ဆိုတဲ့ လုပ်သက်ရင့် စီနီယာ အရာရှိကြီးတွေရဲ့ မကျေနပ်မှု များစွာနဲ့ ထိပ်တိုက် တွေ့ရတတ်ပါတယ်။

ပိုဆိုးတာက သားအရွယ်လောက်ရှိတဲ့ တိုင်းမှူး၊ တပ်မမှူးတွေရဲ့ ကိုယ်ရေး အရာရှိတွေ၊ စစ်ဦးစီးမှူး (ဒုတိယတန်း) နဲ့ (တတိယတန်း) အရာရှိတွေရဲ့ မောက်မာ မှုတွေကြောင့် “ရင်ခံ” နေကြရတဲ့ ဗျူဟာမှူးတွေလည်း တပုံ တပင်ကြီး ရှိနေပါတယ်။

ဗျူဟာမှူးတွေအနေနဲ့ NDC သင်တန်းတက်ဖို့ ရွေးချယ် ခံရပြီ ဆိုရင်ပဲ မုန့်ဖိုးပေးဖို့ ကလေးသဖွယ် တိုင်းမှူး၊ တပ်မမှူးထံမှာ လက်ဖြန့် တောင်းရတဲ့ ဘဝတွေလည်း ရှိပါတယ်။

ဗျူဟာမှူးတယောက်အနေနဲ့ တနှစ်ပတ်လုံးနီးပါး သင်တန်း တက်ရောက် ရတဲ့ ကုန်ကျ စရိတ်ဟာ ကြီးမားလွန်းလို့ ၁၉၉၈ ခုနှစ်က အပတ်စဉ် (၃) တက်ရောက်ခဲ့တဲ့ ဗျူဟာမှူးတဦးရဲ့ ပြောပြချက်အရ ကျပ် (၁ဝဝ) သိန်းကျော် ကုန်ခဲ့တယ်လို့ ဆိုပါတယ်။ သင်တန်းမှာ လိုအပ်ချက်တွေ ဖြစ်တဲ့ မိတ္တူစက်၊ ကွန်ပျူတာ စတဲ့ အထောက်အကူပြု ပစ္စည်းတွေလည်း ဝယ်ရတာ တကြောင်း၊ အပြိုင်အဆိုင် ရှယ်တကာ့ရှယ် ဖြစ်အောင် လုပ်ရတာ တကြောင်း။ NDC ကျောင်းအုပ်ကြီးနဲ့ နည်းပြ အရာရှိကြီးတွေကိုလည်း အမှတ်ကောင်းကောင်း၊ အဆင့်ကောင်းကောင်း ရရှိရေးအတွက် အစဉ်အလာကြီး သဖွယ် လာဘ်ထိုး ရတာတကြောင်းပေါ့။

လာဘ်ပေးပုံကတော့ ဂေါက်ရိုက်ပွဲတွေကို စပွန်ဆာ စီစဉ်ပေးရတာ၊ ဈေးဝယ်တဲ့ အသေးအဖွဲ ကိစ္စမှ အစ ဝန်ကြီး ဌာနတွေက ဖုန်းပါမစ်၊ ပါဝါ မီတာပါမစ်၊ ဂက်စ်အိုး ပါမစ်၊ စားအုန်းဆီ ပါမစ်၊ အရက်လိုင်စင် စတာတွေအဆုံး ကျောင်းအုပ်ကြီးကနေ နည်းပြ အရာရှိကြီးများ အထိကို သူတို့နာမည်နဲ့ ပါမစ်တွေ ရအောင် ဗျူဟာမှူးတို့က ဆရာသမား ဝန်ကြီးများထံကို ချဉ်းကပ်ပြီး ပေးကမ်း ဆောင်ရွက် ကြရပါတယ်။

ဒါပေမဲ့ ဗိုလ်မှူးကြီးတွေဟာ ဗျူဟာမှူးရာထူးကို ရောက်တယ် ဆိုရင်ပဲ “ညောင်ညိုပင် လမ်းခွဲ” ကို ရောက်ရှိ သလို ခံစားကြရပြီး ထိပ်ပိုင်း ရာထူးသို့ တက်သွားတဲ့ လမ်းကောင်းနဲ့ အဝီစိ ရာထူးကို ဆင်းသွားတဲ့ လမ်းဆိုးတွေကို တွေ့မြင် နေကြရကာ ဘေးကျပ် နံကျပ်နှင့် မရှုမလှ ကြုံတွေ့ နေကြရကြောင်းပါ ခင်ဗျား။


Ref: မဇ္ဈိမ

0 comments:

အပေါ်သို့