ဘိုဘိုလန်းစင်
Tuesday, 01 December 2009
“လူရဲ့ အမွန်မြတ်ဆုံး လုပ်ဆောင်မှုက ကိုယ်ကျိုးစွန့်ပြီး မေတ္တာ စေတနာနဲ့ သူများအကျိုးကို ရွက်ဆောင် ပေးခြင်းပဲ ဖြစ်တယ်။ ငါ့သားလူဖြစ်ရကျိုး နပ်အောင် တစ်ခုခုတော့ လုပ်နိုင်စေချင်တယ်။ ဘာလုပ်သင့်တယ်၊ ဘာကို လုပ်မယ်ဆိုတာ သားဘာသာ စဉ်းစားဆုံးဖြတ်ပေါ့။ …
ဘိုဘို့မှာ အသိပညာတွေ လုံလောက်အောင် စုဆောင်းမိမှာကို အဘွား သံသယ မရှိဘူး၊ အဲဒီ အသိတွေနဲ့ လူနဲ့လူချင်းအတွက် ဘိုဘိုက အနစ်နာခံ ဆောင်ရွက်ပေးတဲ့ မွန်မြတ်တဲ့ လူသားတစ်ဦး ဖြစ်လာစေချင်တယ်။ စာအုပ်တွေနဲ့အတူ၊ သက်ရှိလူတွေကိုလည်း ဘိုဘို စိတ်ဝင်စား စေချင်သေးတယ်။ ဘိုဘို့ ဦးနှောက်ထဲမှာ ရှိတဲ့ ပညာတွေ၊ အသိတရားတွေကို တခြားလူတွေ အတွက် အသုံးချပေးနိုင်တဲ့ မြေးကလေး ဖြစ်လာပါစေလို့ အဘွား ဆန္ဒပြုပါတယ်။ …”
၇ တန်းနှစ်မှစ၍ မွေးနေ့တိုင်းဤသို့ အမှတ်တရ စာလေးများရေးပေးလေ့ ရှိသည်မှာ နောက်ပိတ်ဆုံး ကျနော်ဘွဲ့ရသည့် ၂၀၀၆ ဖေဖော်ဝါရီလ အထိပင်တည်း။ အတူနေမြေး ၅ ယောက်စလုံးကို အစဉ်ပြောဆို ဆုံးမခဲ့ရုံသာမက မှတ်မှတ်သားသားဖြစ်အောင် စာကလေးတွေရေး ဆုံးမခဲ့ခြင်း၏ တန်ဖိုးကို အဘွားမရှိမှ ကောင်းကောင်းသိပါပြီ။
သို့ပေမယ့် တနိုင်ငံလုံးနှင့် ကမ္ဘာအရပ်ရပ်က မြန်မာစာဖတ် လူငယ်များအတွက် ရည်စူး ရေးသားခဲ့သည့် အမေ့ရှေးစကား ဆောင်းပါးများ ရေးစက အဘွားက ဘာလို့ အဘွားကြီးလေနဲ့ အမေ၊ အမေဆိုပြီး ရေးရပါလိမ့်၊ တသက်လုံး ကျမလို့ ရေးလာတာပဲဟု စလုံးစခု ဖြစ်မိပါသေးသည်။ ထိုစဉ်ကပင် ၈၀ နားကပ်နေသည့် ကိုယ့်အဘွားကို နောက်နှစ်တွေ အကြာကြီး နေဦးမည်ဟု ထင်နေခဲ့သည်ကိုး။
အဘွားနှင့် လူချင်းမတွေ့ဘူးလိုက်သူများက သူ့ကို အင်မတန့် သိက္ခာကြီးနှင့် ဧရာမ အာဇာနည် မိန်းမကြီးလို ခန့်ခန့်ကြီး နေလိမ့်မည်ဟု တွေးကြောက်သည်ကို တွေ့ဖူးပါ၏။ အသက် ၈၀ ကျော်ထိ တအိမ်လုံးက လူ ၁၅ ယောက်လောက်စာ ဈေးဝယ်ပြီး ဆိုက္ကားစီးပြန်သည့် အဘွား အကြောင်းပြောပြကာ ကိန်းကြီး ခန်းကြီး မနိုင်ရပါကြောင်း ရှင်းပြရသည်။
မမြရင်သီချင်းများ၊ ညွန့်ညွန့်စိန်၏ မှန်ကြိုက်သူ သီချင်းစသည်တို့ကို လိုက်ညည်း နေတတ်သည့်၊ ဟာသတွေ အရွှန်းတွေ ဖောက်ရင်း ပြုံးနေတတ်သည့် သူ့ရုပ်ပုံကို မျက်စိထဲက ဖျောက်မရပေ။ စာရေးဆရာမ ဆိုပြီး အိမ်မှုကိစ္စတွင် ရှော်သည့် (အဘွားစကားနှင့် ရှော်လကွီး ဂွီး) ဆိုသည့် အစားထဲကလည်း မဟုတ်ပါ။ မန္တလေးပုံစံ အစားအသောက်ကို စုံစုံကောင်းကောင်းနှင့် ရှာရှာဖွေဖွေ စီမံစားတတ်ပြီး အဆီအအိမ့်၊ ဘိုစာ၊ တရုတ်စာတွေထက် တောစာ၊ တောငှက်၊ တောအရွက်တွေကို ခုံခုံမင်မင် ရှိလှသည်ကို အောက်မေ့လှပါ၏။
လူကြီးဆိုပြီး သူ့အတွက်သီးသန့်ပြင်ပေးသည့် အစားအသောက် ဟူသမျှကိုလည်း “ဟေ့…. မင်း စားပါကွ…။ ငါမကြိုက်လို့..” ဆိုပြီး မြေးတွေပန်းကန်ထဲ ထည့်ပေးတတ်သည့် မြန်မာအဘွားတယောက်သာ ဖြစ်ပါသည်။
သူနှင့်နေရသူအားလုံးစိတ်တွင် ဘယ့်အတွက်မှ စနိုးစနောင့်မဖြစ်အောင် စဉ်းစားလေ့ရှိပါ၏။ အဆာကျယ် ခြောက်စထောင်သည့် လူကြီးလူကျယ်အပေါက်မျိုး ချိုးသည်ကို ဘယ်အခါမှ သူ့တွင်မတွေ့စဖူး၊ သူ မကျေနပ်လျှင် မကျေနပ်ကြောင်း ပြောပြီးသည့်နောက် ရန်ငြိုးအကြွေး ထားတတ်သည့်အလေ့ကို အဘွားတွင်မတွေ့ရ။ ကွန်မြူနစ်ဖော်ကောင်ဘခက်နှင့် သခင်တင်မြတို့ လက်နက်ချတသိုက်ပေါင်းပြီး ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရေးမည်၊ ကျနော့်ကို ဝင်ကူပေးပါဆိုသည့် တခါကသာ သူ မကျေနပ် လွန်းလှသဖြင့် ဒီလူတွေရေးမည့်စာအုပ်သည် ဘယ်လိုမှ ကောင်းမည့်စာအုပ်မဟုတ်ကြောင်း ဝင်မပါရန် ပြောဖူးပါသည်။
အဘွားစကား နားထောင်သည့်အနေနှင့် အဘ သခင်တင်မြနှင့် လူချင်းခင်သော်လည်း ထိုကိစ္စဝင်မပါခဲ့မိပါ။ နောက်ပိုင်း သခင်တင်မြ ပရမ်းပတာတွေ ရေးနေသည်ကိုတွေ့မှ လူကြီးများ တယ်မြင်တတ်ပါလား အောက်မေ့မိပါသည်။
အယ်ဒီတာ စာအုပ်တိုက်ရှင် တယောက်ပြောဖူးသလို ဒေါ်အမာသည် သူ့ဆီ နည်းမျိုးစုံဖြင့် ချဉ်းကပ်လာသူ ဟူသမျှ တပြေးညီ ကောင်းမွန်စွာ ဧည့်ခံသည်ဆိုသည့်စကားကို အမှတ်ရပါသည်။ စာပေ၊နိုင်ငံရေး၊ လူမှုရေး စသည့် ဘက်ပေါင်းစုံမှ ထိတွေ့ခဲ့ရသူများတွင် ကူလီကူမာ အမြတ်ထုတ်မည့်သူများလည်း မနည်းခဲ့ပါ။
သိပင်သိသော်ငြား ထိုသူများအားလုံးကို လူကြီးပီပီ တည်တည်တံ့တံ့ ဆက်ဆံတတ်ပါ၏။ တခါက မေမြို့တွင် အပူရှောင်နေသော အဘွားဆီ သွားလည်ပြီး မန္တလေးအဆင်းလမ်းတွင် ဗိသုကာအယ်ဒီတာ ကိုမော်လင်း ပြောခဲ့ဖူးသော “ဒေါ်အမာ အသက်ရှည်တာ ခေတ်အဆက်ဆက် မျိုးဆက်သစ် လူတော်၊ လူကျော်တွေနဲ့ ထိစပ်နေခဲ့ပြီး ဘဝမှာ စိတ်ဝင်စားစရာ အသစ်အသစ်တွေ တွေ့နေနိုင်လို့ပဲ” ဟူသည့် စကားကိုလည်း ခုတိုင် သတိရမိတော့၏။
ကာတွန်းဘက်ကဆို ဦးဘဂျမ်း၊ ဦးဟိန်စွန်းမှသည် အော်ပီကျယ်၊ ကိုဇော်မောင်အထိ၊ စာပေမှာကား ဂန္ထလောကခေတ်မှ အင်တာနက်မီဒီယာခေတ်၊ နိုင်ငံရေးသမားဆိုလျှင် ၂၁ ဦး အညာသားပါတီခေတ်မှ ကျောင်းသားမျိုးဆက် အဆက်ဆက်ထိ။ ဂီတ…လူမှုရေး၊ ပညာရေး၊ အရာရှိ၊ သူဌေး၊ ဘုန်းကြီး စသည့် နယ်ပယ်စုံတွင် ဒေါ်အမာ၏ မိတ်သင်္ဂဟဆိုသူများမှာ ဦးလှမရှိသည့်နောက်တွင်ပင် ယုတ်လျော့မသွားဘဲ တိုးလို့သာ လာသည်ကို သတိပြုမိပါ၏။ မန္တလေးက လက်ဝဲအုပ်စုတွေဆိုပြီး ဘာသိဘာသာ နေခဲ့ကြ သူများပင် ယခုကာလ ဖိနှိပ်ဆုတ်ယုတ်မှုများကြောင့် သံဝေဂရပြီး အဝင်အထွက်လုပ်လာသည်ကို တွေ့ရသည်။
“ဒေါ်အမာဆိုတာ ကွန်မြူနစ်မကြီးပါ” ဟု တိုးတိုး (ဝါ) ပေါ်တင်စော်ကားကြသည်ကိုလည်း (နိုင်ငံရေးအုပ်စုထဲကပင်) ကြုံရဖူးပါ၏။ အထူးသဖြင့် စစ်အစိုးရ အဆက်ဆက် ဝါဒမှိုင်းအောက်တွင် လူဖြစ်ကြသူများအဖို့ “ကွန်မြူနစ်ဆိုတာ ဝါးရင်းတုတ်နဲ့ လည်မျိုဆော်တဲ့ဘီလူးတွေ” ဟုသာ ခပ်ဝါးဝါးသိထားကြရာ သူတို့ နှစ်ခြိုက်သည့် စာရေးဆရာမကြီးက ကွန်မြူနစ်အမေ၊ ကွန်မြူနစ်ဟု လက်ခံချင်ကြပုံမရ။
ကျနော်လည်း ဟိုစဉ်က အဘွားတို့၊ ဦးစိန်ဝင်းတို့ အမေရိကန် မကောင်းကြောင်းပြောလျှင် သိပ်မကြေလည်လှ။ ဂျွန်ဝက်ဘ်စတန့်လေးတွေမြင်မှ ရှေးသတင်းစာဆရာတွေ တယ်ပါးတာပဲ၊ ငါတို့တွေ သိပ်အတာပဲဟုသာ သက်မချမိတော့သည်။
“လူမဆန်တဲ့ အရင်းရှင်စနစ်ကို ငါ ခုထိ လက်မခံနိုင်ဘူး” ဟု အဘွား ပြောခဲ့စဉ်က ရီဆက်ရှင်းမလာသေးပါ၊ ဗမာပြည်တွင် ဓာတ်ငွေ့လိုင်းတွေ ဖြတ်မဖောက်သေးပါ။ အဘွားမွေးနေ့တိုင်း လာနေကျ လူထုက စင်တင်ပေးလိုက်သည့် ရဲဘော်ကြီးက အိုင်ဒီယော်လော်ဂျီခေတ်ကုန်ပြီ၊ စစ်တပ်ကို မလှန်နဲ့တော့ ဆိုပြီး နိုင်ငံရေးပြည့်တန်ဆာ ဝါဒသစ်တရပ် ထူထောင်နေသည်ကို ဖတ်ရလေသော် အဘွားသုံးတတ်သည့် ဒီပုဆိုးဝတ်ရင် ဒီချေးပဲပါမည်၊ ဗြိဇုံနဲ့ ဗြုံဇိ စသည့် အလုံးလေးများက ခေါင်းထဲပေါ်လာပါသည်။
အဘွားဖြတ်သန်းခဲ့ရာဘဝကို ပြန်စဉ်းစားလိုက်သော် ၁၉၃၆ သပိတ်ခေတ်မှစ၍ နိုင်ငံရေးနယ်ထဲ ကျွံမဝင်မိအောင် တတ်နိုင်သလောက် အလှမ်းခွာထားတတ်သည်ကို သတိပြုမိပါ၏။ သူ့ဘဝတွင် ပဲ့ကိုင်ရှင် သတင်းစာ ဆရာကောင်းတယောက်နှင့် လက်ထပ်ခဲ့ခြင်းကြောင့် တချို့စာရေးဆရာမ၊ ပညာရှင် အမျိုးသမီးများလို လိမ့်လိမ့်လဲလဲဘဝမျိုး နိုင်ငံရေးသိက္ခာကျ လူအရင်နာမည်သေသည့် အဖြစ်မျိုးနှင့် မကြုံခဲ့ရပေ။
သူ့ဘဝကို သတင်းစာမှတဆင့် အထက်ဗမာပြည်၊ နောက် တနိုင်ငံလုံးက စာဖတ်ပရိသတ်သို့ ကမ္ဘာ့ရေးရာသုံးသပ်ချက်များပေးပြီး စစ်အေးအန္တရာယ်ကို မီးမောင်းထိုးပြခြင်း၊ လူငယ်မျိုးဆက်သစ် သတင်းနှင့် အနုပညာသည်များ မြေတောင်မြှောက်ပေးခြင်း၊ သတင်းစာမရှိသည့်နောက် မြန်မာမှု အနုပညာသမိုင်းထုပ္ပတ်ကို ထိန်းသိမ်းဖော်ထုတ်ခြင်း၊ လူမှုစရိုက် ပညာပေးဆောင်းပါးများ ရေးခြင်းတွင် မြှုပ်နှံသွားခဲ့ပါ၏။
ထိုသို့ နယ်ပယ်စုံတွင် ကလောင်မြူးနိုင်သည့် အားသာချက်ကြောင့် သာမန် လက်ဝဲသတင်းစာဆရာများ ကြားတွင် စာပေပညာရှင် လူမှုသမိုင်းဆရာတယောက်အဖြစ် တင်ကျန်ခဲ့ပါသည်။ သို့ငြား တိုင်းပြည်တွင် အရေးကြီးလာပြီဆိုက ရှောင်သွေမလွှဲဘဲ နောက်က တိတ်တဆိတ်ပါတတ်ပါသေးသည်။
၁၉၈၈ က မန္တလေးထုတ် ၈ လေးလုံးသတင်းစာတွင် ခေါင်းကြီးရေး တည်းဖြတ်လုပ်ခဲ့သူဟု ဒေါ်အမာစာစု စာရင်းများတွင် တွေ့ရမည်မဟုတ်ပါ။ အခြေအနေ ဆိုးရွားလာချိန်တွင် မင်းကွန်းဆရာတော်ဆီ လူလွှတ်ပြီး ကြားဝင်ထိန်းပေးဖို့ ပြောခဲ့ပါသေးသည်။ သို့သော် ဆရာတော်က နိုင်ငံရေးနားမလည်ဟု ဆိုကာ လက်ရှောင် နေခဲ့သဖြင့် မနီလာပုံစံ နိုင်ငံရေးအပြောင်းအလဲကို မကြုံခဲ့ရပါ။
ဒေါ်ခင်ကြည် ဈာပနတွင် ဗိုလ်ချုပ်ကြီးတင်ဦးက “ဒေါ်ဒေါ် ကျနော်တို့အတွက် ဝင်အရွေးခံရမယ်နော်” ဟု စကားစသည်ကို ပြုံးနေခဲ့သဖြင့် ဆရာမင်းသုဝဏ်ကြုံရသော ဆင်းရဲဒုက္ခမျိုးမှ ကင်းဝေးခဲ့ရုံသာမက သူငယ်ချင်း အမ်အေဒေါ်အုန်းကဲ့သို့ အောင်ကြီးပါတီမှ ဝင်အရွေးခံမိ၍ အရှက်ကွဲရသည့်အဖြစ်ကိုလည်း မကြုံခဲ့ရ။ လွတ်လပ်သည့် နိုင်ငံရေးသတင်းစာဆရာအနေနှင့် ပညာရှိနှိပ်စက်မှုမျိုးစုံကို ကြံ့ကြံ့ခံရင်း သိက္ခာရှိသည့် ဒီမိုကရေစီထွန်းကားရေးကို နောက်ဆုံးအချိန်ထိ ခိုင်ခိုင်မာမာ အားပေးသွားခဲ့သည်။
ဆင်းရဲသော ဓားမနောက်ပိတ်ခွေးတိုင်းပြည်တွင် လူဖြစ်မိသော ကျနော်တို့တွင် ကံကောင်းလွန်းလှစွာ ကာလကြာရှည် အတူနေထိုင်ခဲ့ရသော အဘွား၏ လူ့သက်တမ်းကို မှတ်မှတ်ရရဖြစ်စရာဟု ဗီဒီယို မှတ်တမ်းများများ ရိုက်မထားနိုင်၊ မစုနိုင်ခဲ့ပါ။ သို့တွက် သူ့လက်ရေး လက်သား စာအုပ်၊ စာတမ်းတွေ့သမျှ အဝေးရောက် ကျနော်တို့အတွက် အမှတ်တရဖြစ်ရသည်။
များမကြာခင်က စင်္ကာပူနေ သမိုင်းပါမောက္ခတယောက်ဆီမှ ၁၉၃၆ မြန်မာ့အလင်း သင်္ကြန်စာစောင်တွင် မအမာ၊ တက္ကသိုလ် ဆိုပြီးရေးသည့် ဆောင်းပါးလေး တပုဒ်ရတော့ အင်မတန်မှ သူ့ကို အောက်မေ့ရသည်။ ငါရေးခဲ့လားတောင် မမှတ်မိတော့ပါဘူးဟုဆိုကာ ပြုံးနေမည့် သူ့မျက်နှာကိုလည်း မြင်ယောင်မိပါ၏။
သူရေးပြီးသားထဲမှ အဖြတ်အတောက်ခံပြီး စာအုပ်ဖြစ်မလာသေးသည့် စာများစွာ ကျန်နေပါသေးသည်။ အထူးသဖြင့် ကိုကိုးကျွန်းပို့ခံရသည့်သားအတွက် ခံစားချက် ကြုံတွေ့ရပုံအစုံကို ပြန်လွတ်ချိန်ထိ မှတ်တမ်းတင်ထားချက်များမှာ သမိုင်းတန်ဖိုး ကြီးလှပါသည်။ ပြန်လွှတ်မည့်အကြောင်း မေမြို့တွင် ဗိုလ်ချုပ်ကြီးနေဝင်း ခေါ်ပြောပြီး အိမ်အပြန်တွင် မည်မျှ စိတ်တုန်လှုပ်ခံစားရပုံကို မှတ်သားထားသည်မှာ ဝတ္ထုရေးဆရာများပင် အတုယူလောက်ပါ၏။
ဒေါ်အောင်ဆန်းစုကြည်၏ မိတ်ဆွေရင်း ဗြိတိသျှစာကြည့်တိုက်မှ ပက်ထရစ်ရှာ ဟားဗတ်ရေးသကဲ့သို့ ဒေါ်အမာကွယ်လွန်ခြင်းသည် ခေတ်ကြီးတခေတ်၏ အဆုံးသတ်ဖြစ်ပါသည်။ အမျိုးသားရေးစိတ်ဖြင့် လူ့ဘောင်သစ်တရပ် ထူထောင်မည်ဟူသော စိတ်ကူးကို အကောင်အထည် မဖော်နိုင်ခဲ့သည့် မျိုးဆက်၏ နိဂုံးလည်း ဖြစ်ပါသည်။ ထိုမျိုးဆက်၏ အလုပ်အမွေကို ပြီးမြောက်အောင် ဆောင်ရွက်မည့် လူချွန် လူကောင်း များများ ပေါ်ထွက်လာပါစေ၊ မြေတောင်မြှောက်ပေးနိုင်ကြပါစေဟုသာ မျှော်လင့်ရပါ၏။
နိုဝင်ဘာ ၂၉ ရက်နေ့တွင် ကျရောက်သော လူထု ဒေါ်အမာ၏ မွေးနေ့အထိမ်းအမှတ် ဆောင်းပါး။
Ref: ဧရာဝတီ်
0 comments:
Post a Comment