Friday, January 29, 2010

စစ်သားစုဆောင်းရေး ရဲဘော်

January 29, 2010

ရန်ကုန်ဘူတာကြီး

ရန်ကုန်ဘူတာကြီး
ဘူတာ ဆိုတော့လဲ သိတဲ့အတိုင်း ရထား အဝင် အထွက်တွေနဲ့ ခရီးသည်တွေ ဥဒဟို သွားလာ နေကြလို့ ရှုပ်ထွေးနေတာပေါ့။ ဒီထဲမှာ ကျနော်လည်းပါတယ်။ ဒီနေ့တော့ အလုပ်တွေ အားလုံး စောစောပြီးလို့ မြောက်ဥက္ကလာကို ပြန်တော့မယ်။ ကားနဲ့ဆို မလွယ်ဘူး ကားတွေက အမောင်း ကြမ်းတာနဲ့ လူကလည်း ပင်ပမ်းလို့ နွမ်းနေတာနဲ့ဆို မလွယ်ဘူးလေ။ ရန်ကုန် ဘူတာကြီးကနေ မြောက်ဥက္ကလာ ပုရွက်ဆိတ်ကုန်း ဘူတာကို ဆိုရင် ၆ ဘူတာ ၇ ဘူတာ လောက်ပဲစီးရတယ်။ ပြီးတော့ ရထားပေါ်မှာ အေးအေးဆေးဆေး အိပ်စက်ရင်း အနားယူသွားလို့ရတယ်။ ဒါကြောင့် ရထားစီးပြီး ပြန်မယ်လို့ပဲ ဆုံးဖြတ်လိုက်တော့တယ်။

မြို့ပတ်ရထားလက်မှတ်လေးဝယ်ပြီး ရထားအလာကို စင်္ကြန်ပေါ်မှာ ရပ်စောင့်နေတုန်း ရထားတစီး ဝင်လာပါတယ်။ ကျနော်လည်း ထိုင်ခုံနေရာရချင်တော့ ရထားက ကိုယ့်ဆီ မရောက်ခင် အသော့လေး ပြေးသွားပြီး ရထားပေါ်က ဆင်းနေတဲ့ ခရီးသည်တွေ ကုန်အောင် ခဏ စောင့်ရင်း ကိုယ့်အသိ သူငယ်ချင်းတွေများ တွေ့မလားလို့ ဟိုဟိုဒီဒီ လိုက်ကြည့်နေချိန်မှာ လူအုပ်ကြားထဲမှာ စစ်သားနှစ်ယောက်ကို အမှတ်မထင် တွေ့လိုက်ရတယ်။ သူတို့ လက်မှာလည်း တာဝန်လို့ ရေးထားတဲ့ လက်ပတ်အနီ ကိုယ်စီနဲ့။ ကျနော့်ရင်တွေ ဒိတ်ကနဲ ခုန်သွားပြီး ရထားပေါ် မတက်တော့ဘဲနှင့် သူတို့နှစ်ယောက်ကိုသာ ကြည့်နေမိတော့တယ်။ သူတို့ နှစ်ယောက်က ကျနော့်ကိုမမြင်၊ ရထားအတွဲတွေ ထဲကိုသာ လိုက်လံ စူးစမ်း ကြည့်နေပါတယ်။ ကျနော် အနောက်ကိုဆုတ်ရင်း သူတို့နှစ်ယောက်ကို မြတ်ခြေမပြတ် လိုက်ကြည့်တယ်။ ရင်တွေလည်း တအား ခုံနေတယ်။ စိတ်ထဲမှာတော့ ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူး ဝေခွဲမရ တွေဝေနေတုံးပါ။

မြို့ပတ်ရထားက မကြာခင်မှာပဲ ဥသြသံပေးပြီး ထွက်ခွါသွားပေမယ့် ကျနော် မလိုက်သွားနိုင် သူတို့ နှစ်ယောက်ကို သေခြာအောင် ကြည့်နေ မိတယ်။ ဟုတ်တယ်..သူမှ သူအစစ် အရမ်း စိတ်လှုပ်ရှား နေတဲ့ ကျနော်စိတ်ကို ထိမ်းရင်း သူတို့နှစ်ယောက်ထံ ကျနော် ချဉ်းကပ် သွားလိုက်တယ်။

“အကို..”
ကျနော်သူ့ကို ခေါ်လိုက်တာပါ။ ဟုတ်တယ် သူက လွန်ခဲ့တဲ့ ၁၀ နှစ်လောက် ကတည်းက ပျောက်နေတဲ့ ကျနော့်တဝမ်းကွဲ အကိုနဲ့ တထေရာတည်းဘဲ စစ်တပ်ထဲမှာလို့တာ သိတာ ဘယ်မှာ ဘာတာဝန်တွေ ထမ်းဆောင်နေလည်း ကျနော်မသိ။ အခုလို တရပ်တကျေးမှာ ကိုယ့်အကို ကိုမှ အမှတ်မထင်တဲ့ နေရာမှာ တွေ့လိုက်ရတော့ အရမ်းပဲ ဝမ်းသာသွားမိတယ်။ ကျနော်ခေါ်လိုက်တော့ သူက ကျနော့်ဖက် လှည့်လာပြီး မှတ်မိသလို ဘာလိုလိုနဲ့.... “ဟာ.. ညီ.. လာကွာ” တဲ့ ကျနော့် ပုခုံးကိုဖက်ပြီး ခေါ်သွားတယ်။ ကျနော်လည်း သူကပါ မှတ်မိတယ် ဆိုတော့ ပျော်သွားပြီး သူခေါ်ရာနောက်ကို လိုက်သွားတာပေါ့။ စကားတွေကတော့ အရမ်းပြောချင်နေပြီလေ။

လူရှင်းတဲ့ တနေရာရောက်တော့ “ ညီ မင်းက စစ်ထဲဝင်မလို့လား” တဲ့ ကျနော်မှင်တက်ပြီး သူ့ကို မော့ကြည့်မိတယ်။ ပြီးမှ “အကို ကျနော့်ကို မမှတ်မိဘူးလား ကျနော် အကို့ရဲ့ ညီလေဗျာ” ဆိုတော့ သူက ကျနော့်ကို သေသေချာချာကြည့်ပြီး.. “နေပါဦး မင်းက ဘယ်သူ့သားလဲ” “ဟာ အကို ကလည်း ကျနော် ဦး...၊ ဒေါ်... ရဲ့သားလေ” ဆိုတော့မှ “ ဟား.. အမေလေး ငါ့ညီ .. ငါ့ညီ အမေလေး လူကောင်ကြီးကထွားလို့ ဆံပင်တွေကလည်းရှည်လို့ ငါက ဘယ်မှတ်မိလဲကွာ.. ကဲ .. ကဲ လဖ္ဘက်ရည်ဆိုင်သွားမယ် လာ... လာ..” စသဖြင့် အံ့သြခြင်း၊ ဝမ်းသာခြင်းများနဲ့ ပြောဆိုပြီး သူ့အဖော် ရဲဘော်နဲ့ သုံးယောက်သား ဘူတာကြီး နားက လဖ္ဘက်ရည်ဆိုင်ကို သွားလိုက်ကြတယ်။

ညီအကိုတွေဆုံတော့ သာကြောင်းမာကြောင်း နဲ့ ရှေးဟောင်း နှောင်းဖြစ်တွေ ပြောကြ ဆွေတွေ မျိုးတွေ အကြောင်း မေးမြန်းကြနဲ့ စကားတွေက မကုန်နိုင်၊ နောက်တော့ နေလည်းစောင်းလာပြီ ပြန်ဦးမယ် အကိုရေဆိုတော့။

“ အေး နောက်ဆိုလာလည်ကွာ ငါက မင်္ဂလာဒုံ စစ်သား စုဆောင်းရေး တပ်မှာ နေတယ်။ အဲဒီမှာ အိမ်ထောင်သည်လိုင်းက ကို........ ဆိုပြီးပြောလိုက် ရပြီ ဘယ်လိုဘဲဖြစ်ဖြစ် အဆက်သွယ် မပြတ်စေနဲ့ လာလည်ပေါ့ကွာ မင်း ဒီဘူတာဖက်ကို ရောက်ရင်လည်း ငါ့ကို တွေ့နိုင်တယ် ငါက ဒီဘူတာမှာ တာဝန်ကျတယ်။ အခုတောင် ဒီမှာ လေးယောက် ရထားပြီးပြီ” ဆိုပြီး လက်ညိုးထိုးပြမှ လဖ္ဘက်ရည်ဆိုင်ရဲ့ ထောင့်လေးမှာ လူလေးယောက်၊ တယောက်က အသက် ၃၀ လောက် ရှိပေမယ့် ကျန်တဲ့သုံးယောက်က လူငယ်လေးတွေ အငယ်ဆုံးတယောက်ဆို အလွန့်ကျွန်ရှိမှ ၁၅ နှစ်ပေါ့။ နောက် သူကပဲ ကျနော့်ပခုံးလေးဖက်ပြီး ...........

“မင်းကိုတောင် စောစောကတုန်းက စစ်ထဲဝင်ဖို့ လာပြောတာထင်လို့ကွာ ဆောရီးပဲ ဟဲဟဲ” တဲ့ အကိုက ကျနော့်ကို လိုက်ပို့ရင်း ဘူတာဘက်ကို လမ်းလျှောက်လာခဲ့တယ်။ ဘူတာရောက်ပြီး လမ်းခွဲ နှုတ်ဆက်ပြီးတော့ နောက်ဆုံးအနေနဲ့ ကျနော့်ရဲ့အကို စစ်သားစုဆောင်းရေး ရဲဘော်ကြီးက စကားတခွန်း ပြောလိုက်ပါသေးတယ်။

ညီ တဲ့ မင်းစစ်ထဲဝင်ချင်ရင် အကို့ဆီကိုသာ လာခဲ့ မင်းကို ထောက်/ပို့ ရောက်အောင်ပို့ပေးမယ်... တဲ့ ဗျာ။


မင်းလွင် (မြစ်ကျိုး) (၀ိမုတ္တိဝိုင်းတော်သားတဦး)



0 comments:

အပေါ်သို့