သူငယ်ချင်းရေ
တို့တွေခွဲခွာခဲ့ဝေးကွားခဲ့ကြတာ အခုဆို အနှစ်ဆယ်ကျော်ပီနော်။ သူငယ်ချင်းနဲ့ ကိုယ်က ဖောင်ကြီးအမှတ် ( ၁ ) လေ့ကျင့်ရေးမှာ စတွေ့ကြတာလေ။ သင်တန်းပီးလို့ တာဝန်ကျတဲ့ တပ်ကျပြန်တော့လဲ အတူပဲဆိုတော့ တအူတုံဆင်း ညီအရင်းလို ဖြစ်ခဲ့ကြရတယ်။ ဒါပေမဲ့ တို့ရဲဘော်တွေရဲ့ ဘဝဟာပြည်သူတွေရဲ့ ဘဝ တွေလိုပါပဲ၊ ငတ်တလဲ ပြတ်တလဲနဲ့ နေရတာ။ ဒီကြားထဲ ရှေ့တန်းက ပြန်ရောက်ပြန်တော့ လစာကို အထက်အရာရှိတွေ သုံးထားတာနဲ့ ကြုံရသေးပေါ့။ တို့ရဲဘော်တွေနဲ့ စစ်တပ်ကို ခါးပိုက်ထဲ ထည့်ထားတဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတွေ ကတော့ တိုင်းပြည်ရဲ့ ကယ်တင်ရှင် အဖြစ် ဟစ်ကြွေးပီး၊ ချမ်းသာနေတယ်။ တိုင်းပြည်နဲ့ လူထုက ဆင်းရဲနေရတယ်။ ကမ္ဘာ့ အဆင်းရဲဆုံး ဖြစ်ခဲ့ရတာ သူငယ်ချင်းလဲ သိပါတယ်။
ဒါတွေ- မခံနိုင်တော့တဲ့အဆုံး ကျောင်းသားတွေနဲ့ အတူ ပြည်သူ တစ်ရပ်လုံးက အာဏာရှင်စနစ် ကျဆုံးပါစေ၊ တစ်ပါတီစနစ် ဖျက်သိမ်းပါ။ ပါတီစုံ ဒီမိုကရေစီနဲ့ ကြားဖြတ် အစိုးရကို တောင်းဆို ခဲ့ကြတော့တာပေါ့။ ဒီတုံးက သူငယ်ချင်းနဲ့ကိုယ် လက်ခုပ်တီး ထောက်ခံခဲ့တာ မှတ်မိနေသေးတယ် သူငယ်ချင်း။
နောက်ပြည်သူဘဝနဲ့ထပ်တူနေတဲ့ လေတပ်၊ ရေတပ်၊ ကပစ အစရှိတဲ့ ရဲဘော်တွေ ပြည်သူတွေနဲ့ ပူးပေါင်းပီး ချီတက် တောင်းဆိုခဲ့ကြတယ်။ တပ်မ ( ၂၂ ) က ဗိုလ်ကြီး စိုင်းဝင်းကျော် ဆိုသူလည်း ဒီမိုကရေစီဘက် ပူးပေါင်းသွားတယ်။ ခလရ (၁၆ ) မှော်ဘီတပ်ရင်းက တပ်စိတ် တစ်စိတ်ပါ ပူးပေါင်းသွားတယ်။ သူငယ်ချင်းနဲ့ ကိုယ်လည်း ပြည်သူနဲ့ လက်တွဲဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
ဒါပေမဲ့ အဲဒီတုန်းက သူငယ်ချင်းက ရက်သားသာ ရှိသေးတဲ့ သားနဲ့ ဇနီးကြောင့် ကျန်နေခဲ့ရတယ်။ ကိုယ်ကတော့ လိုက်ပါ သွားခဲ့တယ်လေ။ အဲဒီတုံးက ပြည်သူနဲ့တွေ့ရင် ရေလို ဆက်ဆံရမယ် ဆိုတဲ့ ကျင့်ဝတ် အတိုင်း နေခဲ့တဲ့ အချို့တပ်ရင်းက တပ်ခွဲတွေ၊ တပ်ရင်းတွေ၊ တပ်ရင်းမှူးတွေ အရေးယူ ခံခဲ့ရတာ သူငယ်ချင်း အသိပါ။
သူငယ်ချင်းရေ-နောက်လာတဲ့မောင်ပုလဲ ဒိုင်းဝန်းထက်ကဲ ဆိုသလို အခုသူငယ်ချင်းတို့ တပ်ချုပ်ကြီး လက်ထက်မှာ တိုင်းပြည်နဲ့ ပြည်သူဟာ ငရဲရှစ်ထပ် အောက်ဆုံးကို ရောက်နေရသလိုပါပဲ။ သူငယ်ချင်းတို့လို ဆရာကြီးတွေနဲ့ ဗိုလ်မှူးကြီး အဆင့်ထိဟာလဲ ပြည်သူနဲ့ ဘဝတူ ခံစား နေကြရတာပါပဲ။ သူငယ်ချင်းဆို စစ်သက် ၂၈နှစ်လောက် ရှိနေတာတောင် ထွက်ခွင့်လဲမရ။အငြိမ်းစားလဲ မရနဲ့ တပေပေနဲ့ ခံနေရတယ်လို့ ကြားပါတယ်။
ဒါကြောင့် ရဲဘော်တွေ မခံနိုင်သလို သူတို့ အထက်အရာရှိတွေလည်း မခံနိုင်တော့လို့ အခုဆို တပ်တွင်း တောင်းဆိုမှုတွေ၊ ထွက်ခွင့်တွေ တင်နေကြတယ်လို့ တပ်သတင်းတွေ အတော့်ကို ကျယ်ကျယ်ပြန်ပြန့် ထွက်လာ နေတယ်နော်။ သူငယ်ချင်းကပိုသိမှာပါလေ။
အဲဒီသတင်းထက်ပိုပီး စိတ်ဝင်စားဖို့ကောင်းတဲ့ တပ်သတင်းတခု ထွက်လာတယ် သူငယ်ချင်း။ လားရှိုးမြို့မှာ၂၄.၁.၁၀နေ့ ညနဲ့ ၂၅.၁.၁၀ မနက်ပိုင်းမှာ ဖြစ်ခဲ့တာပါ။ တပ်မိသားစုများရဲ့ ပန်ကြားလွှာကို လက်ရေးနဲ့ရေးပီး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ပတ်ဝန်းကျင်၊ တိုင်းလမ်းတလျောက်၊ တပ်မိသားစုတွေ နေထိုင်ရာ ဘူတာဈေး၊ ဗျူဟာလမ်းနဲ့ အခြားနေရာ အတော်များမှာ ကပ်သွားတယ်။ အဲဒီမှာ----
စားဝတ်နေမှု ဖူလုံရေး၊ ချက်ချင်းဖြေရှင်းပေး
တွေ့ဆုံ ဆွေးနွေး အဖြေရှာရေး၊ လက်တွေ့ဦးစားပေး---- လို့
ရေးထား တောင်းဆိုထားတယ် သူငယ်ချင်း။
သူငယ်ချင်းရေ-တပ်မိသားစုရဲ့ပန်ကြားလွှာဟာ လက်တွေ့ ကိုယ်တို့နိုင်ငံရဲ့ ပကတိ အခြေနေကို ထင်ဟပ် ပြတာပါပဲ။ သူငယ်ချင်းလဲ အခုလို ပြည်သူက တပ်ကို ရွံ့ကြောက်မုန်းတီး နေတာကို အရင်လို ပျိုတိုင်း ကြိုက်တဲ့ နှင်းဆီခိုင် တပ်အဖြစ် ပြောင်းလဲနိုင်ဖို့၊ ဘဝတူ တပ်နဲ့ပြည်သူ၊ အတူလက်တွဲပီး အောင်ပွဲဆီကို သွားဘို့၊ စိတ်တူ၊ ယုံကြည်ချက် တူသူတွေနဲ့ လက်တွဲ ဆောင်ရွက်ဖို့ လုပ်နေပီလို့ ကိုယ်ယုံကြည်တယ် သူငယ်ချင်း။
မိသန်းအေးကိုလဲငါက သတိရတယ်လို့ ပြောလိုက်ပါ။ သူငယ်ချင်းတို့ တမိသားစုလုံး ကိုယ်စိတ်နှစ်ဖြာ ကျမ္မာ ချမ်းသာလို့ ဘေးဘယာ အပေါင်းက ကင်းဝေးကာ ဘဝတူ ပြည်သူတွေရဲ့ အကျိုးကို အောင်မြင်စွာ သယ်ပိုး နိုင်ပါစေလို့ မေတ္တာပို့သ လိုက်ပါတယ်။
နှောင်းလူ
0 comments:
Post a Comment