Saturday, April 10, 2010

ရွေးကောက်ပွဲ သပိတ်မှောက်ခြင်းဖြင့် အင်အားတရပ် ဖြစ်လာနိုင်

ဘီ.ကေ ဆန် (B.K.Sen) | သောကြာနေ့၊ ဧပြီလ ၀၉ ရက် ၂၀၁၀

မြန်မာနိုင်ငံတွင် ၁၉၉ဝ ခုနှစ်နောက်ပိုင်း အနှစ် ၂ဝ ကျော်အတွင်း စစ်အစိုးရမှ ပထမဆုံးအကြိမ် ကျင်းပပေးမည့် ၂ဝ၁ဝ ပါတီစုံ ရွေးကောက်ပွဲသည် မသေချာ မရောရာမှုများ ပြည့်နှက်နေသဖြင့် မြန်မာနိုင်ငံသည် ရှုပ်ထွေး နက်နဲသော အကျပ်အတည်းတွင် ကျရောက်နေသည်။

အခြေအနေ အရပ်ရပ်အား မျှမျှတတ ဝေဖန်သုံးသပ်ရပါလျှင် စစ်အစိုးရ ခေါင်းဆောင်များကိုသာ အပြစ်တင်ရ ပေလိမ့်မည်။ စစ်ခေါင်းဆောင်များသည် ညှာတာမှုကင်း၍ ရက်စက်သော နည်းလမ်းများဖြင့် နိုင်ငံရေး အာဏာအား ရယူထားခဲ့သဖြင့် ပြည်သူလူထုထံ နိုင်ငံရေး အာဏာကို ပြန်လည် အပ်နှင်းရန်မှာ ၎င်းတို့၏ တာဝန်ပင် ဖြစ်သည်။ စစ်ခေါင်းဆောင်များသည် ၁၉၉ဝ ခုနှစ်က ရွေးကောက်ပွဲ ပြုလုပ် ပေးခဲ့သော်လည်း ရွေးကောက်ပွဲ ရလဒ်အား အကောင်အထည် ဖော်ပေးရန် ငြင်းဆန်ခဲ့သည်။

မည်သို့ပင်ဖြစ်စေ လူထုလှုပ်ရှားမှု၏ ဖိအားနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ ဖိအားပေးမှုများကြောင့် စစ်အစိုးရသည် မြန်မာနိုင်ငံအား စစ်အုပ်ချုပ်ရေး စနစ်မှ အရပ်သား အုပ်ချုပ်ရေး စနစ်သို့ ငြိမ်းချမ်းစွာ ပြောင်းလဲနိုင်ရေး အတွက် ဟုဆိုကာ စေ့စပ် ဆွေးနွေးမှုများကို မျက်နှာပန်း ပြရုံသက်သက် လုပ်ဆောင်လာခဲ့သည်။ သို့သော် အကွက်ချ ဇာတ်တိုက် ထားသော ဆောင်ရွက်မှုများနှင့် ဗန်းပြရုံသက်သက် လုပ်ဆောင်ချက် များကြောင့် ၎င်းတို့၏ ဇာတိရုပ်အမှန် ပေါ်ထွက်လာခဲ့ရသည်။

စစ်အစိုးရသည် အတိုက်အခံများဘက်မှ နှစ်ပေါင်းများစွာ တောင်းဆိုခဲ့သည့် အချက်အလက်များအား ယခုအချိန်ထိ ငြင်းဆန် နေခဲ့သည်။ စစ်အစိုးရသည် ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း အတိုက်အခံများနှင့် စေ့စပ်ဆွေးနွေး ညှိနှိုင်းမှုများ မပြုလုပ်ခဲ့ပေ။ ထို့ပြင် စစ်အစိုးရသည် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ရာပေါင်းများစွာသော အတိုက်အခံများအား အကျဉ်းချထားဆဲ ဖြစ်သည်။

ဝေဖန်ထောက်ပြမှုများကို မထီမဲ့မြင်ပြု၍ စစ်အစိုးရသည် ဝိုင်းဝန်းပြစ်တင်ရှုတ်ချခြင်း ခံနေရသော ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအား ဆက်လက်စွဲကိုင်ကာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို ရှေ့ဆက်ရန် ပြင်ဆင်နေပေသည်။ ထို့ပြင် ၎င်းတို့သည် နိုင်ငံရေး အကျဉ်းသားများအား ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားသည့် ရွေးကောက်ပွဲ ဥပဒေများ ပြဋ္ဌာန်းလိုက်ခြင်း အားဖြင့် ရေနစ်သူအား ဝါးကူထိုး သကဲ့သို့ ပြုမူခဲ့သည်။

စစ်အစိုးရ၏ တမင်အကွက်ချ ရည်ရွယ်ထားသော လုပ်ရပ်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခြင်း မပြုရန် ပါတီတွင်း မဲခွဲ ဆုံးဖြတ်ခဲ့ရသည့် အခြေအနေအထိ ဦးတည်သွားစေခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်သကဲ့သို့ ဖြစ်သွားစေရန် တွန်းပို့လိုက်သကဲ့သို့ ရှိသည်။

ယခုလက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၏ တရားနည်းလမ်း မကျမှုတို့ကို နားလည်ရန်အတွက် မြန်မာနိုင်ငံ၏ အခြေခံ ဥပဒေများနှင့် ရွေးကောက်ပွဲများ၏ သမိုင်းကြောင်းကို ခြေရာခံ လေ့လာရန် လိုသည်။ ယခင်က မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲများနှင့် ရွေးကောက်ပွဲ ဥပဒေများသည် ယခုတကြိမ်နှင့် အလွန် ခြားနားနေပေသည်။ ယခင်က ရွေးကောက်ပွဲတွင် ပါဝင် ပတ်သက်သူများသည် နိုင်ငံရေး ပါတီများသာ ဖြစ်ပြီး စစ်တပ်မှ ပါဝင်နိုင်ခဲ့ခြင်း မရှိပေ။ ယခုအကြိမ်တွင်မှူ စစ်တပ်သည် ဥပဒေပြုသူနှင့် ဘုရင်သဖွယ် ဖြစ်နေခဲ့သည်။

သမိုင်းက ပြနေသည်မှာ အာဏာရှင် တော်တော်များများသည် ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်လိုက်တိုင်း အာဏာ ဆုံးရှုံးကာ အကြီးအကျယ် ကျရှုံးလေ့ ရှိကြသည်။ ထို့ကြောင့် အချို့ပါးနပ်သော အာဏာရှင်များသည် ဒီမိုကရေစီ မဆန်သော နည်းလမ်းများအား အသုံးပြုလျက်ပင် ၎င်းတို့၏ နိုင်ငံရေး ပါဝင်ပတ်သက်မှုအား စနစ်တကျ တပ်ဆုတ်ခဲ့ကြသည်။ မြန်မာနိုင်ငံ၏ ဖြစ်ရပ်များသည်လည်း ထိုဖြစ်ရပ်များနှင့် ဆင်တူနေပေသည်။ လက်ရှိ အာဏာရ စစ်အစိုးရသည် ရွေးကောက်ပွဲအား အကန့်အသတ်များစွာ သတ်မှတ်၍ ကျင်းပ ပြုလုပ်ပေးလိုက်ခြင်း အားဖြင့် ပြောင်းလဲမှု လမ်းကြောင်းများအား စိတ်ကြိုက်ထိန်းချုပ်ကာ အပြောင်းအလဲ ကာလအား ရှည်လျားစွာ ဆွဲဆန့်ရန် ကြိုးစားနေပေသည်။ အလားတူ ဖြစ်ရပ်မျိုး ကင်ညာနှင့် မက္ကဆီကိုတွင်လည်း ဖြစ်ပွားခဲ့ဖူးသည်။

မြန်မာနိုင်ငံတွင် အတိုက်အခံများအား ရွေးကောက်ပွဲကို သပိတ်မှောက်စေသည်အထိ ဦးတည်စေခဲ့သည့် အချက်အလက်များ ရှိခဲ့သည်။ နိုင်ငံအတွင်း လုံခြုံစိတ်ချရ၍ လွတ်လပ်သော ပတ်ဝန်းကျင် အနေအထားမျိုး ရှိရေးမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတခု ကျင်းပရန် အတွက် မရှိမဖြစ် လိုအပ်ချက် တခုဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂ဝဝဝ ကျော် ရှိနေဆဲဆိုသည့် အချက်မှာ ထိုမရှိမဖြစ် လိုအပ်ချက်အား ဆန့်ကျင်နေပေသည်။

ထို့ကြောင့် ထိုနိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးခြင်းနှင့် လွတ်ငြိမ်းချမ်းသာခွင့် ကြေညာခြင်းသည် စစ်အစိုးရ အနေဖြင့် မဖြစ်မနေ လုပ်ဆောင်ရမည့် ကိစ္စများ ဖြစ်သည်။ ဒုတိယ လိုအပ်သော အချက်မှာ မျှတသော နိုင်ငံရေး ကစားကွင်းတခု ဖန်တီးရေးအတွက် စစ်တပ်သည် နိုင်ငံရေးပါတီ တခုကဲ့သို အခွင့်အရေးမျိုး မယူသင့်ပေ။ ထို့ပြင် လွတ်လပ်စွာ စည်းဝေးခွင့်နှင့် စုစည်းခွင့်များ၊ လွတ်လပ်သော သတင်းဌာနများ၊ လွတ်လပ်၍ မျှတသော ရွေးကောက်ပွဲ ကော်မရှင်၊ ရွေးကောက်ပွဲအား လွတ်လပ်စွာ လေ့လာခွင့်များ၊ နိုင်ငံရေး ပါတီများအပေါ် တန်းတူ အခွင့်အရေး ပေးမှုများနှင့် သမာသမတ်ကျသော တရားစီရင်ရေး စနစ်တို့သည်လည်း ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ ဖြစ်ပေါ်လာရေး အတွက် မရှိမဖြစ် လိုအပ်ပေသည်။

မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေတွင် ထိုအခြေခံ လိုအပ်ချက်များအား တခုမှ ဖြည့်ဆည်းပေးထားခြင်း မရှိပေ။ ထို့ကြောင့် ရွေးကောက်ပွဲအား သပိတ်မှောက်ခြင်းသည် နောက်ဆုံးပိတ် ရွေးချယ်စရာတခု ဖြစ်လာခဲ့သည်။ ရွေးကောက်ပွဲအပေါ် သပိတ်မှောက်မှု ဖြစ်စဉ်သည် မဲပေးမည့်သူများက ရွေးကောက်ပွဲ တရားမျှတမှု မရှိသည့် အခါတိုင်း အသုံးပြုနိုင်သော ငြိမ်းချမ်းသည့် နိုင်ငံရေး လက်နက်တခု ဖြစ်သည်။

နိုင်ငံရေးပါတီများနှင့် အတိုက်အခံ အင်အားစုများ၏ ကြေညာချက်များအရ ရွေးကောက်ပွဲ ဥပဒေများအပေါ် ဆန့်ကျင် ကန့်ကွက်မှုများ တိုးပွား လာနေကြောင်း တွေ့ရသည်။ ၁၉၉ဝ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရထားခဲ့သည့် အင်အားအကြီးဆုံးသော အတိုက်အခံ နိုင်ငံရေးပါတီ တခုဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများ တရားမျှတမှု မရှိသည့်အတွက် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိမ့်မည် မဟုတ်ဟု ကြေညာခဲ့သည်။ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ခေါင်းဆောင်များကလည်း NLD ၏ ရပ်တည်ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ကြသည်။ တိုင်းရင်းသားပါတီ ၁၂ ခု ပူးပေါင်းထားသော ၁၉၉ဝ ရွေးကောက်ပွဲတွင် ၆၇ နေရာ နိုင်ငံတကာ ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ် အဖွဲ့ (United Nationalities Alliance) ကလည်း ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိမ့်မည် မဟုတ်ကြောင်း ကြေညာခဲ့သည်။

ထို့ပြင် အပစ်အခတ်ရပ်စဲရေး အဖွဲ့များစွာကလည်း စစ်အစိုးရ၏ လက်အောက်ခံ နယ်ခြားစောင့်တပ် အသွင်သို့ ကူးပြောင်းရေး ရာဇသံကို ဆက်လက် ငြင်းဆန်နေကြဆဲ ဖြစ်သည်။ ထို့ပြင် ကုလသမဂ္ဂ၊ အမေရိကန်၊ ဥရောပ သမဂ္ဂနှင့် အာဆီယံ နိုင်ငံများမှ ခေါင်းဆောင်များကလည်း ရွေးကောက်ပွဲ ဥပဒေများအပေါ် ဝေဖန်ခဲ့ကြပြီး ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတလိမ့်မည်ဟု မထင်ကြောင်း ဝေဖန် ပြောကြားခဲ့ကြသည်။ ခြုံငုံ၍ သုံးသပ်ရလျှင် ရွေးကောက်ပွဲသည် ယုံကြည်စိတ်ချနိုင်မှုနှင့် အများလက်ခံနိုင်မှု ဆုံးရှုံးနေပြီး အကယ်၍သာ အတိုက်အခံ အင်အားစုများ အနေဖြင့် စည်းလုံးမှု ရှိခဲ့ပြီး ရွေးကောက်ပွဲ အပေါ် ကျယ်ပြန့်စွာ သပိတ်မှောက်နိုင်ခဲ့လျှင် ရွေးကောက်ပွဲ၏ တရားဝင်မှုအပေါ် ထိုးနှက်နိုင်ပေလိမ့်မည်။

ထွက်ပေါ်လာသည့် မေးခွန်းတခုမှာ သပိတ်မှောက်ပြီးလျှင် ဘာလုပ်ကြမလဲဆိုသည့် မေးခွန်းဖြစ်သည်။ စစ်အစိုးရသည် ဆန္ဒပြပွဲများအား ထိပ်တိုက် ရင်ဆိုင်ရာ၌ သွေးဆာတတ်သည့် သဘာဝရှိကြောင်း ပြသခဲ့ပြီး ဖြစ်သည်။ စစ်အစိုးရ၏ အုပ်ချုပ်မှု အာဏာကို အဆုံးသတ်နိုင်စေရန်အတွက် လူထုလှုပ်ရှားမှုများ ပြုလုပ်ခြင်းနှင့် ရွေးကောက်ပွဲတွင် မဲမပေးကြရန် လှုံ့ဆော်ခြင်းသည်သာ ရွေးချယ်စရာ နည်းလမ်းများ ဖြစ်ပေလိမ့်မည်။ အဓိကကျသည့်အချက်မှာ နောက်ဆုံးပိတ် အဆုံးအဖြတ်ပေးနိုင်မည့် မဲဆန္ဒရှင်များ အပေါ်တွင် အတိုက်အခံများက စည်းရုံးဝါဒဖြန့်နိုင်သည့် အရည်အသွေး ရှိခြင်း၊ မရှိခြင်း အပေါ်တွင် မူတည်နေပေသည်။

ပြည်တွင်းနှင့် နိုင်ငံတကာမှ ရွေးကောက်ပွဲအပေါ် သပိတ်မှောက်မှုများသည် စစ်အစိုးရအား စိတ်ပျက်ကာ ကြံရာမရ ဖြစ်သွားစေနိုင်ပြီး အောက်တန်းကျသော နည်းလမ်းများ၊ တရားမျှတမှု မရှိသော နည်းလမ်းများဖြင့် ဆန့်ကျင်မှုများကို တုံ့ပြန်လာပေလိမ့်မည်။ အင်အားသုံး၍ ဖိနှိပ်ချုပ်ချယ်ခြင်းသည် စစ်အစိုးရ၏ လက်ထဲတွင် ကျန်ရစ်ခဲ့သည့် တခုတည်းသော နည်းလမ်း ဖြစ်လာပေလိမ့်မည်။ အကယ်၍ ထိုနည်းလမ်း အောင်မြင်ခဲ့လျှင်မူ စစ်အစိုးရအနေဖြင့် အာဏာကို ဆက်လက်ထိန်းသိမ်းထားနိုင်မည် ဖြစ်သော်လည်း မထိန်းချုပ်နိုင်ခဲ့လျှင် စစ်အစိုးရအနေဖြင့် အလျှော့ပေး လိုက်ရကာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ထွန်းကားလာလိမ့်မည် ဖြစ်သည်။

ရွေးကောက်ပွဲအား သပိတ်မှောက်ခြင်းသည် မြန်မာ့နိုင်ငံရေးအပေါ် ကြီးမားစွာ အရှိန်သက်ရောက်နိုင်ပြီး နောက်ဆုံး ရလဒ်ကတော့ အချက်အလက် များစွာ ပေါ်တွင် မူတည်နေသည်။ ထို့ကြောင့် စစ်အစိုးရ အတွက်ရော၊ အတိုက်အခံများ အတွက်ပါ စိန်ခေါ်မှုများ စောင့်ကြိုနေလျက် ရှိတော့သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့