2 July 2010
မကြာသေးခင်က တွေ့ ဆုံမေး မြန်းခန်း တစ်ခုမှာ “ ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ပါတီကို အာဏာ လွှဲပေးမယ်လို့ ယုံကြည်ပါသလား” လို့ မေးတယ်။ မေးသူ စာနယ်ဇင်းသမားဟာ ၂၀၀၈ အခြေခံ ဥပဒေအရ ပေါ်ပေါက်လာမယ့် နိုင်ငံရေး စနစ်ဟာ ပါလီမန် ဒီမိုကရေစီလား၊ သမ္မတ အုပ်ချုပ်ရေးလား၊ ကွဲကွဲပြားပြား နားလည်ဟန် မတူဘူး။ ဖြေဆိုတဲ့ နိုင်ငံရေး သမားကြီး ဆိုသူကလည်း `“ဟုတ်ကဲ့- အနိုင်ရတဲ့ ပါတီကို အာဏာ လွှဲအပ်မယ်လို့ ယုံကြည်ပါတယ်လို့” ဖြေလိုက်တာ ကြားရတယ်။ တယ်ခွကျ ပါလားဗျာ။
၂၀၀၈ အခြေခံဥပဒေဟာ ပါလီမန် ဒီမိုကရေစီ စနစ် မဟုတ်ဘူး။ သမ္မတ အုပ်ချုပ်ရေး ဆိုတာလောက်တော့ သိဖို့ ကောင်းပါတယ်။ အနိုင်ရတဲ့ ပါတီကို အာဏာ လွှဲအပ်တဲ့ ဖြစ်စဉ်မျိုးနဲ့ ဘာမှ မဆိုင်ဘူးလေ။ အမေရိကန် ပြည်ထောင်စုမှာ ရီ ပတ်ဗလီကင် ပါတီ အစိုးရက သမ္မတ ရွေးကောက်ပွဲမှာ ရှုံးသွားပြီး ဒီမိုကရက်တစ် ပါတီကို အာဏာ လွှဲပြောင်း ပေးအပ်လိုက်တယ် ဆိုတာမျိုးမှ မရှိတာ။
ပါလီမန် ဒီမိုကရေစီ ကျင့်သုံးမှု
ဝက်စ်မင်စတာ ပုံစံလို့ ခေါ်တဲ့ ပါလီမန် ဒီမိုကရေစီ စနစ်က ဗြိတိသှ စနစ်ပါ။ အာဏာရပါတီ ဟာ လေဘာ ပါတီ ဖြစ်ချင်ဖြစ်မယ်၊ ကွန်ဆာဗေးတစ် ပါတီ ဖြစ်ချင်ဖြစ်မယ်။ သည်တော့ ပါလီမန် (အောက်လွှတ်တော်)မှာ အမတ်နေရာ အများစုရတဲ့  ပါတီခေါင်းဆောင်က ၀န်ကြီးချုပ် တာဝန်ယူပြီး ၀န်ကြီး အဖွဲ့ကို ဦးစီး ဖွဲ့တယ်။
အဲဒီနောက် အုပ်ချုပ်ရေး အာဏာကို အာဏာရ ပါတီရဲ့ မူဝါဒများနဲ့ အညီ ကျင့်သုံး သွားတာပါ။
အာဏာရ ပါတီဟာ ကိုယ့် တစ်ပါတီ တည်း အများစု မဲ မရခဲ့ရင် ပါတီငယ် အချို့ကို ၀န်ကြီးရာထူး ခွဲတမ်းတွေ ပေးပြီး သိမ်းသွင်းရတယ်။ အဲသလို ညွန့် ပေါင်း အစိုးရ အဖြစ် အာဏာ ရယူထားရာက တစ်ချိန်ချိန် အမှား အယွင်း ရှိလာပြီ ဆိုရင် အတိုက်အခံ ပါတီတွေက ညီညွတ်ရေး ရယူပြီး လက်ရှိ အစိုးရကို အယုံ အကြည်မရှိ အဆို တင်သွင်း နိုင်တယ်။ အစိုးရ ပြုတ် ကျသွားနိုင်တယ်။
ပြုတ်မကျရင်တာင်မှ ရွေးကောက်ပွဲကိုစောပြီး ကျင်းပ ပေးရတာမျိုး ဖြစ်လာတတ်တယ်။ ဂျာမဏီ၊ အီတလီ၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း စသည်တို့ဟာ ဗြိတိသျှ ပါလီမန် ဒီမိုကရေစီ စနစ်နဲ့ သွားနေကြတာပါ။ မြန်မာ နိုင်ငံမှာလည်း ၁၉၄၈- ၁၉၆၂ ကာလ တလျှောက်လုံး အဲဒီ အတိုင်းပါပဲ။
သမ္မတ ရွေးကောက် တင်မြှောက်တဲ့ စနစ်
အခု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေါ်ပေါက်လာမှာက သမ္မတ စနစ် ဖြစ်တယ်။
လွှတ်တော် ၂-ရပ်က ရွေးကောက်ခံ ကိုယ်စား လှယ်များက ဒု-သမ္မတ တစ်ယောက်စီ ရွေးပေးမယ်။
လွှတ်တော် ၂-ရပ်က တပ်မတော်သား ကိုယ်စားလှယ်များက ဒါတိယ သမ္မတ တစ်ယောက်ရွေးပေးမယ်။
ဒုတိယ သမ္မတ သုံးဥိးဟာ လွှတ်တော် ကိုယ်စား လှယ်တွေ ဟုတ်ချင်မှ ဟုတ်မယ်။
လွှတ်တော်ကိုစားလှယ် မဟုတ်သူ ဖြစ်ချင်လည်း ဖြစ်မယ်။
အဲဒီ သုံးဦးထဲက တစ်ယောက်ကို လွှတ်တော် ၂ -ရပ်ပေါင်း ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်က သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ရမှာ ဖြစ်ပါတယ်။
ကျန် နှစ်ယောက်က ဒုတိယ သမ္မတများ အဖြစ် ဆက်လက် တာဝန် ယူရမယ်။ အရွေး ခံပြီး အချိန်က စပြီး သူတို့ သုံးဦးဟာ လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ခဲ့ရင် လည်း နှုတ်ထွက်ပြီးသား ဖြစ်ရမယ်။
နိုင်ငံရေး ပါတီကဆိုရင် လည်း ရာထူး သက်တမ်းအတွင်း သက်ဆိုင်ရာ ပါတီ လုပ်ငန်းတွေကို ဆောင်ရွက်ခြင်း မပြုရလို့ ပါရှိတယ်။ အစိုးရ အဖွဲ့ဝင်တွေ ဖြစ်တဲ့ ပြည်ထောင်စု ၀န်ကြီးများကို နိုင်ငံတော် သမ္မတက ခန့် အပ်မှာ ဖြစ်တယ်။ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူကိုလည်း ၀န်ကြီး ခန့် နိုင်တယ်။
တကယ်လို့ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ကို ၀န်ကြီး ခန့် လိုက်ရင် အဲဒီ အချိန်က စလို့ လွှတ်တော် ကိုယ်စားလှယ် အဖြစ်က နှုတ်ထွက်ပြီးသား ဖြစ်ရမယ်။ နိုင်ငံရေး ပါတီ ၀င်တစ်ယောက်က ၀န်ကြီး ဖြစ်လာရင်တော့ ရာထူး သက်တမ်း အတွင်း ယင်းပါတီ လုပ်ငန်း များတွင် ပါဝင် ဆောင်ရွက်ခြင်း မပြုရလို့ ပါရှိတယ်။
အာဏာရ ပါတီ ဆိုတာ မရှိဘူး
အထက်ပါ အကြောင်း အရာများကြောင့် ၂၀၁၀ ရွေးကောက်ပွဲ အပြီး ပေါ် ပေါက်လာမည့် နိုင်ငံရေး ပုံစံမှာ အာဏာရပါတီ ဆိုတာ မရှိပါဘူး။ လွှတ်တော်ဟာ ဥပဒေ ပြုရေး အလုပ် ကိုသာ ပဓာန တာဝန် အဖြစ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
အုပ်ချုပ်ရေး မဏ္ဍိုင်ဆို တဲ့ အစိုးရ လုပ်ငန်းနဲ့ ဘာမှ မဆိုင်တော့ပါဘူး။
အမေရိကန်၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှား တို့လို သမ္မတ အုပ်ချုပ်ရေး စနစ်မှာ သမ္မတ ဖြစ်လာ သူနဲ့ သူ့ရဲ့ နောက်ခံပါတီက အရေး မကြီးဘဲ သမ္မတ ရဲ့ ကိုယ်ရည် ကိုယ်သွေးက ပို အရေး ကြီးပါတယ်။
(တောင်ကိုရီးယား၊ အင်ဒိုနီးရှားတို့ဟာ သမ္မတ ရွေးချယ်ရေး အဖွဲ့နဲ့ ရွေးချယ်ရာ ကနေ လူထု တိုက်ရိုက် ဆန္ဒမဲပေး ရွေးချယ်တဲ့ စနစ်သို့ ပြောင်းလဲ ခဲ့ပါတယ်။)
၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြတဲ့ နိုင်ငံရေး ပါတီ များမှ ရွေးကောက် တင်မြှောက် ခံရမယ့် လွှတ်တော် ကိုယ်စားလှယ်များရဲ့ အဓိက တာဝန် ပိုင်းဟာ တိုင်းပြည်အတွက် ထူးထူးခြားခြား အကျိုး ဖြစ်ထွန်းစေမယ့် ဥပဒေများကို အဆိုပြု တင်သွင်းခြင်း၊ အခြား ကိုယ်စားလှယ်များက တင်သွင်း လာသည့် ဥပဒေ ကြမ်းများကို ပါဝင်ဆွေး နွေးခြင်းတို့ သာလျှင် ဖြစ်ပါလိမ့်မယ်။ ဥပဒေ ပြုရေး မဏ္ဍိုင်နဲ့ သာ သက်ဆိုင်ပါတယ်။
ဝန်ကြီး ဖြစ်ဖို့ကတော့ လွှတ်တော် ကိုယ်စားလှယ်ထဲက ရွေး ချင်မှရွေးမယ်။
တက္ကသိုလ် ပါမောက္ခတစ်ယောက်ကို သမ္မတက မျက်စိကျပြီး ခန့် ချင် ခန့် မယ်။
( ၁၉၆၉ မှာ ဟားဗတ် ပါမောက္ခ ဒေါက်တာ ဟင်နရီ ကစ်ဆင်ဂျားကို နစ်ဆင်က ဖိတ်ခေါ်ပြီး အမျိုးသား လုံခြုံရေး အကြံပေး ပုဂ္ဂိုလ် ၊နောက်တော့ နိုင်ငံခြားရေး ၀န်ကြီး ခန့်ခဲ့တာမျိုး)
စီးပွါးရေး လုပ်ငန်း ရှင်ကြီးများထဲက သင့်တော်မယ်ထင်တဲ့ လူကိုခေါ်ပြီး ၀န်ကြီး လုပ်ခိုင်းချင် လုပ်ခိုင်းမယ်။
တပ်မတော် ကိုယ်စားလှယ်ထဲက ရွေး ပြီး ခေါ်ချင်ခေါ်မယ်။
ကမ္ဘာမှာ သမ္မတ အုပ်ချုပ်ရေး ပုံစံနဲ့  ပါလီမန် ဒီမိုကရေစီ ပုံစံ နှစ်မျိုး စလုံးကို ကိုယ့် နိုင်ငံ ကိုယ်လူမျိုးနဲ့ လိုက်ဖက်အောင် ရွေးချယ် ကျင့် သုံးနေကြတာပဲ။ သမ္မတ စနစ်က လူပုဂ္ဂိုလ် တစ်ဥိးချင်းရဲ့ အရည်အသွေးနဲ့ ကြဇာ တိက္ကမ အပေါ် အားပြုတာ များတယ်။
၁၉၄၅- ခုနှစ်ကသြဂုတ်လက ဂျပန်မြို့ ကြီး ၂ မြို့ပေါ် အနုမြူဗုံး ကြဲချ ခိုင်းတာ အမေရိကန် သမ္မတ ထရူးမင်းရဲ့ ဆုံးဖြတ်ချက်ပဲ။ တကယ်လို့ ၁၉၇၇ မှာ သမ္မတ ဖြစ်ခဲ့တဲ့ ဂျင်မီကာတာ လို လူမျိုးသာ အဲဒီအချိန်မှာ သမ္မတ ဖြစ်ခဲ့ရင် အနုမြူဗုံး အသုံးပြုခွင့် ပေးမှာ မဟုတ်ဘူးလို့ တွက်ဆကြတယ်။ အလားတူပဲ ဂျော့ဒဗလျူဘုရှ်နေရာမှာ အိုဘားမား ရှိခဲ့ရင် အီရတ်စစ်တိုက်ခဲ့မှာ မဟုတ်ဘူးလို့ မှန်းဆကြတယ်။
ဆိုလိုတာက သမ္မတ စနစ်မှာ တာဝန်ယူတဲ့ လူပုဂ္ဂိုလ် တစ်ဦးချင်းမှာ အာဏာတွေ အများကြီး ရှိလေတော့ ကောင်းခြင်း ဆိုးခြင်းဟာ အဲဒီပုဂ္ဂိုလ် တဦးတည်း အပေါ်မှာ အများကြီး တည်တယ်လို့ ပြောချင်တာပါ။ အမေရိကန် သမ္မတ တစ်ယောက်ဟာ ရှင်ဘုရင် တစ်ပါးရဲ့ အာဏာထက် ပိုပြီး ပြင်းထန်တဲ့ အာဏာ ရှိတယ်လို့ အဆိုရှိတယ် မဟုတ်လားဗျာ။
နိုင်ငံရေး ဆောင်ရွက်မယ့် သူများဟာ စာဖတ်ကြစေချင်ပါတယ်။
အထူးသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲ ဥပဒေတွေကို ကြေညက်အောင် ဖတ်သင့်ပါတယ်။
တလွဲတချော်တွေ ပြောနေကြတာ ကြားရပြီး အနေသာလို့ ခုလို ရေးလိုက်ရတာပါ။
မောင်ဝံသ
ညွှန်း။။-- အတွေး အမြင် အမှတ် ၂၁၉
------ပေါ်ပြူလာနယူးစ် ဂျာနယ် တွဲ-၂၊ အမှတ် ၁၃၊ ဧပြီ ၂၀၁၀
Ref: ဟစ်တိုင်
0 comments:
Post a Comment