Friday, August 20, 2010

ရွေးကောက်ပွဲအကြို ဒုဗိုလ်ချုပ်ကြီး ၁ဝ ဦး အငြိမ်းစား ယူမည်

သောကြာနေ့၊ သြဂုတ်လ ၂၀ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) - မြန်မာ စစ်အစိုးရသည် နောက်အပတ်တွင် အကြီးအကျယ် ရာထူး အပြောင်းအရွှေ့များ ပြုလုပ်ရန်ရှိပြီး ဒုဗိုလ်ချုပ်ကြီး အဆင့်ရှိ စစ်အရာရှိကြီး ၁ဝ ဦးရာထူးမှ အနားယူကာ နိုဝင်ဘာ ၇ ရက်တွင် ကျင်းပမည်ဟု မကြာသေးခင်က ကြေငြာထားသော အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင် ကြလိမ့်မည်ဟု ကာကွယ်ရေး ဝန်ကြီးဌာန သတင်း ရပ်ကွက်တခုက ယမန်နေ့ နှောင်းပိုင်းက ပြောသည်။

`မြန်မာစစ်တပ်မှာ ဒုဗိုလ်ချုပ်ကြီး အဆင့်နဲ့ အရာရှိကြီး ၁၄ ဦး ရှိတဲ့ထဲက ၄ ယောက်ပဲ ကျန်မယ်။ ကျန်တာ အကုန် သွားတော့မှာ´ ဟု အဆိုပါသတင်း ရပ်ကွက်က ပြောသည်။

လစ်လပ်သွားသော နေရာများကို လက်ရှိ ဗိုလ်မှူးချုပ် ရာထူးရှိ စစ်အရာရှိများက အစားထိုး ထမ်းဆောင်သွားမည် ဖြစ်သည်။ ထိုအထဲမှ အများစုမှာ စစ်တိုင်းမှူးများ ဖြစ်ကြသည်ဟုလည်း အဆိုပါ သတင်းရပ်ကွက်မှပင် ဆက်လက် ပြောဆိုသည်။

လက်ရှိ ရာထူးတွင် ဆက်လက် ကျန်ရှိနေခဲ့မည့် ဒုဗိုလ်ချုပ်ကြီး ၄ ဦးမှာ စစ်ဘက်ရေး ရာလုံခြုံရေးဌာန အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်၊ တပ်မတော် လေ့ကျင့်ရေး အရာရှိ ချုပ် ဒုဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီး သူရမြင့်အောင်၊ ကာကွယ်ရေး အထူး စစ်ဆင်ရေးဌာန (ကစထ) ၆ မှူး ဒုဗိုလ်ချုပ်ကြီး ခင်ဇော်တို့ ဖြစ်ကြသည်။

ကစထများအနက် ဒုဗိုလ်ချုပ်ကြီး ခင်ဇော် တဦးတည်းသာ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ အမိ စစ်ကျောင်းတော်ကြီး ဖြစ်သော ဗိုလ်သင်တန်းကျောင်း (OTS) တက်ရောက်ခဲ့သူ ဖြစ်ပြီး ကျန်နေမည်ဖြစ်ကာ အခြား ကစထမှူး ၅ ဦးမှာ ရာထူးမှ နှုတ်ထွက် ပေးကြရမည် ဖြစ်သည်။ ဤရာထူး အပြောင်းအရွှေ့များကို နောက် သောကြာနေ့တွင် ပြုလုပ်လိမ့်မည်ဟု မျှော်လင့်ရသည်။

မြောက်ကိုရီးယားမှ လက်နက်များ ဝယ်ယူရာတွင် အဓိက ပုဂ္ဂိုလ်တဦးအဖြစ် ပါဝင်ခဲ့သော စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူး ဒုဗိုလ်ချုပ်ကြီး တင်အေးလည်း မမျှော်လင့်ဘဲ ရာထူးမှ နှုတ်ထွက် ရသူများတွင် ပါဝင်သွားသည်။

ဤသို့ စစ်အရာရှိကြီး အများအပြား ရာထူးမှ အစုလိုက် အပြုံလိုက် အငြိမ်းစား ယူရစေမည့် နောက်ဆုံး ဆုံးဖြတ်ချက်ကို ယခင်အပတ်က နေပြည်တော်တွင် ကျင်းပခဲ့ သော နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (SPDC) အမာခံ အဖွဲ့ဝင်များ တက်ရောက်ခဲ့သည့် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

လူအများက ကန့်ကွက် ရှုတ်ချထားကြသော နိုဝင်ဘာလတွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင် နိုင်ရန်အတွက် စစ်ဘက် ရာထူးများမှ အငြိမ်းစား ယူရသည်မှာ ယခုအကြိမ်သည် ဒုတိယ အကြိမ် ဖြစ်သည်။ ဧပြီလဆန်းက ဝန်ကြီးချုပ် သိန်းစိန် အပါအဝင် စစ်ဘက်အရာရှိ နှစ်ဒါဇင်ကျော် စစ်ဘက် ရာထူးများမှ အနား ယူခဲ့ကြပြီး စစ်အစိုးရ ကျောထောက် နောက်ခံ ပြုထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ ခေါင်းဆောင်မှု နေရာများကို အမွေ ဆက်ခံခဲ့ကြသည်။

အငြိမ်းစားယူကြမည့် စစ်ဘက် အရာရှိကြီးများ

၁။ ဒုဗိုလ်ချုပ်ကြီး အုန်းမြင့် (ကစထ ၁ မှူး၊ စစ်တက္ကသိုလ် အပတ်စဉ် ၁၇ ဆင်း)
၂။ ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် (ကစထ ၂ မှူး၊ စစ်တက္ကသိုလ် အပတ်စဉ် ၁၉)
၃။ ဒုဗိုလ်ချုပ်ကြီး ကိုကို (ကစထ ၃ မှူး၊ စစ်တက္ကသိုလ် အပတ်စဉ် ၁၉)
၎။ ဒုဗိုလ်ချုပ်ကြီး သာအေး (ကစထ ၄ မှူး၊ စစ်တက္ကသိုလ် အပတ်စဉ် ၁၆)
၅။ ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေ (ကစထ ၅ မှူး၊ စစ်တက္ကသိုလ် အပတ်စဉ် ၁၅)
၆။ ဒုဗိုလ်ချုပ်ကြီး မြင့်လှိုင် (လေကြောင်းရန် ကာကွယ်ရေး အရာရှိချုပ်၊ စစ်တက္ကသိုလ် ၁၇)
၇။ ဒုဗိုလ်ချုပ်ကြီး တင်အေး (စစ်လက်နက် အရာရှိချုပ်၊ စစ်တက္ကသိုလ် အပတ်စဉ် ၉)
၈။ ဒုဗိုလ်ချုပ်ကြီး ဆန်းဆင့် (စစ်ရာထူးခန့်ချုပ်၊ စစ်တက္ကသိုလ် အပတ်စဉ် ၁၅)
၉။ ဒုဗိုလ်ချုပ်ကြီး စိုးမောင် (စစ်ဥပဒေချုပ်၊ စစ်တက္ကသိုလ် အပတ်စဉ် ၁၇)
၁ဝ။ ဒုဗိုလ်ချုပ်ကြီး သိန်းထိုက် (တပ်မတော် စစ်ဆေးရေး အရာရှိချုပ် စစ်တက္ကသိုလ်၊ အပတ်စဉ် ၁၆)

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့