Thursday, September 9, 2010

ပြည်သူကို ရန်မူမှု

စိုးနေလင်း
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၀၈ ရက် ၂၀၁၀

စစ်အစိုးရက တပ်မတော်သာလျှင်အမိ တပ်မတော်သာလျှင်အဖလို့ ကြွေးကြော်ထားတဲ့ တပ်မတော် သားတွေပါ။ သူတို့ ဘာဖြစ်လို့ ဒီလောက် ရက်စက် ရိုင်းစိုင်းသွားကြ၊ လူစိတ် ကင်းမဲ့ သွားကြသလဲ။ ပဲခူး ဇိုင်းကနိုင်းမှာ စက်တင်ဘာ ၄ရက်က ဖြစ်သွားတဲ့ အရပ်သား လူငယ် နှစ်ယောက်ကို စစ်သားတွေ သေနတ်နဲ့ ပစ်သတ်မှု အကြောင်း အားလုံး သိကြပြီးပါ။

ရှင်းပါတယ်။ စစ်အာဏာရှင်တစုက စစ်သင်တန်းကျောင်းတွေ စစ်တက္ကသိုလ်တွေမှာ ရိုက်သွင်းခဲ့တဲ့ သင်ခန်းစာတွေ အတွေးအခေါ်တွေ ကြောင့်ပါပဲ။

စစ်အာဏာရှင်တွေ တိုင်းပြည်အာဏာကို လုယူသိမ်းလိုက်ကတည်းက ဒီလိုဖြစ်ရပ်တွေ နေရာအနှံ့ ဖြစ်ခဲ့ ဖူးပါတယ်။ အညိုရောင် အမည်းရောင် သတ်မှတ်ထားတဲ့ နေရာတွေမှာဆိုရင်တော့ အထူး ပြောစရာ မလိုပါဘူး။

၁၉၈၉ မှာ စစ်ခုံရုံးက ချမှတ်တဲ့ မတရားပြစ်ဒဏ်နဲ့ အကျဉ်းကျနေချိန် တခါသား ကျနော်တို့ နိုင်ငံရေး အကျဉ်းသား တိုက်တွေကို စစ်တပ်က အသွင်ပြောင်း အကျဉ်းထောင် ဝန်ထမ်းတွေ အစောင့် တာဝန် ကျလာပါတယ်။ သူ့အဆင့်နဲ့သူ တပ်ကြပ်ကြီး၊ တပ်ကြပ်၊ ဒုတပ်ကြပ်တွေ ဖြစ်လာကြတာပေါ့။ ကျနော်တို့ဆီ တာဝန်ကျလာတဲ့ အချိန်မှာ ကျနော်တို့က ကိုယ့်ညီတွေလိုပဲ သဘောထား ကောင်းကောင်း မွန်မွန် ဆက်ဆံပြီး ကိုယ့်ရှိတဲ့ အစားအစာလေးတွေ ချကျွေး မိတ်ဖွဲ့ ခဲ့ကြပါတယ်။

တချို့ဆို အတော်ကြီး ခင်မင်လာပြီး ပွင့်ပွင့်လင်းလင်းလည်း ပြောဆိုလာကြတယ်။ အဲဒီတုန်းက တပ်ကြပ်တယောက်က သူ ကရင်ပြည်နယ် ရှေ့တန်း တနေရာ ထိုးစစ် တခုမှာတုန်းက ကြုံခဲ့ရတဲ့ ကိုယ်တွေ့ ဖြစ်ရပ်တခုကို ပြောပြတယ်။ သူက သံတိုင် တံခါးအပြင်က ကျနော်က သံတိုင် တံခါးအတွင်းက ပေါ့လေ။ကျနော် သူပြောတဲ့ ဖြစ်ရပ်ကို နားထောင်ရင်း ကြက်သီး မွေးညှင်းထ အံ့သြ ထိတ်လန့် တုန်လှုပ် သွားခဲ့ရသလို ကျနော်တို့ တိုင်းပြည်က စစ်တပ် ဆိုတာကိုလည်း အကြီးအကျယ် ရွံရှာ သွားခဲ့ရတယ်။ သူပြောပြတဲ့ ဖြစ်ရပ်က ဒီလိုပါ။ ကရင်ပြည်နယ်က ရွာပုံးတခုကို သူတို့တပ်ခွဲက ဝင်ရောက် စီးနင်းခဲ့တုန်းက ရွာက ကြိုတင် သတင်းရထားပုံ ရတယ်တဲ့၊ ရွာထဲရောက်တော့ ဘယ်သူမှ မရှိကြတော့ဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် အလောတကြီး ထွက်ပြေး သွားကြပုံပေါ်တယ်။ ဆန်ရွေးလက်စ ဆန်ကောတွေ ချက်လက်စ ထမင်းအိုးတွေ ဒီတိုင်း ကျန်နေ ခဲ့သလို စပါးကျီ ထဲမှာလည်း စပါးတွေ တွေ့ရတယ်။ အိမ်မွေးတိရိစ္ဆာန် တချို့လည်း ရှိနေဆဲလို့ ဆိုပါတယ်။သူတို့ စစ်ကြောင်းလည်း ရွာထဲကို ပိုက်စိတ်တိုက် ရှာကြတယ်။ တဲတလုံးထဲက ပုခက် တခုထဲမှာ အခါလည်သား အရွယ်လောက် ယောက်ျားလေး တယောက်ကို မမျှော်လင့်ပဲ တွေ့ခဲ့ကြတယ်။ ကလေးလေးက လာပြီးပွေ့တဲ့ စစ်သားတွေကို မျက်လုံးလေး ပြူးပြီး ကြည့်နေပေမယ့် မငိုဘူးတဲ့။ ရဲဘော်တွေလည်း ကလေးလေးကို ပွေ့ချီပြီး သူတို့ တပ်ခွဲမှူးဆီကို သွားသတင်း ပို့ရပါတယ်။ တပ်ခွဲမှူးက ရွာကို မီးရှို့ရမှာမို့ ကလေးကို ခေါ်ခဲ့ဖို့ အမိန့် ပေးပါတယ်။

နောက်တရွာလုံးက အိမ်တွေစပါးကျီတွေကို မီးတိုက်ပြီး သူတို့ တပ်ခွဲလည်း ရွာက ထွက်ခဲ့ကြတယ်။ ကလေးချစ်တတ်တဲ့ ရဲဘော်တွေက တယောက်တလှည့် ကျောမှာ အဝတ်နဲ့ပိုးပြီး ကလေးလေးကို သူတို့ တပ်ခွဲနဲ့ ခေါ်ခဲ့ကြတယ်။ ကံကောင်းချင်တော့ သူတို့ တပ်ခွဲကို ဆက်ပြီး နယ်မြေ ရှင်းလင်းရေး မလုပ်ခိုင်းတော့ပဲ နောက်ထပ် အရေးကြီးတဲ့ တာဝန် တခုပေးဖို့ ရှေ့တန်း တပ်ရင်း တပ်စွဲထားရာကို ပြန်ဝင်ဖို့ အမိန့် ရလာတယ်။ ရဲဘော်တွေလည်း အားရဝမ်းသာ ပြန်ကြဖို့ ပြင်ဆင်ကြတယ်။ ဒီအချိန်မှာ တပ်ခွဲမှူးက ကရင်ရွာထဲက အခါလည် သားလောက် ကလေး တယောက်တွေ့လို့ ခေါ်လာခဲ့ရတဲ့ အကြောင်း ဗျူဟာမှူးဆီကို သတင်း ပို့ရတယ်။ ဗျူဟာမှူးရဲ့ တုန့်ပြန် အမိန့်ကတော့ “ အသက်ရှင်ရက် ဘယ်သူမှ ခေါ်မလာနဲ့ အပြတ်ရှင်းခဲ့” တဲ့။ အမိန့်ကို တပ်ခွဲမှူးက သူ့တပ်သားတွေကို ပြန်ပြောပြတဲ့ အချိန်မှာ တပ်သားတွေ မျက်စိမျက်နှာ ပျက်ပြီး ဘာတခွန်းမှ ပြန်မပြော နိုင်ကြတော့ပါဘူး။

အချိန်တန်လို့တပ်ခွဲပြန်ခေါက်တဲ့အခါ ကလေးလေးက ရဲဘော်တယောက်ရဲ့ နောက်ကျောမှာ ပါလာခဲ့တာပါ။ တပ်ခွဲမှူးက ကလေးကို သတ်ပြီး ထားခဲ့ဖို့ ဘယ်သူ တာဝန်ယူမလဲလို့ မေးတဲ့အချိန်မှာ ဘယ်သူမှ အဲဒီတာဝန်ကို မယူခဲ့ဘူးလို့ ဆိုပါတယ်။ တပ်ခွဲမှူးကလည်း ဗျူဟာမှူးရဲ့ အမိန့်ကို မလိုက်နာလို့ မဖြစ်တဲ့အတွက် တယောက်ယောက်က တာဝန်ယူဖို့ အမိန့်ပေးပါတယ်။ တပ်ခွဲ တပ်ကြပ်ကြီးက ဘယ်သူမှ တာဝန် မယူတဲ့အတွက် တာဝန်ယူမယ့် သူကို တခြားသူတွေ ရတဲ့ အာမီရမ် (Army Rum) ကို ပေးမယ်လို့ မက်လုံး ပေးသတဲ့။ နောက်ဆုံး တပ်ခွဲကလည်း အတော်ခရီးပေါက်လာတဲ့ အချိန်မှာ တပ်ခွဲမှူးက ကလေးကို အပြတ်ရှင်းခဲ့ဖို့ အမိန့်ပေးလာတယ်။

ဒီအချိန်မှာ တပ်ခွဲထဲက ခပ်ပေပေရဲဘော်တယောက်က ပေးမယ်ဆိုတဲ့ ရမ်ကို ပေးဖို့တောင်းတယ်။ တပ်ခွဲ တပ်ကြပ်ကြီးက အရက် ပုလင်းကို ပေးလိုက်တော့ အဲဒီရဲဘော်ဟာ ပုလင်းတဝက်လောက် နီးပါးကို တခါတည်း မော့သောက် ပစ်လိုက်တယ်။ နောက် ခဏကြာတော့ ကလေးကို သူ့ကို ပေးခဲ့ဖို့ ပြောပြီး သူ့ကို ခဏထားခဲ့ဖို့ ပြောပါတယ်။ တပ်ခွဲလည်း အဲဒီရဲဘော်နဲ့ ကလေးလေးကို ထားခဲ့ပြီး ခရီး ဆက်ထွက်ခဲ့တယ်။ အတော်ကြီးကြာမှ ခုနက တာဝန်ယူခဲ့တဲ့ ရဲဘော်ဟာ တပ်ခွဲနောက်ကို အမောတကြီး ပြေးလိုက်လာတာ တွေ့ရတယ်။ တပ်ခွဲ တပ်ကြပ်ကြီးက သူ့ကိုပေးတဲ့ တာဝန် လုပ်ပြီးပြီလားလို့ မေးတဲ့အချိန်မှာ အဲဒီရဲဘော်ဟာ တခြား ရဲဘော်တွေကြားမှာ ဒူးထောက်ချပြီး ချုံးပွဲချ ရှိုက်ကြီးတငင် ငိုချလိုက်ပါတယ်။ ဘာစကားမှ မပြောနိုင်ဘဲ အကြာကြီး ငိုပြီးတော့မှ သူအရက်ပုလင်းကို ကုန်အောင် သောက်ပြီး ကလေးလေးကို သစ်ပင်တပင်နဲ့ ကိုင်ရိုက် သတ်ပစ်ခဲ့ကြောင်း အထစ်ထစ် အငေါ့ငေါ့နဲ့ ပြန်ပြောပြသတဲ့။

ကျနော်ခုတင်ပြလိုက်တဲ့အဖြစ်အပျက်က စိတ်ကူးယဉ် မဟုတ်ပါဘူး။ အဲဒီတုန်းက အဲဒိ တပ်ခွဲမှာ ကိုယ်တိုင် ပါဝင်ခဲ့တဲ့ တပ်ကြပ် တယောက်က စိတ်မကောင်းခြင်း ကြီးစွာနဲ့ ကျနော့ကို ပြန်ပြောပြခဲ့တဲ့ ဖြစ်ရပ်မှန်ပါ။ ရဲဘော်တွေက ဘယ်သူမှ မသတ်ချင်ကြဘူး။ ဒီအမိန့်ကို ပေးရက်ခဲ့သူက ဗျူဟာမှူး တယောက်ပါ။

လူမိုက်သားကတော့ ရမ်းကားသထက် ရမ်းကားနေပါပြီ။ ကျနော်တို့ပြည်သူ တဦးချင်း အနေနဲ့ မိမိကိုယ်ကို ကာကွယ် စောင့်ရှောက်ဖို့ မိမိတို့ရဲ့ ရင်သွေး သားသမီးတွေကို ကာကွယ် စောင့်ရှောက်ဖို့ တာဝန်ရှိသလို အမှန်တရား နဲ့ လူမျိုး ဘာသာ သာသနာကို ကာကွယ် စောင့်ရှောက်ဖို့လည်း တာဝန် ရှိပါတယ်။ နိုင်ငံရေး ပါတီတွေ နိုင်ငံရေး သမားတွေကိုပဲ အားကိုးပြီး တို့က ဘာတတ်နိုင်မှာလဲ ဆိုတဲ့ အညံ့ခံ အရှုံးပေးရေး အတွေးအခေါ်ကို ကိုင်စွဲ ထားကြမယ် ဆိုရင်တော့ ကျနော်တို့ လူထုတရပ်လုံး မျိုးဆက်နဲ့ချီပြီး စစ်ကျွန် ဖြစ်နေ ကြရမှာပါ။

အကြောက်တရားတွေ ဖယ်ရှား ထိန်းချုပ်ပြီး မတရားတဲ့စစ်အာဏာရှင်စံနစ်ကို တညီ တညွတ်တည်း တွန်းလှန် ကြရအောင်ပါ။ ။


0 comments:

အပေါ်သို့