Friday, October 8, 2010

ဗီယက်နမ် ကွန်မြူနစ်ပါတီအတွက် အကယ်ဒမစ် ပညာရေး

ရဲမြင့်ကျော်

TUESDAY, 05 OCTOBER 2010 03:36

ပြီးခဲ့တဲ့ လပိုင်းလောက်က ငိုဘိုချောက် တစ်ယောက် Fields Medal ဆု ရရှိ သွားသည်။ Fields Medal ဆိုတာက နိုင်ငံတကာ သင်္ချာပညာရှင်များ အဖွဲ့က လေးနှစ်တစ်ကြိမ် ချီးမြှင့်တဲ့ အသက် ၄၀ အောက် သင်္ချာပညာရှင် ဆုဖြစ်သည်။ ဒီဆုကို သင်္ချာဆိုင်ရာ နိုဘယ်ဆု လို့လည်း တင်စား ပြောဆိုကြသည်။

သူ့ဇာတိ ဗီယက်နမ် သတင်းစာ မျက်နှာဖုံးများတွင်တော့ ဆုရတဲ့အကြောင်း စာလုံးအမဲကြီး တွေနဲ့ ဖော်ပြကြသည်။ သမ္မတ ကိုယ်တိုင်က ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာ ပေးပို့ခဲ့သည်။ ငိုဘိုချောက်မှာ နိုင်ငံတကာ အမြင့်မားဆုံးဆု ရရှိတဲ့ ပထမဆုံး ဗီယက်နမ် ဖြစ်လာသည်။ ဒါပေမဲ့ သူကျွမ်းကျင်တဲ့ ပညာရပ် အလုပ်ကို ဗီယက်နမ်တွင် လုပ်ခဲ့တာ မဟုတ်။ လက်ရှိ အမေရိကန် ချီကာဂို တက္ကသိုလ်တွင် ပါမောက္ခ တာဝန် ယူထားသူ ဖြစ်သည်။ ပြင်သစ်မှ Ph.D ဘွဲ့ ရရှိခဲ့ပြီး၊ ပြည်သစ်နိုင်ငံသား အဖြစ်လည်း ခံယူထားသူ ဖြစ်သည်။



ပြင်သစ်နိုင်ငံသားခံယူထားပြီး သူ့နိုင်ငံမှာ အလုပ်မလုပ်တာကြောင့်တော့ မစ္စတာချောက်ကို ဘယ်သူမှ အပြစ်မတင်နိုင်။ ဗီယက်နမ် တက္ကသိုလ် တစ်ခုမှ သူ့မိတ်ဆွေ သင်္ချာပညာရှင် တစ်ဦးကတော့ “ဗီယက်နမ် တက္ကသိုလ်တွေရဲ့ ပညာရေး စနစ်က ဘိုးတော် ဘုရားခေတ်က ပုံစံတွေပဲ” ဟု ပြောသည်။ သင်ကြားရေး စနစ်များက လုံးဝ ခေတ်နောက်ကျ နေသည်။ တက္ကသိုလ် အသိုင်းအ၀ိုင်း မှာလည်း နီးစပ်ရာ ဆွဲခန့်တွေနဲ့ ကြီးစိုးထားသည်။ ကွန်မြူနစ် အယူအဆမှိုင်းများ ဖိသိပ်ထည့်မှုက အရိုးစွဲ နေကြသေးသည်။ အတွေးအခေါ်ပါ စာတမ်းများ အပေါ် ဆင်ဆာ ဖြတ်တောက်မှုနဲ့ ၀င်ရောက် စွက်ဖက်မှု တို့က လက်ရဲဇက်ရဲ ရှိနေတုန်းပင်။

သို့နှင့်တိုင် တိုင်းပြည်စီးပွားရေး တိုးတက်လာတာနှင့်အမျှ နည်းပညာကဏ္ဍ တိုးချဲ့တည်ဆောက်ဖို့ လိုလာပြီ။ အမိန့်နှင့် လာတတ်တဲ့ အရိုးစွဲ အကျင့်တွေ၊ သာပေါင်းညာစား စရိုက်ပျက်တွေက ပညာရေးသစ်အတွက် လာဖျက်ဆီး နေသည်။ စက်မှုနဲ့ နည်းပညာ ကုန်ထုတ် လုပ်ငန်းတွေ ဆိုတာက ပထမတန်းစား သုတေသန လုပ်ငန်းတွေနဲ့ လက်တွဲသွားနိုင်မှ ဖြစ်မည်။ ဗီယက်နမ် တက္ကသိုလ်များမှာ တကယ့် သုတေသန လုပ်ငန်း ကျကျနန မရှိသေး။ ထိပ်တန်း သုတေသန လုပ်နိုင်လောက်တဲ့ သိပ္ပံပညာရှင်လည်း မရှိသလောက်။ ဘွဲ့ရ တွေကလည်း အာဂုံဆောင် အာဂ ပုဂ္ဂိုလ်ထူးများသာ။ နိုင်ငံခြား ကုမ္ပဏီတွေက အလုပ်ခံတော့မယ် ဆိုရင် မခန့်မီ ၆ လလောက် သင်တန်း ခေါ်ပေးနေရသည်။

ပသို့ဆိုစေ ဗီယက်နမ်က သူ့အိမ်နီးချင်း နိုင်ငံများထက် ပညာရေးအပေါ် ပိုမို သုံးစွဲ လာသည် (အောက်ပါ ဇယားကို ကြည့်ပါ)။ စာတတ်သူနှုန်း မြင့်လာသည်။ မိဘများက ကလေးတွေကို တက္ကသိုလ် ပို့နိုင်ရေးအတွက် အနစ်နာခံ ရုန်းကန် နေကြသည်။


၂၀၀၁ ခုနှစ် ဗီယက်နမ် တက္ကသိုလ်များ ၀င်သူ ကျောင်းသားဦးရေ ၉၀၀၀၀၀ ရှိရာက၊ ၂၀၀၆ ခုနှစ်တွင် ၁.၆ သန်း အထိ တက်လာခဲ့သည်။ ဒါပေမဲ့ အစိုးရ တက္ကသိုလ် တက်နေသူများမှာ ထုံထုံထိုင်းထိုင်းနဲ့ အင်တိုက် အားတိုက် သိပ်မရှိလှ။ ငွေကြေး တတ်နိုင်သူတွေက နိုင်ငံခြား တန်းထွက်သွား ကြသည်။ မစ္စတာ ချောက်လို ရှားရှားပါးပါး တော်လွန်းသူ များကျတော့ ခြေဦး ပြန်မလှည့်ကြတော့။

အစိုးရအနေဖြင့် တက္ကသိုလ်များ ပြုပြင်ပြောင်းလဲရေး ကြိုးစားမှုတွေတော့ ရှိခဲ့သည်။ သို့သော် စမ်းသပ်မှု အမျိုးမျိုး အောက်မှာ အမှားမှား အယွင်းယွင်းများနှင့်။ ၂၀၀၈ ခုနှစ်တွင်တော့ အစိုးရက ဘာစိတ်ကူး ပေါက်သွားသည် မသိ။ သုတေသန လုပ်ငန်း သက်သက်တွေ ဦးတည်လုပ်နိုင်မယ့် တက္ကသိုလ်သစ် တစ်ခုကို နိုင်ငံခြား တက္ကသိုလ်တွေနှင့် ပေါင်းလုပ်ဖို့ ကြိုးစားလာသည်။ ဟိုချီမင်း မြို့တော်မှာ 'ဗီယက်နမ် ဂျာမန် တက္ကသိုလ်' (VGU) စဖွင့်လိုက်သည်။ နောက် ဟနွိုင်းမြို့မှာ ပြင်သစ် အကူအညီပေးမယ့် နည်းပညာကျောင်း တစ်ကျောင်း ဆက်ဖွင့်လာသည်။

VGU တက္ကသိုလ်တွင် အင်ဂျင်နီယာ၊ စီးပွားရေး စတဲ့ဘာသာရပ်တွေကို အင်္ဂလိပ်ဘာသာ စကားနဲ့ ဂျာမန် ဧည့်ပါမောက္ခ တွေက သင်ကြားပေးပြီး၊ သုတေသန ကျောင်းသား ၂၂၀ ရှိနေသည်။ ဆယ်နှစ်အတွင်း သုတေသန ကျောင်းသား ၅၀၀၀ ရှိဖို့ မျှော်လင့် ထားသည်။ ဗီယက်နမ်တွင် အကယ်ဒမစ် လွတ်လပ်ခွင့် ရရှိတဲ့ ပထမဆုံး တက္ကသိုလ် ဖြစ်လာသည်။ ကွန်မြူနစ်ပါတီမှ ၀င်မချုပ်ချယ် တော့ဘဲ လွတ်လပ်တဲ့ တက္ကသိုလ် ချာတာ အေက်မှာ ကိုယ်ပိုင် ဘာသာရပ် သင်ရိုး ဒီဇိုင်းတွေ ရေးဆွဲ လာနိုင်သည်။

လက်ရှိအခြေအနေမှာတော့ VGU အတွက် ငွေကြေးအများစုကို ဂျာမဏီက ထောက်ပံ့ ပေးထားသည်။ ဗီယက်နမ် အစိုးရက တစ်နှစ်ကို ဒေါ်လာ ၅၀၀၀၀၀ သာ ထည့်ဝင်နိုင်သည်။ ဒါပေမဲ့ ၂၀၃၀ ခုနှစ် ဆိုရင် ကိုယ့်ဖာသာ ရပ်တည်နိုင်ပြီး ဒေါ်လာ သန်း ၅၀ အထိ အကုန်ကျ ခံနိုင်မည်ဟု ခန့်မှန်းထားသည်။ ဗီယက်နမ်တို့ သဘောပေါက် လာတာက သုတေသနသုံး ပစ္စည်း ကရိယာတွေနဲ့ ထိပ်တန်း ကမ္ဘာ့ အကျော်အမော် ပါမောက္ခတွေကို ဈေးပေါပေါနဲ့ မရနိုင်ဘူးဆိုတာ။ အစိုးရအနေနှင့် ပါရမီရှင်တွေကို ရက်ရက်ရောရော ပေးကမ်း ချီးမြှောက်ရမည်။ နို့မို့ဆိုရင် VGU လူတောမတိုးနိုင်ဟု တက္ကသိုလ် VGU ဥက္ကဌက ဆိုသည်။

မစ္စတာ ချောက်လို ရည်မှန်းချက်မြင့်တဲ့ ပုဂ္ဂိုလ်မျိုး ပြန်လည်ခေါ်ယူနိုင်ဖို့ စတင် စကားပြောနေကြရပြီ။ ယခု ဗီယက်နမ် ကြုံတွေ့ရတဲ့ အနေအထားမျိုး တရုတ်တို့လည်း ကြုံတွေ့ခဲ့ရသည်။ မျိုးချစ်စိတ်ဓါတ်တို့ အကယ်ဒမစ် လွတ်လပ်စွာ လုပ်နိုင်ခွင့် တို့နဲ့ နိုင်ငံရပ်ခြားရောက် ပညာရှင်တွေကို သိမ်းသွင်း စည်းရုံး နေကြရသည်။

အမှန်တကယ်က မခက်လှပါ။ ကိုယ့်ရပ်ကိုယ်မြေမှာ သုတေသန အစွမ်းကုန် လုပ်ပိုင်ခွင့်၊ ပညာရပ် ဖွံဖြိုးအောင် လုပ်ဆောင်ခွင့် များပေးလိုက်လျှင်၊ ပါမောက္ခတွေ ဒီလောက် ငွေမက်သူများ မဟုတ်ကြပါ။ ဆွေမျိုးသားချင်းနဲ့ မိသားစု ရိပ်မြုံရှိရာ ကိုယ့်ရေမြေမှာ အစွမ်းကုန် ကြဲပစ်မယ့် ပဏ္ဍိပ်တွေ ဖြစ်သည်။

သို့နှင့်တိုင် တရုတ်နဲ့ ဗီယက်နမ် နှစ်နိုင်ငံလုံးရှိ အဆင့်မြင့် အကယ်ဒမစ်လုပ်ငန်းများတွင် တရားသေ နိုင်ငံရေး အစွဲ ပရောဂတွေ ၀င်ပူး နှောင့်ယှက် နေတတ်သည့် အထုံဓလေ့က ရှိနေသည်။ တက္ကသိုလ် ဆရာတွေအတွက် လစာ လုံလုံ လောက်လောက် ပေးရုံမက၊ သုတေသန အခင်းအကျင်းအတွက် လိုအပ်သမျှ ပြင်ဆင် ပေးထားရမည်။ သိပ္ပံပညာရှင် တစ်ယောက် အတွက်က ငွေသာ လိုတာမဟုတ်။ ပြိုင်ဖက် လုပ်ဖော်ကိုင်ဖက်တွေနဲ့ အကယ်ဒမစ် လွတ်လပ်ခွင့်တွေ ရှိဖို့ အရေးကြီးသည်။

ဂလိုဘယ် ပြိုင်ဆိုင်မှု ကွင်းထဲဝင်ဖို့ ဗီယက်နမ် ကွန်မြူနစ်ပါတီအနေဖြင့် အဆင့်မြင့် ပညာတတ် အင်အားစု များများ စုစည်းနိုင်ဖို့ လိုပါမည်။ ပညာတတ် အင်အား စုစည်းနိုင်မှု ချို့တဲ့ပါက မည်သည့် ပါတီမှ အလုပ်မဖြစ်။ နိုင်ငံတကာ ကွင်းပြင်ကျယ်ဆီ လူထုကို ခေါ်ဆောင်သွားမယ့် အဆင့်မြင့် အင်စတီကျူးရှင်းကောင်း ဖြစ်ဖို့ထက်၊ ပါတီအမည်ခံ အုပ်စုဖွဲ့ အချောင်သမား ဂိုဏ်း အဖွဲ့အစည်းများ အဖြစ် လူထုကိုသာ ဒုက္ခပေးဖို့သာ ရှိနေမည်။

နိုင်ငံရေးပါတီသည် တိုင်းပြည်အတွက် အင်စတီကျူးရှင်း ဖြစ်ရမည်။ လက်ညိုးထောင် ခေါင်းငြိမ့် ကိုယ်ရည် ကိုယ်သွေးမယ့် သူများနှင့် ဖွဲ့တည်နေသော ပါတီများသည် အင်စတီကျူးရှင်းများ မဖြစ်ဘဲ အုပ်စုဖွဲ့ ဂိုဏ်းများအဆင့်ဖြင့် လူ့အဖွဲ့အစည်း များကို ဒုက္ခ ပေးတတ်သည်။ ၂၁ ရာစုအတွက် နိုင်ငံရေး ပါတီများမှာ အဆင့်မြင့် ပညာတတ်အင်အား စုစည်းပျိုးထောင် သွားရုံမှတပါး အခြားလမ်း မရှိနိုင်ပါ။

ရဲမြင့်ကျော်

ရည်ညွှန်း The Economist


Ref: မောက္ခ

0 comments:

အပေါ်သို့