Saturday, 27 November 2010
နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်ကြီးဟောင်းနှင့် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်ကို ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက လာရောက် တွေ့ဆုံပြီး ခေါ်ထုတ်သွားသည့် ဗီဒီယို ကလစ်သည် အင်တာနက်တွင် ပျံ့နှံ့နေပြီး မြန်မာ့အရေး စောင့်ကြည့် လေ့လာသူများ အနေဖြင့် အမျိုးမျိုး သုံးသပ်လျက်ရှိကြောင်း သိရှိရသည်။
ရဲချုပ် ခင်ရီ ဦးဆောင်သည့် ရဲအရာရှိများနှင့် ဦးခင်ညွန့်တို့ တွေ့ဆုံဆွေးနွေးသည့် ဗီဒီယိုဖိုင်သည် ၁၆ မိနစ်ကျော် ရှည်လျားသော်လည်း အသံဖိုင် ပါဝင်ခြင်း မရှိပေ။ အဆိုပါ ဗီဒီယိုဖိုင်သည် လူမှုကွန်ယက် ဝက်ဘ်ဆိုက် တခုဖြစ်သည့် Facebook တွင် ယမန်နေ့ ညနေမှစ၍ ပျံ့နှံ့ နေခြင်းဖြစ်သည်။
ဦးခင်ညွန့်သည် ယခုအချိန်တွင် အသက် ၇၀ ကျော်ရှိပြီး စစ်အစိုးရ လက်ထက်တွင် ပထမဆုံးသော နိုင်ငံတော် ဝန်ကြီးချုပ် ဖြစ်ခဲ့သည်။ ထိပ်သီးပိုင်း ရာထူးများအတွင်း အာဏာ ပြိုင်ဆိုင်မှုများကြောင့် ၂၀၀၄ ခုနှစ်တွင် ရာထူးမှ ဖယ်ရှားခံရပြီး နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံခဲ့ရသည်။
စစ်ထောက်လှမ်းရေးဟောင်း ဦးခင်ညွန့်ကို နေပြည်တော်သို့ ခေါ်ယူပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဆွေးနွေး စေမည်ဟု ယခုနှစ်အတွင်း ကောလာဟလ သတင်းများ ထွက်ပေါ်ဖူးသည်။
ရဲချုပ်ခင်ရီက ဦးခင်ညွန့်ကို အလေးပြုနေဆဲဖြစ်ကြောင်း ဗီဒီယိုဖိုင်တွင် တွေ့ရသည်။ ဦးခင်ညွန့်က ၎င်း၏ အိမ်ရှေ့တံခါးကို ကိုယ်တိုင် ဖွင့်ပေးခဲ့ပြီး ရဲချုပ်နှင့် မိနစ်အနည်းငယ်ခန့် ဆွေးနွေးကြသည်။ ရဲချုပ် ခင်ရီက ဦးခင်ညွန့်နှင့် ဇနီးဖြစ်သူ ဒေါက်တာ ဒေါ်ခင်ဝင်းရွှေ တို့ကို တစုံတခု ရှင်းပြ ပြောဆိုပြီးနောက် ၎င်းတို့ ဇနီးမောင်နှံက မြေးဖြစ်သူများကို နှုတ်ဆက်ကြောင်း တွေ့ရသည်။
ဦးခင်ညွန့်နှင့် ဇနီးဖြစ်သူကို နေရာမှန်းဆ၍ မရသော နေရာတနေရာသို့ ခေါ်ဆောင်သွားပြီး ဦးခင်ညွန့်က ရဲချုပ်ခင်ရီနှင့် အဖွဲ့ကို တစုံတရာ ပြောဆိုနေကြောင်း တွေ့ရသည်။ နောက်ခံ အနေအထားအရ ဦးခင်ညွန့်၏ နဂိုမူလ နေထိုင်သည့်အိမ် မဟုတ်ကြောင်း ခန့်မှန်းရသည်။
စစ်တပ်အသိုင်းအဝိုင်းမှ အမည်မဖော်လိုသူတဦးက “ဒါက ထူးဆန်းနေပါတယ်။ ဘာလို့လဲ ဆိုတော့ ရာထူးက ဖယ်ရှား ခံထားရတဲ့ သူတယောက်ကို လက်ရှိ တာဝန် ထမ်းဆောင်နေဆဲ အရာရှိက ဘယ်တော့မှ အလေးပြုလေ့ မရှိဘူး” ဟု ဆိုသည်။
အမေရိကန်နိုင်ငံတွင် စစ်သံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က “အရာရှိကြီးတွေနဲ့ လျှို့ဝှက် ဆွေးနွေးဖို့ ဦးခင်ညွန့်ကို သိပ်မကြာသေးခင် ကပဲ တပ်မတော် ဧည့်ဂေဟာကို ခေါ်သွားဟန် တူပါတယ်” ဟု ၎င်း၏ အမြင်ကို ပြောသည်။
ယခုကဲ့သို့ ဗီဒီယိုဖိုင် ပျံ့နှံ့နေရခြင်း အကြောင်းအရင်းကို မည်သူကမှ အတိအကျ မသိရှိဘဲ မကြာသေးမီက နေအိမ် အကျယ်ချုပ်မှ လွတ်မြောက် လာသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်မှုရှိနိုင်ကြောင်း ပြောဆိုမှုများလည်း ပေါ်ထွက်လာသည်။
စစ်တပ် အသိုင်းအဝိုင်းကမူ နိုဝင်ဘာလ ၇ ရက်ရွေးကောက်ပွဲ နေ့ကတည်းကပင် ဦးခင်ညွန့်ကို လွှတ်ပေးခဲ့သည် ဟုလည်း ပြောဆို ကြသော်လည်း အတည်ပြုနိုင်ခြင်း မရှိပေ။
ဦးခင်ညွန့်ကို စတင်ထိန်းသိမ်းခဲ့ချိန်မှ စ၍ အပြင်သို့ ၄ ကြိမ် ထွက်ခဲ့ကြောင်း၊ နောက်ဆုံးအကြိမ် အပြင်ထွက်မှုမှာ ဝန်ကြီးဟောင်း တဦးဖြစ်သူ ဗိုလ်မှူးချုပ် တင့်ဆွေ ဇနီး၏ ဈာပနသို့ သွားရောက်ခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရသည်။
စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်သည် တချိန်က အာဏာအရှိဆုံး ပုဂ္ဂိုလ်တဦး ဖြစ်ခဲ့ပြီး ၁၉၉၀ နှစ်များ၌ “ဝ” သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့နှင့် အပစ်အခတ် ရပ်စဲရေး ကိစ္စများတွင် အဓိက ကျသူတဦး ဖြစ်ခဲ့သည်။
ဦးခင်ညွန့်နှင့် ၎င်း၏ စစ်ထောက်လှမ်းရေးအဖွဲ့များ ဖယ်ရှားခံရပြီးနောက် ယခုလက်ရှိ အခြေအနေတွင် စစ်အစိုးရနှင့် တိုင်းရင်းသား အပစ်ရပ် အဖွဲ့များအကြား ဆက်ဆံရေး အကြီးအကျယ် တင်းမာနေကြောင်း တွေ့ရှိရသည်။
ဦးခင်ညွန့်သည် နိုင်ငံတကာနှင့် ဆက်ဆံရေး၌ ထိုးဖောက်နိုင်သည့် ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံရခဲ့ပြီး စင်္ကာပူ ဝန်ကြီးချုပ် ဟောင်း လီကွမ်ယုကလည်း ဦးခင်ညွန့်ကို မြန်မာ စစ်အစိုးရ အရာရှိများအနက် အထက်မြက်ဆုံးဟု ချီးမွမ်းခဲ့ဖူးသည်။
ဦးခင်ညွန့်၏ ဇနီး ဒေါက်တာ ဒေါ်ခင်ဝင်းရွှေ၏ အကိုတော်စပ်သူ ဒေါက်တာသန်းငြိမ်းက ယခုပျံ့နှံ့နေသည့် ဗီဒီယိုဖိုင် နှင့် ပတ်သက်၍ မည်သို့မျှ နားမလည်ကြောင်း၊ ဦးခင်ညွန့်၏ မိသားစုနှင့်လည်း အဆက်အသွယ် မရှိသဖြင့် ယခု ဖြစ်ပျက်နေသည့် ကိစ္စများကို မသိရှိကြောင်း ဧရာဝတီသို့ ပြောသည်။
ဦးခင်ညွန့် အာဏာရှိနေစဉ်မှ ၂၀၀၈ အကုန်ပိုင်းအထိ ဒေါက်တာသန်းငြိမ်းသည် နိုင်ငံရေး အကျဉ်းသား အဖြစ် အကျဉ်းကျ ခံနေခဲ့ရပြီး ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ၏ လက်ရှိ ဥက္ကဋ္ဌ ဖြစ်သည်။
နိုင်ငံရေးအကဲခတ်များက ယခုတကြိမ် ဦးခင်ညွန့်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တိုင်းရင်းသား လက်နက်ကိုင် များနှင့် ညှိနှိုင်းရေး တွင်သာ အသုံးချရုံမကဘဲ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးရာတွင်ပါ အသုံးချမည်ဟု ခန့်မှန်း ပြောဆိုကြသည်။
ဦးခင်ညွန့်သည် ၂၀၀၃ ခုနှစ်တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဖြစ်လာပြီးနောက် ပါတီစုံဒီမိုကရေစီ နိုင်ငံတော် သစ်ဆီသို့ ဟု ဆိုကာ လမ်းပြမြေပုံ ၇ ချက်ကို ချမှတ်ခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က “ဦးခင်ညွန့် ထောင်ချခဲ့တဲ့ သူတွေ မနည်းပါဘူး။ တချို့ဆိုရင် ၁၉၈၉ လောက်ကတည်းက အခုချိန်ထိ ထောင်ထဲမှာ ရှိနေကြတုန်းပဲ။ ဒါပေမယ့် အခုလိုမျိုး ဝမ်းနည်းစရာ ကိစ္စကိုတော့ ကျနော်တို့လည်း မမြင်ချင်ပါဘူး၊ သူ့ကိုမှ မဟုတ်ဘူး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုလည်း အခုလိုမျိုး အခြေအနေမျိုးမှာ မတွေ့မြင်ချင်ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ဦးခင်ညွန့်ကို အဂတိလိုက်စားမှုများဖြင့် ၂၀၀၄ ခုနှစ်တွင် အင်းစိန်ထောင်တွင်း အထူးတရားရုံး၌ စစ်အစိုးရက ထောင်ဒဏ် ၄၄ နှစ် ချမှတ် ခဲ့သော်လည်း နေအိမ် အကျယ်ချုပ်အဖြစ်သာ ချုပ်နှောင် ထားခဲ့သည်။
Ref: ဧရာဝတီ်
Monday, November 29, 2010
ဦးခင်ညွှန့် ဗီဒီယိုဖိုင်အပေါ် အမျိုးမျိုး ဝေဖန်သုံးသပ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment