Friday, November 5, 2010

ဒုတိယပင်လုံညီလာခံက အားလုံးကို ကြိုဆိုပါသည်

ဦးဝင်းတင်နဲ့ မေးခွန်းများ


မိုးမခ
နိုဝင်ဘာ ၄၊ ၂၀၁၀
ဒုတိယပင်လုံညီလာခံမှာ ဘာတွေလုပ်ကြမှာလဲ


စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးတခုကို ထူထောင်နိုင်ဖို့အတွက် ဒို့က ပြောချင်တာကတော့ အခုဖြစ်နေတဲ့ ရွေးကောက်ပွဲနဲ့ မဆိုင်ဘူး၊ အချိန်ယူပြီး ပြင်ဆင်ကြရမယ့် ကိစ္စဖြစ်တယ်ဆိုတာကို သိရှိစေချင်တယ်။

တိုင်းရင်းသားတွေအားလုံးနဲ့ ဆိုင်တဲ့ တန်းတူညီမျှခွင့်ဆိုတာ ဘာလဲ … ဒါကို စာတမ်းတွေ တင်ကြ ရမှာပေါ့။ ဥပမာ ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ခဲ့တဲ့ နေသူရိန် အစည်းအဝေးတို့၊ အလယ်ပစ္စယံ ညီလာခံတို့ စသည်တို့မှာ လွတ်လပ်ရေးနဲ့ ပတ်သက်ပြီး အဆိုတင်တယ်။ သဘောထားတွေ တင်ပြတယ်။ အဲသည်လိုမျိုးပေါ့။ တိုင်းရင်းသားတွေနဲ့ ပတ်သက်တာတွေ၊ တပ်မတော်နဲ့ ပတ်သက်တာတွေနဲ့ ပတ်သက်ပြီးတော့ တက်ရောက်ကြသူတွေက ပြောကြ၊ အဆိုတင်ကြ၊ ဆွေးနွေးကြတဲ့ နေရာမှာ မှားသည်၊ မှန်သည်၊ ပြည့်စုံသည်၊ လိုအပ်သည် မည်သို့ဖြစ်စေ သဘောထားတွေအနေနဲ့ တင်ကြရမှာပဲ။ အဲဒါကို ဆွေးနွေးပြီးတော့ အဆိုအနေနဲ့ တင်သွင်းကြရမှာ ဖြစ်တယ်။ အဲသည် အဆိုတွေကို ထောက်ခံမှုတွေရအောင် ပြင်ဆင်ကြရမှာပဲ။ ဒါတွေကို ပေါင်းစည်းယူပြီးတော့ နိုင်ငံရေးလုပ်ငန်းတွေ၊ နိုင်ငံရေးရုပ်လုံးပေါ်မှုတွေ ဖြစ်လာရမှာ ဖြစ်တယ်။ အဲဒါကို ဆက်လက်ပြီး နိုင်ငံရေး လုပ်ငန်းစဉ်တွေ အနေနဲ့ ၀ိုင်းဝန်းပြီး လုပ်ဆောင်သွားဖို့၊ အကောင် အထည်ဖော်သွားဖို့ ဖြစ်လာရတာ ဖြစ်တယ်။

ဆွေးနွေးရမယ့် အရေးကိစ္စတွေက ဘာတွေ ဖြစ်နိုင်မလဲ


တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှခွင့်ကို ဘယ်လို သဘောထားတာလဲ၊ ဘယ်လိုနေရာ၊ ဘယ်ကိစ္စ တွေမှာ တန်းတူ ညီမျှချင်တာလဲ၊ ဆိုတဲ့ အကြောင်းအရာတွေကို အောက်ခြေမှာ ဆွေးနွေးမယ်၊ စာတမ်းလိုမျိုး ပေါ်လာမယ်၊ အဲဒါမျိုး စာတမ်းကိုမှ ညီလာခံမှာ တင်သွင်းမယ်၊ ဆွေးနွေး ညှိနှိုင်းမယ်၊ ဆုံးဖြတ်ချက်တွေ ချနိုင်မယ်၊ ဒါမျိုးတွေ ဖြစ်လာနိုင်မယ်။

သည်လိုမျိုးပဲ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုတာ ဘာလဲ။ စစ်အစိုးရပြောနေတဲ့ ကိုယ်ပိုင် အုပ်ချူပ်ရေး ဆိုတာနဲ့ ဘယ်လို ကွာခြားတာလဲ။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာ လူမျိုးစုတွေ၊ လူဦးရေတွေ အပေါ်မှာ မူတည်ပြီးတော့ ဘယ်လိုမျိုး ကျယ်ပြန့်အောင် လုပ်မှာလဲ။ ဒါတွေကို အောက်ခြေမှာ ဆွေးနွေးရမယ်၊ စာတမ်းတွေ တင်လာရမယ်။ ညီလာခံမှာ တင်ပြပြီး ဆွေးနွေး အဆိုပြုနိုင်အောင် ကြိုးစားရမယ်။

အလားတူပဲ - ပြည်ထောင်စုဆိုတာက တပြည်ထောင်စနစ်လား၊ ခွဲထွက်ခြင်းမရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စု စနစ်လား၊ ဒါဆိုရင် အဲဒါနဲ့ ပတ်သက်တွေ အဆိုတွေ၊ သဘောထားတွေကို တင်ရမှာပဲ။ ဒါကို အခြေခံပြီးတော့ နောင်ကို ဆက်ပြီး ဘယ်လို လုပ်မလဲ ဆိုတာတွေ လုပ်သွားရမှာ ဖြစ်တယ်။

ဒါဖြင့်ရင် အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေ သပိတ်မှောက်ထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကနေပြီးတော့ ဘယ်လို အစုတွေ ပေါ်ထွက် လာဦးမယ်လို့ ထင်သလဲ။

အခုရှိတာက ရွေးကောက်ပွဲ ၀င်တဲ့ အင်အားစုတွေရှိတယ်။ ကျနော်တို့ အားလုံးက အလုံးစုံ သပိတ်မှောက်ထားတဲ့ ရွေးကောက်ပွဲက နေပြီးတော့ ရွေးကောက်ပွဲ ၀င်တဲ့ အင်အားစု တွေကိုပြောတာ ဖြစ်တယ်။ အဲသည် ရွေးကောက်ပွဲ ဆိုတာရဲ့ နောက်ပိုင်းမှာ ပေါ်ပေါက်လာမယ့် နိုင်ငံတော် အာဏာပဲ ခေါ်ခေါ်၊ စစ်တပ် အာဏာပဲခေါ်ခေါ် အရပ်သားတပိုင်း လွှတ်တော်တို့၊ အစိုးရတို့ ဆိုတာလည်း ပေါ်ပေါက်လာမယ်။ အဲသည် အင်အားစု ၂ မျိုးနဲ့ ယခု စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု စနစ်ကို ဖော်ဆောင်မယ့် ဒုတိယပင်လုံ အင်အားစုတွေ အဖြစ် ရှိလာမယ်လို့ ပြောချင်တယ်။

၂၀၁၀ ရွေးကောက်ပွဲ သပိတ်မှောက်မှု အပြီးမှာ ဆက်လုပ်ရမယ့် အဓိကအလုပ်က ဘာလဲ။

၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ရတာဟာ ၂၀၀၈ အခြေခံဥပဒေကြောင့် ဖြစ်တယ်။ ဒီအရေးဟာ ရွေးကောက်ပွဲ နောက်ပိုင်းမှာ ရပ်သွား ပြီးသွားမယ့် အရာမဟုတ်ဘူး။ ၂၀၀၈ အခြေခံ ဥပဒေ တခုလုံးကို ပြုပြင် ပြောင်းလဲဖို့၊ ပြင်ဆင်ဖို့၊ ဖျက်သိမ်း သွားနိုင်ဖို့ ဆက်လုပ် သွားရမှာဖြစ်တယ်။ ရွေးကောက်ပွဲ ပြီးတာနဲ့ ပြီးသွားမှာ မဟုတ်ဘူး။ ဒါက တချက်ဖြစ်တယ်။

နောက်ပြီးတော့ ဒုတိယပင်လုံညီလာခံဆိုတဲ့ ခြေလှမ်းဟာ နိုင်ငံရေးအယူအဆတခု၊ တိုင်းပြည်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးတော့ တိုင်းရင်းသားတွေ၊ အတိုက်အခံ ဒီမိုကရေစီ အင်င်အားစု တွေနဲ့ အတူတကွ ပေါ်ပေါက်လာတဲ့ နိုင်ငံရေး မျှော်မှန်းချက်တွေ၊ နိုင်ငံရေး ကွန့်မြူးချက်တွေ ဖြစ်တယ်။ တိုင်းရင်းသားတွေ အားလုံး အတူတကွ စုစည်း နေထိုင်ကြမယ့် ဖယ်ဒရယ် ပြည်ထောင်စု နိုင်ငံတော်ကြီး ထူထောင်နိုင်ရေးပဲ။ ဒီအရေး ဟာလည်းပဲ အမည်အားဖြင့် ဒုတိယပင်လုံ လို့ ခေါ်ချင်တယ်။

ပင်လုံဆိုတာဟာ ပေါင်းစည်းညီညွတ်မှုရဲ့ လက္ခဏာ ဆောင်တယ်။

ဖယ်ဒရယ် ဆိုတာဟာလည်း စစ်အစိုးရက နံမယ်ဖျက်ထားတယ်။ ၁၉၆၁ မှာ တောင်ကြီး ညီလာခံမှာ တိုင်းရင်းသား တွေနဲ့ ဆွေးနွေးကြတော့ ဖယ်ဒရယ်ဆိုတာ ခွဲထွက်ရေး၊ ပြည်ထောင်စု ပြိုကွဲရေး စသည်ဖြင့် ပုတ်ခတ်ထားတယ်။

ပင်လုံဆိုတာနဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို တွဲပြီး ကောင်းတဲ့ မှန်ကန်တဲ့ အသုံးအနှုံး၊ သဘောထားကို ပြန်ပြီး ဖော်ဆောင် လိုက်တာဖြစ်တယ်။ ကောင်းတဲ့ လက္ခဏာဖြစ်တယ် လို့ ပြောချင်တယ်။

ဒို့ရဲ့ ပြည်ထောင်စုကြီးကို ဘယ်လိုမျိုး ပြန်လည်တည်ဆောက်မလဲ ဆိုတာကို အခုလို ဒုတိယ ပင်လုံ ညီလာခံကြီးနဲ့ တိုင်းရင်းသား တွေနဲ့ အားလုံးသော အင်အားစုတွေ ပေါင်းစည်း ညီညွတ်ကြမယ့် ညီလာခံဖြစ်တယ် လို့ ပြောချင်တယ်။

ဒုတိယပင်လုံ လှုပ်ရှားမှုကို ၂၀၁၀ ရွေးကောက်ပွဲက ပေါ်ထွက်လာတဲ့ အင်အားတွေက ဘယ်လိုမျိုး ပတ်သက် ကြမှာလဲ။

ခုနက ပေါ်ပေါက်လာမယ့် ရွေးကောက်ပွဲဝင်တဲ့ အင်အားစုတွေကော၊ စစ်အာဏာရှင် တွေရဲ့ အရပ်သား တပိုင်း လွှတ်တော်တို့၊ အစိုးရတို့ ဆိုတာတွေကောဟာ တိုင်းရင်းသားတွေ ပြည်သူတွေ အတူတကွ စုပေါင်း နေထိုင်ကြမယ့် စစ်မှန်တဲ့ ပြည်ထောင်စုကြီး ပေါ်ပေါက်ဖို့ ဦးတည်တဲ့ ဒုတိယပင်လုံ လှုပ်ရှားမှုကို သူတို့ကိုယ်တိုင် မလွှဲမရှောင်သာ ရင်ဆိုင်ကြရမှာပဲ။ လက်မခံလို့ မရဘူး။ ဘယ်လို တုံ့ပြန်ရမလဲ ဆိုတာကိုလည်း သူတို့ဖက်က အခုကတည်းက စဉ်းစား ထားရမယ်လို့ ပြောချင်တယ်။

ဖယ်ဒရယ်ဆိုတဲ့ အသုံးအနှုံးဆိုတာဟာ လွန်ခဲ့တဲ့ အနှစ် ၅၀ လောက်က နာမည်ဖျက် ခံထားရတဲ့ ပြည်ထောင်စုက ခွဲထွက်တယ် ဆိုတဲ့ အသုံးအနှုံး မဟုတ်ဘူး၊ အနှစ်သာရ မဟုတ်ဘူး။ ဖယ်ဒရယ် ဆိုတာဟာ အမှန်တကယ် အနှစ်သာရက နိုင်ငံရေး အသုံးအနှုံးတခုဖြစ်တယ်။ အများစု ပေါင်းနေထိုင်တဲ့ ပြည်ထောင်စု စနစ်ဖြစ်တယ်။ တပြည်ထောင် စနစ် မဟုတ်ဘူး ဆိုတာ၊ ခွဲထွက်ရေး မဟုတ်ဘူးဆိုတာ သိသွားကြပြီ ဖြစ်တယ်။ ဒါကို လူတွေ၊ တိုင်းရင်းသားတွေ၊ ပညာသည်တွေ၊ သတင်းသမားတွေ နားလည်အောင် လုပ်သွားရမယ်။

နောက်ပြီးတော့ အားလုံး ပါဝင်ပတ်သက်နိုင်အောင်လည်း ကြိုဆိုသွားမှာ ဖြစ်တယ်။

ဒါဆိုရင် အခုလိုမျိုး ဒုတိယပင်လုံညီလာခံ လှုပ်ရှားမှု ဆိုတာကို အရင်ကတည်းက လုပ်ခဲ့ဖို့ ဘာလို့ မစီစဉ် ခဲ့တာလဲ။ လုပ်ဖို့ ကြိုးစားဖူးသလား။

ဒီဟာကို ပြောမယ်ဆိုရင် ကျနော်တို့ အနေနဲ့ သမိုင်းကြောင်းလို လှန်ပြီးတော့ ပြန်ပြောနိုင်ပါတယ်။ ၁၉၈၈ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်က သံလျင်ကို စည်းရုံးရေး ခရီးစဉ် သွားဖို့ ရှိတယ်။ အဲသည်မှာ ပြောဆိုကြမယ့် အကြောင်းအရာတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးကြရတာ ရှိတယ်။ အဲသည်တုန်းက နိုင်ငံရေး ပါတီတွေ၊ နိုင်ငံရေး အင်အားစုတွေ၊ အားလုံးနဲ့ အမျိုးသား ညီလာခံလိုမျိုး ခေါ်ကြဖို့၊ တွေ့ဆုံဆွေးနွေးကြဖို့ စဉ်းစားကြတယ်။ တချက်ကတော့ အဲသည်တုန်းက စစ်တပ်က အာဏာသိမ်းတဲ့ နောက်ကွယ်က မဆလပါတီ ခေါင်းဆောင် ဦးနေ၀င်းက အမျိုးသား ညီလာခံလိုမျိုး ဦးအောင်ခေါ်ပြီး ပြည်သူတွေကို လှည့်စားတာမျိုး လုပ်မလာအောင် စဉ်းစားကြတဲ့ သဘောပဲ။

သို့သော်လည်း အဲသည်အကြောင်းကို တင်ပြဖို့က ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က မပြောဖြစ်ခဲ့ဘူး။ ဒေါ်ခင်ကြည် ဈာပန ဖြစ်ပေါ်လာခဲ့လို့ သူကိုယ်တိုင် မပြောဖြစ်ခဲ့ဘူး။ အကျဉ်းချုပ် အားဖြင့်တော့ အမျိုးသား ညီလာခံလိုမျိုး ခေါ်ပြီးတော့ တိုင်းပြည်ရဲ့ အရေး၊ ပြည်ထောင်စုရဲ့ အရေး လက်ရှိ မြန်မာပြည်ရဲ့ အရေးအခင်းတွေကို ဖြေရှင်းဖို့ ကျနော်တို့မှာ ရည်ရွယ်ချက် ရှိတယ် ဆိုတာလောက်ကို ကျနော်နဲ့ မောင်မိုးသူ သံလျှင်မြို့နယ် တွေ့ဆုံဆွေးနွေးပွဲမှာ ကိုယ်စားသွားပြီး အကျဉ်းချူပ်ပဲ ပြောဖြစ်ခဲ့တယ်။

အဲသည်ကနေဆက်ပြီးတော့ ၁၉၈၉ ဖေဖော်ဝါရီလ ၁၂ ရက် ရောက်တဲ့ အခါကျတော့မှ ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင် စည်းရုံးရေး ခရီးစဉ်ထွက်တဲ့ အခါ ပင်လုံမှာ မိန့်ခွန်းပြောတယ်။ ဘာကြောင့်လဲ ဆိုတော့ မဆလ တပါတီ အာဏာရှင် ဦးနေ၀င်းက ၁၉၆၄ ခုနှစ် တိုင်းရင်းသား ညီလာခံမှာ မိန့်ခွန်း ပြောခဲ့တယ်။ ပြောတဲ့နေရာမှာ အမြဲတမ်း လက်တန်းပြောတဲ့ သူက လက်တန်း မပြောဘဲနဲ့ စာရွက်ကို ကြည့်ပြီးတော့ ဖတ်ပြီးတော့ ပြောတယ်။ အဲသည်မှာ ပြည်ထောင်စု တိုင်းရင်းသားများ သဘောထားဆိုပြီး ပြောခဲ့တယ်။ ဒါကြောင့် ၁၉၈၉ ဖေဖော်ဝါရီ ၁၂ ပြည်ထောင်စု နေ့မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီ ပါတီက ပြည်ထောင်စု တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး ပြောရမယ် ဆိုပြီးတော့ ကျနော်တို့ ဆောင်ရွက်ကြရတာ ဖြစ်တယ်။

အဲသည်မှာ ကျနော်တို့ စီအီးစီတွေက စာတန်းတခု ထုတ်ပြန်ခဲ့တယ်။ အမှတ် ၉ ၊ ၁၀၊ ၁၁ လား တခုခုပဲပေါ့ကွာ။ အကြမ်းကတော့ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ၊ မျှော်မှန်းချက်တွေ၊ တောင်းဆိုချက်တွေကို မူအားဖြင့် လက်ခံတဲ့ သဘောထားကို ထုတ်ပြန်ခဲ့တယ်။ အဲသည် အပေါ်မှာ အင်န်အယ်ဒီရဲ့ ပါတီရဲ့ အစီအစဉ်တွေ၊ စဉ်းစားချက်တွေကို ထုတ်ဖော် ပြောခဲ့တယ်။

အဲသည်ပင်လုံ သဘောထားကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က အဲသည် ပင်လုံမှာ ဖတ်ကြားပြီးတော့ ရှမ်းပြည်က အပြန်မှာ သောင်းနဲ့ချီ ရိုက်ပြီးတော့ ဖြန့်ချိခဲ့တယ်။ ဝေခဲ့တယ်။ အဲဒါ ကုန်သွားလို့ … နောက်ပြီးတော့ တပ်ကုန်းကို ရောက်တော့ ပုံနှိပ်တိုက်တခုမှာ ထပ်ရိုက်ပြီး ထပ်ပြီး ဖြန့်ဝေခဲ့တယ်။

အဲဒီတုန်းကကော စစ်အစိုးရလုပ်ပေးမယ်ပြောတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အင်န်အယ်ဒီရဲ့ သဘောထား ကကော သီးသန့် မရှိဘူးလား

ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတာ ၁၉၈၉ နှစ်ဆန်းမှာကတည်းက ကြေညာလိုက်ပြီ။ အဲသည် အချိန်မှာ အင်န်အယ်ဒီက ရွေးကောက်ပွဲ ၀င်မယ်၊ မ၀င်မယ် ဘာမှ မပြောသေးဘူး။ သို့သော်လည်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သဘောထား ထုတ်ပြန်ခဲ့တာ ကတော့ - အဲသည် ရွေးကောက်ပွဲ ဆိုတာမှာ ဘယ်သူပဲ နိုင်နိုင်၊ အနိုင်ရ ပါတီဟာ လွှတ်တော်ရဲ့ ကမကထ ပြုချက်နဲ့ ညီလာခံတခု ခေါ်ရမယ်။ အဲသည် အမျိုးသား ညီလာခံ ခေါ်ခေါ် ဘာခေါ်ခေါ်ပေါ့ကွာ၊ အဲသည်မှာ လွှတ်တော်ပြင်ပက တိုင်းရင်းသားတွေ၊ ခေါင်းဆောင်တွေ အားလုံးကို ဖိတ်ခေါ်မယ်။ ကျယ်ပြန့်အောင် ဖိတ်ခေါ်ပြီးတော့ အဲသည်က နေပြီးတော့ ဒီမိုကရေစီကို ဖော်ဆောင်တဲ့ ကွန်စတီ ကျူးရှင်းကို ရေးဆွဲရမယ်။ အဲသည် ဖွဲ့စည်းပုံ ဒီမိုကရေစီ အခြေခံ ဥပဒေနဲ့ အညီ ပြည်သူဆီကို ပြန်သွားမယ် လို့ ပြောခဲ့တယ်။ အဲသည်အချိန်မှာ အနိုင်ရတဲ့ လွှတ်တော်ဆိုတာက ၄ နှစ် သက်တမ်းတွေ ဘာတွေ စောင့်နေမှာ မဟုတ်ဘူး။ အဲသည်တုန်းက ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်ပေါက်လာတဲ့ လွှတ်တော်ရဲ့ ကမကထပြုမှုနဲ့ အမျိုးသား ညီလာခံတခုကို လွှတ်တော် အမတ်တွေကော၊ ပြင်ပက တိုင်းရင်းသားတွေ၊ ပုဂ္ဂိုလ်တွေ၊ ပညာရှင်တွေကော အားလုံးကို ဖိတ်ခေါ်ပြီးတော့ ဒီမိုကရေစီ အနှစ်သာရရှိတဲ့ အခြေခံ ဥပဒေတခုကို ဆွဲမယ်။ အဲဒါရတာနဲ့ အဲသည် ဒီမိုကရေစီကို ဖော်ဆောင်တဲ့ အာမခံတဲ့ အခြေခံဥပဒေနဲ့ တိုင်းရင်းသားတွေ၊ ပြည်သူတွေဆီကို ပြန်သွားမယ်လို့ သဘောထား၊ စာတမ်း ထုတ်ပြန်ခဲ့တာ ရှိတယ်။

ဆိုတော့ ဟိုကတည်းက ရှိနေတဲ့ ပင်လုံသဘောထားတွေ၊ ဖယ်ဒရယ်ပြည်ထောင်စု သဘောထား တွေဟာ အခုအချိန်မှာ တိုင်းရင်းသားတွေ တိုင်းရင်းသား ခေါင်းဆောင်တွေ ကိုယ်တိုင် ထုတ်ဖော် ပြောဆိုလာပြီ ဖြစ်လို့ ကျယ်ပြန့်တဲ့ လက်ခံမှုတွေ၊ ထောက်ခံမှုတွေ ရှိလာပြီဆိုတဲ့ ပြယုဒ်လို့ ဆိုနိုင်သလား။

ပြည်ထောင်စုဖွဲ့စည်းမယ်၊ တိုင်းရင်းသားတွေ နိုင်ငံရေး တန်းတူညီမျှခွင့်၊ နိုင်ငံရေးကိုယ်ပိုင် ပြဋ္ဌာန်းခွင့် တွေကို အာမခံတဲ့ စစ်မှန်တဲ့ ပြည်ထောင်စု ဖွဲ့စည်းကြမယ် ဆိုတဲ့ မဲသဝေါထ စာတမ်းဆိုတာ ၁၉၉၇ နောက်ပိုင်းမှာ ပေါ်ထွက်ခဲ့တယ်။ အဲသည်စာတမ်းကို အကျယ်ချုပ်က လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်မှတ် ထိုးခဲ့တယ်။ သည်လိုမျိုး အစဉ်အလာ ရှိခဲ့တဲ့ ဖယ်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ဖို့ ဦးတည်တဲ့ လှုပ်ရှားမှုတွေဟာ အမြဲတန်း ရှင်သန်နေတယ်၊ ရှိနေတယ်လို့ ပြောချင်ပါတယ်။ ဒါကြောင့် ဒုတိယ ပင်လုံညီလာခံ လှုပ်ရှားမှုဆိုတာဟာ ပေါ်ပင် မဟုတ်ဘူး၊ ရွေးကောက်ပွဲတွေ၊ လွှတ်တော်တွေ ဆိုတာတွေထက် အရေးပါတဲ့ တိုင်းပြည်နဲ့ လူမျိုးတွေ အားလုံးအတွက် သက်ဆိုင်တဲ့၊ အားလုံးပါဝင် ပတ်သက်နိုင်တဲ့ အရေး ဖြစ်တယ်လို့ ပြောချင်ပါတယ်။

ကျေးဇူးတင်ပါတယ် ဆရာ။ ။

(အောက်တိုဘာ ၃၀၊ နံနက်ခင်းမှာ ဆရာဦးဝင်းတင်နဲ့ ပြောဆိုခဲ့သမျှ ဒုတိယပိုင်း ဖြစ်ပါတယ်)

0 comments:

အပေါ်သို့