December 13, 2011
နေသွင်
၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ တိုင်းရင်းသား နှစ်ပါတီနဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားနှစ်ပါတီ ပေါင်းစည်းရေး အတော်ခရီးရောက်နေပြီလို့ သိရပါတယ်။
ရွေး ကောက်ပွဲဝင် တိုင်းရင်းသားနှစ်ပါတီနဲ့ လောလောဆယ် ဖျက်သိမ်းခံထားရတဲ့ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရနှစ်ပါတီတို့ ပေါင်းစည်းပြီးရင် သက်ဆိုင်ရာပါတီတွေမှာ ခေါင်းဆောင် အပြောင်းအလဲတွေလည်း ဖြစ်လာနိုင်တယ်လို့ ပါတီ ခေါင်းဆောင်တွေက ပြော ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့တဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တဲ့ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့ ပြန်လည်ပေါင်းစည်းရေး ရှေ့တပတ်ထဲမှာ တရားဝင်ဆုံးဖြတ်ပြီးရင် ခေါင်းဆောင်မှု အပြောင်းအလဲတွေလည်း ဖြစ် နိုင်တယ်လို့ မွန်ဒေသလုံးဆိုင်ရာပါတီ ဥက္ကဋ္ဌ နိုင်ငွေသိန်းက ပြောပါတယ်။
“လူကတော့ ပြောင်းနိုင်တယ်။ ဥပမာ ကျနော့်နေရာမှာဆိုရင် သင့်တော်မယ့် ဟိုဘက် ပုဂ္ဂိုလ်ပေါ့။ ကျနော် ကမ်းလှမ်းပြီးသားပဲလေ။ နှစ်ဖက်စလုံးက သဘောကျမယ်ဆိုရင် ပိုပြီး သင့်တော်မယ့် အခြေအနေပေးမယ့် ပုဂ္ဂိုလ်တယောက်ကို တင်မယ်ဆိုရင် ကျနော့်အနေနဲ့ ဘာမှကန့်ကွက်စရာ အကြောင်းမရှိဘူးလေ။ ပိုပြီးတော့ ကောင်းအောင်၊ ပိုပြီး အရည်အသွေးပြည့်အောင်၊ ပိုပြီးခိုင်မာအောင် ကျစ်လျစ်အောင် ကျနော်က ကမ်းလှမ်းထားပြီးသားပါ။”
မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ လွှတ်တော် ၃ ရပ်စလုံးအတွက် အမတ်နေရာ ၁၆ နေရာမှာ အနိုင်ရခဲ့တာပါ။
မွန်ပါတီနှစ်ရပ် ပေါင်းစည်းရေးအတွက် ဆုံးဖြတ်ထားတဲ့ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး မင်းစိုးလင်းကလည်း ၂ ပါတီ ပေါင်းစည်းရေးနဲ့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရေး ကိစ္စကို ရှေ့တပတ်မှာ ဆွေးနွေးမယ်လို့ ပြောပါတယ်။
“အဓိက ကတော့ဗျာ။ ကျနော်တို့အဖွဲ့က ယူအန်အယ်လ်ဒီ (ပြည်ထောင်စု တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်) ရယ်၊ ယူအန်အေ (ညီညွတ်သော တိုင်းရင်းသားမဟာမိတ်များအဖွဲ့) ရော ကျနော်တို့အဖွဲ့က ပါနေတယ်လေ။ ယူအန်အယ်လ်ဒီနဲ့ ယူအန်အေရဲ့ နောက်ဆုံး ၁၆၊ ၁၁၊ ၂၀၊ ၂၁ မှာလုပ်တဲ့ အစည်းအဝေးတုန်းက နိုင်ငံရေးအကျဉ်းသားများ မလွတ်မြောက်သေးသောကြောင့် တိုင်းရင်းသားအများစုက ပါတီမှတ်ပုံတင်ရန် မဆုံးဖြတ်သေး၊ ဆက်လက် ဆွေးနွေးသွားမည် ဆိုတဲ့အပိုဒ်မှာ ကျနော်တို့ခံနေတယ်။ အဲ့အချက်က ကျနော်တို့ ပါတီ ၂၂ ရက်မှာ ထိုင်ပြီး အဆုံးအဖြတ် အတိအကျ ပေးမှာပါ။”
မွန်အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ဖူးပြီး၊ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေအပေါ်မှာ လက်မခံ နိုင်တဲ့ အတွက် ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပါတယ်။
အလားတူ ရခိုင်ပြည်နယ်အခြေစိုက် ရခိုင်နှစ်ပါတီလည်း လာမယ့်နှစ်ဆန်းပိုင်းမှာ ပြန်ပေါင်းစည်းနိုင်ရေး ကြိုးပမ်းနေတဲ့ အကြောင်းကို ရခိုင်အမျိုးသားတိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောပါတယ်။
“အမှန်အတိုင်း ဆိုရင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်က ပြီးခဲ့တဲ့ အစိုးရလက်ထက်က ဖျက်သိမ်းထားတဲ့အဖွဲ့ပေါ့။ ဒါပေမယ့် ရှိပြီးသားအဖွဲ့လို့ပဲ ကျနော်တို့ သတ်မှတ်ပါတယ်။ လာမယ့်လွှတ်တော်နားတဲ့ကာလ ဧပြီလလောက်ကို မှန်းထားပါတယ်။ အဲဒီမှာ ပါတီ ညီလာခံလုပ်မယ်။ ပါတီကြီးတခုကို ပေါင်းတယ်ဆိုတဲ့ သဘော အဓိက ဦးတည်ထားပါတယ်။ အဲဒီညီလာခံမှာ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်က ပုဂ္ဂိုလ်တွေလည်း ပါလာပြီးတော့ သတ်မှတ်ရင် ပိုကောင်းတာပေါ့။ အဲဒီတော့ အဲဒီကာလထိ မလာနိုင်ဘူးဆိုရင်လည်း ကျနော်တို့က နည်းဗျူဟာတခု ပြောင်းရမှာပေါ့။ နောက်ကာလတခုထိ ဖွင့်ထားမယ့်သဘောတော့ ရှိတယ်။ ကျနော်တို့က သင့်လျော် တဲ့ ပုဂ္ဂိုလ်တယောက်ယောက်ကို ဘယ်သူပဲဖြစ်ဖြစ် ရှေ့ကသွား။ ကျနော်တို့က နောက်ကလိုက်မှာပါ။”
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီတွေ အားလုံး သပိတ်မှောက်ခဲ့ကြပြီးနောက် သက်ဆိုင်ရာဒေသတွေမှာ တိုင်းရင်းသားပါတီ အသစ်တွေ ပေါ်ပေါက်ခဲ့ပါတယ်။
မကြာခင်တုန်း ကတော့ ၁၉၉၀ ရွေးကောက်ပွဲမှာ အများဆုံးအနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပါတီမှတ်ပုံပြန်တင်ပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်တဲ့နောက်မှာ မဟာမိတ် တိုင်းရင်းသား ပါတီတချို့လည်း တရားဝင်ပါတီဖြစ်ရေး စဉ်းစားလာကြတာပါ။
Ref: ဒီဗွီဘီ
Wednesday, December 14, 2011
ရခိုင်နှင့် မွန်ပါတီကို ပြန်လည်ဖွဲ့စည်းဖွယ်ရှိ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment