Tuesday, May 29, 2012

သမိုင်းတကွေ့မှ အတိုက်အခံနိုင်ငံရေးခေါင်းဆောင် ဗိုလ်ချုပ်အစ်ကို ဦးအောင်သန်း

သန်းဝင်းလှိုင်
မေ ၂၈၊ ၂၀၁၂

လွတ်လပ်ပြီးစ ပါလီမန်ဒီမိုကရေစီခေတ်တွင် အတိုက်အခံနိုင်ငံရေးခေါင်းဆောင် အဖြစ် ထင်ရှားခဲ့သော ဗိုလ်ချုပ်အစ်ကို ဦးအောင်သန်းကို အဖ ရှေ့နေဦးဖာ၊ အမိ ကုန်သည်ဒေါ်စု တို့မှ ၁၉၁၁ ခုနှစ် သြဂုတ်လ၂၀ ရက် တနင်္ဂနွေနေ့တွင် မကွေးခရိုင် နတ်မောက်မြို့တောင်ရွာ (အောင်ဆန်းရပ်) ၌ ဖွားမြင်ခဲ့သည်။ မွေးချင်း(၉) ဦး အနက် အဋ္ဌမမြောက်(နို့ညှာ) ဖြစ်သည်။ သူ၏ မွေးချင်းများမှာ …

(၁) မခင်ညွှန့် (လယ်ဝန်ကတော်)
(၂) မဝက်(အိမ်ထောင်မပြု)
(၃) မောင်ဘဝင်း (ဘီအေ၊ ဘီအက်စ်စီ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ကျဆုံးခဲ့သူ)
(၄) မရွှေမှန် (ငယ်စဉ်က ကွယ်လွန်)
(၅) မောင်နေအောင် (အမိန့်တော်ရရှေ့နေ)
(၆) မောင်ညိုမောင် (ငယ်စဉ်ကကွယ်လွန်)
(၇) မောင်ထွန်းလင်း
(၈) မောင်အောင်သန်း
(၉) မောင်အောင်ဆန်းတို့ဖြစ်ကြသည်။

မိခင်ဘက်မှ အဘိုးဖြစ်သူမှာ မြို့လုလင်သူကြီး ဦးမင်းရောင်ဖြစ်ပြီး သီပေါမင်း ပါတော်မူချိန်က မြို့လုလင်၊ နတ်မောက် နယ်က နယ်ချဲ့တို့ကို ဦးဆောင်တော်လှန်ခဲ့သော ဗိုလ်မင်းရောင် (မင်းကြီးရွှေလရောင်) ဖြစ်သည်။

အသက် ၆ နှစ်မှ ၁၃ နှစ်အထိ နတ်မောက်မြို့ရှိ ဘကြီးတော်စပ်သော ဘုန်းတော်ကြီး ဦးသောဘိတ၏ မြန်မာ စာသင်ကျောင်း၌ ပညာ သင်ကြားခဲ့သည်။ ယင်းကျောင်းမှ ၁၉၂၄ ခုနှစ်တွင် မြန်မာ ၇ တန်းအောင်ခဲ့သည်။ ထို့နောက် ၁၉၂၄ ခုနှစ်မှ ၁၉၂၉ ခုနှစ်တိုင် ရေနံချောင်းမြို့ အမျိုးသားကျောင်း၌ ပညာ ဆက်လက် သင်ယူသည်။ အစ်ကိုကြီး ဦးဘဝင်း (အာဇာနည်ဦးဘဝင်း)၊ (၁၉၀၁-၁၉၄၇) မှာ ယင်းကျောင်းမှ အထက်တန်းပြ ဆရာဖြစ်သည်။

၁၉၂၆ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ ၇ တန်းစကောလားရှစ်စာမေးပွဲ အောင်သည်။ ၁၉၂၈ ခုနှစ်တွင် ဆယ်တန်း စာမေးပွဲကို မြန်မာစာ ဂုဏ် ထူးဖြင့်အောင်သည်။ သို့သော် သင်္ချာ ဘာသာ၌ ကျနေ၍ တက္ကသိုလ်ဝင်ခွင့် မရချေ။ ထို့နောက် ၁၉၂၉ ခုနှစ်တွင် သချာင်္ဘာသာ တစ်ခုတည်းသာ ဖြေဆိုခွင့် ရသော်လည်း ဘာသာ အားလုံးပြန်ဖြေရာ ဂဏန်း ဘာသာတွင် ဂုဏ်ထူးဖြင့်အောင်မြင်ကာ တက္ကသိုလ်ဝင်ခွင့် ရခဲ့သည်။ (ထိုခေတ် က သင်္ချာဘာသာကို ဂဏန်းဘာသာ၊ အက္ခရာသင်္ချာနှင့် ဂဲသြမေထရီဘာသာ ဟူ၍ ခွဲခြားထားသည်။)

ဦးအောင်သန်းသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် အသက် ၄ နှစ်မျှသာခြား၍ အထက်အောက် ညီအစ်ကိုဖြစ်သော်လည်း ဗိုလ်ချုပ်နှင့် စိတ်နေ သဘာဝ ကွာခြားပုံကို နောင်တွင် ဗိုလ်ချုပ်အောင်ဆန်းက သူ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ၌ ဤသို့ဖော်ပြခဲ့သည်။

“ညီအစ်ကိုမောင်နှမများထဲတွင် ကျနော် အငယ်ဆုံးဖြစ်သည်။ ထို့ကြောင့် ကျနော်တို့ အိမ်စံချိန်နှင့် ကြည့်လျှင် ကျနော် အလိုလိုက် ခံရဆုံး ဖြစ်၏။ အဆိုးဆုံးဟုလည်း အိမ်နီးနားချင်းပါမက ရွာနီးနားချင်းပါ အသိအမှတ်ပြု ခံရ၏။ ကျနော်၏ အထက် အစ်ကို ကိုအောင်သန်းနှင့် ကျနော်မှာ အသက် ၃ နှစ်ခွဲ ၄ နှစ်မျှ ကွာ၏။ သူနှင့်ကျနော်ကား ငယ်ငယ်က ရန်ဖြစ်ဘက်ဖြစ်၏။ သူကား လက်မြန်၏။ ကျနော်ကား အားကြီး၏။ မချိန် မဆ လက်လွှတ်စပယ် လုပ်တတ်၏။ သူကား နု၏။ မင်းသားကျချင်၏။ ကျနော်ကား ကြမ်း၏။ သူသည် အစားအသောက် အနေအထိုင်မှ စ၍ သပ်ရပ်၏။ အစားဆိုလည်း အစားတိုင်းမစား၊ စားသောက်နေသည့် အခါ အစာမြေကြီးပေါ်သို့ ကျသွားလျှင် သူသည် မစားတော့။ ကျနော်ကား ဖုတ်ဘက်ခါ၍ စားနိုင်လျှင် စား၏။ သူကား အဝတ်များကို သပ်သပ်ရပ်ရပ် ဝတ်တတ်၏။ သူသည် မြေကြီး ကြမ်းများပေါ်တွင် မည်သည့် အခါမျှ တုံးလုံးမလှဲ၊ ကျနော်ကား ကြိမ်ဖန်များစွာ လှဲဖူး၏။ သူကား ပါး၏။ လျှင်၏။ ကျနော်ကား ထူ၏။ အေး၏။” ဟူ၍ ရေးသား ထားလေသည်။

၁၉၂၉ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်၌ ပညာဆက်လက် သင်ယူသည်။ ၄င်းနှင့် တစ်နှစ်တည်း တက္ကသိုလ်ရောက်သူ အများမှာ ကိုရှုမောင် (ဗိုလ်ချုပ်ကြီးနေဝင်း)၊ ကိုချင်းစိန် (ရွှေညာမောင်)၊ ကိုဝန် (မင်းသုဝဏ်) စသည်တို့ ဖြစ်ကြသည်။ ၁၉၃၁ ခုနှစ်တွင် ဥပစာတန်း စာမေးပွဲအောင်၍ အင်္ဂလိပ်စာ ဂုဏ်ထူးတန်း တက်ခွင့်ရသည်။ ဝိဇ္ဇာ ရိုးရိုးတန်းတက်၍ ၁၉၃၂-၃၃ နောက်ဆုံးနှစ်တွင် တက္ကသိုလ်ကျောင်းသား သမဂ္ဂ (တကသ) အဖွဲ့၌ အလုပ်အမှုဆောင် အဖွဲ့ဝင်၊ ရန်ကုန် တက္ကသိုလ် ဗုဒ္ဓဘာသာအသင်း အမှုဆောင်၊ မကွေးခရိုင် တက္ကသိုလ်ကျောင်းသားများ အသင်းဥက္ကဋ္ဌ၊ အင်းဝဆောင် သဟာယအသင်း အမှုဆောင်၊ အစား အသောက်ကော်မတီဝင် အဖြစ် ဆောင်ရွက်သည်။ ယင်းအဖွဲ့ပေါင်း စုံ၌ အချိန်ပြည့်ဆောင်ရွက်မှုကြောင့် စာမေးပွဲ ကျခဲ့ရသည်။

ယင်းနောက် ၁၉၃၄တွင် စာပြန်ကြိုးစား၍ ပြန်ဖြေရာ ဝိဇ္ဇာ (ဘီအေ) စာမေးပွဲကို အင်္ဂလိပ်စာပေ၊ ခေတ်သစ် ရာဇဝင်နှင့် နိုင်ငံရေးသိပ္ပံ ဘာသာရပ်များဖြင့် အောင်မြင်ခဲ့သည်။

၁၉၃၄-၃၆တွင် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော The New Burma အမည်ရှိ ဝံသာနု သတင်းစာတွင် လက်ထောက် အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုစဉ်က အယ်ဒီတာချုပ်မှာ ၉၁ ဌာနခေတ် ဝန်ကြီး၊ ဂျပန်ခေတ် ဝန်ကြီးနှင့် ပထမဆုံး ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးဖြစ်သော ဒေါက်တာသိန်းမောင် (၁၈၉၁ ခုနှစ် ဇန်နဝါရီ ၂ – ၁၉၄၆ ခုနှစ် မေ ၂၃) ဖြစ်သည်။ နယူးဘားမား သတင်းစာသည် နိုင်ငံ ရေး သတင်းစာဖြစ်သည့် အတိုင်း စီးပွားရေး မတောင့်တင်း၊ အလုပ်သမားများအား လခပင် ပုံမှန်မပေးနိုင်ဘဲ ဝံသာနု စိတ်ရှိသူများသာ ဝင် ရောက် လုပ်ကိုင်ကြသည်။ ဗြိတိသျှ အစိုးရကလည်း သတင်းစာနှင့် အလုပ်သမားများ၊ အယ်ဒီတာများကို အခါအခွင့်သင့်တိုင်း ဖိနှိပ်ခဲ့သည်။

၁၉၃၆ ခုနှစ် စက်တင်ဘာတွင် မြန်မာနိုင်ငံဝန်ထမ်းနှင့်အခြားဋ္ဌာန ဝန်ထမ်း စာမေပွဲ (Combined B.C.S and other Services Examination) အောင်သည်။ ယင်းနောက် ၁၉၃၇ ခုနှစ် မတ်လ ၁၁ ရက်မှစ၍ မြို့အုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၃၇ – ၄၂တွင် မင်းဘူး အလုပ်သင်မြို့အုပ်၊ ရေစကြို လက်ထောက်မြို့ပိုင်၊ မြိုင်မြို့ပိုင် အဖြစ် အမှုထမ်းသည်။ ဂျပန်ခေတ် (၁၉၄၂ မတ် ၈ မှ ၁၉၄၅ မေ ၃) တွင် နယ်ပိုင် ဝန်ထောက် ဖြစ်လာသည်။ စစ်ပြီးစ ကက်စဘီ (CAS-B) ခေါ် မြန်မာနိုင်ငံဆိုင်ရာ မြို့ပြ အုပ်ချုပ်ရေး အဖွဲ့ [Civil Affairs Service (Burma)] အုပ်ချုပ်ရေး ကာလ ၁၉၄၅ ခုနှစ် အောက်တိုဘာလတွင် မြို့အုပ် ရာထူးမှ နှုတ်ထွက်၍ နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့သည်။ နိုင်ငံရေးလောက၌ ဆိုရှယ်လစ်ပါတီသို့ ဝင်ရောက်ပြီး တောင်တွင်းကြီးမြို့နယ် ဆိုရှယ်လစ်ပါတီ၌ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ယင်းနောက် မကွေးခရိုင် ဖဆပလ ဥက္ကဋ္ဌ၊ ၁၉၄၇ တိုင်းပြုပြည်ပြုလွှတ်တော် မကွေးအရှေ့မြောက်နယ် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်သည်။ သခင်နုဦးဆောင်သော ကြားဖြတ် အစိုးရ လက်ထက် ၁၉၄၇ သြဂုတ်၂၅ တွင် သယ်ယူ ပို့ဆောင်ရေးနှင့် လမ်းပန်း ဆက်သွယ်ရေးဋ္ဌာန ပါလီမန်အတွင်းဝန်၊ ၁၉၄၈-၄၉ တွင် ဝန်ကြီးချုပ်ဦးနု၏ တွဲဖက် ပါလီမန် အတွင်းဝန်၊ သယ်ယူ ပို့ဆောင်ရေးဋ္ဌာန အတွင်းဝန်၊ ပြည်ထဲရေးဋ္ဌာန တွဲဖက် ပါလီမန် အတွင်းဝန်အဖြစ် ဆောင်ရွက်ခဲ့ သည်။

၁၉၄၉ ဧပြီ၂တွင် ဆိုရှယ်လစ်ပါတီနှင့်ရဲဘော်အဖွဲ့ဝင်များ အစိုးရအဖွဲ့မှ နှုတ်ထွက်ရာတွင် ပါဝင်ခဲ့သည်။ ထို့နောက် ဦးဗဆွေ (ဆိုရှယ်လစ်ပါတီ အထွေထွေ အတွင်းရေးမှူး)၊ သခင်ချစ်မောင် (သာယာဝတီ) (လက်ထောက် အထွေထွေ အတွင်းရေးမှူး) တို့နှင့်အတူ နိုင်ငံခြားရေး ဗျူရို ဒုတိယ အတွင်းရေးမှူး အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၄၉ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့တွင် ဆိုရှယ်လစ်ခေါင်းဆောင်များ အာဏာယစ်မူး မှုကို မကြိုက်၍ အာဏာရ ဆိုရှယ်လစ်ပါတီမှ နှုတ်ထွက်ခဲ့သည်။ ၁၉၅၀ပြည့်နှစ် ဒီဇင်ဘာလ ၃၁ရက်နေ့တွင် ဖဆပလ အတိုက်အခံ အလုပ် သမား လယ်သမားပါတီ (ဆိုရှယ်နီ) မှ သခင်ချစ်မောင်၊ သခင်လွင်၊ သခင်လှကျွေတို့ ဦးဆောင်၍ ဒီမိုကရေစီ အခွင့်အရေး တောင်းဆိုပွဲကို ရန်ကုန်မြို့တော် မဟာဗန္ဓုလ ပန်းခြံတွင်ကျင်းပရာ ဦးအောင်သန်းသည် သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် ဖဆပလအဖွဲ့ ချုပ်၏ ထုချေလွှာ အတောင်းခံရသည်။

၁၉၅၁ခုနှစ်တွင် ကြည့်မြင်တိုင်လွှတ်တော်အမတ် ဒေါ်ခင်လှ (အမျိုးသမီးစောင့်ရှောက်ရေး အဖွဲ့ ဥက္ကဋ္ဌ)၊ ဦးဘလွန်း (လမ်းမတော်)၊ ဦးဉာဏ် ရှိန် (မကွေး အရှေ့မြောက် နတ်မောက်မြို့)၊ မန်းထွန်းရင် (ပါလီမန်ဒုဥက္ကဋ္ဌ) တို့နှင့် အထူ ဖဆပလ အဖွဲ့ချုပ်မှ နှုတ်ထွက်ခဲ့သည်။

ထို့နောက် လွှတ်တော်အမတ် တောင်ကြီးဦးထွန်းမြင့်၊ ဒူးဝါဇော်ရစ်၊ စော်နော်တင်ဘွား၊ မန်းထွန်းရင်၊ ဘီလီနွန်း၊ မစ္စတာဖစ်ရှား၊ ဗိုလ်အောင်ခိုတို့နှင့် ပူးပေါင်းပြီး ပါလီမန် အတွင်း အတိုက်အခံ အဖွဲ့ကို ဦးဆောင်ခဲ့သည်။ တဖန် သခင်လွင်၊ သာယာဝတီ သခင်ချစ်မောင်၊ သခင်လှကျွေ တို့ဦးဆောင်သော ဆိုရှယ်နီပါတီ ခေါ် ဗမာပြည် အလုပ်သမား လယ်သမား ပါတီနှင့် ပူးပေါင်း၍ ပြည်သူ့ ဒီမိုကရေစီ တပ်ပေါင်းစု ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ အတွင်းရေးမှူးမှာ သခင်ချစ်မောင် (သာယာဝတီ) ဖြစ်သည်။

၁၉၅၁ခုနှစ် ဇွန်လ ၁၂ရက်နေ့တွင် မြန်မာနိုင်ငံတော် လွတ်လပ်ရေးရ ပြီးနောက် ပထမဆုံးအကြိမ်ပြုလုပ် ခဲ့သည့် ပါလီမန်ရွေးကောက် ပွဲတွင် ပါလီမန် အတိုက်အခံ အဖွဲ့သည် ပြည်သူ့ရဲဘော်၊ တို့ဗမာ အစည်းအရုံး၊ ဦးသိန်းဖေမြင့် (တသီးပုဂ္ဂလ)တို့နှင့် ပူးပေါင်းပြီး ပြည်သူ့ငြိမ်းချမ်းရေး အဖွဲ့ပေါင်းစုကို တည်ထောင်ကာ ဦးအောင်သန်းအား ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ် ခဲ့ကြသည်။ အဖွဲ့၏ နာယကမှာ ဆရာကြီးသခင် ကိုယ် တော်မှိုင်း၊ ဒုတိယဥက္ကဋ္ဌ သခင်ထွန်းအုပ်၊ ဗိုလ်လရောင် (ရဲဘော်သုံးကျိပ်)နှင့် အတွင်းရေးမှူး ဦးထွန်းမြင့်(တောင်ကြီး)တို့ ဖြစ်ကြ သည်။ အဖွဲ့၏ အမှတ်တံဆိပ် ပန်းသပြေနှင့်ညောင်ရေအိုး ပုံကို အစွဲပြု၍ တည်မြဲ ဖဆပလ ဒုတိယ ဝန်ကြီးချုပ် ဦးကျော်ငြိမ်းက “ညောင်ရေ အိုးပါတီ”ဟု ကင်ပွန်းတပ်ခဲ့သည်။

ပါလီမန်ရွေးကောက်ပွဲတွင် လမ်းမတော်မဲဆန္ဒနယ်မှ ဝန်ကြီးချုပ် ဦးနုနှင့် ယှဉ်ပြိုင်ရာ ရှုံးနိမ့်ခဲ့သည်။

ရွေးကောက်ပွဲပြီးနောက် ဒေါက်တာဘမော်၏ မဟာဗမာပါတီ၊ သခင်လွင်၊ သခင်ချစ်မောင် (သာယာဝတီ) တို့၏ ဆိုရှယ်နီပါတီ နှင့်ပူးပေါင်း၍ “သုံးပွင့်ဆိုင် မဟာမိတ် အဖွဲ့” သည် ပြည်တွင်းငြိမ်းချမ်းရေး၊ တရုတ်ဖြူ ကျူးကျော်မှု ဆန့်ကျင်ရေး၊ ပြည်သူ့ဒီမိုကရေစီ အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့သည်။

ယင်းနောက် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်၍ ၁၉၅၁ ခုနှစ် ဇူလိုင်လ ၂၄ရက်နေ့တွင် ပြည်သူ့ ငြိမ်းချမ်းရေး အဖွဲ့ပေါင်းစု၊ တို့ဗမာ အစည်းအရုံး၊ ဆိုရှယ်နီပါတီ၊ သံဃာ့ပါတီ၊ ပြည်သူ့ ဒီမိုကရေစီတပ်ပေါင်းစု၊ တောင်သူလယ်သမား အစည်း အရုံး၊ သိမ်ကြီးဈေးဗဟို သမဂ္ဂ၊ ဗမာပြည် အလုပ်သမား အစည်းအရုံး အဖွဲ့ချုပ်၊ မွန်တိုင်းရင်းသား အစည်းအရုံး၊ ပြည်သူ့လူငယ် အဖွဲ့၊ မဟာဗမာ အဖွဲ့၊ ပြည်သူ့ ညီညွတ်ရေးပါတီ၊ ပြည်သူ့မြို့ပြရေးရာကောင်စီ၊ ကရင်ကွန်ဂရက်၊ အမှုထမ်းသမဂ္ဂ၊ ဒီမိုကရေစီ အမျိုးသမီးအဖွဲ့၊ မွန်အမျိုး သားအဖွဲ့၊ ပြည်သူ့ပါတီ၊ ကလောင်သစ်အဖွဲ့၊ တဲအိမ် လူထုစောင့်ရှောက်ရေး အဖွဲ့ စသည့် အဖွဲ့ပေါင်း ၃၀ကျော် ပါဝင်သည့် “ဒီမိုကရေစီ အခွင့် အရေး ကာကွယ်မှုကော်မတီ”ကို ဖွဲ့စည်း၍ ဥက္ကဋ္ဌ အဖြစ် ဦးအောင်သန်းအား တာဝန်ပေးအပ် ခဲ့သည်။ အထွေထွေ အတွင်းရေးမှူးမှာ သခင်လှ ကျွေ (ဆိုရှယ်နီပါတီ)ဖြစ်သည်။ အဖွဲ့ဝင်များ အဖြစ် သခင်သန်း၊ မွန်ဦးဖိုးချို၊ မွန်ထွန်းရင်၊ သခင်ရှိန်ဇော်၊ သခင်အောင်ရင်၊ သခင်ဗဟန်၊ ဦးအရိယဝံသ၊ ဦးရွှေဖြူ၊ ဦးထွန်းအောင်ကျော်(အမှုထမ်းသမဂ္ဂ)၊ ဦးဘဂျမ်း၊ ဦးလှတင်၊ ရဲဘော်မျိုးညွန့်၊ ရဲဘော်သန်းငွေတို့ အပါအဝင် အမှုဆောင်အဖွဲ့ဝင် ၂၁ ဦး ပါဝင်သည်။

ကော်မတီသည် ၃ နှစ်အတွင်း ဒီမိုကရေစီအခွင့်အရေး ချိုးဖောက်မှုပေါင်း ၃၀၀ ကျော်ကို စိစစ် မှတ်တမ်း တင်၍ ဥပဒေနှင့်အညီ အာဏာ ပိုင်များထံ တင်ပြတောင်းဆိုခြင်း၊ လူထုနည်းဖြင့် ကန့်ကွက် ဆန္ဒပြခြင်းများ ပြုလုပ်ခဲ့သည်။ ၁၉၅၄ တွင် ကော်မတီ၏ ၃ နှစ်မြောက် အထိမ်း အမှတ်အဖြစ် “ဒီမိုကရေစီရေး မှတ်တမ်းကြီး” (Records for Democratic Actions) ပထမပိုင်းကို ထုတ်ဝေခဲ့သည်။

၁၉၅၅ခုနှစ် ဖေဖော်ဝါရီလတွင် အလုံမဲဆန္ဒနယ်မှ ရန်ကုန်မြူနီစပါယ်လူကြီးအဖြစ် ရွေးချယ်ခံရသည်။ ၁၉၅၅ခုနှစ် နိုဝင်ဘာလ ၁၈ ရက် နေ့တွင် တို့ဗမာ အစည်းအရုံး၊ ပြည်သူ့ ညီညွတ်ရေးပါတီ၊ ပြည်သူ့ငြိမ်းချမ်းရေး အဖွဲ့ပေါင်းစု၊ ဗမာပြည် အလုပ်သမား ပါတီ(ဆိုရှယ်နီ)၊ ဗမာပြည် အလုပ်သမား အစည်းအရုံးများ အဖွဲ့ချုပ်၊ တောင်သူ လယ်သမား ညီညွတ်ရေး အစည်းအရုံး၊ ပြည်သူ့ လူငယ်အဖွဲ့၊ တရားမျှတမှု အဖွဲ့၊ မွန်အမျိုးသား အဖွဲ့၊ မန်းထွန်းရင်(တသီးပုဂ္ဂလ)၊ ပြည်သူ့ရဲဘော် ပါတီ၊ မွန်ပြည်သူ့ တပ်ဦးတို့ စုပေါင်း၍ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစု(ပမညတ) [National United Front (NUF)] ကို တည်ထောင်ခဲ့ရာ ဦးအောင်သန်းသည် သဘာပတိ အဖွဲ့ဝင် အဖြစ်ဆောင်ရွက် ခဲ့သည်။ ပမညတသည် ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ အရေး၊ အမျိုးသား ညီညွတ်ရေး၊ အမျိုးသား စီးပွား ထူထောင်ရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး ထိန်းသိမ်း ကာကွယ်ရေး မူဝါဒလမ်းစဉ်ဖြင့် ၁၉၅၆ ခုနှစ် ဧပြီလ၂၇ ရက်နေ့တွင် ကျင်းပသော ဒုတိယအကြိမ် ပါလီမန် ပြည်သူ့ လွှတ်တော်ရွေးကောက် ပွဲကို ဝင်ရောက် အရွေးခံရာ အမတ်နေရာ ၄၆နေရာ အနိုင် ရရှိခဲ့ သော်လည်း ရန်ကုန် ကြည့်မြင်တိုင် တောင် ပိုင်းမဲ ဆန္ဒနယ်မှ ဝင်ရောက်အရွေးခံသော ဦးအောင်သန်းသည် ဖဆပလ အမတ် မြန်မာ့အလင်း ဦးတင်ကို ရှုံးနိမ့်ခဲ့သည်။

၁၉၅၈ခုနှစ်ဇူလိုင်လတွင် ပမညတထောက်ခံမှုဖြင့် ဦးအောင်သန်းကို ဒီမိုကရေစီမော်ကွန်းတင် ညီလာခံ အတွင်းရေးမှူး (လစာ ၁၅၀၀ ကျပ်) ရာထူး ဖဆပလ အစိုးရက ကမ်းလှမ်းရာ ငြင်းပယ်ခဲ့သည်။

၁၉၅၈ ခုနှစ် ဇူလိုင်လ၂၀ ရက်နေ့တွင် အမျိုးသား တိုးတက်ရေး ပါတီကို တည်ထောင်၍ ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်သည်။ ၁၉၅၈ ခုနှစ် စက် တင်ဘာလ၂၆ ရက်နေ့တွင် ဝန်ကြီးချုပ်ဦးနုက ၁၉၅၉ ခုနှစ် ဧပြီလမကုန်မီ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အကြောင်း ပြချက်ဖြင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းကို အာဏာ လွှဲပေးမှုကို ဦးအောင်သန်းသည် ပမညတကို ဦးဆောင်၍ ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။ သူဦးဆောင်နေသော အမျိုးသား တိုးတက်ရေး ပါတီကလည်း တရားပွဲများ ကျင်းပ၍ ကန့်ကွက်ခဲ့ သည်။

ယင်းနှင့်ပတ်သက်၍ ဦးအောင်သန်းသည် သူ၏ “အောင်ဆန်းမိသားစု” စာအုပ် စာ ၈၀ ၌ “ဦးနုက မိမိဆန္ဒအလျောက် ဗိုလ်ချုပ်နေဝင်းအား လွှဲပေးလေဟန် တိုင်းပြည်အား လှည့်စား ထားသော်လည်း မိမိအမှားများကြောင့် လွှဲပေးရသည်ကို လူတိုင်းသိပါသည်။

ဦးနုက ဗိုလ်ချုပ်နေဝင်းအား လွှဲမပေးမီ သူ့အား အမတ် ၄၆ ယောက်ဖြင့် ပါလီမန်တွင်ထောက်ခံ ခဲ့သော ကျနော်တို့ ပမညတကိုလည်း မ ဆွေးနွေးခဲ့ချေ။ ထိုသို့လွှဲပေးခြင်းကိုလည်း ပမညတက သဘော မတူပါ။ အထူးသဖြင့် ကျနော်ခေါင်းဆောင်သော အမျိုးသား တိုးတက်ရေး ပါတီက အကြီးအကျယ် ကန့်ကွက်ပါသည်။ သို့သော် မရပါ။ ဦးနုသည် မိမိ အတွက် အကျိုးရှိမည် ထင်လျှင် မည်သည့် ထုံးတမ်း စဉ်လာကိုမျှ လိုက်နာလေ့မရှိ။ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်ပါတီကိုမျှ ထောက်ထားလေ့ မရှိပါ”ဟူ၍ ရေးသားထားလေသည်။

ယင်းနောက် ၁၉၅၈ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် အမျိုးသား တိုးတက်ရေး ပါတီနှင့် ရဲဘော်ပေါင်းစုံ ထိန်းသိမ်းရေး အဖွဲ့၊ တို့ဗမာ အစည်း အရုံးတို့ ပူးပေါင်းခဲ့သည်။ ပါတီအမည်ကို အမျိုးသား တိုးတက်ရေး ပါတီဟုပင် ဆက်လက် အသုံးပြုခဲ့သည်။

ထို့နောက် ဗိုလ်ချုပ်နေဝင်းအိမ်စောင့်အစိုးရလက်ထက် ၁၉၅၉ ခုနှစ် ဧပြီလ ၃ ရက်နေ့ ညတွင် ပုဒ်မ ၅ဖြင့် ဖမ်းဆီး ခံရပြီး မေလ ၇ ရက်နေ့တွင် ရန်ကုန်မှ မိုင်၂၆၀ ကျော်ဝေးသော ပင်လယ် အတွင်းရှိ ကိုကိုးကျွန်း အကျဉ်းစခန်းသို့ ပို့ခဲ့သည်။ ကိုကိုးကျွန်းမှာ အလျားခုနစ်မိုင်၊ အနံနှစ်မိုင် ရှိ၍ ပင်လယ်ပြင်ကိုဖြတ်လျက် သဘောင်္ဖြင့် ၂၈ နာရီကြာမျှ သွားရောက် ရသည်။ ကိုကိုးကျွန်း အကျဉ်းစခန်း၏ ထူးခြားချက်မှာ အကျဉ်းသား များအား ထောင်ဝါရမ်းတွင် မည်သို့ပင်ရေးထားစေကာမူ အားလုံးကို သာမာန် အကျဉ်းသားများ (‘ဂ’အကျဉ်းသား) အဖြစ်သာ ဆက်ဆံရန် အိမ်စောင့် အစိုးရက ညွှန်ကြားထားသည်။ ဦးအောင်သန်းသည် ကိုကိုးကျွန်းရောက်ပြီး ကျန်းမာရေး တဖြည်းဖြည်း ဆိုးရွားလာသဖြင့် ၁၉၅၉ ခုနှစ်ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ဆေးဝါးကုသရန် ရန်ကုန် စံပြထောင် (ယခုသူနာပြု တက္ကသိုလ်) သို့ ပြန်ပို့ခဲ့သည်။ ထို့နောက် ၁၉၆၀ ပြည့် နှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် ထောင်မှ ပြန်လွှတ်ပေးခဲ့သည်။

၁၉၆၀ပြည့်နှစ် ဖေဖော်ဝါရီလ၆ရက်နေ့တွင် ကျင်းပသော ပါလီမန်ပြည်သူ့ လွှတ်တော် အထွေထွေ ရွေးကောက်ပွဲတွင် ရန်ကုန်ကြည့်မြင် တိုင် တောင်ပိုင်းမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ရွေးကောက်ပွဲ၌ ရှုံးနိမ့်ခဲ့ပြန်သည်။

၁၉၆၂ ခုနှစ် မတ်လ၂ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်၍ နိုင်ငံတော် အာဏာကို သိမ်းယူပြီး တော်လှန်ရေး ကောင်စီက ဆိုရှယ်လစ်နိုင်ငံ ထူထောင်မည်ဟုကြေညာခဲ့ရာ ဦးအောင်သန်းသည် တော်လှန်ရေးကောင်စီကို ထောက်ခံခဲ့သည်။ ၁၉၆၄ ခုနှစ် ဧပြီလတွင် တော်လှန်ရေးကောင်စီက ပေးအပ်သည့် တာဝန်များကို စတင် ထမ်းဆောင်ချိန်မှ စ၍ အတိုက်အခံနိုင်ငံရေး သမား ဘဝ နိဂုံး ချုပ်ခဲ့ရသည်။

‘၈၈’ ဒီမိုကရေစီအရေးတော်ပုံကြီးအပြီး ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလတွင် တည်ထောင်ခဲ့သော ပြည်သူ့ ဒီမိုကရေစီ ပါတီ (People’s Democratic Party) တွင် နာယက အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ သို့သော် ၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့တွင် ကျင်းပသော ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးမျှ အရွေး မခံရသောကြောင့် နဝတအမိန့်အမှတ် (၂/၉၂) ဖြင့် ၁၉၉၂ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ဖျက်သိမ်း ခံခဲ့ရသည်။

ဦးအောင်သန်းသည် ၁၉၃၆ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် တောင်တွင်းကြိးမြို့နေ ဦးဘတင်၊ ဒေါ်စံတို့၏ တတိယသမီး ဒေါ်ခင်နု (သခင် ထွန်းအုပ်၏ ဇနီး ဒေါ်ခင်တုတ်၏ ညီမ) နှင့် လက်ထပ်၍ သားစောလှအောင်သန်း၊ သမီး ရီရီအောင်သန်း၊ တီတီအောင်သန်း၊ သားချိုအောင်သန်း၊ သမီးငယ် မမသန်းတို့ ထွန်းကားခဲ့သည်။

ဦးအောင်သန်းသည် စာပေဝါသနာထုံ၍ ၁၉၅၂ ခုနှစ် မေလ ၁ ရက်နေ့တွင် ပြည်သူ့နေ့စဉ် သတင်းစာကို ဦးစီး ထုတ်ဝေခဲ့သည်။ သို့သော် လုပ်ငန်း မကျွမ်းကျင်၍ ၄ လခန့် အကြာတွင် ရပ်ဆိုင်း သွားခဲ့ရသည်။ ၁၉၅၄ ခုနှစ်တွင် ပြည်သူ့ဂျာနယ်ကို ထပ်မံ ထုတ်ဝေသည်။ သခင်မြသန်း က တာဝန်ခံ အဖြစ်ဆောင်ရွက်ပေးခဲ့သည်။ ဂျာနယ်တွင် ဆောင်းပါးများရေးသား၍ လုံးချင်း စာအုပ်များ အဖြစ် “၁၆နှစ် နိုင်ငံရေး အ တွေ့ အကြုံများ” (၁၉၆၂)၊ “အောင်သန်း၏ အောင်ဆန်း” (၁၉၆၅)၊ “အောင်ဆန်းမိသားစု” (၁၉၇၀)စသည့် စာအုပ်တို့ကို ပြုစုရေးသားခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ဒုတိယအဆင့်) ချီးမြှင့်ခံရသည်။

ထို့နောက် ဝါရင့်အတိုက်အခံနိုင်ငံရေးသမားကြီး ဗိုလ်ချုပ်အစ်ကို ဦးအောင်သန်းသည် ရန်ကုန်မြို့ ရန်ကင်းမြို့နယ် နေအိမ်၌ ၁၉၉၁ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ကွယ်လွန် သွားခဲ့လေသည်။

ရည်ညွှန်း
(၁) ဦးအောင်သန်း၊ အောင်ဆန်းမိသားစု စတုတ္ထအကြိမ် – တကောင်းစာပေတိုက်၊ ၂၀၁၁။
(၂) မြဟန်၊ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ – ဒုတိယအကြိမ်၊ အားမာန်သစ်စာပေ ၂၀၁၀။
(၃) သန်းဝင်းလှိုင်၊ အနှစ်ချုပ်မြန်မာ့သမိုင်းအဘိဓာန် (ဒုတိယတွဲ() ပထမအကြိမ် – ပညာရွှေတောင်စာပေတိုက် ၂၀၁၀။
(၄) မောင်ဇေယျာ၊ “ပါလီမန်ဒီမိုကရေစီခေတ် အတိုက်အခံနိုင်ငံရေးခေါင်းဆောင် ဗိုလ်ချုပ်အစ်ကို ဦးအောင်သန်း (၁၉၁၁-၁၉၉၁)”၊ ပြည်သူ့ ခေတ်ဂျာနယ် အတွဲ ၂ အမှတ် ၇၇ (၂၀၁၂ ဇန်နဝါရီ ၁၂)။

Ref: မိုးမခ

0 comments:

အပေါ်သို့