Monday, May 28, 2012

ရွှေတောင်ကုမ္ပဏီသိမ်း လယ်မြေတချို့အတွက် လျော်ကြေးပေး

ဝေစန္ဒာ
တနင်္ဂနွေနေ့၊ မေလ ၂၇ ရက် ၂၀၁၂

ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင်းရှိ အတွင်းပဒါန် အုပ်စုမှ လယ်သမား ၁၆ ဦး ပိုင်ဆိုင်သည့် လယ်မြေဧက ၁၀၀ ခန့် အတွက် ရွှေတောင် ကုမ္ပဏီက ကျပ်သိန်းပေါင်း ၇,၀၀၀ ကျော်
လျော်ကြေးပေးခဲ့ကြောင်း တိုင်းဒေသကြီး လွှတ်တော် အမတ် ဦးနေလင်း က ပြောသည်။

မေလ ၂၂ ရက်နေ့တွင် ဦးနေလင်း ဦးဆောင်ပြီး လယ်သမားများနှင့်အတူ ရွှေတောင် ကုမ္ပဏီသို့ သွားရောက် ပြောဆိုဆွေးနွေး ခဲ့ကြခြင်း ဖြစ်သည်။

“အန်ကယ့်ကို လယ်သမားတွေက အကူအညီ လာတောင်းတာနဲ့ အန်ကယ်ကိုယ်တိုင် လိုက်ပြီးတော့ ဆွေးနွေးပေးတယ်။ ၂၂ ရက်နေ့မှာ လယ်မြေတွေကို မြေတိုင်းတဲ့ စက်နဲ့ တိုင်းပြီး ဧက ၁၀၀ ခန့်အတွက် ကျပ်သိန်းပေါင်း ၇,၀၀၀ ကျော် လျော်ကြေးပေးဖို့ သဘော တူညီခဲ့ပြီး အဆင်ပြေသွားတယ်” ဟု ဦးနေလင်း က မဇ္ဈိမကို ပြောသည်။

စက်ရုံများ တည်ဆောက်ရန်အတွက် ရွှေတောင်ကုမ္ပဏီ အနေဖြင့် လယ်သမားများ ပိုင်ဆိုင်သည့် လယ်မြေများကို ၂၀၀၅ နှင့် ၂၀၀၇ ခုနှစ်အတွင်းက သိမ်းယူ ခဲ့ခြင်း ဖြစ်သည်။

ရွှေတောင်ကုမ္ပဏီမှ သိမ်းယူထားသည့် လယ်မြေများထဲမှ အဆောက်အဦး မဆောက်လုပ်ထားသော လယ်မြေများ အတွက်သာ လျော်ကြေးပေးခဲ့သော်လည်း အဆောက်အဦ ဆောက်လုပ်ထားပြီးသော လယ်မြေဧကများအတွက် လျော်ကြေး မပေးသေးကြောင်း လယ်သမားများက ပြောသည်။

လှိုင်သာယာမြို့နယ်တွင်းရှိ အတွင်းပဒါန်၊ အပြင်ပဒါန် အုပ်စုကျေးရွာများတွင် လယ်မြေ ဧက ၉၀၀ ကျော်ရှိသည့် အနက် အတွင်းပဒါန် အုပ်စုတွင် ပါဝင်သည့် လယ်မြေဧက ၁၀၀ ခန့် အတွက်သာ လျော်ကြေးပေးခဲ့ခြင်း
ဖြစ်ပြီး ကျန်နေသေးသည့် လယ်မြေဧက ၇၀၀ ကျော်အတွက် လျော်ကြေး မရရှိကြသေးဘဲ မူလပိုင်ရှင် လယ်သမား ၇၀ ကျော်က သူဌေးများနှင့် ညှိနှိုင်း၍ အဆင်မပြေသေးကြောင်း သိရသည်။

အာရှဓနဘဏ်ပိုင်ရှင် ဦးအိုက်ထွန်း ပိုင်ဆိုင်သော ရွှေတောင်ကုမ္ပဏီသည် လှိုင်သာယာ မြို့နယ်တွင်းရှိ လယ်သမား ပိုင်ဆိုင်သည့် လယ်မြေဧက များကို ၂၀၀၅ နှင့် ၂၀၀၇ တို့တွင် သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း ပိုင်ရှင် လယ်သမား များက ပြောသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့