လုဆိုင်း- ကချင်ပြည်နယ် (မြစ်မခ)
29 Oct, 2012
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဒုက္ခသည်စခန်းမှ ကျောင်းသား/ကျောင်းသူများ၏ ပညာရေးစနစ်မှာ စိုးရိမ်ဖွယ်ရာ အခြေအနေ ဖြစ်နေသည်ဟု ဒုက္ခသည်စခန်းတာဝန်ခံများထံက သိရသည်။
“ကျောင်းသားတွေက စာမလိုက်နိုင်ဘူး။ အခုမြို့က ကျောင်းသားတွေနဲ့ စာအတူ သင်ရတာ အခက်အခဲ ဖြစ်နေတယ်။ တချို့ ကျောင်းသားတွေက စာမလိုက်နိုင်တော့ ကျောင်းဆက် မတက်တော့ဘူး”ဟု ကျွန်းပင်သာဒုက္ခသည်စခန်းမှ တာဝန်ခံဒေါ်မေဇီက ပြောသည်။
လက်ရှိတွင် ဒုက္ခသည် ကျောင်းသားများအနေဖြင့် မိမိတက်ရောက်သင်ကြားနေရသော ကျောင်းများမှ ဆရာ၊ ဆရာမများ၏ ခွဲခြားဆက်ဆံခံရခြင်း၊ မြန်မာစကားနားမလည်ခြင်းတို့ကြောင့် ကျောင်းတက်ရန် စိတ်မပါသဖြင့် ကျောင်းထွက်သည်အထိ ရှိ လာကြောင်း သိရသည်။
`ကျွန်မ သားက(၆) တန်းပါ။ ကျောင်းတက်ဖို့ အတင်းတိုက်တွန်းရတယ်။ ခုတော့ ဘယ်လောက် ရိုက်ရိုက်ကျောင်းကို လုံးဝ မသွားတော့ဘူး။ စာမလိုက်နိုင်လို့ ထင်ပါတယ်။´ ဟု ကျောင်းသား မိခင်တစ်ဦးက ပြောသည်။
ဒုက္ခသည်ကျောင်းသားအများစု၏ တစ်လတစ်ကြိမ်ဖြေ စာမေးပွဲအောင်စာရင်းလက်မှတ်တွင် မြန်မာစာ ဘာသာရမှတ်သည် (၅) မှတ်မှ(၁၀)မှတ်ကြားတွင်သာ မြင်တွေ့ရမှုများပြီး အဓိကအားဖြင့် လူမှုရေး ဘာသာ၌ အမှတ်ရရှိလေ့ မရှိကြောင်းကိုလည်း သိရ သည်။
၎င်းတို့ စာမလိုက်နိုင်ခြင်းတို့မှာ စိတ်ထိခိုက်ဒဏ်ရာများ ရှိနေခြင်းကြောင့် ဖြစ်သည်ဟု ဆရာမများက ပြောသည်။ ထို့ကြောင့် ကျောင်းစာ သင်ကြားနေသည့်အချိန်များတွင်လည်း နာခံခြင်း၊ သင်ယူ လေ့ လာခြင်းများ မရှိကြောင်းကိုလည်း သိရသည်။
"ပုံမှန်ကျောင်းသားတွေကို (၃)ခါလောက် သင်ရင် ရပြီ။ ဒုက္ခသည်က ကလေးတွေကို ဘယ်နှစ်ခေါက် သင်သင် လိုက်လို့မမှီကြ ဘူး။ သူတို့က နားမလည်ကြဘူး။ မြန်မာစာ အသုံးအနှုန်းတွေဆို နည်းနည်းမှ နားမလည်ကြဘူး။ ကချင်လိုပြန်ပြန် ရှင်းပြရတယ်။" ဟု ဒူကထောင်ရပ်ကွက်ရှိ အ.မ.က (၁) ကျောင်းမှ ဆရာမ တစ်ဦးက ပြောသည်။
ဒုက္ခသည်စခန်း တာဝန်ခံများမူ အဆိုပါ ကျောင်းသားများအား အစိုးရကျောင်းဆရာများ၏ အချိန်ပို စာသင်ဝိုင်းများ အမှန်တ ကယ်အလိုရှိနေခြင်းဖြစ်ကြောင်းကိုလည်း ၄င်းတို့ထံက သိရသည်။
`အစိုးရက ဆရာမတွေ ကျွန်တော်တို့ စခန်းမှာအချိန်ပို ညဂိုဏ်လိုမျိုး လာလာသင်ပေးရင်တော့ အရမ်းကောင်းမှာပဲ။ ကျောင်း တစ်ခုနဲ့တင် ကလေးတွေက စာမလိုက်နိုင်ကြဘူး။ ကျောင်းမှာက အများနဲ့ သင်နေတာဆိုတော့။´ဟု ဂါလီလဲဒုက္ခ သည်စခန်းမှ တာဝန်ခံ တစ်ဦးကပြောသည်။
`ဒီလို ကျောင်းသားတွေ စာစိတ်မ၀င်စားဖြစ်နေတာ ကျွန်မတို့ကို မတင်ပြတော့ မသိဘူး။ တင်ပြရင်တော့ အကုန်လုပ်ပေးပါ့ မယ်။ တင်ပြဖို့က အရေးကြီးတယ်။ ´ဟု ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက ပြောသည်။
အချို့ကျောင်းသားများမှာ စခန်းသို့ ရောက်ရှိချိန်မှ စပြီး ကျောင်းဆက်မသင်တော့ဘဲ စခန်းတွင်သာ နေထိုင်လျှက်ရှိနေကြသည်။
`ကျောင်းလည်း မတက်ချင်တော့ဘူး။ ကျောင်းမှာ မပျော်ဘူး။ ဆရာမက ဘာတွေ သင်သွားမှန်းလည်း မသိဘူး။´ဟု တတိယ ကျောင်းတက်နေသူ ကျောင်းသားတစ်ဦးက ပြောသည်။
မြစ်ကြီးနားမြို့ရှိ ဒုက္ခသည် ကျောင်းသားများသည် ကျေးလက်တောရွာများမှ ရွှေ့ပြောင်းလာသော ကျောင်းသားများသာ ဖြစ်ပြီး ဒုက္ခသည် ကျောင်းသားစုစုပေါင်း(၂၀၅၆)ဦး ရှိပြီး ဒုက္ခသည်စခန်း (၂၄) ခုရှိသည်။
Ref: မြစ်မခ
Wednesday, October 31, 2012
စိုးရိမ်ဖွယ်ရှိနေသည့် ဒုက္ခသည် ကျောင်းသားများ၏ ပညာရေးအခြေအနေ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment