မင်းနိုင်သူ /၂၄ ဧပြီ ၂၀၀၉
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်အမှု အယူခံ ကြားနာပေးရန် ၀န်ကြီးချုပ်ထံ ထပ်မံ မေတ္တာရပ်ခံ ခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိသည့်အတွက် နအဖအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ တိုက်ရိုက် တင်ပြသွားရန် စဉ်းစားထားကြောင်း ရှေ့နေကြီး ဦးကြည်ဝင်းက ပြောသည်။
“အခု ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားတဲ့ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးသောသူများ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ (၁၉) အရကိုက အရေးယူ ခံရသောသူသည် အရေးယူခံ ထားရသော ကာလအတွင်း အယူခံပိုင်ခွင့် ရှိတယ်ဆိုပြီး ပိုင်ခွင့် တရပ်အနေနဲ့ကို ပေးထားတာဗျ။ ဒါကို အစိုးရအဖွဲ့က မကိုင်သေးဘူးဆိုတာ ချိုးဖောက်ရာ ရောက်မှာလေ။ ဒါကြောင့် ဗိုလ်ချုပ်မှူးကြီးဆီကို ကျနော်တို့ ဆက်တင်ပြမယ်လို့ စဉ်းစားထားတယ်” ဟု ၎င်းက ပြောသည်။
“ကျနော်တို့ကတော့ ဥပဒေစိုးမိုးရေးအတွက် အထောက်အကူ ပေးတဲ့သဘော အနေနဲ့ တင်ပြသင့်တာကို တင်ပြမယ်။ ကျနော်တို့ကို ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေ ကိုယ်စားလှယ် ပါဝါ ပေးအပ်ထားတော့ ကျနော်တို့ တာဝန်ကျေ အောင်လုပ်မယ်။ ရေဆုံးရေဖျား လိုက်မယ်” ဟု ရှေ့နေကြီး ဦးကြည်ဝင်းက ရှင်းလင်းပြောဆိုသည်။
အဆိုပါတင်ပြမှုအတွက် ရှေ့နေကြီး ဦးကြည်ဝင်းနှင့် တွဲဖက် ရှေ့နေ ဦးလှမျိုးမြင့်တို့ ဆွေးနွေးမှုများပြုပြီး လကုန်ပိုင်းတွင် တင်ပြ သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
တည်ဆဲဥပဒေတရပ်ဖြစ်သည့် နိုင်ငံသားများအခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် ဥပဒေ (ဥပဒေအမှတ်-၂/၇၅)၊ ပုဒ်မ (၁၃) တွင် ဗဟို အာဏာပိုင် မပါသော အဖွဲ့အစည်း တရပ်ရပ်က လုပ်သင့်လုပ်ထိုက်သည့် အလုပ် မလုပ်ဘဲ နိုင်ငံသားတယောက်၏ အခွင့်အရေးကို ကာကွယ် မပေးပါက နိုင်ငံတော်ကောင်စီကို တင်ပြ၊ တိုင်ကြားနိုင်ကြောင်း ဖွင့်ဆိုထားသည်ဟု ဦးကြည်ဝင်းက ရှင်းပြသည်။
“ဆိုတော့ကာ ကျနော်တို့ဆီမှာ ၀န်ကြီးချုပ်ရုံးပါဝင်တဲ့ အစိုးရ အဖွဲ့အထက်မှာ နအဖဆိုတာ ရှိသေးတယ်။ ဒီတော့ ကျနော်တို့ နအဖ အကြီးအကဲဖြစ်တဲ့ တပ်ချုပ်ကြီး ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပေါ့ဗျာ။ သူ့ဆီကို ဥပဒေကြောင်း အရ ဆက်တင်မယ်။ တင်လိုက်ရင် ဗိုလ်ချုပ်မှူးကြီးလည်း ဒါကို နားလည်မယ် ထင်ပါတယ်။ တင်ပြဖို့ တာဝန်ကတော့ ကျနော်တို့ တာဝန်ပဲလေ” ဟု ၎င်းက ဆက်လက် ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အား ၂၀၀၃ ခု ဒီပဲယင်းအရေးအခင်း ဖြစ်ပွားပြီးနောက် နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးသောသူများ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေအရဆိုကာ နအဖစစ်အစိုးရက နေအိမ်အကျယ်ချုပ် ချထားခဲ့သည်။
ယင်းဥပဒေအရ နေအိမ်အကျယ်ချုပ်ချထားမှုကို အစိုးရအဖွဲ့က (၅) နှစ်ထက် ကျော်လွန်၍ (၁) နှစ်ထပ်တိုးခွင့် ရှိသည်ဆိုကာ တနှစ်ထပ်တိုး လိုက်ပြီးနောက် ဥပဒေကြောင်းအရ ညီညွတ်မှု မရှိသဖြင့် ရှေ့နေကြီး ဦးကြည်ဝင်းက ၂၀၀၈ ခု အောက်တိုဘာ (၉) ရက်တွင် အယူခံလွှာ တင်သွင်းခဲ့သည်။
သို့ရာတွင် နအဖစစ်အစိုးရအဖွဲ့က အယူခံကို ကိုင်တွယ်ကြားနာခြင်း မရှိသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေကြီး ဦးကြည်ဝင်းက အစိုးရအဖွဲ့ အကြီးအကဲ ၀န်ကြီးချုပ်ထံ အမှု ကိုင်တွယ်ကြားနာပေးရန် မေတ္တာရပ်ခံစာ များ လေးကြိမ်ထက်မနည်း ပေးပို့ ခဲ့သော်လည်း တစုံတရာ အကြောင်း ပြန်ကြားခဲ့ခြင်း မရှိပေ။
“ဒီလ (၁၀) ရက်နေ့က အယူခံအမှုအတွက် ၀န်ကြီးချုပ်ဆီကို မေတ္တာရပ်ခံစာ ပေါ့ဗျာ။ အဲလိုပဲ သုံးရမှာပေါ့ဗျာ။ တိုက်တွန်းတယ် လို့တော့ မသုံးတော့ပါဘူး။ အဲဒီစာ တင်ပြီးနောက် ၀န်ကြီးချုပ်ဘက်က ဘာမှအကြောင်း မပြန်သေးဘူးဗျ။ သို့သော် ကျနော်တို့က ရှေ့နေတွေ ဖြစ်လေတော့ ကိုယ့်အမှုသည်အတွက် ကိုယ်ဉာဏ်မီ သလောက်၊ ကိုယ်တတ်စွမ်း နိုင်သလောက် စောစောက ပြောသလို လုပ်စရာရှိတာတွေ ဆက်သွားမှာပေါ့ဗျာ။ ကြိုးစားမှာပေါ့” ဟု ရှေ့နေကြီး ဦးကြည်ဝင်းက ပြောသည်။
နအဖဘက်က နေအိမ်အကျယ်ချုပ်အယူခံအမှုကို ယခုအချိန်ထိ ကိုင်တွယ် ကြားနာမှု မပြုသော်လည်း အကျယ်ချုပ် အချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်မှာ လာမည့် မေ (၂၇) တွင် နေအိမ် အကျယ်ချုပ်သက်တမ်း (၆) နှစ် ပြည့်တော့မည် ဖြစ်သည်။
ပြီးခဲ့သည့်လအတွင်းကလည်း ကုလသမဂ္ဂက နအဖစစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီး ထိန်းသိမ်း ထားခြင်းသည် ကိုယ့်ဥပဒေ ကိုယ်ချိုးဖောက်ရာ ရောက်သည်ဟု ပြောဆိုခဲ့သည်။
Ref: ခေတ်ပြိုင်
Saturday, April 25, 2009
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်အမှု ဗိုလ်ချုပ်မှူးကြီးထံတင်ရန် လျာထား
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment