ရဲဘော်ဖိုးသံချောင်း
ဧပြီလ(၂၀) ရက်၊ ၂၀၀၉
ဗမာပြည်နိုင်ငံရေးသမိုင်းတလျှောက်မှာ သူများတွေ တွေ့ရှိတဲ့၊ အထူးသဖြင့် အနောက် နိုင်ငံတွေက တွေ့ရှိတဲ့ သဘောတရား တွေကို ဗမာပြည် နိုင်ငံရေးထဲ အတင်း သွတ်သွင်းလာတာတွေ မကြာခဏ တွေ့ရတတ်ပါတယ်။ ဒါကို လုပ်သူတွေကတော့ အင်္ဂလိပ်စာ ဖတ်တတ်တဲ့ ပညာတတ် သူတွေပဲ ဖြစ်ပါတယ်။
ဒီလိုသွတ်သွင်းလာတဲ့ အယူအဆတွေဟာ ကိုယ့်နိုင်ငံက လက်တွေ့ အခြေအနေနဲ့ ကိုက်ညီ တာလည်းရှိ၊ မကိုက်ညီတာလည်း ရှိလို့ ဆိုရမှာပါ။ တချို့များဆိုရင် တခေတ်က မန္တလေးက အငြိမ့်မင်းသမီးတွေ သီဆိုလေ့ ရှိသလို “ဦးသူယူ” ဆိုသလိုမျိုးတောင်၊ သူ့ထက်ငါဦး လုပ်နေကြတာ ဖြစ်ပါတယ်။
ဒီလိုသွတ်သွင်းလာတာတွေအထဲက အခုနောက်ဆုံး သယ်ဆောင် လာကြတဲ့ အယူအဆ တခုကတော့ ဖြစ်တည်မှု အကျပ်အတည်း ဆိုတာပါပဲ။ ဒီလို စကားလုံး ကြီးကြီးနဲ့ တွယ်လိုက်တာနဲ့ တဆက်တည်းမှာ ဒီချုပ်ကို တိုက်ခိုက်ချင် နေပြီး ဘာနဲ့ တိုက်ခိုက်ရမှန်း မသိဖြစ်နေသူတွေ၊ အပြစ် ပုံချလိုသူတွေနဲ့ နအဖကို မျက်နှာလုပ် လိုသူတွေ အများ အပြားဟာ ဒီလေသံအတိုင်း နောက်က လိုက်ပြောကြတာကိုလည်း တွေ့ရပါတယ်။
အဲဒီလိုနိုင်ငံခြားကနေ ကိုယ့်နိုင်ငံနဲ့ဆိုင်မှန်းမသိ၊ မဆိုင်မှန်းမသိ ဆွဲယူလာတဲ့ ဒီ အသုံးအနှုန်း အယူအဆကို ခေါင်းပေါ်ကနေ စွပ်ချပေးတာ ခံလိုက်ရသူကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပဲ ဖြစ်ပါတယ်။ ဒီချုပ်အနေနဲ့ ဘာမှ ပြန်ပြောခွင့် မရှိတဲ့အခြေအနေကို အခွင့် ကောင်းယူပြီး ဒီလို တံဆိပ် တပ်ပေးလိုက်တာ ဖြစ်ပါတယ်။ သူတို့ဟာ ကိုယ့်အသက်ရှင် ရပ်တည်မှု အတွက် (အာဏာတည်မြဲရေး အတွက်) အမျိုးမျိုး ကုတ်ကပ်၊ ညစ်ပတ် ရမ်းကားနေရတဲ့၊ အာဏာ ရနေပါလျက်နဲ့ အခုအချိန်အထိ ရွေးကောက်ပွဲဥပဒေ မကြေညာနိုင်သေးတဲ့ နအဖ စစ်အစိုးရကိုကျတော့ ဖြစ်တည်မှု အကျပ်အတည်း ဆိုက်နေတယ်လို့ မပြောဘဲ ဘာဖြစ်လို့ နအဖရဲ့ ဖိနှိပ်မှုမျိုးစုံကို အနှစ် နှစ်ဆယ်ကျော် အလူးအလှိမ့်ခံရင်း ရပ်တည် နေသူတွေကိုမှ ဒီလိုခြယ်မှုန်း ပြတာလဲ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နအဖက ချေမှုန်းတော့မှာကို သူတို့က သိနေလို့များလား ရယ်လို့တောင် စဉ်းစားစရာ ဖြစ်နေပါတယ်။
တကယ်ကျတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြောင်းပဲ ပြောပြော၊ စစ်အစိုးရ အကြောင်းပဲ ပြောပြော၊ ဟိုတုန်းကနဲ့အခု အခြေအနေတွေ မတူတော့တာကို မထည့်သွင်း၊ မစဉ်စားလို့ မဖြစ်ပါဘူး။ ၁၉၈၈-၉ဝ ကာလနဲ့ ဒီနေ့ မတူတာတွေ အများကြီး ရှိနေပါတယ်။ ၁၉၈၈-၉ဝ ကာလတုန်းက လူထုမှာရော ရှေ့တန်းက လှုပ်ရှား သူတွေမှာပါ တက်ကြွမှု အပြည့် ရှိနေကြပါတယ်။ သူတို့ရဲ့ ခေါင်းထဲမှာလို့ ပြောရမလား၊ ရင်ထဲမှာလို့ ပြောရမလား၊ “ထိုးစစ်စိတ်ဓာတ်” နဲ့ “အောင်ပွဲခံစိတ်ဓာတ်” တို့ မြဲမြဲမြံမြံ ကိန်းအောင်း နေပါတယ်။
အာဇာနည်တွေရဲ့မျက်နှာတွေလည်း မျက်စိထဲက မထွက်သေးတဲ့ အချိန်ဖြစ်ပါတယ်။ ဒါကြောင့် မိုးကို တက်ပြီးဒူးနဲ့ တိုက်ရဲတယ်ဆိုတဲ့ သတ္တိမျိုး တွေ့ဖို့ ဝေးနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ တဖက်မှာ ကြည့်လိုက်ပြန်တော့လည်း မဆလဟာ အလဲထိုးခံသွားရပြီး နဝတဟာ ခံစစ်ရောက်နေတယ် ဆိုတာကိုလည်း အရှင်းသား မြင်တွေ့ နေကြရပါတယ်။ ဗိုလ်စောမောင်ကို တင်လိုက်တာကိုက အငှားဗိုက်နဲ့ ဓားထိုး ခံလေသလားလို့ တွေးတောနေကြတဲ့ အချိန် ဖြစ်ပါတယ်။
အဲဒီအချိန်မှာ နဝတတက်လာပုံကိုပဲ ပြန်စဉ်းစားကြည့်ပါ။ နဝတဟာ အလံ တလူလူ၊ အောင်စည် အောင်မောင်းတွေ တီးပြီး ထွက်လာတာ မဟုတ်ပါဘူး။ “အာမခံချက်တွေ” (ကတိတွေ) အမျိုးမျိုးပြောပြီး ထွက်လာတာဖြစ်ပါတယ်။ ပါတီဝင် သန်းဂဏန်း ရှိတယ်ဆိုတဲ့ မဆလပါတီကိုလည်း ဖျက်သိမ်းပေးရ၊ လူဦးရေရဲ့ (၉၄) ရာခိုင်နှုန်းကျော်က အတည်ပြုခဲ့ ပါတယ်ဆိုတဲ့ ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေကိုလည်း ဖျက်သိမ်း ပေးခဲ့ရပါတယ်။ ဒါ့အပြင် ဗိုလ်စောမောင်က ရွေးကောက်ပွဲ ပြီးတဲ့အခါမှာ စစ်တပ်ဟာ စစ်တန်းလျား (နေရာမှန်) ကို ပြန်ပါမယ်လို့လည်း ကတိပေးနေရပါတယ်။ အခြေခံ ဥပဒေအသစ်ကို ကျုပ်တို့ စစ်တပ်က မရေးဘူး၊ တရားခံဖြစ်လိမ့်မယ်၊ ခင်ဗျားတို့ပဲ ရေးကြလို့ ပြောနေရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
အဲဒီလို လူထုအရှိန်သိပ်မြင့်နေချိန်မှာ စစ်အုပ်စုကို ကပ်ဖားရပ်ဖား လုပ်လိုတဲ့ လူတွေလည်း ခေါင်း မထောင်ရဲပါဘူး။ အဲဒီလို အနေအထားမှာ ကြံ့ဖွံ့ဖွဲ့လို့ မရပါဘူး။ နောက်ပြီး အခု ပေါ်ပေါက် လှုပ်ရှားနေတဲ့ ပေါက်တတ်ကရ အဖွဲ့အစည်းတွေလည်း ခေါင်းမပြူရဲပါဘူး။ အဲဒီတုန်းကသာ ဖြစ်တည်မှု အကျပ်အတည်း ဆိုတာကို အသံဟလိုက်ရင် နဝတအစိုးရဟာ ဒါငါတို့ကို ပြောတာပဲဆိုပြီး ဆွဲစေ့ လိုက်မှာ သေချာပါတယ်။ ဒါပေမယ့် အခု ၂ဝ၁ဝ ရွေးကောက်ပွဲ လုပ်တော့မယ့်အချိန်မှာ ကျတော့ အနေအထားတွေဟာ အားလုံးလိုလို ပြောင်းပြန်ဖြစ် နေပါတယ်။ သူတို့စိတ်ကြိုက်ရေးပြီး မဲလိမ်မဲခိုးကာ လူထုကို ဓားမိုး အတည်ပြု ခိုင်းထားတဲ့ အခြေခံဥပဒေကို သိဒ္ဓိ တင်ပေးဖို့ လုပ်မယ့် ရွေးကောက်ပွဲ တရပ်အတွက် တာစူ နေချိန်ဖြစ်ပါတယ်။ သူတို့အနေနဲ့ လူထုကို “ငြိမ်ဝပ်ပိပြား” အောင်လည်း လုပ်ပြီးနေပြီ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုလည်း အတောင်အလက် ချိုးပြီးထားပါပြီ။ အိုမင်းမစွမ်း ဖြစ်နေတဲ့ ခေါင်းပိုင်းပဲ ချန်ထားပြီး တက်တက်ကြွကြွ လှုပ်ရှားသူတွေကို ခြေချုပ်၊ အကျယ်ချုပ်၊ ထောင်ချုပ်တွေနဲ့ ချုပ်ချယ် ထားပါတယ်။ (ဒီလိုအခက်အခဲတွေ ကြုံတွေ့နေတာကို ဖြစ်တည်မှု အကျပ်အတည်း ဆိုက်နေတာလို့ ပြောလေသလား မသိပါ)။ မတရားသင်း ကြေညာထားတဲ့ အဖွဲ့တွေလည်း များသထက် များလာနေတာကို အားလုံး သတိပြုမိကြမှာပါ။ ဒါသာမက ၁၉၈၈-၉ဝ တုန်းက တက်ကြွလှုပ်ရှားသူ အများအပြားဟာ အခုအခါမှာ ပြည်ပကို ကြဲကွဲရောက်ရှိနေကြ ပါတယ်။ နောက်ပြီး တစည်း တလုံးထဲလည်း မရှိကြပါဘူး။
ဒီလိုအခြေအနေတွေအောက်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ဖြစ်တည်မှု အကျပ်အတည်း တွေ့နေတယ်လို့ ပြောနေတဲ့ ပုဂ္ဂိုလ်တွေဟာ အဲဒီ လိုအခက်အခဲကို ထောက်ရုံတင် မကပဲ အဲဒီက ထွက်လမ်း အနေနဲ့ နအဖရဲ့ ရွေးကောက်ပွဲကို ဝင်ဖို့လည်း နတ်လမ်းညွှန် လုပ်နေပါတယ်။ ဒါကိုမှ လက်တွေ့ကျတယ်လို့ ဆိုသူကလည်း ဆိုပါတယ်။ အမှန်ပြောရရင် ဒါဟာ ကျားလှောင်အိမ်ထဲကို ကျားစာအဖြစ်ခံဖို့ “ကိုယ့်ဆန္ဒအရ” အဝင်ခိုင်းနေတာပါ။ မြေခွေးအမြီးပြတ်က သေဖော်ညှိတာလို့လည်း ဆိုနိုင်ပါတယ်။
တကယ်က ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲလုပ်ပြီးခဲ့တာဟာ အနှစ်(၂ဝ) ရှိပါတော့မယ်။ မင်းမှာသစ္စာ၊ လူမှာ ကတိလို့ အဆိုရှိပေမယ့် အာဏာကို လက်မလွှတ်လိုတဲ့ နအဖ ဗိုလ်ချုပ်တွေဟာ သစ္စာလည်း လုံးဝမရှိ၊ ကတိလည်း လုံးဝမတည်တာကို တွေ့ခဲ့ကြရပါပြီ။ သူတို့ဟာ ကလေးတွေ ကစားသလို “ရွှေတံခါးကြီးဖွင့်ပါအုန်း” ဆိုတာမျိုးနဲ့ လူထုကို အမျိုးမျိုး လှည့်စားလို့သာ နေတယ်။ ပြောရရင် သူတို့ ဘာလုပ်နေတယ် ဆိုတာကို ပြည်တွင်းပြည်ပက လူတိုင်းသိပါတယ်။ အခုသူတို့ကို ထောက်ခံနေတဲ့၊ ဆန့်ကျင်လေသံ မဟဝံ့တဲ့၊ ရွေးကောက်ပွဲဝင်ပြီး မိုးခါးရေ သောက်ဖို့ တိုက်တွန်းနေတဲ့ လူတွေတောင် သိပါတယ်။ စစ်အုပ်စုရဲ့ သစ္စာဟာ ဘယ်လိုဟာမျိုးဖြစ်တယ် ဆိုတာ ဒီနိုင်ငံမှာ ကလေးတောင်မှ သိပါတယ်။
မနိုင်ရင်အရှုံးပေးပြီး ဝင်ရောလိုက်ဆိုတဲ့အယူအဆဟာ စံကျတဲ့ အရှုံးပေးရေး အယူအဆ တမျိုး ဖြစ်ပါတယ်။ ဒါဟာအဆင့်နိမ့် သတ္တဝါတွေရဲ့ စဉ်းစားနည်းမျိုးသာ ဖြစ်ပါတယ်။ နိုင်မယ်ထင်ရင် မာန်ဖီပြ၊ ရှုံးမယ်ထင်ရင် သွားဖြီးပြပြီး အမြီးကုတ်သွား တာဟာ သူတို့ရဲ့ အလေ့အကျင့်ပါ။ ရှစ်လေးလုံး အရေးတော်ပုံ အရှိန်မြင့်နေတုန်းက တက်ကြွ၊ လက်သီးလက်မောင်း တန်းခဲ့ပြီး၊ အခု နအဖက ပွဲကြမ်းနေတဲ့ အခါမှာကျတော့ ရွှေပြည်အေးတရားတွေ ဟောနေသူတွေကို “အမြင်မှန်ရသူတွေ” လို့ ခေါ်နိုင်ပါသလား။ နအဖကို ဆက်လက် ဆန့်ကျင်နေတာဟာ “လက်တွေ့မကျဘူး” လို့ ဆိုသူတွေကို လက်တွေ့က သင်ခန်းစာ ပေးပါလိမ့်မယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တချို့လူတွေလို ရွေးကောက်ပွဲမှာ သူဌေးဖြစ် ခွေးဖြစ် ဝင်အောလို့ မဖြစ်ပါဘူး။ ၁၉၉ဝ ခုနှစ်တုန်းက ဦးနုဟာ စစ်တပ်ဟာ သူ့ဆီက အာဏာ လုသွားတယ်လို့ ပြောစရာ ရှိပေမယ့် ရွေးကောက်ပွဲမှာ ဒီငြိမ်းအဖွဲ့ ဝင်လိုက်တော့ အရှက်ကွဲ သွားရတဲ့ သင်ခန်းစာ ရှိပါတယ်။ လူတွေ၊ အဖွဲ့အစည်းတွေ၊ အထူးသဖြင့် နိုင်ငံရေး အဖွဲ့အစည်း တွေမှာ နောက်ကြောင်းသမိုင်း ရှိကြတဲ့ အလျောက် သမိုင်းက ပေးထားတဲ့ တာဝန်တွေ၊ လုပ်ငန်းတွေကို ထမ်းဆောင်ရ ပါသေးတယ်။ ဒီလို ဆိုတဲ့အတွက် အခြေအနေ သစ်တွေက ပြဋ္ဌာန်းတဲ့ လုပ်ငန်းတွေကို မလုပ်ရဘူးလို့ မဆိုလိုပါဘူး။ အဲဒီ နှစ်ရပ်စလုံးကို ပေါင်းစပ်ရမှာ ဖြစ်ပါတယ်။ သမိုင်းရှည်ကြာလေ၊ ထောက်ထားရတာ များလေလို့ ဆိုရင် မမှားပါဘူး။
မှန်ပါတယ်။ သူတို့မှာ အခက်အခဲကြီးပါတယ်။ အခုအခါမှာ သူတို့ရဲ့အခက်အခဲဟာ လူထုရဲ့ အခက်အခဲလို့လည်း ပြောနိုင်ပါတယ်။ ဒီလိုအချိန်မှာ ဒီချုပ်အခက် ငါတို့အချက်ဆိုပြီး ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ဖို့ တက်ကြွနေသူတွေ မိုးကျလို့ မှိုထွက်သလို ပေါ်ထွက်နေပါတယ်။ နအဖ ထားရာမှာ ထားသလိုနေမယ်လို့ ဆုံးဖြတ်ထားသူတွေအတွက် တော့ လတ်တလောအားဖြင့် ဖြစ်တည်မှု အခက်အခဲ မရှိသေးတာ သေချာပါတယ်။
Ref: ခေတ်ပြိုင်
0 comments:
Post a Comment