Sunday, April 19, 2009

အမေရိကန်မြန်မာဆက်ဆံရေးတင်းမာမှု လျော့ကျ လာမှုအပေါ် တရုတ်၏ စိုးရိမ်မကင်း ဖြစ်မှု

Sunday, April 19, 2009

(The Institute of International Studies at Fudan University, Shanghai, China က Asistant professor Jian Junbo ရဲ့ အမေရိကန် - မြန်မာ ဆက်ဆံရေးအပေါ် တရုတ်နိုင်ငံရဲ့ သဘောထားကို သုံးသပ်ထားတဲ့ ဆောင်းပါးကို ပရိတ်သတ် တဦးက ဘာသာ ပြန်ပြီး သူ့ သုံးသပ်ချက်နဲ့ အတူ ပေးပို့လာလို့ တင်ပြပေးလိုက်ပါတယ်။ တချို့ နေရာတွေမှာတော့ စာရေးသူရဲ့ ခွင့်ပြုချက်နဲ့ စာဖတ် ရတာ ပိုချောအောင် ပြင်ထားပါတယ်။)

၂၀၀၉ ဧပြီလ အစောပိုင်းက အမေရိကန်၏ အရှေ့တောင် အာရှဆိုင်ရာရုံး ဒါရိုက်တာ Stephen Blake ကို မြန်မာသို့ သံတမန် အဖြစ် စေလွှတ်ခဲ့ရာ အဲဒီလို စေလွှတ်တာဟာ ပြီးခဲ့တဲ့ ခုနှစ်နှစ် အတွင်းမှာ ပထမဆုံး အကြိမ် ဖြစ်ပါသည်။ ဧပြီလ ထဲမှာပဲ US Deputy Secretary of State James Steinberg က “မြန်မာနိုင်ငံကို အထီးကျန် စေခြင်းကနေ ကင်းလွတ်စေဖို့ အတွက် အာရှဒေသတွင်း အခြား နိုင်ငံများ နှင့်အတူ ဘုံဗျူဟာတခု ချမှတ်နိုင်ဖို့ ၀ါရှင်တန်က မျှော်လင့်ပါတယ်” ဟု ပြောခဲ့သည်။

အခုလို အခြေအနေ မျိုးနဲ့ ပြောင်းလဲမှု တွေဟာ သမ္မတဘုရှ် အုပ်ချုပ်မှု ကာလတုန်းက ဘယ်တုန်းကမှ မရှိခဲ့ဘူးပါ။ ဘုရှ် လက်ထက်က မြန်မာအပေါ် ဒီမိုကရေစီ ပြောင်းလဲရေးကို ဖိအားပေးမှု နှင့် အပြင်းအထန် ဆန့်ကျင် ရှုံ့ချမှု တို့သာ ရှိခဲ့သည်။

လက်ရှိ အခြေအနေတွေ အရ သမ္မတ အိုဘားမားရဲ့ အစိုးရဟာ အရင် သမ္မတ လက်ထက်က မြန်မာ နှင့် "axis of evil" ဟု ဘုရှ်က ခေါ် ခဲ့သော အီရန်၊ အီရတ် နှင့် မြောက်ကိုရီးယား တို့အပေါ် ထားတဲ့ မူဝါဒနဲ့ လုံးဝ ပြောင်းလဲ ကျင့်သုံးနေသည်။ ။ ဥပမာ အနေနဲ့ - မကြာခင် ကပင် အိမ်ဖြူတော်မှ တီဟီရန် (အီရန်) အပြန်အလှန် ဆွေးနွေးပွဲကို လည်းကောင်း၊ ခိုင်မာတဲ့ အပြန်အလှန် ဆက်သွယ်မှု နှင့်အတူ ပြုံးယမ်း (မြောက်ကိုရီးယား) ၏ ခြောက်နိုင်ငံ ဆွေးနွေးပွဲကို လည်းကောင်း အာရုံစိုက် လာကြောင်းကို ပြသခဲ့ သကဲ့သို့ ကျူးဘား ကိုလည်း အမေရိကန် ကွန်ဂရက် အဖွဲ့ဝင် (ဥပဒေပြု လွှတ်တော်အမတ်) တဦးကို စေလွှတ်ခဲ့သည်။

အပေါ်ယံအားဖြင့် အိုဘားမား၏ နိုင်ငံခြားရေး မူဝါဒဟာ ၎င်းအရင် သမ္မတ၏ မူဝါဒကို လျင်မြန်စွာ လုံလုံးလျားလျား ပြောင်းလဲလိုက်ဟန် ရှိပါသည်၊ သို့သော် ဤပြောင်းလဲမှုတွေ အားလုံးဟာ အုပ်ချုပ်မှုနည်းဗျူဟာ ပုံစံအသစ်၏ အစိတ်အပိုင်း တချို့သာ ဖြစ်ပါသည်။ အိုဘား မား လက်ထက်မှာ နိုင်ငံခြားရေး မူဝါဒဟာ ဖြစ်လာမှ တုံ့ပြန်ခြင်းထက် ဖြစ်အောင် အခြေအနေကို ဖန်တီး ယူမှုကို အခြေခံသော ခိုင်မြဲသော နိုင်ငံတကာဆိုင်ရာ တရားမျှတမှု နှင့် သမ္မတဘုရှ် လက်ထက်မှာ လျော့နည်း ဆုတ်ယုတ် လာခဲ့ရသည် ဟု ဟီလာရီ ကလင်တန် (Secretary of State) က ပြောခဲ့သော “soft power or smart power” ကို ပြန်လည်တည်ဆောက်ရေးကို ဦးတည် လာခဲ့သည်။

အိုဘားမားက သမ္မတဘုရှ် လက်ထက်မှာ များစွာအားနည်း လာခဲ့ရတဲ့ တကမ္ဘာလုံး ဆိုင်ရာ ဦးဆောင်မှု အခန်းကဏ္ဍကို ပိုမိုခိုင်မြဲ တည်တံ့စေဖို့ အတွက် အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒ ချိန်ခွင်ကို ယခင်နှင့်မတူ တခြား ဦးတည်ချက်ကို ဦးတည်ပြောင်းလဲနေဟန် ရှိပါသည်။ အထူးသဖြင့် ဘုရှ်လက်ထက်က ခေါင်းဆောင်မှု အပိုင်း၏ အဓိက အားနည်းချက်မှာ ၂၀၀၃ ခုနှစ် အီရတ်အပေါ် စစ်ရေးအရ ကျူးကျော်မှုပင် ဖြစ်သည်။ လက်ရှိ လက္ခဏာ နှင့် အခြေအနေ တွေအရ ပြောင်းလဲမှု များသည် ယခင် ဘုရှ် လက်ထက်က ဆုံးရှုံးခဲ့သော ညင်သာ ပျော့ပျောင်းသော လွှမ်းမိုးမှုကို ပြန်လည် ရရှိဖို့ အတွက် ဖြစ်ဟန် ရှိသည်။ အထက်ပါ ပြောင်းလဲမှုများကို ကြည့်ခြင်းအားဖြင့် အိုဘားမား ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ အသစ်ဟာ ၁၉၇၀ နှစ်လယ်ပိုင်း ဗီယက်နမ်စစ်ပွဲ ပြီးကတည်းက ဆုံးရှုံးခဲ့သော အမေရိကန်၏ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးမှုကို ပြန်လည် ရယူနိုင်ဖို့ ဆိုတာကို မြင်သာ နိုင်ပါသည်။

ပထ၀ီနိုင်ငံရေး အရလဲ အိုဘားမား၏ မူဝါဒဆိုင်ရာ ဦးတည်မှုများဟာ အရှေ့တောင်အာရှ ဒေသတွင်း အင်အားညီမျှမှုကို စိန်ခေါ်မှု တရပ် ဖြစ်လေမလားဟု မေးခွန်း ထုတ်စရာလဲ ဖြစ်နိုင်ပါသည်။ ၎င်းအပြင် အမေရိကန်၏ မူဝါဒဆိုင်ရာ ပြောင်းလဲမှုများဟာ အထူးသဖြင့် မြန်မာ၏ အိမ်နီးချင်း အင်အားကြီး နိုင်ငံများ ဖြစ်သည့် တရုတ်နှင့် အိန္ဒိယ ကဲ့သို့ နိုင်ငံများအတွက် အာရုံစိုက်စရာ ဖြစ်နေပါသည်။ တနည်းအားဖြင့်လဲ အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအသစ်ဟာ ကမ္ဘာမှာ အမေရိကန်၏ ပုံရိပ်ကို ကြီးမြင့်လာစေရုံသာမက ၀ါရှင်တန်က ညီညွတ်အဆင်ပြေစွာနှင့် အောင်မြင်စွာဆောင်ရွက်နိုင်သော ဒေသတွင်းပထ၀ီနိုင်ငံရေး တည်ဆောက်မှု ပုံစံအတွက် ပြောင်းလဲမှုတရပ်လဲ ဖြစ်ပေသည်။

မကြာသေးခင် နှစ်များအတွင်း အမေရိကန်သည် အာဖဂန်နစ္စတန် အကြမ်းဖက် တိုက်ဖျက်ရေး၊ အီရတ်၊ ပါကစ္စတန်နှင့် အချို့နေရာရှိ စစ်ပွဲတို့ဖြင့် အလုပ်များ နေခဲ့သည်။ ၎င်း အခြေအနေများကပင် မြန်မာနိုင်ငံ အပေါ် အမေရိကန်၏ လူ့အခွင့်အရေး၊ ဒီမိုကရေစီ ဖော် ဆောင်ရေးနှင့် အစိုးရနှင့် သဘောထား ကွဲလွဲသူများကို လွှတ်ပေးရေး စသော တောင်းဆိုမှု များနှင့်အတူ ရန်လို ဖိနှိပ်ပြီး တွန်းအားပေး လိုသော မူဝါဒမျိုးကို ဖြစ်ပေါ်စေခဲ့သည်။ သို့သော် လက်တွေ့မှာ အမေရိကန် အနေနှင့် ဤ ရန်လို ဖိနှိပ်လိုပြီး တပါတီ အာဏာရှင် စနစ်ကို ဆန့်ကျင်ရေး မူဝါဒများဖြင့် အထီးကျန် နိုင်ငံများကို လက်လျော့ လိုက်လျောစေမှု အပါအ၀င် မည်သည့် အကျိုးအမြတ်ကိုမျှ မရ ရှိခဲ့ပေ။ ဘုရှ် အစိုးရသည် မြန်မာအစိုးရ အပေါ် ဖိနှိပ်အုပ်ချုပ်သော အစိုးရ တရပ်ဟု ယူဆခဲ့ချိန်မှ စ၍ ၀ါရှင်တန်ဟာ မြန်မာနိုင်ငံအပေါ် စီပွားရေး ပူးပေါင်းဆောင်ရွက်မှုပိုင်းတွင် ဖယ်ကျဉ်ထားပြီး၊ စီးပွားရေး ဖွံဖြိုးမှုဆိုင်ရာ အကူအညီ ပေးရေးကိုလည်း ငြင်းပယ်ထားခဲ့ပါ သည်။

ဤကဲ့သို့သော အခြေအနေအရပ်ရပ်ကို တရုတ်က ကောင်းစွာ အသုံးချပြီး နိုင်ငံရေးနှင့် မူဝါဒပိုင်းဆိုင်ရာ ကျောထောက် နောက်ခံအ တွက် အရေးပါသော မြန်မာနှင့် စီးပွားရေး အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုကို ပိုမို တိုးတက်အောင် ဆောက်ရွက်ခဲ့သည်။ လက်ရှိ အခြေ အနေအရ ဆိုလျှင်လဲ တရုတ် မြန်မာ အပြန်အလှန် မှီတည် ဆက်နွယ် နေမှုသည် နှစ်နိုင်ငံလုံး အကျိုးအတွက် လက်တွေ့ကျကျ အ ကောင်အထည် ပေါ်နေပြီ ဖြစ်သည်။ အပေါ်ယံ အားဖြင့် ကြည့်လျှင်လည်း အမေရိကန်၏ မြန်မာနိုင်ငံ အပေါ် သြဇာ လွှမ်းမိုးမှုကို ပြန် လည် ရယူနိုင်ရန် ကြိုးစားမှုဟာ တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကို လျော့နည်းစေနိုင်သော သို့တည်းမဟုတ် အဆုံးသတ် စေနိုင်သော စိန်ခေါ်မှု တရပ်လေလားဟု မေးခွန်းထုတ်စရာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ အရှေ့တောင်အာရှ နိုင်ငံများအပေါ် အင်းအားကြီး နိုင်ငံကြီးများ ၏ ပထ၀ီနိုင်ငံရေး လွှမ်းမိုးမှုကို ရယူရန် ကြိုးစားမှုသည် ဒေသတွင်း နိုင်ငံတွေအတွက်တော့ ကောင်းမွန်သော အချက်မဟုတ်ပါ။ သို့သော် မည်သို့ပင်ဖြစ်စေ တရုတ် အနေနှင့်ကတော့ မြန်မာနှင့် အလွန်ကြီးမားသော စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက် နေပြီ ဖြစ်သည့်အတွက် လက်လျှော့ ဆုတ်ခွါမည့် ဟန်မရှိပါ။ တရုတ်အနေဖြင့် မြန်မာမှ ကုန်ကြမ်း ပစ္စည်းများကို ရယူလိုပြီး အထူးသဖြင့် အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသမှ နိုင်ငံများနှင့် ကုန်သွယ်မှု အတွက် ဆိပ်ကမ်းတခုနှင့် ကြားခံစခန်းတခု ရရှိရန် လိုနေပေသည်။

(စာရေးသူမှတ်ချက်။ ။ တရုတ်က အာဖရိက နှင့် အရှေ့အလယ်ပိုင်းမှ ရေနံနှင့် တွင်းထွက်များကို ရခိုင်ကမ်းရိုးတမ်းမှတဆင့် မြန်မာ ကုန်းတွင်းပိုင်းကို ဖြတ်၍ တရုတ်ပြည်မ အတွင်းသို့ သယ်ယူလိုပြီး ၎င်း လမ်းကြောင်းမှပင် တရုတ် ထွက်ကုန်များကို အဆိုပါ နိုင်ငံများသို့ မြန်မာနိုင်ငံကို ဖြတ်၍ တင်ပို့မည် ဖြစ်သည်။ ယခင် မလေးရှားနှင့် အင်ဒိုနီးရှားကြား မလက်ကာရေလက်ကြားမှဖြတ်ကာ စင်္ကာပူ ဆိပ် ကမ်းမှ ပတ်ပြီး သယ်ယူရေးထက် စီးပွားရေးအရ အလွန်တွက်ခြေကိုက်သော နည်းလမ်း ဖြစ်ပါသည်၊ တနည်းအားဖြင့်လဲ အလွန်လုံခြုံ စိတ်ချရပြီး ပထ၀ီနိုင်ငံရေးကိုလဲ တဘက်တလမ်းက အကျိုးသက်ရောက်နိုင်သည်ဟု တရုတ် အနေနှင့် ယူဆမည်ဟု စာရေးသူ ယုံကြည် မိသည်။ မျက်မှောက်ခေတ်မှာ မြန်မာနိုင်ငံရဲ့ ပထ၀ီနိုင်ငံရေး အရေးသာမှုဟာ ကမ္ဘာ့ထိပ်တန်း နိုင်ငံကြီးများအပေါ် လွှမ်းမိုးမှု အတော်အ တန်ကြီးမားနေသည်ကို မြန်မာတိုင်း ဂရုထားသင့်သည်ဟုလည်း ယူဆမိသည်။)

အပြင်ပန်းအားဖြင့်လဲ ၀ါရှင်တန်၏ မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှုကို ပြနေသော မူဝါဒ အသစ်ဖြစ်သော ပထ၀ီနိုင်ငံရေး ယှဉ်ပြိုင်မှုဟာ ဒေသတွင်း အငြင်းပွားမှုများကို ဦးတည် စေနိုင်ပါသည်။ ဒါပေမယ့် ဒီအချက်တွေဟာ ဒေသတွင်း နိုင်ငံတကာ မူဝါဒရေးရာမှာ မုချအမှန် ဖြစ်လိမ့်မည်ဟုလဲ သေချာပေါက် မပြောနိုင်သေးပါ။ နိုင်ငံတကာ မူဝါဒ ရေးရာ၏ အစိတ်အပိုင်း တခုမျှသာ ရှိပါသေးသည်။ မြန်မာနိုင်ငံ အပေါ် ထားရှိလာသော အမေရိကန်၏ မူဝါဒ အသစ်နှင့် ပတ်သက်၍ အကျိုးဆက်များကို စမ်းစစ် မလေ့လာမှီ “အမေရိကန် အနေနှင့် မြန်မာနှင့် မည်သို့မည်ပုံ နားလည်သဘောတူညီမှုကို ရယူမလဲ” ဆိုတဲ့ မေးခွန်းကို အရင် မေးသင့်ပေသည်။

ပထမတနည်းနေနှင့် အမေရိကန်ဟာ မြန်မာ ခေါင်းဆောင်ပိုင်းနှင့် တိုက်ရိုက်အပြန်အလှန် တွေ့ဆုံဆွေးနွေးခြင်းဖြင့် ချဉ်းကပ်ပြီး၊ မြန်မာ နိုင်ငံအပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်းအတွင်း မူဝါဒရေးဆိုင်ရာ အကူအညီများ၊ စီးပွားရေးဆိုင်ရာ အကူအညီများ နှင့်အတူ ဒီမိုကရေဆီ ပြောင်းလဲရေးကို ကူညီဆောင်ရွက် ပေးခြင်းဖြင့် နည်းလမ်းရှာကောင်း ရှာနိုင်ပေသည်။ ဒါပေမယ့် ဒီ ချဉ်းကပ်နည်းဟာ ဘောင်တခုအ တွင်း ကန့်သတ်ထိန်းချုပ်မှုကို ဦးတည်တာ ဖြစ်သောကြောင့် လက်တွေ့မှာတော့ တကယ်အကောင်အထည် ဖော်ဖို့ဆိုတာ လွယ်တော့ မလွယ်လှပါ။ မြန်မာ အနေနှင့်လည်းပဲ ၎င်း၏ နိုင်ငံရေးမူဝါဒစနစ်ကို ၀ါရှင်တန်မှ ချပေးသော ပုံစံမျိုးဖြင့် ပြုပြင်ပြောင်းလဲမည် မဟုတ် သကဲ့သို့ ၎င်း၏ ပြည်တွင်းရေး ကိစ္စရပ်များကိုလည်းပဲ အမေရိကန်နှင့် ဆွေးနွေးလိမ့်မည် မဟုတ်ပါ။

ဒုတိယ တနည်း အနေနှင့် အမေရိကန်ဟာ မြန်မာ့ အဓိက အတိုက်အခံ ပါတီ ဖြစ်သော NLD ပါတီ၊ ဒါမှမဟုတ် လက်ရှိ စစ်အုပ်ချုပ်ရေး စနစ်ကို ဖြုတ်ချလိုသော အတိုက်အခံ အုပ်စုများနှင့် တွေ့ဆုံ သဘောတူညီမှုများ ရယူကောင်း ယူနိုင်ပေသည်။ ရှင်းရှင်း ပြောရလျှင်တော့ ဤကဲ့သို့သော နည်းလမ်းကို CIA အပါအ၀င်၊ ယခင် ဘုရှ် အစိုးရတို့က ကြိုးစားကျင့်သုံးပြီးဖြစ်ပြီး အကျိုးရလဒ် ထူးထူးခြားခြား ရလာစရာ အကြောင်း မရှိတော့ပေ။ ထို့ကြောင့် ဤနည်းလမ်းသည် ပထမနည်းလမ်းလောက်ပင် ကောင်းမွန်မှု မရှိဘဲ၊ အကျိုးသက်ရောက်မှု မရှိကြောင်း ကိုလဲ ၀န်ခံ သက်သေပြပြီးဖြစ်သည်။

တတိယတနည်းအနေနှင့် အမေရိကန်ဟာ မြန်မာအပေါ် စီးပွားရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နှင့် အတူ ငွေရေးကြေးရေး ဆိုင်ရာ အကူအညီများ ပေးပြီး ခေါင်းဆောင်ပိုင်းကို ချဉ်းကပ်ရေးပင် ဖြစ်သည်။ သို့သော် တဖက်ကလည်း အမေရိကန် အနေနှင့်လဲ ဖွံဖြိုးဆဲ နိုင်ငံများနှင့် ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် အကူအညီပေးရေး ဆိုင်ရာမှာ မရှိမဖြစ်သော ပြဌာန်းချက်နှင့် စည်းကမ်းချက်များကလဲ ရှိနေသေးပေသည်။ မြန်မာ အနေနှင့် ကလည်းပဲ တခြား ရရှိနေသော စီးပွားရေးဆိုင်ရာ အထောက်အကူများ ကလဲ ရရှိ နေပေသေးသည် ဥပမာ အားဖြင့် တရုတ် ထံမှဖြစ်သည်။ ထို့ကြောင့်ပင် မြန်မာက အခြေအနေအရ ဖြစ်လာသော အမေရိကန်၏ ပြောင်းလဲမှု အကူအညီကို လက်ခံလိမ့်မည် မဟုတ်ပေ။ တဖန် အမေရိကန်အနေနှင့်ကလည်းပဲ မြန်မာအပေါ် နိုင်ငံရေးမပါသော စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမျိုး ဆိုတာကလဲ မဖြစ်နိုင် သကဲ့သို့ ၎င်း၏ မြန်မာနိုင်ငံအပေါ် မူဝါဒရေး ပြောင်းလဲမှု၏ ရည်ရွယ်ချက်နှင့်လဲ ကိုက်ညီမှု မရှိလှပေ။ US Deputy Secretary of State James Steinberg ကလဲပဲ မြန်မာနိုင်ငံအပေါ် အမေရိကန်မူဝါ၏ အဓိက ဦးတည်ချက်က ပြောင်းလဲမည် မဟုတ်ဟု ဖော်ပြခဲ့ပေသည်။ သို့ပေမယ့်လဲ အမေရိကန် အနေနှင့် မြန်မာအပေါ် ပိုမို ပွင့်လင်းမှုနှင့် လူ့အခွင့်အရေးကို လေးစား လိုက်နာပြီး ကမ္ဘာ လုံးဆိုင်ရာ စီးပွားရေးကဏ္ဍမှာ ၎င်းကိုယ်တိုင် ပါဝင် ဆောင်ရွက်မှုကို မျှော်လင့်နေပေသည်။

အမေရိကန်ဟာ မြန်မာနှင့် သဘောတူညီမှုရရန်မှာ ခက်ခဲကြောင်းကို မကြာခင်မှာပဲ သိမြင်လာမှာ ဖြစ်ပါတယ်။ ထို့ကြောင့်ပင် တရုတ် အနေနှင့် အမေရိကန်၏ အရှေ့တောင်အာရှ ဒေသအတွင်းသို့ အမြင်အားဖြင့် လျင်မြန်စွာ ထိုးဖောက်ဝင်ရောက် လာမှုကို စိုးရိမ်မှု မရှိပေ။ ဖြစ်ကောင်း ဖြစ်လာနိုင်ပေမယ့် ပထ၀ီနိုင်ငံရေး ပြိုင်ဆိုင်မှုဟာ ဖြစ်အံ့ဆဲဆဲ အခြေအနေမျိုးတော့ မဟုတ်ပါ။ တရုတ် အနေနှင့် လဲပဲ ၎င်း၏ မဟာဗျူဟာ ပိုင်းဆိုင်ရာ ကိစ္စများအပြင် မြန်မာနိုင်ငံအပေါ် အမေရိကန်၏ နိုင်ငံရေး မူဝါဒပိုင်းဆိုင်ရာ နှုတ်တိုက်ပုံတူကူးချရန် တိုက်တွန်း မှုနှင့် သြဇာလွှမ်းမိုးမှုအတွက် မည်သည့် သဘောတူညီမှုမျိုးကိုမှ လက်ခံမည် မဟုတ်ပေ။ အဘယ်ကြောင့် ဆိုသော် ဤကိစ္စရပ်များသည် မြန်မာနိုင်ငံ၏ ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်နိုင်သော နိုင်ငံတွင်း ဆူပူအုံကြွမှုများကို ဖြစ်စေနိုင်သောကြောင့် ဖြစ်ပေသည်။

သို့သော် တရုတ်အနေ နှင့် အမေရိကန်၏ မြန်မာနိုင်ငံ အပေါ် စီးပွားရေးနှင့် ကုန်သွယ်မှု ပိုင်းဆိုင်ရာ သဘောတူညီမှု များကိုတော့ ကြိုဆို သွားမည်ဖြစ်သည်။ လူမှုရေး တည်ငြိမ်မှုရှိပြီး ဥစ္စာဓန ပေါကြွယ်ဝသော မြန်မာနိုင်ငံ ကဲ့သို့သော နိုင်ငံနှင့် အရှေ့တောင်အာရှ နိုင်ငံများ အသင်း (ASEAN) ၀င် နိုင်ငံများဟာ တရုတ်၏ စိတ်ဝင်စားမှုနှင့် ကိုက်ညီလျက် ရှိသည်။ အမေရိကန် အနေနှင့် မြန်မာနိုင်ငံ အပေါ် စီးပွားရေး ဆိုင်ရာ အောင်မြင် ဖြစ်ထွန်းမှုကို အကူအညီပေးမှုဟာ ASEAN အတွင်း စည်းလုံးမှုကို အထောက်အကူ ဖြစ်စေနိုင်ပါသည်။ ASEAN ၏ စည်းလုံးမှုနှင့် အကျိုး သက်ရောက်မှုရှိခြင်းဟာ ဒေသတွင်း တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ပြီး၊ တရုတ် အနေနှင့်လဲ ဤအချက် ကို အမြဲ ကြိုဆိုနေမည် ဖြစ်သည်။


အတုန့်အပြန် အားဖြင့်လဲ အမေရိကန်၏ မြန်မာနိုင်ငံ အပေါ် ပြည်တွင်းရေး စွက်ဖက်မှုပိုင်း ဆိုင်ရာ နည်းဗျူဟာများဟာ အပြုသဘော ဆောင်နေခဲ့လျှင်တောင် ဒေသတွင်း တည်ငြိမ်မှုကို ပျက်ပြားစေနိုင်ပါက တရုတ် အနေနှင့် ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်သွားမည် ဖြစ် သည်။ ထို့ပြင် အမေရိကန်သည် မြန်မာနှင့် သဘောတူညီမှု ရယူရန် ကြိုးပမ်းမည် ဆိုလျှင်လဲ အရှေ့တောင်အာရှ ဒေသတွင် တရုတ်ဟာ အဓိက အရေးကြီးသော ဇာတ်ဆောင် ဖြစ်သည် ဆိုတာကို အသိအမှတ် ပြုရမည် ဖြစ်ပြီး၊ နိုင်ငံရေးမူဝါဒအသစ်ဖြင့် မြန်မာကို တရုတ် နိုင်ငံနှင့် ဖယ်ကြဉ်စေရန် ဆောင်ရွက်မည် ဆိုပါက အလွန့်အလွန် ကြီးမားသော ခက်ခဲမှုမျိုးနှင့် ရင်ဆိုင်ရပေလိမ့်မည်။

အမေရိကန် အနေနှင့် မြန်မာနိုင်ငံနှင့် သဘောတူညီမှု ရယူရန် ကြိုးပမ်းမှုတွင် မြောက်ကိုရီးယား ကဲ့သို့ ခြောက်နိုင်ငံ ဆွေးနွေးရေး ကိစ္စလိုမျိုး အသွင်ဖြင့် မကြိုးပမ်း သင့်ပေ။ US Deputy Secretary of State James Steinberg က လွန်ခဲ့သော ရက်အနည်းငယ် အတွင်းတွင် ထုတ်ဖော်ပြောကြား ခဲ့သော်လည်း တရုတ်၊ မြန်မာ နှင့် ASEAN တို့က ဤကဲ့သို့သော အကြံပြုချက်မျိုးကို လက်ခံလိမ့်မည် မဟုတ်ပေ။ မြန်မာဟာ မြောက်ကိုရီးယား ကဲ့သို့ အခြားနိုင်ငံများကို ခြိမ်းခြောက်နေသော နိုင်ငံ မဟုတ်ပါ။ မြန်မာ့ အရေးဟာ နိုင်ငံတကာ လုံးဆိုင်ရာ ၀င်ရောက်ဆွေးနွေးရန် အရေးကိစ္စ မဟုတ်ပါ၊ ထို့ကြောင့် မြန်မာ့ အရေးနှင့် ပတ်သက်လာလျှင် ဘက်ပေါင်းစုံ ပါဝင်သော ဆွေးနွေး သုံးသပ်မှု ပုံစံမျိုးဖြင့် ပြုလုပ်ရန် မလိုအပ်ပါ။

မြန်မာနှင့် အောင်မြင်စွာ သဘောတူညီမှုရယူရန် အမေရိကန်၏ ကြိုးပမ်းမှုတွင် ယခင် ဘုရှ် လက်ထက်က အသုံးပြုခဲ့သော အသုံးမ၀င် တော့ဘဲ ခေတ်နောက်ကျနေပြီ ဖြစ်သော ချဉ်းကပ်မှုမျိုးကို နောက်တကြိမ် ထပ်သုံးဦးမည်ဆိုလျှင် အမေရိကန်အတွက် လွယ်ကူလိမ့် မည် မဟုတ်ပေ။ တရုတ် အနေနှင့်လဲ ၎င်းကိစ္စ မျိုးကို ဘယ်တော့မှ လက်ခံမည် မဟုတ်ပေ။ သို့သော် အမေရိကန် အနေနှင့် မြန်မာနိုင်ငံ အပေါ် သန့်ရှင်းသော စီးပွားရေး လုပ်ဖော်ကိုင်ဖက်သဘောမျိုး ရရှိရန်အတွက် ကြိုးပမ်းခဲ့မည် ဆိုလျှင်တော့ ဘေဂျင်း(Beijing) အနေနှင့် ၀မ်းသာစွာ ကြိုဆိုနေမည် ဖြစ်သည်။ အခြေခံအားဖြင့် မြန်မာနိုင်ငံအပေါ် အမေရိကန်၏ ချဉ်းကပ်မှု အောင်မလား ရှုံးမလား ဆိုတာ ကတော့ တခြားနိုင်ငံတွေရဲ့ ၎င်း ချဉ်းကပ်မှု နည်းလမ်းအပေါ် ထင်မြင်ယူဆချက်ထက် အမေရိကန် ကိုယ်တိုင် အသုံးပြုသော နည်းလမ်း က ပို၍ အရေးပါ ပေလိမ့်မည်။

မူရင်း ဆောင်းပါးကို ဖတ်ချင်လျင် http://www.atimes.com/atimes/China/KD17Ad01.html ၌ ဖတ်ရှုနိုင်ပါသည်။
Copyright 2009 Asia Times Online:
စာရေးသူ၏ ဖြည့်စွက် သုံးသပ်ချက်။ ။ လက်ရှိ ဆောင်းပါးဟာ ရှန်ဟိုင်း နိုင်ငံတကာ လေ့လာရေးတက္ကသိုလ် လက်ထောက် ပါမောက္ခ Dr Jian Junbo ၏ အာဘော်ကို တိုက်ရိုက်ဘာသာပြန်ထားခြင်းဖြစ်သည်။ Dr Jian Junbo က အမေရိကန် မြန်မာ ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာမှုဟာ တရုတ်၏ ဒေသတွင်းပထ၀ီနိုင်ငံရေး အတွက် အရေးကြီးပုံ၊ ပြောင်းလဲလာသော အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာနှင့် ပတ်သက်ပြီး တရုတ်၏ ပတ်သက်ဆက်စပ်နေပုံနှင့် တရုတ်၏ တုန့်ပြန်သုံးသပ်ပုံတို့ကို မျက်မှောက်ခေတ်နှင့်အညီ သုံး သပ်တင်ပြထားသည်။

တရုတ်က အမေရိကန်ဟာ မြန်မာကို ကူညီလျှင်တောင် ကိုယ်ကျိုးမဖက်ဘဲ သီးခြားကူညီဖို့ ခက်တယ်ဆိုတာကို မြန်မာကို ပြောချင်ပုံရ သည်။ ထို့ပြင် တရုတ်သာ မြန်မာ၏ အဓိက မိတ်ဆွေဖြစ်ပြီး အမေရိကန်ဟာ အခြေအနေအရ ဖန်တီးလာသော ညှိနှိုင်း ဆောင်ရွက်မှုသာ ဖြစ်သည်ဟု သတိပေးချင်ဟန် ရှိပေသည်၊ ၎င်းကိုယ်တိုင်ကလဲပဲ အမေရိကန် မြန်မာကြား သဘောတူညီမှု တခုခုကို ဦးတည်သွားမှာ ကိုလည်း စိုးရိမ်နေပုံ ရသည်။ ASEAN အပေါ်တွင်လဲ ၎င်းကပင် သြဇာ လွှမ်းမိုးပြီး အဓိက key player အနေနှင့် ရှိနေချင်ဟန် ရှိသည်။

သို့သော် အမေရိကန်၏ မြန်မာအပေါ် ချဉ်းကပ်မှုပိုင်းဆိုင်ရာကို ဖော်ပြရာ၌ နည်းလမ်းသုံးသွယ်ဖြင့် ဖော်ပြထားပြီး ဒုတိယနည်းလမ်းမှာ နှစ်ပေါင်းများစွာတိုင်အောင် ကျင်သုံးပြီးဖြစ်သော်လည်း မအောင်မြင်သည်မှာ ထင်ရှားပြီးဖြစ်သည်။ သို့သော် ပထမ နှင့် တတိယနည်း တို့မှာမူ အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအသစ်နှင့် ဆက်စပ်မှု ရှိနေပြီး အကောင်အထည် ပေါ်လာကောင်း ပေါ်လာနိုင်ပေသည်။ သို့သော် Dr Jian Junbo ကမူ ၎င်း ပထမ နှင့် ဒုတိယ အချက်တို့ကိုလည်း သိပ်မဖြစ်နိုင်ဟု ဖော်ပြသွားခဲ့ပေသည်။ တကယ်တမ်းကျ တော့ သိပ်မဖြစ်နိုင် ဆိုတာထက် ၎င်းနည်းလမ်းများအတိုင်း ဖြစ်လာမှာကို တရုတ်က အလွန်စိုးရိမ်လျက်ရှိသည်ဟု စာရေးသူ ယုံကြည်မိသည်။ ဖြစ်လာခဲ့ လျှင်တောင် တရုတ် အနေနှင့် ပထ၀ီ နိုင်ငံရေးနှင့် ပတ်သက်လျှင် မည်သည့် ချဉ်းကပ်မှုမျိုး ကိုမဆို ကန့်ကွက်မည့်ပုံ ရှိပေသည်။ ဤချဉ်းကပ်မှု နည်းလမ်းများဖြင့် ချဉ်းကပ်လာခဲ့လျှင် အမေရိကန် အနေနှင့် အခက်အခဲ များနှင့် ရင်ဆိုင် ရမည်ဟု တရုတ်က ပြောနေသော်လည်း၊ ချဉ်းကပ်မှု နည်းလမ်းများ မအောင်မြင်ခဲ့လျှင်တော့ ဟုတ်သည်ပေါ့၊ သို့သော် အမေရိကန်၏ ချဉ်းကပ်မှုများ အောင်မြင်ခဲ့ လျှင်မူကား တရုတ်ပြောခဲ့သော အခက်အခဲများဟာ အမေရိကန်အတွက် မဟုတ်ဘဲ ၎င်း တရုတ်နိုင်ငံ အတွက်သာ ဖြစ်ပေ လိမ့်မည်ဟု စာရေးသူ ယူဆမိသည်။

ထို့ပြင်လည်းပဲ တရုတ်ဟာ မြန်မာနိုင်ငံ ရခိုင်ကမ်းခြေမှာ အခြေဆိုက် ဆိပ်ကမ်း တခုကို ထားပြီး အာဖရိကနှင့် အရှေ့အလယ်ပိုင်း ဒေသများနှင့် ကုန်သွယ်မှု အတွက် မြန်မာနိုင်ငံ၏ ကုန်းတွင်း လမ်းကြောင်းကို မြန်မာနှင့် အကျိုးတူ အသုံးပြု လိုပေသေးသည်။ ထို့အတွက်လဲ မြန်မာအပေါ် သြဇာ လွှမ်းမိုးမှုကို အမေရိကန် ကိုမှမဟုတ် မည်သူ့ မည်သူကိုမျှ ခွဲဝေပေး လိုလိမ့်မည် မဟုတ်ပေ။ ၎င်းလမ်းကြောင်းသည် တရုတ်အတွက် စီးပွားရေးအရ အလွန် တွက်ခြေကိုက်ပြီး လုံးခြုံ စိတ်ချရသော လမ်းကြောင်း ဖြစ်ပေသည်။ ဤကဲ့သို့သော အရေးကိစ္စများသည် စစ်အေးခေတ် နှောင်းပိုင်း လက်ရှိ မျက်မှောက်ရေးရာ ကမ္ဘာ့ ချိန်ခွင်ကို ပြောင်းလဲနိုင်သော အာရှ အခန်းကဏ္ဍတွင် စာရေးသူတို့ နိုင်ငံ၏ ပထ၀ီ နိုင်ငံရေး အရ လွှမ်းမိုးနိုင်မှုနှင့် အရေးပါမှု တို့ပင် ဖြစ်ပေသည်။

၎င်းအပြင် စာရေးသူ အနေနှင့် မြန်မာဟာ ဒေသတွင်း ASEAN နိုင်ငံများ အပေါ်လဲ လွှမ်းမိုးမှုနှင့် အားသာချက်များ ရှိနေပေကြောင်း ကိုလဲ ပြောချင်သေးသည်။ မြန်မာနိုင်ငံ တည်နေရာအရ မြန်မာဟာ အာဖရိက၊ အရှေ့အလယ်ပိုင်း နိုင်ငံတို့နှင့် ကမ္ဘာ့အရှေ့ပိုင်း နိုင်ငံများ (တရုတ် ကဲ့သို့သော) ၏ ကုန်သွယ်မှု လမ်းကြောင်းပေါ်တွင် တည်ရှိနေသည်။ သို့သော် ပင်လယ်ကူးသင်္ဘောများသည် အိန္ဒိယ သမုဒ္ဒရာ၊ ကပ္ပလီပင်လယ် မှတဆင့် မလက္ကာ ရေလက်ကြားကို ဖြတ်ပြီး စင်္ကာပူမှပတ်ကာ ထိုင်းပယ်လယ်ကွေ့နှင့် အရှေ့ပိုင်း နိုင်ငံများသို့ ဦးတည် လျက် ရှိပေသည်။ အကယ်၍သာ ထိုင်းက ၎င်းနိုင်ငံကို ဖြတ်ပြီး စူးအက်တူးမြောင်းကဲ့သို့ တူးမြောင်းမျိုး ကိုသာ ဖောက်ခဲ့မည် ဆိုလျှင် ၎င်းကို အမှီပြု၍ မြန်မာ၏ ကူးသန်း ရောင်းဝယ်မှုနှင့် စီးပွားရေးအရ အချက်အခြာ ကျမှုတို့ဟာ ပို၍ အရေးပါလာပေလိမ့်မည်၊ သို့သော် ပွဲစား သဘောမျိုးဖြင့် အသက်မွေးနေသော စင်္ကာပူကိုမူကား ထိုင်း၏ တူးမြောင်းက အခက်တွေ့ကောင်း တွေ့စေနိုင်ပေသည်၊ လက်ရှိ မျက်မှောက် အခြေအနေမှာပင် နည်းပညာပိုင်းဆိုင်ရာ မြင့်မားလာမှုကြောင့် အချို့သော ပင်လယ်ကူးသင်္ဘောများနှင့် လေယာဉ်များဟာ စင်္ကာပူမှ တထောက် ရပ်နားခြင်းမျိုး မရှိဘဲ တိုက်ရိုက်ပျံသန်းသွားလာ နေတဲ့အတွက် စင်္ကာပူရဲ့လက်ရှိ ရပ်တည်မှုဟာ စိတ်ချရလောက် တဲ့ အနေအထားမှာ မရှိပေ၊ အချိန်မရွေး ပြောင်းလဲသွား နိုင်ပေသည်။

ထိုင်းကသာ တူးမြောင်း တူးဖော်မှုကို အကောင်အထည်ဖော်ခဲ့လျှင် ပို၍ဆိုးပေဦးမည်။ သို့သော် ထိုင်း၏ တူးမြောင်းသည် ကုန်သွယ်မှု လမ်းကြောင်းကို မြန်မာနှင့် ပို၍ နီးကပ်လာစေမည်ဖြစ်တဲ့အ တွက်ကျယ်ပြန့်သော ကမ်းရိုးတမ်းအရှည်နှင့် သဘာဝသယံဇာတ အပါအ ၀င် မြိတ်ကျွန်းစုကို ပိုင်ဆိုင်သော မြန်မာဟာ ပို၍အရေးပါ လာပေလိမ့်ဦးမယ်။ ထိုင်း အနေနှင့်လဲ စင်္ကာပူ၏ သင်ခန်းစာကိုယူပြီး အ ကောက်အခွန်နှင့် အကျိုးအမြတ်ကို လိုချင်ကောင်း လိုချင်သောကြောင့် ဖြစ်ပေမည်။ ထို့ထက် ပိုအရေးကြီးသော အချက်မှာကား ထိုင်း အနေနှင့် မြန်မာနှင့်သာ စစ်ဖြစ်ခဲ့လျှင် သို့တည်းမဟုတ် အခြားအကြောင်းတခုခုကြောင့်ဖြစ်စေ ၎င်း၏ စစ်သင်္ဘောများကို ဘင်္ဂလားပင် လယ်အော်သို့ ရောက်ဖို့အတွက် မလက္ကာရေလက်ကြားမှတဆင့် စင်္ကာပူကိုပတ်ကာ လာနေရပေသည်။ ဤအချက်သည် ထိုင်းရေတပ် အတွက် အလွန့်အလွန် ကြီးမားပြီး ခရီးဖင့်နေရသော အခက်အခဲ ဖြစ်ပေသည်။ ထိုင်းအနေနှင့် ၎င်းအခက်အခဲကိုလဲ ဖြေရှင်းရင်း စီးပွားရေးအရလဲ တွက်ခြေကိုက်အောင် စီစဉ်လျက် တချက်ခုတ်နှစ်ချက်ပြတ် စီမံကိန်းကို စဉ်းစားဟန် တူပေသည်။ (ဤဖော်ပြချက်ကို ထိုင်းက တူးမြောင်း တူးမည်ဟူသော သတင်းများကြောင့် ထည့်သွင်း ဖော်ပြခြင်း ဖြစ်ပေသည်။ သတင်း အတိအကျနှင့် သတင်း source ကိုတော့ မမှတ်မိတော့ပါ။)

စာရေးသူ အနေနှင့် လက်ရှိ သုံးသပ်ချက်တွင် မြန်မာနိုင်ငံ၏ သယံဇာတ အရင်းအမြစ် ပေါကြွယ်ဝမှု အပြင် ပထ၀ီ နိုင်ငံရေးနှင့် စီးပွားရေး အချက်အခြာ ကျမှုတို့ကို အရင်းခံပြီး မိမိနိုင်ငံ၏ တန်ဖိုးကို ဖော်ထုတ်လိုသောကြောင့်သာ ဤကဲ့သို့သော ဖော်ပြချက်များဖြင့် သုံးသပ် တင်ပြခြင်း ဖြစ်ပေသည်။ လက်ရှိ အစိုးရကို သော်လည်းကောင်း၊ အတိုက်အခံများကို သော်လည်းကောင်း ထည့်သွင်းစဉ်းစားခြင်းမပြု လိုပါ။ မိမိနိုင်ငံ၏ တန်ဖိုးကိုသိပြီး တန်ဖိုးထား ထိန်းသိမ်းသင့်သော၊ သွေးစည်း ညီညွတ်သင့်သော အမြင်၊ အမျိုးသား နိုင်ငံရေး အမြင် ဖြင့် တင်ပြလိုက်ပါသည်။ ထို့ကြောင့် မည်သို့သောအခက်အခဲ မည်သို့သော အခြေအနေ များတွင်ဖြစ်စေ မြန်မာဟာ အမြဲ ရွှေမြန်မာ ပင် ဖြစ်နေရပေမည်၊ တိုင်းရင်းသားအားလုံး သွေးစည်း ညီညွတ်စွာဖြင့် ရင်းရင်းနှီးနှီး အတူတကွ နေထိုင်ရင်း ရွှေမြန်မာ၏ တည်တံ့မှုနှင့် ခန့်ထည် တည်ကြည်မှု၊ မြင့်မြတ်သော ဘာသာရေး ဖြစ်ထွန်းတည်ရှိမှု တို့ကို ကမ္ဘာတည်သရွေ့ မြန်မာအားလုံး (တိုင်းရင်းသား အားလုံး ကို ဆိုလိုသည်) က နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်၊ စစ်ရေးအမြင် တို့ဖြင့် ထိန်းသိမ်းသွားသင့်ပေသည်ဟု တင်ပြလိုက်ရပေသည်။


ထိုင်းတူးမြောင်းသာ အကောင်အထည် ပေါ်လာခဲ့လျှင်
ဖြစ်လာနိုင်သော လမ်းကြောင်းနှင့် မြေပုံ

0 comments:

အပေါ်သို့