Tuesday, June 9, 2009

အောင်ပွဲဆီသို့ဦးတည်ရာခြေလှမ်းများ(သို့မဟုတ်) ဆားဗီးယားလူထုလှုပ်ရှားမှု မဟာ ဗျူဟာများ

Saturday, June 6, 2009

မဟာဗျူဟာ။

စကားလုံးကား (၄)လုံးသာရှိသည်။ သို့ရာတွင် အစွမ်းထက်မှုကား မည်သည့် အရာနှင့်မျှ တုနှိုင်း မယှဉ်နိုင်။ စစ်မှုရေးရာ၊ စီးပွားရေးရာမှသည် နောက်ဆုံး လူတဦးချင်းဆီ၏ ဘ၀ တိုးတက်ရေး အထိ ပိုင်စိုးပိုင်နင်း ၀င်ရောက် နေရာယူထားသည်။ လက်နက်အားကိုး အနိုင်ကျင့်သော အာဏာရှင် အစိုးရများအား လက်နက်မဲ့ ရင်ဆိုင် အနိုင်ယူရသည့် ကာလများတွင် ယင်းစကားလုံး (၄)လုံးသည် ပို၍ တန်ဖိုးရှိလာသည်။ အသက်နှင့် ရင်းရသည့် ကစားပွဲ။ ဘ၀နှင့်ရင်းသည့် ကစားပွဲ။ စနစ်ဆိုး တခုကို ဖြိုဖျက်နိုင်ဖို့၊ သန်းပေါင်းများစွာ၏ ဘ၀ဆိုးများကို ကယ်တင်နိုင်ဖို့ ကြိုးစားရသည့်ပွဲ။ မည်သို့ဆိုစေ တနေ့မှာတော့ အာဏာရှင် စနစ် ဆိုသည်မှာ ပြိုလဲရစမြဲ။ လူထု လှုပ်ရှားမှု အောင်ပွဲများကား သမိုင်းသက်သေ ထူခဲ့ပြီ။ ယင်းအောင်ပွဲဆီသို့ ဦးတည်ရာ ခြေလှမ်းများထဲမှ ဆားဗီးယား လူထုလှုပ်ရှားမှု မဟာ ဗျူဟာများအား လေ့လာကြည့်ကြပါစို့။

အော့ပါ(ခေါ်) ဆားဗီးယားလူထု လှုပ်ရှားမှုသည် ရာများများစွာသော လူငယ်များမှ စတင်ကာ ထောင်ပေါင်း များစွာသော လူပေါင်း များစွာဆီသို့ ပျံ့နှံ့ ရောက်ရှိသွားခဲ့သည်။ ရည်ရွယ်ချက်ကား ရှင်းသည်။ အာဏာရှင် အစိုးရအား ဖြုတ်ချရန်။ ကော်ဖီဆိုင်များ၊ ကျောင်းများတွင် လူငယ်များ စတင်စုဝေး ခဲ့ကြသည်။ လှုံ့ဆော်စာများ၊ ပိုစတာများ၊ ကြွေးကြော်ချက် စာတမ်းများအား နေရာတကာတွင် ကပ်ခဲ့ကြသည်။ လမ်းများပေါ်တွင် စုဝေး ဆန္ဒပြခဲ့ကြသည်။

အာဏာရှင်ကလဲဒီအတိုင်း မနေပါ။ အာဏာရှင်ပီသစွာ ဖိနှိပ် ချုပ်ချယ်မှုများ ပြုလုပ်သည်။ ရဲတပ်ဖွဲ့မှ ဆန္ဒပြသူများကို ဖမ်းဆီး ရိုက်နှက်သည်။ ထောက်လှမ်းရေးများ၊ သတင်းပေးများအား နေရာအနှံ့ ချထားသည်။ နိုင်ငံပိုင် သတင်းဌာနများမှ တဆင့် ဆန္ဒပြသူများအား အကြမ်းဖက်သမားများ အဖြစ် ကြေငြာသည်။

မည်သို့ဆိုစေ အမှန်တရာဆိုသည်ကား ဒီလိုညစ်ညမ်းသည့် နည်းများဖြင့် ဖုံးဖိ၍ မရစကောင်း။ လူငယ်များ၏ လှုပ်ရှားမှုဆီသို့ အလုပ်သမားနှင့် ပညာရှင်များ ပူးပေါင်း ပါဝင်လာခဲ့ကြသည်။ အာဏာရှင် စနစ်အား လူထု လှုပ်ရှားမှုနည်းဖြင့် အနိုင်ယူ တိုက်ဖျက်နိုင်ခဲ့သည်။

ယင်းလူထုလှုပ်ရှားမှုအား လူငယ်များမှ စတင်ခဲ့သည်။ အော့ပါတွင် ခေါင်းဆောင်မရှိ။ လူငယ် တော်လှန်ရေးသမားများ အားလုံးသည် ခေါင်းဆောင်များပင်ဖြစ်သည်။ လှုပ်ရှားမှု တာဝန်များကို ခွဲဝေယူကြသည်။ စည်းကမ်းရှိရှိ ဆောင်ရွက်ကြသည်။ လှုပ်ရှားမှုများ လုပ်ရုံတခုတည်းနှင့် တော်လှန်ရေး အောင်ပွဲ မရနိုင်ကြောင်းကို သူတို့ကောင်းစွာ သဘောပေါက်ခဲ့ကြသည်။ ချိတ်ဆက် လှုပ်ရှားနေကြသော အုပ်စုငယ်များအားလုံး ယုံကြည်စွာ အကောင်အထည် ဖော်ရမည့် မဟာဗျူဟာများ ရှိရမည်ဟု သူတို့နားလည်ခဲ့ကြသည်။

အော့ပါ၏ မဟာဗျူဟာများမှာ အာဏာဆန်းစစ်ချက်ပေါ်တွင် အခြေခံသည်။ လူထု အဆောက်အအုံအား ပိရမစ် ပုံစံဖြင့် ဖော်ပြသည်။ ထိပ်ပိုင်းတွင်ကား အာဏာရှင်များ၊ စစ်ဗိုလ်ချုပ်များနှင့် စီးပွားရေးသမားများ၊ ယင်းမှသည် ဖိနှိပ်ချုပ်ချယ်မှု ပြင်းထန်စွာ ပြုလုပ်နေသူများ (စစ်တပ်၊ရဲ၊ထောက်လှမ်းရေး)။ ယင်းမှသည် ဖိနှိပ်မှုတွင် ပါဝင်ပတ်သက်သူများ (သတင်းမီဒီယာ) စသည်ဖြင့် ပါဝါသွားရာ လမ်းကြောင်းများကို အဆင့်ဆင့် ရေးဆွဲခဲ့ကြသည်။ ထိုသို့ ရေးဆွဲရင်းဖြင့် အာဏာရှင်စနစ်ကို ထောက်မပေးနေသော ဒေါက်တိုင်များ ပီပြင်စွာ ထွက်ပေါ်လာသည်။ ယင်းဒေါက်တိုင်များ ပြိုလဲမှ အာဏာရှင်စနစ် ပြိုလဲမည်။ အာဏာရှင် စနစ်ကို ဆန္ဒပြနေရုံ တခုတည်းနှင့် ပြီးမည် မဟုတ်ကြောင်း သူတို့ သုံးသပ်ခဲ့ကြသည်။

အခြားထူးခြားချက်တခုမှာ အဖွဲ့ဝင်သစ်များ ၀င်လာတိုင်း လက်ဆင့်ကမ်း သင်တန်းပေးခြင်းဖြစ်သည်။ တော်လှန်ရေးဟူသည် စည်းရုံးလှုပ်ရှားမှု၊ လက်တွဲခေါ်ယူမှု၊ လက်ဆင့်ကမ်း ပညာပေးမှုများရှိမှ အားကောင်းလာမည် ဖြစ်ကြောင်း သူတို့ကောင်းစွာ သဘောပေါက်ခဲ့ကြသည်။

အော့ပါ၏ မဟာဗျူဟာများတွင် မေးခွန်း(၂)ခုမှာ အဓိကကျသည်။
(၁) မည်သည့်ဒေါက်တိုင်များသည် အာဏာရှင်စနစ်အား ထောက်မ ထားသနည်း။
(၂) ယင်းဒေါက်တိုင်များ အားနည်းပြိုလဲလာစေရန် မည်သည့် နည်းဗျူဟာများဖြင့် အကောင်အထည် ဖော်မည်နည်း။

ထင်ရှားသော ဥပမာတခုမှာ အာဏာရှင်စနစ်၏ အရေးပါသော ဒေါက်တိုင် တခုဖြစ်သည့် ရဲတပ်ဖွဲ့ဖြစ်သည်။ ရဲတပ်ဖွဲ့အား တိုက်ခိုက် ပြောဆိုခြင်းဖြင့် ရဲတပ်ဖွဲ့မှ အာဏာရှင်စနစ်အား ပိုမိုသစ္စာရှိစွာ ကာကွယ်သွားခြင်းသာ အဖြေထွက်လာနိုင်ကြောင်း လူငယ် တော်လှန်ရေး သမားများက သုံးသပ် စဉ်းစားခဲ့ကြသည်။ သူတို့ ဘာလုပ်ခဲ့ကြသနည်း။ ရဲတပ်ဖွဲ့၏ ရိုက်နှက်မှုကြောင့် ဒဏ်ရာရသူများ၏ ဓာတ်ပုံများအား ရိုက်ယူကာ ပုံကြီးချဲ့ပြီး ဆိုင်းဘုတ်များ ပြုလုပ်ကြသည်။ ယင်းဆိုင်းဘုတ်များဖြင့် ရဲတပ်ဖွဲ့ဝင်များ၏ အိမ်များသို့ ချီတက်ကာ အဖြစ်အပျက်များအား ပြောပြကြသည်။ ရဲတပ်ဖွဲ့ဝင်များ၏ သားသမီးများရှိရာ ကျောင်းများသို့ သွား၍ အဖြစ်အပျက်များကို ပြောပြကြသည်။ တစ်နှစ်ခန့် ကြာသောအခါ တော်လှန်ရေး သမားများအား ရဲများမှ ရိုက်နှက်မှု လျော့ပါးလာသည်။ မိတ်ဆွေများ၊ အိမ်နားနီးချင်းများ၊ မိသားစုဝင်များ၏ အထင်သေးရွံရှာ စက်ဆုပ်မှုများ ဒဏ်ကို သူတို့ မခံနိုင်တော့။

ထို့အပြင် လူငယ်များသည် သူတို့အားဖြိုခွဲရန် တာဝန်ချထားသော အရပ်ဝတ် ရဲများအားလဲ ခင်မင်ရင်းနှီးစွာ ဆက်ဆံကြသည်။ ဒီမိုကရေစီ အခွင့်အရေးများအား အတင့်ရဲစွာ ပြောပြကြသည်။ ယင်းနည်းဖြင့် အဆင့်မြင့်ပိုင်း အရာရှိများအထိ အောင်မြင်စွာ စည်းရုံး နိုင်ခဲ့ကြသည်။ နောက်ဆုံး တော်လှန်ရေး တစတစ ကြီးထွားလာပြီး ဘယ်လဂိတ်မြို့တော် ပါလီမန်အား လူထုတက်သိမ်းချိန်၌ လူထုအား ဖြိုခွဲရန် စေလွှတ်ခြင်းခံရသော ရဲတပ်ဖွဲ့ဝင်များသည် တာဝန် ထမ်းဆောင်ရမည့် အစား ဒီအတိုင်းပင် ထိုင်ကြည့် နေခဲ့ကြသည်။ ဒေါက်တိုင်ပြိုလဲမှုသည် အလွန်ပင် အရေးပါ အရာရောက်ပါသည်။

အော့ပါလှုပ်ရှားမှု အောင်မြင်ခဲ့ရသည့် အဓိက အကြောင်းရင်းတခုမှ ပါဝါ၏ သဘောတရားများကို ကြေညက်စွာ နားလည်ခြင်းပင်ဖြစ်သည်။ ဘားနတ်လာဖယ်ရက်တိ ဆိုသူက အာဏာရှင်စနစ် အဆောက်အအုံအား အိမ်တလုံးနှင့် ယှဉ်၍ ဥပမာပြထားသည်။ အိမ်၏ခေါင်မိုးမှာ အာဏာရှင်နှင့် သူ၏ဖိနှိပ်မှု ယန္တရားများဖြစ်ပြီး၊ အုတ်မြစ်မှာမူ လူအများ၏ ပူးပေါင်းဆောင်ရွက်မှု ဖြစ်သည်။ ခေါင်မိုးပေါ်တွင် လက်နက်များ၊ အမြောက်များ မည်မျှတင်ထားစေကာမူ အုတ်မြစ်အား ဖြိုလိုက်သည်နှင့် အိမ်ပြိုသွားမည်ဟု သူကဆိုသည်။

လူထု၏ပါဝါအား Non-cooperation နည်းဖြင့် ပြန်လည် ရယူသင့်ကြောင်း အော့ပါ လူငယ်တို့ သုံးသပ်ခဲ့ကြသည်။ ယင်းအပြင် အာဏာရှင် စနစ်ကို ဖြိုချရုံတခုတည်းနှင့် ဒီမိုကရေစီစနစ်ကို အပြည့်အ၀ တည်ဆောက်ခြင်း၊ ကွဲပြား ခြားနားမှုများအား လက်ခံ သဘောပေါက်ခြင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ခြင်း မပြုလုပ်နိုင်ကြောင်း သူတို့ နားလည်ခဲ့ကြသည်။ သို့ဖြစ်၍ တော်လှန်ရေး မဟာဗျူဟာသည် အာဏာရှင်စနစ်ကို ဖြိုဖျက်ခြင်းနှင့်အတူ ဒီမိုကရေစီစနစ် တည်ဆောက်ခြင်း အပေါ်တွင်ပါ တပြိုင်နက်တည်း အခြေခံရမည် ဟု သူတို့ ဆုံးဖြတ်ခဲ့ကြသည်။

အော့ပါလှုပ်ရှားမှု မဟာဗျူဟာတွင် အဆင့်(၅)ဆင့်ရှိပါသည်။ ယင်းတို့မှာ-

(၁)တော်လှန်ရေးယဉ်ကျေးမှုတရပ်ဖန်တီးပြင်ဆင်ခြင်း
တော်လှန်ရေး ပြုပြင်ပြောင်းလဲမှုတရပ် ပေါ်ပေါက်လာစေရန် ယဉ်ကျေးမှု တရပ် လိုအပ်သည်။ မည်သို့သော ယဉ်ကျေးမှုမျိုးနည်း။ ပုန်ကန်တော်လှန်သော ယဉ်ကျေးမှု။

ယင်းအဆင့်တွင် အရေးကြီးဆုံးမှာ တော်လှန်ရေး အမြင်ရှိရန် ဖြစ်သည်။ တော်လှန်ရေး အမြင် ရှင်သန်နေမှသာ နေရာယူလို စိတ်များ၊ အမြင်ကွဲပြား မှုများနှင့် တော်လှန်ရေး သမားများ အကြားတွင် တခါတရံ ရှိတတ်သော အာဃာတများ ပျောက်ကွယ်ပြီး ညီညွတ်မှုကို တည်ဆောက်နိုင်မည်ဖြစ်သည်။

အော့ပါတွင် ရှင်းလင်းပြတ်သားသော တော်လှန်ရေး အမြင်ရှိခဲ့သည်။ နိုင်ငံအ၀ှမ်း ချိတ်ဆွဲသော ပိုစတာများတွင် “He’s Finished ” ဟု ရေးသားကြသည်၊ အားလုံး၏ အဓိကရန်သူသည် အာဏာရှင်ဖြစ်ကြောင်း လူတိုင်းနားလည်သည်၊ မည်သည်ကို တော်လှန်ရမည် ဖြစ်ကြောင်းအားလုံး သဘောပေါက်ခဲ့ကြသည်။

(၂) ခိုင်မာသော ဦးဆောင်အဖွဲ့အစည်းတရပ် တည်ဆောက်ခြင်း

တော်လှန်ရေး မာန်ဟုန်ကို မြှင့်တင်စေရန် ခိုင်မာသော နိုင်ငံရေးဦးဆောင် အဖွဲ့အစည်း တရပ် လိုအပ်သည်။ ပြုပြင်ပြောင်းလဲမှု တရပ်ကို ဟိုတစု၊ ဒီတစု လုပ်ယူ၍မရ။ နိုင်ငံရေးဦးဆောင်အဖွဲ့လိုအပ်သည်။ ဤအဆင့်တွင် အရေးကြီးဆုံးမှာ အဖွဲ့ဝင်များအကြား ယုံကြည်မှု လျော့နည်းခြင်း မဖြစ်လာစေရန် သတိပြုရမည်။ တဦးနှင့်တဦး ယုံကြည်မှု လျော့နည်းလာခြင်းသည် တော်လှန်ရေး အင်အားကို လျော့ကျစေသည်၊ တော်လှန်ရေး လှုပ်ရှားမှုများသည် လှုပ်ရှားနေသူ အသိုင်းအ၀ိုင်း ကြားတွင်သာ ပျံ့နှံ့နေပါက ယင်းအသိုင်းအ၀ိုင်း ပြင်ပမှ လူသစ်များ ထပ်မံ ၀င်ရောက်လာခြင်းကို ကန့်သတ် လိုက်သကဲ့သို့ ဖြစ်သွားစေသည်။

တော်လှန်ရေးအသိုင်းအ၀ိုင်း ပြင်ပမှ လူများအား တော်လှန်ရေး စည်းဝိုင်းအတွင်းသို့ မြင်သာထင်သာ မပါလျှင်ပင်၊ စိတ်ပိုင်းဆိုင်ရာ ထောက်ခံ အားပေးမှု ရှိနေစေရန် မည်သို့ စည်းရုံးမည်နည်း။ ဤအချက်မှာ အရေးကြီးလှသည်။ တော်လှန်ရေး အသိုင်းအ၀ိုင်း ပြင်ပမှ လူအများသည် အာဏာရှင် စနစ်ကို စက်ဆုပ်နေခြင်းနှင့် အတူ တော်လှန်ရေး အသိုင်းအ၀ိုင်း အပေါ်တွင်လည်း လေးစား ယုံကြည်မှု မရှိပါက လူထုတိုက်ပွဲကို အဆုံးသတ်၍ မရနိုင်ပဲ ဖြစ်တတ်သည်။ လူအများ လေးစားယုံကြည်ခံရသော ကိုယ်ကျင့်သိက္ခာ ကောင်းမွန်သည့် လူအများပါဝင်သော ဦးဆောင် အဖွဲ့အစည်းတရပ် ရှိရန် လိုအပ်သည်။

(၃) ထိပ်တိုက်ရင်ဆိုင်ခြင်း
ယင်းအဆင့်မှာ လူထုများ ပူးပေါင်းပါဝင်လာမှသာ ပြုလုပ်၍ ရနိုင်သည်။ အော့ပါ ထိပ်တိုက် ရင်ဆိုင်ခြင်း မဟာဗျူဟာသည် သေးငယ်သော ဆန္ဒပြပွဲများမှ စတင်ခဲ့သည်။ ပြုလုပ်သော နေရာများမှာလဲ လူသွားလူလာ အများဆုံး နေရာများတွင်ဖြစ်ပြီး လူထုကြားသို့ အမြန်ဆုံးသတင်း ပျံ့နှံ့စေသည့် နေရာများဖြစ်သည်။

(၄) နိုင်ငံရေး၊ စီးပွားရေးအရ ဆက်ဆံမှု မပြုလုပ်ခြင်း (၀ါ) ပူးပေါင်းဆောင်ရွက်မှု မရှိခြင်း
ယင်းအဆင့်သည် လူထုများအကြား တော်လှန်ရေးအမြင်၊ တော်လှန်ရေး အသံများ နှိုးကြား လာချိန်တွင် ဖြစ်ပေါ်ရမည်။ သပိတ်မှောက်မှုများ၊ ဆန္ဒပြမှုများဖြင့် အာဏာရှင်စနစ် ပျက်သုဉ်းရေးကို ဦးတည် လုပ်ဆောင်ခြင်းဖြစ်သည်။

(၅) စင်ပြိုင်အဖွဲ့အစည်းများ တည်ထောင်ခြင်း
ယင်းအဆင့်ဖြစ်ပေါ်လာစေရန် တော်လှန်ရေးစတင်စဉ် ကပင် ခြေကုပ် ယူရမည်။ ထိပ်တိုက် ရင်ဆိုင်စဉ် ကာလတွင် စင်ပြိုင်အဖွဲ့များ ကြီးထွားနေရန် လိုအပ်ပြီး လူထုလှုပ်ရှားမှု အရှိန်ရလာသည်နှင့် အမျှ လူ့ဘောင်သစ် တည်ဆောက်ရေး၏ အခြေခံ အဆောက်အအုံများ ဖြစ်လာရန် လိုအပ်ပေသည်။

အဆိုပါ မဟာဗျူဟာများဖြင့် ဆင်နွှဲခဲ့သော အော့ပါလှုပ်ရှားမှုသည် အောင်ပွဲကို ဆောင်ကျဉ်းပေး နိုင်ခဲ့သည်ဖြစ်ရာ အောင်ပွဲဆီသို့ ဦးတည်ရာ ခြေလှမ်းများ ဟုပင် ဆိုရမည်ဖြစ်ပါကြောင်း။


Ref: ခင်မမမျိုး

0 comments:

အပေါ်သို့