Wednesday, June 10, 2009

စာမျက်နှာသစ် ပြင်ဖွင့်ဖို့လိုပြီလား

ဗိုလ်ထက်မင်း
၉ ဇွန် ၂၀၀၉

နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနဲ့ပတ်သက်ပြီး အပစ်ရပ်အဖွဲ့တွေ အားလုံး အနေနဲ့ အလေးအနက်ထား စဉ်းစား ဆုံးဖြတ်ကာ နအဖအား စုပေါင်း ဆန့်ကျင်ကြဖို့ ဆက်လက် တင်ပြလိုပါတယ်။

နအဖက အဆိုပြုထားတဲ့ WE (War Establishment) ဖွဲ့စည်းပုံအရ နယ်ခြားစောင့် တပ်ရဲ့ ဖွဲ့စည်းပုံ အင်အား အရာရှိ (၁၈) ယောက်နဲ့ အခြားအဆင့် (၃၀၈) ယောက်၊ စုစုပေါင်း (၃၂၆) ယောက်ဟာ နအဖ ဖွဲ့စည်းပုံ (ကဖ၇၀စ၉၆) အရ နအဖ တပ်ရင်းတရင်း အင်အားဖြစ်တဲ့ အရာရှိ (၃၀) ယောက်နဲ့ အခြားအဆင့် (၇၈၆) ယောက်၊ စုစုပေါင်း (၈၁၆) ယောက်နဲ့ နှိုင်းယှဉ် ကြည့်လိုက်ရင် အင်အား နှစ်ဆကျော် ကွာနေပါတယ်။ ဒီလိုအင်အား ကွာဟ ထားတာဟာ ဘယ်လို သဘောလဲဆိုတာ စဉ်းစားဖို့ လိုပါတယ်။

နယ်ခြားစောင့်တပ်ရဲ့ တပ်ရင်းမှူးအဆင့်ဟာ ဗိုလ်မှူးသာဖြစ်ပြီး နအဖ တပ်ရင်းမှူး တယောက်ရဲ့ အဆင့်ကတော့ ဒု-ဗိုလ်မှူးကြီး ဖြစ်နေလို့ အစည်းအဝေးမှာ ယှဉ်တက်ရင်တောင် နအဖ တပ်ရင်းမှူးကို အလေးပြု အရိုအသေ ပေးပြီးမှ တက်ရောက် ရမှာ ဖြစ်လို့ အပစ်ရပ်တွေကို နှိမ့်ချထားတဲ့ သဘောလို့ မြင်မိပါတယ်။

စစ်တပ်မှာ ဒု-ဗိုလ်မှူးကြီးအဆင့်ကို very important person (VIP) အရာရှိကြီး အဆင့်လို့ သတ်မှတ် ထားပြီး Commanding Officer (CO) လို့ ခေါ်ကြပါတယ်။ ဒု-ဗိုလ်မှူးကြီး အဆင့်နဲ့ ဗိုလ်မှူးအဆင့်ဟာ ဆောင်းနေတဲ့ ဦးထုပ် ကအစ အနေအထား လုံးဝ ကွာခြားသွားကာ ဒု-ဗိုလ်မှူးကြီး ဦးထုပ်မှာ ပန်းခက်တခွေ သီးခြားထပ်မံ ထည့်ထားပါတယ်။ လေးလပတ် အစည်းအဝေး ခန်းမမှာ ထိုင်ခုံ နေရာချရင် ဒု-ဗိုလ်မှူးကြီး ထိုင်တဲ့ ထိုင်ခုံဟာ ထိပ်နားမှာရှိပြီး ဗိုလ်မှူး ထိုင်ခုံဆိုရင်တော့ နောက်နားမှာ ဖြစ်ပါတယ်။

ပိုဆိုးတာက နယ်ခြားစောင့်တပ် တတပ်ထဲမှာပဲ တပ်မှူးက ဗိုလ်မှူး၊ ဒု-တပ်မှူးကလည်း ဗိုလ်မှူး၊ နအဖရဲ့ အရာရှိကလည်း ဗိုလ်မှူးဖြစ်နေလို့ အဲဒီလို အဆင့်တူ ထားတာဟာလည်း ပြဿနာ ရှိနိုင်ပါတယ်။

အဲဒီဗိုလ်မှူး (၃) ဦးဟာ တဦးနဲ့ တဦး ရာထူးအရ ကွာခြားနေပေမယ့် အဆင့် တူနေတာကြောင့် ပြသာနာရှိပြီး ခြေရာ တိုင်းနိုင်ပါတယ်။ အုပ်ချုပ်ရာမှာလည်း ခက်ခဲနိုင်ပါတယ်။ စစ်ဆင်ရေး စနစ်မှာ အမိန့် စနစ်နဲ့ သွားလို့ ပြဿနာ မရှိသော်လည်း စစ်ရေး/စစ်ထောက်၊ အုပ်ချုပ်ရေး ကိစ္စနဲ့ စီမံခန့်ခွဲရေး ကိစ္စတွေကို စီမံ ဆောင်ရွက်ရာမှာတော့ ထိပ်တိုက် တွေ့ရမယ့် အလားအလာ ရှိပါတယ်။

နအဖဘက်က တာဝန်ယူရမယ့် ရာထူးနေရာများမှာ ဗိုလ်မှူးဆိုရင် ဌာနချုပ် တပ်ခွဲမှူး၊ ဗိုလ်ကြီးဆိုရင် တပ်ရေး ဗိုလ်ကြီးနဲ့ တပ်ထောက် ဗိုလ်ကြီး ဖြစ်နေပြန်တာမို့ နယ်ခြားစောင့် တပ်ရဲ့ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ပိုင်း ဆိုင်ရာတွေကို နအဖဟာ နောက်ကွယ်က ချုပ်ကိုင်ထားပြီး ဖြစ်နေပြန်ပါတယ်။

အခြားအဆင့်ထဲမှာ အကြီးဆုံးဖြစ်တဲ့ ဒု-အရာခံဗိုလ် (ရုံးအုပ်) နဲ့ ဒု-အရာခံဗိုလ် (တပ်ထောက်) တို့ဟာလည်း အဓိက ရုံးလုပ်ငန်းပိုင်း ဆိုင်ရာ ဖိုင်တွဲများနဲ့ တပ်ရဲ့ ထမင်းအိုးကြီးကို ထိန်းချုပ် ထားပါတယ်။ ရုတ်တရက် ကြည့်ရင်တော့ တပ်ရဲ့ (လုပ်ပိုင်ခွင့်အာဏာ) Commander အားလုံးကို အပစ်ရပ်အဖွဲ့မှ အရာရှိအားလုံးက နေရာယူထား သော်လည်း အဲဒီအရာရှိတွေ ကောင်းနေတာကို ဆိုးသွားအောင်၊ အရေးယူခံရအောင် ကလောင်သွားနဲ့ ကော့နေအောင် နအဖ အရာရှိတွေနဲ့ (ရုံးအုပ်)
ဒု-အရာခံဗိုလ် တို့က မသိမသာ ဒုက္ခပေးလို့ ရပါတယ်။ တနည်းပြော ရရင် ပညာပြလို့ ရအောင် နေရာယူထားပြီး ဖြစ်ပါတယ်။

ဒု-အရာခံဗိုလ် (ရုံးအုပ်) ဆိုရင် စစ်သည်တဦးရဲ့ လစာခံစားခွင့်၊ ရာထူး တိုးမြှင့်ရေး ဆိုင်ရာ (Promotion Board)၊ သာမန်ခွင့်နဲ့ ရှောင်တခင်ခွင့် ဆိုင်ရာ ခံစားခွင့်များ၊ သင်တန်း တက်ရောက်ခွင့်၊ တပ်ပြောင်းခွင့် မှတ်ပုံတင်စာရင်း၊ နုတ်ထွက်ခွင့်၊ လုပ်သက်ကတ်နဲ့ ကိုယ်ရေးရာဇ၀င် မှတ်တမ်း စတာတွေကို ချုပ်ကိုင် ထားရပါတယ်။

ဒု-အရာခံဗိုလ် (တပ်ထောက်) ဆိုရင် သာမန်ရိက္ခာ၊ အပိုဆောင်း ရိက္ခာ၊ တိုက်ခိုက်ရေး ရိက္ခာ၊ စစ်လက်နက်ပစ္စည်း၊ စစ်ဝတ်ပစ္စည်း၊ မော်တော်ယာဉ်၊ စစ်ဆင်ရေး (ပေါ်တာ) ၀န်ထမ်း ရိက္ခာ၊ အိမ်ထောင်သည် ၀န်ထမ်း ရိက္ခာ၊ အဆောက်အဦးနဲ့ ပရိဘောဂ စတာတွေကို ကိုင်ထားရပါတယ်။

နယ်ခြားစောင့်တပ်အနေနဲ့ သတ်မှတ်ထားတဲ့ ကိုယ့်နယ်မြေ အတွင်းသာ စောင့်ရမယ် ဆိုပေမယ့် နောက်တန်း မိသားစုနှင့် မလွဲမသွေ ခွာရမယ့် နယ်မြေရှင်းလင်းရေး လှည့်ကင်းထွက်တဲ့ အခါမျိုးမှာ နောက်တန်း အိမ်ထောင်သည် လိုင်းအားလုံးနဲ့ ဂတ်ကင်း၊ လက်နက်တိုက် စတာတွေကို နအဖတပ်မှ အရာရှိ (၃) ဦးနဲ့ အခြားအဆင့်များက ထိန်းချုပ်ထားမှာ ဖြစ်ပါတယ်။

နအဖက အပစ်ရပ်အဖွဲ့တွေရဲ့ လစာ၊ ရိက္ခာခံစားခွင့်များကို ဖြေရှင်း ပေးသည်မှာ ရေရှည် ရပ်တည်ရေး အတွက် မှန်ကန်ကောင်းမွန်သော်လည်း လုပ်ထုံးလုပ်နည်းနဲ့ ပြဋ္ဌာန်းချက် ဥပဒေများကို တိတိကျကျ ပြဋ္ဌာန်း ပေးသင့်သလို တိုင်းရင်းသား များကလည်း ကျေညက်အောင် လေ့လာမေးမြန်း သင့်ပါတယ်။

အရေးကြီးဆုံး ပြဿနာမှာ အပစ်ရပ်အဖွဲ့များအား တပ်ရင်း အဆင့်သာ အသိအမှတ် ပြုပြီး အင်အားကြီးမားတဲ့ တပ်မဟာ ဖွဲ့စည်းခွင့်နဲ့ အထက်အရာရှိကြီးမှ စစ်ဦးစီးချုပ် အဆင့်များကိုတော့ နအဖက ဘယ်လိုနေရာမှာ ထားပေးမယ် ဆိုတာကို မရှင်းမလင်း ဖြစ်နေပါတယ်။ အင်အားကို အဆမတန် လျှော့ချပြီးမှ ဖွဲ့စည်းခွင့် ပြုတာဟာလည်း နိုင့်ထက်စီးနင်း ဖြိုခွင်းတဲ့ လုပ်ရပ် ဖြစ်ပါတယ်။

နယ်ခြားစောင့်တပ်တွေကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် လက်အောက်ထဲသို့ သွတ်သွင်းမယ် ဆိုရင် မူလကတည်း က အပစ်ရပ် ခေါင်းဆောင်တွေက ၀င်ရောက် စွက်ဖက်ခွင့် မရှိတာကြောင့် အပစ်ရပ် ရဲဘော် တိုင်းရင်းသားတွေ အနေနဲ့ အဖေနှစ်ယောက် ပေါ်လာပြီး ကြားညှပ် ကြရမယ့် အရေး မြင်ယောင် မိပါသေးတယ်။

ဆိုလိုတာက အပစ်ရပ်အဖွဲ့တွေမှာ အောက်ခြေအပိုင်းကိုသာ အင်အား အဆမတန် လျှော့ယူပြီး အထက်ပိုင်းကိုတော့ တပ်ကို မကွပ်ကဲခိုင်းတော့ဘဲ အရပ်ဝတ် လဲခိုင်းကာ ရွေးကောက်ပွဲကို ဇွတ်အတင်း ၀င်ခိုင်းမယ့် သဘော ဖြစ်နေပြန် ပါတယ်။

ဒီလိုဆိုရင် အပစ်ရပ်တပ်တွေရဲ့ ခေါင်းနဲ့ ကိုယ်ထည်ကို ထက်ခြမ်း ခွဲပစ်လိုက်သလို ဖြစ်နေတာမို့ အထူး သတိပြုသင့် ပါတယ်။ ကိုယ်ထည်ကိုလည်း လှုပ်လို့မရအောင် နောက်ကွယ်မှ ထောက်ထားနိုင်အောင် နအဖစစ်တပ်က ကိုင်ထားတဲ့သဘော တွေ့ရပါတယ်။

အပစ်ရပ်တပ်တွေကို နယ်ခြားစောင့်တပ်လို့ ခေါ်ဝေါ်သုံးစွဲပုံ ကလည်း ကျဉ်းမြောင်းလှပြီး စကားစု ဝေါဟာရ အဓိပ္ပာယ် အရ နယ်စပ်မှာပဲ ထားပြီး ပြည်မသို့ ပေးမ၀င်တဲ့ သဘောဖြစ်ပါတယ်။ ပြည်မသို့ ပေးမ၀င်ရင် ကိုယ့်တိုင်းရင်းသားတွေ အရေးကို ဘယ်လို ဆောင်ရွက် နိုင်တော့မလဲဆိုတာ တိုင်းရင်းသားတွေ အနေနဲ့ လုံးဝ သဘောပေါက်ဖို့ လိုပါတယ်။

ပြည်မနဲ့ ဆက်စပ်နေတဲ့ အပစ်ရပ်တပ်တွေကို ပြန်လည် နေရာချထားမယ် ဆိုလို့ ပြည်မနဲ့ ကပ်လျက် နေရာတွေမှာတော့ အခြေချခွင့် မပြုတော့ဘဲ နယ်စွန်နယ်ဖျားကို မောင်းထုတ်မယ့် သဘောမျိုးဟာ ဝေးလေ ကောင်းလေဆိုတဲ့ အဓိပ္ပာယ် ထွက်နေပြန်ပါတယ်။ နယ်ခြားစောင့်တပ်ကို အခြားဒေသသို့ စေလွှတ်ခြင်း မပြုဘဲ မိမိနယ်တွင်သာ စောင့်ရန်လို့ သတ်မှတ် ပါရှိလေရာ ချုပ်ကိုင်လိုတဲ့ သဘောမျိုး ဖြစ်ပါတယ်။

တပ်ရင်းထဲမှာရှိတဲ့ ရာထူး၊ အဆင့်သတ်မှတ်မှုအတိုင်း အပစ်ရပ် ငြိမ်းအဖွဲ့တွေက သတ်မှတ်ရန် ဆိုတာဟာလည်း နအဖစစ်တပ်မှ ၀င်လာတဲ့ အခြားအဆင့် ဆရာကြီးများ (၂၇) ဦးနှင့် ပြဿနာ တက်လာနိုင်ပြီး လူမျိုးစွဲ၊ တပ်စွဲ၊ သူ့လူကိုယ့်လူ ထားရှိနေဦးမှာမို့ သဟဇာတ မဖြစ်နိုင်တာကို သတိပြုရမှာ ဖြစ်ပါတယ်။

ဒါကြောင့် တိုင်းရင်းသားငြိမ်းချမ်းရေးအဖွဲ့တွေကို အပြီးတိုင် ၀ါးမြို ဖြိုခွင်းမယ့် နအဖရဲ့ နည်းပရိယာယ်အား သိမြင်နိုင်ဖို့ အတွက် အပစ်ရပ် အဖွဲ့တွေအားလုံး ယခုတင်ပြခဲ့တဲ့ အချက်အလက်တွေကို သေသေချာချာ စဉ်းစား သုံးသပ်ကြည့်ကြဖို့ အကြံပြုလိုပါတယ်။

တဆက်တည်းမှာ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်း ပေါ်ရောက်အောင် ဖော်ဆောင်ရင်း နအဖအား တောင်းဆိုတိုက်ပွဲ ၀င်သင့်ပါကြောင်း တိုက်တွန်း တင်ပြလိုက်ရပါတယ်။

ဗိုလ်ထက်မင်း

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့