Tuesday, June 9, 2009

ကောက်ရိုးမီးတောက်ကို ကျော်လွန်၍၊ မီးကုန်ယမ်းကုန် အဆုံးသတ် တိုက်ပွဲဆီသို့

Sunday, May 17, 2009

ဂလက်စဂိုမြို့သို့ ရောက်လာခဲ့ပြန်ချေပြီ။ ကမ္ဘာ့လှုပ်ရှားမှုနေ့ အဖြစ် နိုင်ငံတကာ ကင်ပိန်းများတွင် ပါဝင်ဖို့ ဖြစ်သည်။ လွန်ခဲ့သော စက်တင်ဘာ တော်လှန်ရေးတုန်းကလဲ တကမ္ဘာလုံး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့တာကို သွားသတိရမိသည်။ ဘာလိုလိုနဲ့ နှစ်တွေတောင် ကြာလာခဲ့ပြီပဲ။ မြန်မာ့နိုင်ငံရေးမှာ အတိုက်အခံတွေဘက်ကို နိုင်ငံရေး ချိန်ခွင်လျှာ အလေးသာစေမည့် ဖြစ်ရပ်ပေါင်းများစွာ ဆက်တိုက် ဖြစ်ပေါ် နေလျက်ရှိသည်။ ဒီပဲယင်းလူသတ်ပွဲ၊ စက်တင်ဘာ တော်လှန်ရေး၊ နာဂစ်မုန်တိုင်း၊ ပြီးတော့ အခု လူထုခေါင်းဆောင် မတရားအမှုဆင် ထောင်သွင်းခံရမှု။ နိုင်ငံတကာ အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ၊ အစိုးရခေါင်းဆောင်များ၏ အာရုံစိုက်မှုကို အများဆုံးခံရသည့် အဖြစ်အပျက်များ။ ပြည်ပ ရောက်မြန်မာများကို တ၀ုန်းဝုန်း လှုပ်ရှားမှုများ ဖြစ်စေသည့် အဖြစ်အပျက်များ။ ကောက်ရိုး မီးတောက်လို ခဏတောက်ပြီး၊ ပြန်ငြိမ်ကျသွားခြင်း မရှိစေရန်ကိုတော့ အားလုံး ဂရုစိုက်ကြဖို့ လိုအပ်သည်။ ရှေးယခင်က ကောက်ရိုးမီးတောက် ဖြစ်ခဲ့ရသည့် အဖြစ်အပျက်များမှ သင်ခန်းစာများကို ပြန်ယူကြဖို့ လိုအပ်သည်။ သို့မှသာ ကောက်ရိုး မီးတောက်ကို ကျော်လွန်၍၊ မီးကုန်ယမ်းကုန် အဆုံးသတ် တိုက်ပွဲဆီသို့ ဦးတည်နိုင် ပေလိမ့်မည်။

ကောက်ရိုးမီးတောက်သင်ခန်းစာများ

ဒီပဲယင်းလူသတ်ပွဲ၊ စက်တင်ဘာတော်လှန်ရေး၊ နာဂစ်မုန်တိုင်း စသည်တို့ကို ပြန်လှန် သုံးသပ် ကြည့်ပါစို့။

ဒီပဲယင်းလူသတ်ပွဲသည် ရှစ်ဆယ့်ရှစ် တော်လှန်ရေးနောက်ပိုင်းတွင် ၀ုန်းကနဲ လူအများ အာရုံကို ဆွဲယူနိုင်စွမ်း အရှိဆုံး မီးတောက်တခု ဖြစ်ခဲ့သည်။ တကမ္ဘာလုံးတွင် ဆန္ဒပြပွဲများ တရှိန်ထိုး ဖြစ်ပွားစေခဲ့သည်။ နိုင်ငံတကာ အဖွဲ့အစည်းများသို့ အရေးယူ ပေးပါရန် တောင်းဆိုမှုများ အများအပြား ပေါ်ပေါက်ခဲ့သည်။ ယခု ခြောက်နှစ်ကြာ ကာလရောက်တော့ ဤမျှကြီးမားလှသော လူသတ်ပွဲ၊ နိုင်ငံတော် အကြမ်းဖက်မှုပွဲကြီးသည် ဒီပဲယင်းနှစ်ပတ်လည် တနာရီကြာ ဆန္ဒပြပွဲလေးများ ဟိုတစ၊ ဒီတစ ပေါ်လာရုံလေးမျှသာ ကျန်တော့သည်။ ဘာတွေ မှားခဲ့ကြသနည်း။ လူထုခေါင်းဆောင်နှင့် လူထု ရွေးကောက် တင်မြှောက်ထားသည့် တပ်ဦးပါတီအပေါ် ပြင်းထန်စွာ တိုက်ခိုက်မှုကို လူထုသို့ စည်းရုံး လှုံဆော်ရန် ပျက်ကွက် ခဲ့ကြခြင်းကြောင့် ဖြစ်သည်။ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရများအပေါ် အလုံးစုံ အားကိုး ခဲ့ကြသောကြောင့်ဖြစ်သည်။ ထိုအားကိုးစိတ်က နိုင်ငံတကာ အဖွဲ့အစည်းများ၏ အမှန်တကယ် စွမ်းဆောင်နိုင်မှု အခြေအနေကို မသုံးသပ်တော့ပဲ၊ နိုင်ငံတကာကတော့ လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူးဆိုသော စိတ်ကူးယဉ်မှုကို ဖြစ်စေသည်။ ထိုမှတဆင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ၀င်ရောက်သွားသည်နှင့်၊ အစိုးရ ခေါင်းဆောင်များမှ စတိတ်မင့်များ ထုတ်လိုက်သည်နှင့် ငါတို့တော့ အောင်မြင်တော့မှာပဲဆိုသော မျှော်လင့်ချက်ကြီး ပေါ်လာသည်။ ထိုစိတ်ကူးယဉ်မှုနှင့် မျှော်လင့်ချက်သည် ပြည်သူလူထု ထံသို့လည်း မီဒီယာများမှ တဆင့် ကူးစက်သွားသည်။ ထိုမှတဆင့် ပြည်တွင်းပြည်ပ ဟန်ချက်ညီ လှုပ်ရှားမှု လျော့သွား တော့သည်။ မျှော်လင့်သလို တကယ်ဖြစ်မလာသော အခါတွင်ကား မီးတောက်က မီးညွန့် ကျိုးသွားခဲ့ပြီ။

စက်တင်ဘာတော်လှန်ရေးသည်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်ခဲ့သည်။ ပြည်ပ မီဒီယာတွေ အားလုံးမှာ သတင်း အချက်အလက်တွေ တမဟုတ်ချင်း ပျံ့နှံ့သွားသည်။ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရ ခေါင်းဆောင်များမှ ကန့်ကွက်မှုများ ရက်အနည်းငယ်အတွင်း ထွက်လာသည်။ တကမ္ဘာလုံးရှိ Grass root အဖွဲ့အစည်းများ၊ ကမ္ဘာ့ ပြည်သူလူထု ကလဲ တော်တော် အားပေးကြသည်။ မြို့ငယ်လေးများတွင် လုပ်သည့် လှုပ်ရှားမှုများတွင်ပင် လူထောင်ချီသည်။ လုံခြုံရေး ကောင်စီအထိ ရောက်သည်။ တရုတ်၊ ရုရှားက ကန့်ကွက်တော့ နိုင်ငံတကာ လှုပ်ရှားမှုအရှိန် အနည်းငယ် ကျသွားသည်။ ဂမ်ဘာရီ ၀င်သွားလိုက်တော့ အောင်တော့မယ်ဆိုသည့် မျှော်လင့်ချက်များက ထွက်လာပြန်သည်။ ယူအင်တပ်ကြီးပဲ ၀င်လာတော့မလိုလို၊ အခုပဲ အမေရိကန်နဲ့ ဗြိတိန်က ၀င်လာတော့ မလိုလို သတင်းလွှင့်ကြ ပြန်သည်။ လူထုကလဲ တကယ် ဟုတ်တော့မှာပဲလို့ စောင့်စားသည်။ ရန်သူက နိုင်ငံတကာကို ဘယ်လို လှည့်စားရမလဲဆိုတာ နောကြေနေပြီ။ ဒိုင်ယာလော့ခ် လုပ်တော့မလို ခြေလှမ်းပြလိုက်သည်။ ဘယ်လောက်ပဲခံရ၊ ခံရ ရန်သူ့ ခြေလှမ်းကို သဘော မပေါက်ကြသေး။ ထောက်ခံကြိုဆိုမှုများပင် လုပ်လိုက်ကြသေးသည်။ လှည့်စားခံရမှန်း တကယ်သိရတော့ ပွဲပြီးမီးသေ ဖြစ်နေပြီ။ ဖြစ်နိုင်ချေ မရှိသော မျှော်လင့်ချက်များ ပေးခဲ့မှုက လူထုရဲ့ စိတ်ဓာတ် တက်ကြွမှုနှင့် မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်သည်။

နောက်တခါ ပေါ်ထွက်လာသည်က နာဂစ်မုန်တိုင်း။ နာဂစ်မခံရသည့် ဒေသများမှ ပြည်သူများကို လှုံ့ဆော်ရေးလုပ်ပြီး၊ မုန်တိုင်းဒဏ် ခံရသည့် ပြည်သူများအား ကူညီရေးအတွက် စစ်အုပ်စုအား တောင်းဆိုသည့် လူထုအုံကြွမှု ပြုလုပ်ရန် လုပ်သည့် အဖွဲ့များက အနည်းငယ်သာ ရှိသည်။ အားလုံး ၀ုန်းဒိုင်းကျဲ လုပ်နေသည်ကတော့ အမေရိကန် ၀င်ပေးရန်၊ ယူအင်ဝင်ပေးရန် တောင်းဆိုမှု သာဖြစ်သည်။ နိုင်ငံတကာ ဆက်ဆံရေး နားလည်သူများက ဖြစ်မည် မဟုတ်ဟု ပြောကြတော့၊ ထိုလူများကိုပင် နအဖ လူများဟု စွပ်စွဲကြပြန်သည်။ နိုင်ငံ၏ နိုင်ငံရေး ပထ၀ီဝင် အနေအထားကိုလဲ ထည့်မတွက်၊ နိုင်ငံတကာ အဖွဲ့အစည်းများ၏ လုပ်ကိုင်မှုစွမ်းရည် အားနည်းချက်များကိုလဲ မစဉ်းစား၊ အဖြစ်အပျက်နှင့် လုံးဝမဆိုင်သည့် ငြိမ်းချမ်းရေး တပ်ဖွဲ့ စေလွှတ်ဖို့ကိုလဲ ထည့်ပြောကြသည်။ ငြိမ်းချမ်းရေး တပ်ဖွဲ့ဆိုတာ ဘယ်လို အခြေအနေမျိုးမှာ လွှတ်ရသည် ဆိုတာကို မသိလို့တော့ ဖြစ်မည် မဟုတ်။ ရမလားဆိုပြီး၊ ထင်ရာမြင်ရာ စွတ်တင်ကြခြင်းသာ ဖြစ်သည်။ အမေရိကန် တပ်များကို မည်သို့ မည်ပုံ ကြိုဆိုရမည် များကိုပင် မြန်မာ ပြည်သူလူထုကို နည်းပေး လမ်းပြ လုပ်ကြသေးသည်။ လက်တွေ့ကျတော့ သဲထဲ ရေသွန် ဖြစ်ကုန်ခဲ့သည်။

အရေးထဲ၊ အရာထဲမှာ စစ်အုပ်စုက ဖွဲ့စည်းပုံ ထောက်ခံမဲများ လိမ်ယူသွားသည်။ နောက်ပိုင်း ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး ပြင်ပေးပါဆိုတော့ လူထုက ထောက်ခံထားလို့၊ လူထုက မလေးစားရာ ကျမှာစိုးလို့ ဆိုပြီး သူခိုးက လူပြန်ဟစ်နေသည်။ နောက်ပိုင်းမှ ဖွဲ့စည်းပုံကို ပြင်ပေးပါ တောင်းဆိုမယ့် အစား၊ ပွဲမဖြစ်ခင် ကတည်းက မပြင်ရင် လူထုက မဲလုံးဝ မပေးပဲ ကန့်ကွက်မည်ဟု အဘယ်ကြောင့် မဆိုခဲ့ကြပါသနည်း။ ရန်သူသည် မသမာသူ လူလိမ် လူညာများမှန်း အကြိမ်ကြိမ် သိပြီးသားဖြစ်ပါလျက်၊ မဲခိုးမဲလိမ်မည်ကို ထည့်မတွက်ပဲ ကန့်ကွက်မဲ ဘာကြောင့် ထည့်ခိုင်း ခဲ့ကြသနည်း။ နအဖကတော့ မှန်မှန်ကန်ကန် လုပ်မှာပဲလို့များ စိတ်ကူးယဉ်ခဲ့ ကြသလား၊ အကောင်းမြင် မျှော်လင့်ချက်လေးများကို ဒီလောက် ဆိုးဝါး ယုတ်မာသော ရန်သူအပေါ်မှာမှ ထားရှိပြီး၊ ယုံကြည်နေမှုသည် ရန်သူနှင့် မတန်ကြောင်း သဘောပေါက် သင့်ကြပြီ။ ဒီကြားထဲ ရွေးကောက်ပွဲဆိုတော့ ၀င်ရမယ်၊ ပူးသတ်ရမယ်လို့ ဆိုလာ ကြပြန်သည်။ နိုင်ငံတကာ စောင့်ကြပ်မှုလို့ ဆိုလာကြပြန်သည်။ စောင့်ကြပ် ကြည့်ရှုသည့်ကြားက မဲလိမ်သွားရင် ဘယ်လို လုပ်ကြပါမည်နည်း။ စစ်အုပ်စုက မသမာနည်း သုံးရင်လဲ နိုင်ငံတကာက လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူးဆိုသည့် မျှော်လင့်ချက်ကို မည်မျှထိ ဆက်ဆုပ်ကိုင် ထားမည်နည်း။ လက်ပိုက်ကြည့်နေမည် မဟုတ်ပါ။ မှန်ပါသည်။ အဖြစ်အပျက်နှင့် လျော်ညီသည့် အသုံး အနှုန်းများဖြစ်သော ၀မ်းနည်းကြောင်း၊ ကန့်ကွက်ကြောင်း၊ စစ်အုပ်စုကို ဘာလုပ်ဖို့၊ ညာလုပ်ဖို့ တိုက်တွန်းပါကြောင်း စတိတ်မင့်ပေါင်း များစွာ ထွက်လာပါလိမ့်မည်။

ယခု ကျွန်မတို့ လူထုခေါင်းဆောင်အား စစ်အုပ်စုမှ မတရား အမှုဆင် ဖမ်းဆီးထောင်ချရန် ပြုလုပ်မှုတွင်လည်း နိုင်ငံတကာ အဖွဲ့အစည်းပေါင်းစုံ၊ နိုင်ငံပေါင်းစုံမှ စတိတ်မင့်များစွာ ထွက်လာ ခဲ့ပြီးပြီဖြစ်သည်။ တကမ္ဘာလုံးက လှုပ်ရှားမှုများကလဲ အားတိုက်အင်တိုက် ပေါ်ထွက်လာခဲ့ပြီ။ တဦးတယောက်၊ တဖွဲ့တည်း၏ ကြိုးပမ်းမှု မဟုတ်။ စုပေါင်း ကြိုးစားမှုများ၏ ရလာဒ်ဖြစ်သည်။ တခုပဲရှိသည်။ ယခင်အဖြစ်အပျက်များ တုန်းက ဖြစ်ခဲ့သလို ကောက်ရိုးမီးတောက်နဲ့ မီးညွန့် မကျိုးရန် ဘာ ဆက်လုပ်ကြမည်နည်း။

ဘာဆက်လုပ်ကြမလဲ

နိုင်ငံတကာရောက် မြန်မာများ၏ နိုင်ငံတကာ ကင်ပိန်းကို အချိန်တိုအတွင်း ၀ိုင်းဝန်း အကောင်အထည်မှု ရလာဒ်သည် အင်အားကြီးမားစွာ ထွက်ပေါ်လာခဲ့ပြီ။ စစ်အုပ်စုကို အများဆုံး အကာအကွယ် ပေးလေ့ရှိသည့် အာဆီယံကပင် ဖိအားပေးမှုများ ပေါ်ထွက်လာခဲ့ပြီ။ စီးပွားရေး ပိတ်ဆို့မှုများ ရုတ်သွားမလိုလို၊ ဆက်ရှိတော့မလိုလို အနေအထားမှ အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှု ဆက်လက် ထားရှိမှု ရလာဒ်ကြီး ထွက်ပေါ်လာခဲ့ပြီ။ တနည်းဆိုလျှင် နိုင်ငံတကာ စစ်မျက်နှာ ခံတပ်ကြီးကို အတိုက်အခံများဘက်မှ သိမ်းပိုက်လိုက်နိုင်သည့် အောင်ပွဲကြီး တခုပင်ဖြစ်သည်။ ထိုမျှနှင့် ကျေနပ်နေလို့ မရ။ ခံတပ်တခု သိမ်းပြီးလျှင် အစောင့်တပ်ထားပြီး စစ်ကြောင်း ဆက်ထွက်ရသည်။ နယ်မြေရှင်းလင်းရေး လုပ်ရသည်။ နိုင်ငံတကာ စစ်မျက်နှာသည် မြန်မာ့အရေးတွင် အမြောက်တပ် သဖွယ်သာ ရှိသည်။ စစ်အာဏာရှင် ခံတပ်ကို ဆက်လက် သိမ်းပိုက်ပြီး၊ အဆုံးသတ် အောင်ပွဲခံနိုင်ဖို့ အရေးကို ဆက်လုပ်ကြရမည်။ စစ်အာဏာရှင်စနစ် ပပျောက်ရေးကို ဆက်လုပ် ကြရမည်။ အောင်ပွဲ၏ အဆုံးအဖြတ်သည် ပြည်တွင်းမှာသာ ရှိသည်။ ပြည်တွင်း စစ်မျက်နှာကို ဦးမလှည့်နိုင်မချင်း ကောက်ရိုးမီးတောက် အောင်ပွဲအဆင့်က ဆက်တက်မည် မဟုတ်။ ဒါက ပကတိ အမှန်တရားဖြစ်သည်။

နိုင်ငံတကာ ကင်ပိန်းကို ဦးဆောင်လုပ်နေသည့် အဖွဲ့များ၊ လူများနှင့် တပ်စောင့် ထားခဲ့ပြီး၊ ပြည်တွင်း စစ်မျက်နှာကို ရှေးရှုရတော့မည်။ ပြည်တွင်း စစ်မျက်နှာအတွက် လိုအပ်သော ငွေအား၊ လူအား၊ အတွေးအခေါ်၊ နည်းပညာအားများကို ဆက်လက် ပံ့ပိုးကြဖို့ လုပ်ကြရတော့မည်။ နိုင်ငံတကာ ခံတပ်ကို ပြန်သိမ်းဖို့ ကြိုးပမ်းမည့် အနီးကပ် ရန်သူများ လက်မှလည်း ကာကွယ်ကြရဦးမည်။ ရန်၊ ငါ ပြတ်ဖို့ လိုသည်။ နိုင်ငံရေးသမိုင်းတွင် အတူ လျှောက်လှမ်းခဲ့သူများနှင့် ပတ်သက်သည့် သံယောဇဉ်၊ နှောင်ကြိုးလေးတွေ ရှိကြသည်။ သို့ပေမယ့် နိုင်ငံရေး လမ်းဆုံတွင် သူ့လမ်း၊ ကိုယ့်လမ်း လျှောက်ရပြီ ဆိုရင်တော့ သံယောဇဉ်ကို စာဖွဲ့နေလို့မရ။ နှောင်ကြိုး မပြတ်ရင် သူ့လမ်းကြောင်းမှာ လိုက်သွားရုံသာ ရှိသည်။ ကိုယ့်လမ်းကြောင်းနဲ့ ကိုယ်လျှောက်ပြီးမှ သံယောဇဉ်လေး တွယ်နေလို့ မရ။ ဆုံးဖြတ်ချက်ကို ရန်သူကို သွားဆုံးဖြတ်ခိုင်းသည့် political engagement လမ်းကြောင်းရှိသည်။ မိမိတို့ဘာသာ ဆုံးဖြတ် အကောင်အထည် ဖော်ရမည့် initial democratization လမ်းကြောင်း ရှိသည်။
ပြည်တွင်းမြေပေါ်က အခြေအနေအရ နိုင်ငံရေးကစားပြီး လမ်းကြောင်း မပြတ်တာ အကြောင်း မဟုတ်။ ပြည်ပနှင့် မြေအောက်ကတော့ လမ်းကြောင်းပြတ်ရမည်။ သူ့လမ်းမှန်ရင်လဲ မှန်မည်။ ကိုယ့်လမ်းမှန်ရင်လဲ မှန်မည်။ ဒါကို မှန်သည်၊ မှားသည် ငြင်းခုံနေဖို့ မဟုတ်။ ကိုယ့်လမ်းကြောင်းနှင့် ကိုယ် မှန်မှန်ကန်ကန် မစွေမစောင်း လျှောက်ကြဖို့ ကတော့ လိုအပ်သည်။

အခု နအဖဘက်က ဆက်တက်လာနိုင်မည့် ခြေလှမ်း ဘာဖြစ်လာနိုင် သနည်း။ ၀ိုင်းဝန်းတွေးတောကြဖို့လိုပြီ။ ပကတိ အခြေအနေတွင် လူထုခေါင်းဆောင်ကို ထိန်းသိမ်းထားသည့် အမှု သွားအမှုလာ အခြေအနေများအရ

(၁) အမှုစစ်ဆေးကာလသည် အနည်းဆုံးနှစ်ပတ်မှ အများဆုံး ရှစ်ပတ်ခန့် ကြာနိုင်သည်။ (နိုင်ငံတကာ တောင်းဆိုမှုကြောင့် ဆိုပြီး အမှုပြန်ရုတ်သိမ်းရန် ဖြစ်နိုင်ချေ နည်းသည်။

(၂) ထိုရှစ်ပတ်ကာလတွင် ရွေးကောက်ပွဲ မှတ်ပုံတင် လုပ်ချင် လုပ်လာနိုင်သည်။ အန်အင်ဒီကို ရွေူးကောက်ပွဲ မှတ်ပုံတင်ရန် တွန်းအား ပေးလာနိုင်သည်။ လူထုခေါင်းဆောင်ကို ရုံးတင် အမှုစွဲဆို ထားသဖြင့် ရွေးကောက်ပွဲ ဥပဒေအရ နိုင်ငံရေးပါတီများတွင် ပါဝင်ခွင့်မရှိဟု ဆိုလာနိုင်သည်။

(၃) ငြိမ်းအဖွဲ့များကို တွန်းအားပေးရန် ငြိမ်းမဟုတ်သည့် လက်နက်ကိုင် အဖွဲ့များကို စစ်ဆင်ရေးများ အကြီးအကျယ် ဆင်နွှဲ၍ ချောက်လုံးပေးနိုင်သည်။

(၄) နာဂစ်တုန်းကကဲ့သို့ နိုင်ငံတကာ ဖိအားကြားတွင် ဆန္ဒခံယူပွဲ လုပ်သလိုမျိုး၊ ယခု အချိန်တွင်လည်း လူထုခေါင်းဆောင်ကို ထောင်သွင်း အကျဉ်းချထားပြီး၊ နိုင်ငံတကာ ဖိအားများ ကြားမှပင် ၂၀၁၀ ရွေးကောက်ပွဲကို ဆက်တွန်း သွားနိုင်သည်။

ဒီလို ခြေလှမ်းမျိုးတွေကို မည်သို့ တုန့်ပြန်မည်နည်း။ ဖြစ်လာမှ တုန့်ပြန်သည်ထက် မဖြစ်ခင်မှာ မည်သို့ ရပ်မည်နည်း။ ဒီလို အခြေအနေမျိုး ဖြစ်ချင်လဲ ဖြစ်မည်။ ဖြစ်ချင်မှလဲ ဖြစ်မည်။ တယောက်တည်း စဉ်းစားမှုတွင် ဤသို့ ထွက်လာသည်။ သောင်းနှင့် ချီသော ဦးနှောက်များ၏ စုပေါင်း တွေးတောမှုတွင်တော့ ဖြစ်နိုင်ချေနှင့် အနီးဆုံးသော အဖြေများ ဆက်ထွက်လာနိုင်သည်။ မြန်မာ့နိုင်ငံရေး အဖွဲ့အစည်း အဘိဓာန် ထုတ်ရတော့ နိုင်လောက်သည့် ကမှ အ အထိ နိုင်ငံရေး အဖွဲ့အစည်းများ အားလုံး တခါလာလဲ ယူအင်၊ တခါလာလဲ အမေရိကန်၊ တခါလာလဲ ဥရောပ သမဂ္ဂ၊ တခါလာလဲ အာဆီယံ လုပ်နေမည့်အစား၊ ဆက်လက်လုပ်နိုင်သည့် အဖွဲ့အစည်း အနည်းငယ်ကိုသာ လွှဲပေးလိုက်ပြီး၊ နအဖ ခြေလှမ်း အကဲဖြတ်ခြင်း၊ တုန့်ပြန်ရန် ဗျူဟာ ရေးဆွဲရေး၊ လူထုတိုက်ပွဲ ဖော်ဆောင်ရး စသည်များကို ဦးစားပေးသင့်ကြပြီ။ နိုင်ငံတကာမှ အဖွဲ့အစည်းများမှ သူလုပ်နိုင်သည့် ဘောင်အတွင်းမှာ လုပ်ပြီးသားမို့ က မှ အ အထိ အဖွဲ့အစည်း မျိုးစုံ၏ မဲပြာပုဆိုး တောင်းဆိုချက်များကို အချိန်ကုန်ခံ ထပ်စဉ်းစားမည် မဟုတ်။ သူတို့မှာလဲ သူတို့သက်ဆိုင်ရာ အလုပ်များ ရှိသေးသည်။ အီရတ်လို နိုင်ငံတကာက ၀င်ပေးပါလို့ တောင်းဆိုဖို့ မည်သည့် နိုင်ငံတကာ ဥပေဒေကို ကိုင်စွဲ တောင်းဆိုမည်နည်း။ မတောင်းဆိုခင် အရင် လုပ်ထုံး လုပ်နည်းများကို လေ့လာသင့်ကြသည်။ ထိရောက်သော အရေးယူမှုလို့ သုံးသည်က လူကြားကောင်းသည်။ ဝေဖန်နေခြင်း မဟုတ်။ မလိုအပ်ပဲ အချိန်ဖြုန်း နေမှာစိုးလို့ဖြစ်သည်။ လုံခြုံရေးကောင်စီဟု ဆိုရအောင် ဗွီတို အာဏာရှိသည့် တရုတ်နှင့်ရုရှားကို မည်မျှအထိ စည်းရုံးပြီးကြပြီနည်း။ မစည်းရုံးရသေးပဲ မဖြစ်နိုင်သည်များကို တောင်စဉ်ရေမရ ပြောကာ ယခင် အဖြစ်အပျက်များကဲ့သို့ ပြည်သူလူထုကို မှားယွင်းသော မျှော်လင့်ချက်များ မပေးကြဖို့ တောင်းပန်လိုပါသည်။ တရုတ်နှင့် ရုရှား၏ နိုင်ငံရေး အတွေးအခေါ်က ဆန္ဒပြပွဲများကို လက်မခံသေးပါ။ ဒါကို သူတို့ သံရုံးရှေ့ သွားအော်နေတာထက် စာရင် သူတို့ထဲမှ တာဝန်ရှိသူများကို ချိန်းဆိုပြီး ၀င်ရောက်ပြောဆိုမှုကို သူတို့ဘက်က ပိုလိုက်လျောဖွယ်ရှိသည်။ သူတို့အခန်းကဏ္ဍကို မြှင့်ပြီး တွန်းအားပေးသင့်သည်။

ယခုအာဆီယံပင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ စကားစလာပြီ။ အမျိုးသား ပြန်လည် သင့်မြတ်ရေး မရှိပဲ ၊ လူထုခေါင်းဆောင် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ မလွှတ်ပဲ ပြုလုပ်သည့် ရွေးကောက်ပွဲသည် တရားဝင်မှု မရှိဆိုသော ထိုအချက်ကို တကမ္ဘာလုံးမှ ထုတ်ပြောလာရန် အရှိန် မြှင့်ကြရမည်။ ယခုအောင်ပွဲလောက်ကို ကျေနပ် မနေကြနှင့်။ အချိန်မရွေး သွေးပြန်အေး သွားနိုင်သည်ကို သတိပြုရမည်။ ယူအင် ၀င်ပါ ဆိုတာထက် ထိုလမ်းကြောင်းကို အရှိန် မြှင့်သည်က နအဖ ခြေလှမ်းကို ပိုမိုရိုက်ချိုးဖို့အသုံးဝင်သည်။ တပြိုင်နက်တည်းမှာပင် ပြည်တွင်း လူထုကို ဒီပွဲကတော့ ကိုယ့်ဘာသာကိုယ် လုပ်မှရမည်။ နိုင်ငံတကာကိုပဲ အားကိုးလို့ မရဟူသော အခြေအနေ မှန်ကို တင်ပြဖို့ လိုလာပြီ။ ပြည်တွင်း စစ်မျက်နှာကို ဆက်တိုက် အရှိန်မြှင့်ရတော့မည်။ မျှော်လင့်ချက်မှားများ မပေးလျှင် လူထုက သူဘာလုပ်ရမည်ကို သူ့ဘာသာ သူသိသည်။

ရှစ်ဆယ့်ရှစ်တုန်းက ယခုလောက် နိုင်ငံတကာ အာရုံစိုက် မခံခဲ့ရပါ။ က မှ အ အထိ အက္ခရာစုံ နိုင်ငံရေး အဖွဲ့အစည်းများလဲ မပေါ်ပေါက်ခဲ့သေးပါ။ သို့ပေမယ့် ပြည်သူလူထုသည် နေ၀င်း၏ အာဏာရှင် စနစ်ကို ဖြိုနိုင်ခဲ့ကြပါသည်။ ထိုအခြေအနေများနှင့် စာလျှင် ယခု စစ်အုပ်စု လက်ထက်တွင် လူထုအား ဖိနှိပ်ခံရမှုက ထိုစဉ်ကထက် ပိုများပါသည်။ စိတ်ဓာတ်သာ ရှိမည်ဆိုလျှင် ယခင်ကထက် ငွေအား တောင့်တင်းမှုကို ကျားကန်ပေးနိုင်သော နိုင်ငံတကာရောက် စီးပွားရေး ပြေလည်သူ မြန်မာများကလဲ ပေါ်ခဲ့ပြီ။ နိုင်ငံတကာ အာရုံစိုက် ခံရမှုကလဲ ကြီးထွားနေခဲ့ပြီ။ နည်းပညာ၊ အတွေးအခေါ် ပံ့ပိုးနိုင်မှုအားကလဲ ကြီးမားလာခဲ့ပြီ။ တခုပဲ ဆုတ်ယုတ်နေတာ ရှိသည်။ အချက်အလက် အပေါ်တွင် အခြေပြုသည့် စဉ်းစားတွေးခေါ်မှုကို ဦးစားမပေးပဲ စိတ်ကူးယဉ် ဖြစ်နိုင်ချေများက လွှမ်းမိုးမှု၊ နိုင်ငံတကာ အပေါ်တွင် ကြီးမားလှစွာသော မျှော်လင့်ချက်ကြီးများ ထားရှိမှု၊ သူဘာလဲ၊ ငါဘာလဲနှင့် ပြိုင်ဆိုင်မှု၊ မိမိတို့ အဖွဲ့အစည်းကိုသာ အာရုံစိုက်မြှင့်တင်မှု စသည်တို့ကြောင့် ဖြစ်သည်။

နိဂုံး

လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော်ကာလကို ပြန်မြင်ယောင် ကြည့်လိုက်ကြပါ။ ဒီတုန်းက ယခု အဖွဲ့အစည်းများမှာ ပါဝင်နေသူများ အားလုံးသည် တက္ကသိုလ်၊ ကောလိပ်၊ အထက်တန်း ကျောင်းသားလေးများ ဖြစ်ပြီး၊ အပျံသင်စ ငှက်ငယ်လေးများ ဖြစ်ခဲ့ပေမယ့် ထိုကျောင်းသားလေးများရဲ့ ရှေ့ဆုံးမှ ဦးဆောင်ချီတက်မှု လူထု စစ်ကြောင်းများနောက်မှာ ထောင်နဲ့ချီသော လူထုကြီးက စုပေါင်း ညီညွတ်စွာ လိုက်လံ ပါဝင်ခဲ့ကြပါသည်။ ကျောင်းသားငယ်လေးများ၏ ကြွေးကြော်သံ တိုင်တည်ပေးမှုများ နောက်မှာ တညီတညွတ်တည်း သံပြိုင် ဟစ်ခဲ့ကြပါသည်။ ထိုစဉ်က လူထုကြီး ပေးအပ်ခဲ့သည့် ယုံကြည်မှု၊ မျှော်လင့်ချက်များကို ယခုအချိန်ထိ ကျွန်မတို့ ပြည့်မှီအောင် မလုပ်နိုင်ခဲ့သေးပါ။ ကျဆုံးခဲ့သူများရဲ့ ပေးဆပ်မှု၊ တာဝန် လွှဲပေးခဲ့မှုများကို တာဝန်ကျေအောင် ကျွန်မတို့ မထမ်းဆောင် ကြရသေးပါ။

သို့ပါ၍ အဖွဲ့အစည်းစွဲ စိတ်ဓာတ်တွေကို ဖယ်ရှားကြပါစို့။ အပြိုင်အဆိုင် စိတ်များ၊ ဂဏန်းကောင်များလို တဖွဲ့နဲ့ တဖွဲ့၊ တယောက်နဲ့ တယောက် ဆွဲချနေကြသော အပြုအမူများကို ဖယ်ရှားကြပါစို့။ ဖြစ်နိုင်ချေနည်းသော စိတ်ကူးယဉ်မှုများ၏ လွှမ်းမိုးမှု၊ နိုင်ငံတကာ အပေါ်တွင် ကြီးမားလှစွာသော အားကိုးမှုများ၏ ဘောင်ခတ်မှုများကနေ ရုန်းထွက်ပြီး အချက်အလက် အပေါ်တွင် အခြေတည်သည့် ဆုံးဖြတ်ချက်များကို ချမှတ်ကြပါစို့။ တဦးတယောက်က အဆိုပြုလာမှုများကို သူကဘာလဲ၊ ငါကဘာလဲ လိုက်မေးမယ့် အစား၊ ပြောသူထက် အချက်အလက်ပေါ်မှာ စဉ်းစားမှုကို အာရုံစိုက်ကြပါစို့။ မြေပေါ်မြေအောက် လှုပ်ရှားမှုများကို စဉ်ဆက်မပြတ် အကောင်အထည် ဖော်ကြပါစို့။ မြေအောက်နဲ့ မီဒီယာကို မရောထွေးပဲ တည်ဆောက်မှုပိုင်းကို အလေးထားကြပါစို့။ သံယောဇဉ်တွေ၊ မိတ်ဆွေတွေ ဆိုတာထက် နိုင်ငံရေး ရပ်တည်ချက်ကိုသာ အာရုံစိုက်ပြီး ရန်၊ ငါ ပြတ်ကြပါစို့။ လူထုနဲ့ တော်လှန်ရေးကို တသားတည်း ဖြစ်စေရေးအတွက် ကျရာနေရာမှ ပါဝင် ဆောင်ရွက်ကြရင်း......

ကောက်ရိုးမီး တိုက်ပွဲမှသည် မီးကုန်ယမ်းကုန် အဆုံးသတ် တိုက်ပွဲဆီသို့ ဦးတည်ကြပါစို့။

Ref: ခင်မမမျိုး

0 comments:

အပေါ်သို့