Tuesday, July 7, 2009

စစ်အာဏာရှင်နှင့် ဆဲဗင်းဂျူလိုင်

July, 7, 09


ဇူလိုင် (၈)ရက်နံနက်လင်းအားကြီးအချိန်တွင် စစ်တပ်က ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သည် သမဂ္ဂ အဆောက်အဦး

မြန်မာ့သမိုင်းမှာ ကျောင်းသား သမဂ္ဂတွေရဲ့ တိုက်ပွဲတွေဟာ ပညာရေးရည်မှန်းချက်၊ မျိုးသားရေး လွတ်မြောက်ရေး ဒီမိုကရေစီ ရည်မှန်းချက် စသဖြင့် အမျိုးမျိုး ရှိခဲ့ပါသည်။ ၁၉၂၀ သပိတ်၊ ၁၉၃၅-၃၆ သပိတ်၊ ၁၉၃၈ ခုနှစ်တွင် အမျိုးသား လွတ်မြောက်ရေးကို တောင်းဆိုတဲ့ ပြည်လုံးကျွတ် အထွေထွေ သပိတ်ရဲ့ အစိတ်အပိုင်း ဖြစ်သည်။

၁၉၆၂ခုနှစ် မတ်လ (၂) ရက် အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးကောင်စီက မေလ (၉) ရက်နေ့မှာ တက္ကသိုလ် အက်ဥပဒေကို ရုပ်သိမ်းတဲ့ အမိန့်ကို ထုတ်ပြန်လိုက်ပြီး တော်လှန်ရေး ကောင်စီက တက္ကသိုလ် အုပ်ချုပ်ရေး တာဝန်အားလုံးကို ချုပ်ကိုင်လိုက်ပါတယ်။ မေလ (၁၀)ရက်နေ့မှာ ဦးနေ၀င်းက တက္ကသိုလ် ကောင်စီဝင်တွေကို ခေါ်ယူတွေ့ဆုံပြီး တက္ကသိုလ်ကောင်စီကို ဖျက်သိမ်းလိုက်ပြီလို့ ပြောလိုက်ပါတယ်။ တက္ကသိုလ် အက်ဥပဒေအရ မဲပေးခြင်းစနစ်ကို ဖျက်သိမ်းလိုက်ပြီလို့ နဲ့ ရွေးချယ်ခန့်ထားတဲ့ ပါမောက္ခ ဦးကာကို ပေါမောက္ခချုပ် အဖြစ် တချက်လွှတ် အမိန့်နဲ့ ခန့်လိုက်တယ်။ အဲဒီအချိန်ကစပြီး တက္ကသိုလ် ကျောင်းသားတွေနဲ့ ဆရာတွေကို ချုပ်ချယ်တဲ့ ဥပဒေစည်းမျဉ်းသစ် ဆိုတာတွေကို တခုပြီး တခု ထုတ်ပြန်လာတယ်။

တက္ကသိုလ်ကျောင်းဆောင်တွေကိုည(၈)နာရီမှာ သော့ခတ် ပိတ်မည် ဆိုသည့်အမိန့် ထွက်လာသည့်အခါ ကျောင်းသားတွေ အနေနဲ့ ကန့်ကွက် ဆန့်ကျင်မှုတွေကို စရတော့သည်။ ဂျူလိုင်လ (၇)ရက်နေ့ (၁)နာရီချိန်မှာ တကသ ဥက္ကဌ ကိုဗဆွေလေး လက်မှတ်နဲ့ ကြေငြာ ဖိတ်ခေါ်ထားတဲ့ ကျောင်းသားထု အစည်းဝေးစတယ်။ ပညာရေး တောင်းဆိုချက်၊ ဒီမိုကရေစီရေးတောင်းဆိုချက်တွေ ဆုံးဖြတ်ပြီး တက္ကသိုလ် ၀န်းထဲမှာ လှည့်လည် ဆန္ဒပြကြပါတယ်။ မွန်းလွဲ သုံးနာရီကျော်လောက်မှာ ဆန္ဒပြပွဲပြီးလို့ လူစုခွဲကာ အေးအေးဆေးဆေး ရှိနေပြီးမှ တော်လှန်ရေး ကောင်စီတွေက ရဲတပ်ဖွဲဝင်တွေကို စေလွှတ်ပြီး ကျောင်းသားတွေကို ဖမ်းရာမှ စပြီး တဖက်နဲ့ တဖက် ရင်ဆိုင် တိုက်ခိုက်မှုတွေ စတင်ခဲ့ပါတယ်။ ကျောင်းသားတွေက အနာခံပြီး သတ္တိရှိရှိ ရင်ဆိုင်တိုက်ကြလို့ ရဲတွေ နောက်ဆုတ်ကြရတယ်။

ရဲတွေနေရာမှာ စစ်သားတွေ ရောက်လာတယ်။ ဒုတိယဗိုလ်မှုးကြီး စိန်လွင်က ဦးဆောင်တယ်။ ၅ နာရီခွဲလောက်မှာ အထက်အမိန့်ကို ရရှိတဲ့ စိန်လွင်က ပစ်မိန့်ပေးလို့ စစ်သားတွေနဲ့ လက်တကမ်း လောက်အကွာမှာ ရှိနေတဲ့ ကျောင်းသား ထောင်ပေါင်းများစွာကို G3 သေနတ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ကြလို့ ၁၅၀ ကျော်ကျော်လောက် ကျဆုံးခဲ့ရတယ်။ နောက်နေ့မနက် ၅နာရီခွဲ လောက်မှာ တကသ အဆောက်အအုံကို မိုင်းခွဲဖျက်စီးပစ်ကြတယ်။

ဦးနေ၀င်းကတော့ ဇူလိုင်(၇)ရက် အရေးအခင်းကို ဖြေရှင်းခဲ့တာဟာ ကျုပ်အမှား မဟုတ်ဘူး၊ ဗိုလ်အောင်ကြီးရဲ့ အမှားသာ ဖြစ်တယ်လို့ (၁၉၈၈)ခုနှစ် ဇူလိုင်(၂၃)ရက်နေ့ ကျိုက္ကဆံ ညီလာခံ မိန့်ခွန်းမှာ ရှောင်ထွက်ဖို့ ကြိုးစားပြီးတဲ့နောက် ဦးအောင်ကြီးကလည်း သူ့တာဝန် မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပြန်ပါတယ်။

ထို့ကြောင့်စစ်အာဏာရှင်တွေအနေနဲ့ အဖြစ်မှန်ကို ဖုံးဖိထားပြီး အမှားတွေ ကျူးလွန်ကြတာ ဒီနေ့အထိ အတောမသတ်ကြ သေးပါဘူး။

ဒီနှစ်မှာဆိုရင် ဇူလိုင်လ(၇)ရက် ဖြစ်ပွားခဲ့တာ (၄၇)နှစ် ရှိသွားပါပြီ အဲဒီ အရေးအခင်းတုန်းက တက္ကသိုလ်မှာ အငယ်ဆုံး ကျောင်းသားတွေဟာ အသက်(၁၆)နှစ် ရှိခဲ့တာမို့ အခုအချိန်မှာ အသက်(၆၃)နှစ် ရှိနေကြပါပြီ။

ခုထိဘာတွေမှားခဲ့သလဲ ဘာလုပ်ရပ်တွေဟာ အလွန်အကျွံလဲ၊ သေဆုံးသူ အရေအတွက်တွေက အမှန်တကယ် ဘယ်လောက် ရှိခဲ့သလဲ၊ သေဆုံးသူ စာရင်းထဲမှာ မထည့်သွင်း မကြေညာဘဲ ထားတဲ့ ကျောင်းသူ ကျောင်းသားတွေနဲ့ မိဘဆွေမျိုး ညီအစ်ကို မောင်နှမ တူ၊ တူမတွေဟာ မိမိတို့ရဲ့ သားသမီး အကို၊အမတွေ ရန်ကုန် တက္ကသိုလ် ၀န်းထဲကနေ ဘယ်ကို ရောက်သွားသလဲ ဘယ်နည်းနဲ့ ပျောက်ဆုံးသွားသလဲ ခုထိ မသိကြသေးပါ။ ဒီအဖြစ်အပျက်တွေကို သင်္ခန်းစာယူပြီး နောက်နောင် ဒါမျိုး မဖြစ်ပွားအောင် ဘယ်လို ထိန်းသိမ်းကြမလည်း ဆိုသည့် ကောက်ချက်မျိုး မရှိသေးပါဘူးး။

ထို့ကြောင့်ကျောင်းသားတွေရဲ့သမိုင်းတွေအဖြစ်မှန်တွေကို မမေ့ မပျောက်ကွယ်သွားအောင် အမှန်တရားတွေကို ဖော်ထုတ်ဖို့ရာ ပေးဆပ်ခဲ့ကြသော၊ ပေးဆပ်နေဆဲ ဖြစ်ကြသောသူတွေအတွက် သမိုင်းတာဝန် ကျေပြွန်စေဖို့ရာ အနာဂတ် မျိုးဆက်သစ် လူငယ်များရဲ့ တာဝန်ဖြစ်သာ ဖြစ်တယ်။

ပြည့်စုံ

0 comments:

အပေါ်သို့