August 25, 2009
ဝိမုတ္တိ ပရိတ်ဿတ်တွေအတွက် ဒီတပါတ် အထူးအစီအစဉ် အနေနဲ့ တင်ဆက် ပေးမှာကတော့ ရော်ဘာတပင် ကျပ် ၃၀၀ ဘယ်သူတွေမြတ်ကြသလဲ ဆိုတဲ့ အကြောင်းပါပဲ။ ဒီဆောင်းပါးကို ရေးသား ပေးပို့လာတဲ့ မွန်ပြည်နယ်က စစ်သည်ဟောင်း တဦးကိုလည်း အထူး ကျေးဇူးဥပကာရ တင်ရှိပါကြောင်းနဲ့ နောက်နောင်လည်း အလားတူ ပေးပို့လာတဲ့ ဖြစ်ရပ်မှန်တွေကို ၀ိမုတ္တိ ဘလော့ကနေ ၀ိမုတ္တိ ၀ိုင်းတော်သား တဦးအနေနဲ့ ဆက်လက် တင်ပြပေးသွား မှာ ဖြစ်ပါကြောင်း။
ဒုတိယ ရွှေဖြူ လို့ခေါ်တဲ့ ရော်ဘာပင် ဟာ စိုက်ဧကပေါင်း သုံးသိန်း ခြောက်သောင်းကျော် ရှိပြီး နှစ်စဉ် ရော်ဘာစေး တန်ချိန်ပေါင်း ၈သောင်းကျော် ထုတ်ယူနေတဲ့ မြန်မာ့ ထွက်ကုန် တမျိုးလည်း ဖြစ်ပါတယ်။ မိုးပိုမိုရတဲ့ အောက်ဖက် ကရင်ပြည်၊ မွန်ပြည်နယ်တွေ ဖက်မှာ ဆိုရင် အကြီးအကျယ် စိုက်ပျိုးကြပြီး ရော်ဘာဟာ မွန်ပြည်နယ်ရဲ့ ဒုတိယ စိုက်ပျိုးထုတ်ကုန် သီးနှံတစ်မျိုး ဖြစ်တယ်လို့ ဆိုရင်လည်း မမှားပါဘူး။ ဒေသခံတွေဟာ နှစ်ပေါင်း ၄၀ ကျော်လောက် ရော်ဘာကို စိုက်ပျိုး လာခဲ့ကြသလို နှစ်စဉ်ရရှိတဲ့ အကျိုးအမြတ် တွေလည်း အများကြီးပါ။ တွက်ခြေကိုက်လှတဲ့ နှစ်ရှည်ပင် တမျိုးလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ တပ်မတော် တပ်ရင်းတွေကို တနင်္သာရီ တိုင်းထဲမှာ တိုးချဲ့ နေရာ ချထားပေးတဲ့ အခါ သူတို့ သိမ်းယူ လိုက်ကြတဲ့ မြေယာတွေထဲက ရော်ဘာခြံတွေဟာ အကျိုးအမြတ် ရှိမှန်း စစ်တပ်က စပြီး သိသွားခဲ့ကြ ပါတော့တယ်။ ဒါကြောင့် နောက်ထပ် အကြောင်း အမျိုးမျိုးပြပြီး ရော်ဘာခြံ အတော်များများကို ဆက်ပြီး သိမ်းယူခဲ့ကြ ပါတယ်။ သိမ်းထားတဲ့ ရော်ဘာခြံတွေ ဆိုတာကလည်း ကိုယ်တိုင် ဘာတစ်ခုမှ လုပ်စရာ မလိုဘဲ အငှား ပြန်ချ ပေးလိုက်ရုံနဲ့ စစ်တပ်အတွက် အသားတင် ၀င်ငွေတွေ အလွယ်တကူ ရရှိနိုင်တဲ့ ကိစ္စပါ။
ပိုပြီးဆိုးဝါးတဲ့ အချက်တခုကတော့ ဒုတိယ ရွှေဖြူလို့ခေါ်တဲ့ ရော်ဘာ စိုက်ပျိုးရေး စီမံကိန်းကို ၂၀၀၀ ခုနှစ်မှာ နိုင်ငံတော်က ချမှတ်ပြီးတဲ့နောက် ကျန်မြေယာတွေပါ တပ်ရင်းတွေက သိမ်းယူခဲ့ခြင်းပါ။ အရင်က အသိမ်း မခံရသေးတဲ့ အခြား ရော်ဘာခြံရှင်တွေပါ အတော်ကြီးကို ဒုက္ခ ရောက်ကုန် ကြရပါတော့တယ်။ တနင်္သာရီ၊ ကရင်၊ မွန်ပြည်နယ် တွေသာမက ချင်းပြည်နယ်၊ ရှမ်းပြည်နယ် စတဲ့ မြန်မာပြည်က အခြား နေရာတွေမှာလည်း ရော်ဘာပင် စိုက်ပျိုးရေး အကြောင်းပြပြီး စစ်တပ်က မြေယာတွေ သိမ်းယူကြပါတော့တယ်။
ရခိုင်ပြည်နယ်က မေယုတောင်တန်းမှာ ရော်ဘာပင် ဧက တစ်သောင်း စိုက်ဖို့ ရခိုင်လူထုကို အဓမ္မ လုပ်အားပေး ခိုင်းတာမျိုးလည်း ရှိပါတယ်။ စစ်တပ်တွေအပြင် ဗိုလ်ချုပ်ခင်မောင်သန်းရဲ့ သမက်လို လူတွေကလည်း ငွေဆောင်ဖက်မှာ ရော်ဘာစိုက်ဖို့ အကြောင်းပြပြီး မြေဧက သုံးထောင်ကို သိမ်းယူခဲ့သလို၊၊ စစ်တပ်နဲ့ နီးစပ်တဲ့ သူတွေထဲက မက်စ် မြန်မာလို ကုမ္ပဏီမျိုးတွေကလည်း သထုံဖက်မှာ ဧက ၅၀၀၀ သိမ်းယူကြပါသတဲ့။ ဒီလိုနဲ့ ရော်ဘာ အတွက် အသိမ်းခံ လိုက်ကြရတဲ့ မြေတွေဟာ မြန်မာနိုင်ငံ တနံတလျား ပါပဲ၊၊ ရွှေတြိဂံဒေသလို ဒေသမှာတောင် ရော်ဘာကို ဘိန်းအစားထိုး ဆိုပြီး စိုက်ခိုင်းကြပါသေးတယ်။
လက်ရှိ ရော်ဘာစိုက်ပျိုးမြေတွေ အပြင် နောက်ထပ် ဧက တစ်သိန်းလည်း ထပ်တိုးချဲ့ဖို့ရာကို တပ်မတော် အစိုးရ ဆိုသူတွေက ရည်ရွယ် ထားကြပါသေးတယ်။ နောက်ဆုံး ၂၀၀၈ ခုနှစ် ထဲမှာ ရော်ဘာဈေးတွေ ပြုတ်ကျကုန်ပြီး ရွှေဖြူပင်တွေကို စိုက်ခဲ့ကြတဲ့ စစ်တပ်တွေတင် မက မူလ ရော်ဘာခြံရှင် ပြည်သူတွေ အားလုံး နစ်နာကုန်ကြပါတော့တယ်။ ရွှေဖြူစီမံကိန်း မအောင်မြင်တာကြောင့် တိုင်းပြည်လည်း နစ်နာသလို တပ်မတော် အတွက်လည်း အကျိုး မရှိ တပ်ရင်းက ရဲဘော်တွေလည်း အမြတ် မခံစားနိုင်ကြရ တော့ပါဘူး။
ထပ်ပြီး ပြောပြရဦးမှာကတော့ အနီးအနားက တခြားခြံတွေက ရော်ဘာပင် တွေကို နီးစပ်ရာ စစ်တပ်တွေက အခွန် ကောက်ယူကြတဲ့ အကြောင်းပါပဲ။ ရော်ဘာ တပင်စီတိုင်းကို အခွန်ငွေ ကျပ် ၁၀၀၀ စီ တောင်းပါသတဲ့။ တစ် ဧကအတွက် ကျသင့်ငွေ သိန်းဆယ်နဲ့ချီပြီး အခွန် ဆောင်ရတာမို့ ခြံရှင်တွေဖက်က ညှိနှိုင်းကြတဲ့ အခါ နောက်ဆုံးမှာ တစ်ပင်ကို ကျပ် ၈၀၀ ဒါမှမဟုတ် ကျပ် ၆၀၀ နှုန်း စီနဲ့ ပေးဆောင်ဖို့ အဆင်ပြေသွား ကြပါတယ်။ မွန်ပြည်နယ်၊ ကရင်ပြည်နယ် ထဲမှာ နေရာချထားပေးတဲ့ တပ်တွေအားလုံး အဲဒီအခွန်တွေကို ရရှိပြီး တပ်ရင်း ရန်ပုံငွေ အဖြစ် သုံးခဲ့ကြ တာကလည်း နှစ် ဆယ်နဲ့ချီ ကြာခဲ့ပါပြီ်။
တပ်ရင်းတိုင်း၊ စစ်ဌာနချုပ်တိုင်း လိုလို တပ်ပိုင် ရော်ဘာခြံတွေ ဧက ၁၀၀-၂၀၀ ထိ စိုက်ပျိုး၊ ဒါမှမဟုတ် လူထု ဆီကနေ သိမ်းယူပြီး ပိုင်ဆိုင်ထားနှင့်ခဲ့ ကြပါပြီ်။ နှစ်စဉ်လည်း ၁၀ ဧက လောက်ထပ်မံ တိုးချဲ့ စိုက်ပျိုးနေကြ ပါသေးတယ်၊ အရှေ့တောင်တိုင်း မွန်ပြည်နယ် ကမာဝက်မှာ အခြေချတဲ့ အမြောက်တပ်ရင်း (၃၁၈) ဆိုရင် တပ် ပတ်ဝန်းကျင် က ရော်ဘာခြံ ဧက ၁၀၀ လောက် သိမ်းထားသလို တခြား ခြံရှင်တွေ ဆီကလည်း တပင် ကျပ် ၅၀၀ နှုန်း အခွန်ထပ်တောင်း နေပါသေးတယ်။ ဧကပေါင်း ၂၀၀ ကျော် ရှိတာမို့လည်း ရမယ့် အခွန်ငွေကို တွက်သာ ကြည့်ပါတော့။ မနည်းလှတဲ့ ငွေပါပဲ။
ဒါပေမဲ့ အခု၂၀၀၉ ဘဏ္ဍာရေးနှစ်မှာ တပ်ရင်းအသီးသီး သူတို့ စိုက်ပျိုးထားတဲ့ ရော်ဘာပင်တွေ ကနေ ရရှိတဲ့ အကျိုးအမြတ် တွေကို အထက်က တင်ပြ အစီရင်ခံ ခိုင်းလာတဲ့ အခါမှာတော့ အောက်ခြေ တပ်ရင်းတွေ က မိမိတို့ ရော်ဘာခြံ ဧကပေါင်း ၁၀၀-ကနေ ၂၀၀ ထိ စိုက်ပျိုး ထားကြပါကြောင်း၊ တချို့ကို တပ်ရင်း မိသားစုတွေက လုပ်ကိုင်တာ ဖြစ်ပြီး တပင်ချင်း အပေါ်မှာ ကျပ် ၃၀၀ စီ လောက်သာ အကျိုးအမြတ် ခံစားရပါကြောင်း လိမ်ညာပြီး တင်ပြကြပါတယ်။ အမှန်တကယ်တော့ လူထုဆီ က အလကား သိမ်းထားပြီး လူထုကို ပြန်အငှား ချတဲ့ ရော်ဘာခြံ တွေမှာ ရော်ဘာတပင်ကို အနည်းဆုံး ကျပ် ၆၀၀ တောင်းယူ နေကြတာပါ။ အထက်ကို ၃၀၀ နှုန်းနဲ့ ပြန်အစီရင်ခံ တင်ပြတာမို့၊ ရော်ဘာ တပင်တိုင်းမှာ ကျပ် ၃၀၀ စီ တပ်ရင်းအတွက် အသားတင် အမြတ် ရနေကြတာ ဖြစ်ပါတယ်။
တပ်ရင်းတရင်းကို ရော်ဘာဧက ၁၀၀ ကျော် ဆိုတော့ ရလိုက်မယ့်ငွေက သိန်းရာနဲ့ ချီပြီး ရှိပါတယ်။ ကဲ အဲဒီ ရလိုက်တဲ့ ရော်ဘာတပင် အမြတ်ငွေ ကျပ် ၃၀၀ နှုန်း တွေဆိုတာ အခုဘယ်မှာ ရှိပါသလဲ။ ရဲဘော်တွေ တကယ် အကျိုးခံစား ရမှာလား၊ စာရင်း တင်ပြထားခံရတဲ့ အိမ်ထောင်သည် တမိသားစု အမြတ်ငွေ ရော်ဘာတပင် ကျပ် ၃၀၀ ဆိုတာရော မိသားစုတွေ တကယ်သုံးခွင့် ရကြပါသလား။ လုပ်ပေးကိုင်ပေးကြရတဲ့ အောက်ခြေရဲဘော် တွေရော မိသားစုဝင်တွေပါ ဘယ်သူမှ ဒီကိစ္စတွေ အားလုံး စုံစမ်း မေးမြန်းနိုင်ခွင့် မရှိလို့ မသိကြပါဘူး။
သေချာတာကတော့ အထက်က ဦးပိုင်စာရင်းထဲကို မရောက်ရင်လည်း တပ်ရင်းမှူး လက်ထဲမှာ ထုံးစံအတိုင်း ပျောက်သွားတဲ့ ငွေတွေသာ ဖြစ်နေမယ့် အကြောင်းနဲ့ တကယ်မရကြတဲ့ ကျပ်သုံးရာ လို့ မွန်ပြည်နယ် ရဲဘော် မိသားစုတွေရဲ့ ပြောနေ ဆိုသံတွေကို ထပ်မံ ထုတ်ဖော် တင်ပြလိုက်ရပါတယ်။
ဝိမုတ္တိဝိုင်းတော်သားတဦး (မွန်ပြည်နယ်)
0 comments:
Post a Comment