ရဲဘော်ဖိုးသံချောင်း
၂၁ သြဂုတ် ၂၀၀၉
ဗီယက်နမ်စစ်ဒဏ်ကြောင့် ကြောင်တောင်တောင် ဖြစ်နေတယ်လို့ ယူဆရတဲ့ ဂျွန်ယက်တောဟာ ဗမာပြည် နိုင်ငံရေးကို ရှုပ်ထွေးမှုတွေ တပြုံ တခေါင်းကြီး သယ်လာခဲ့တယ်လို့ ဆိုရင် မမှားပါဘူး။ ဗမာပြည်ရဲ့ မျက်မှောက်ကာလ နိုင်ငံရေးကို ယက်တောလွန်/ ဝက်ဘ်လွန် နိုင်ငံရေး လို့တောင် နာမည်ပေးရင် ရမလားပါပဲ။ အပေါ်ယံ ကြည့်လိုက်ရင်တော့ အခုအချိန်မှာ အမေရိကန်က လာတဲ့ ယက်တောလည်း အမေရိကန်ကို ပြန်သွား၊ အိမ်ချုပ်ထဲက ဆွဲထုတ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း အိမ်ချုပ်ထဲ ပြန်ထည့်၊ အဆင့် (၁) ကို ပြန်ရောက် သွားပြန်ပြီလို့ ပြောနိုင်ပါတယ်။
ဈေးတွက်တွက်ပြောရရင်တော့ ဒီတခါဝက်ဘ်လာတဲ့ ခရီးစဉ်မှာ ဝက်ဘ်နဲ့ နအဖတို့ပဲ အမြတ် ရလိုက်ကြပါတယ်။ ဝက်ဘ်ဟာ သူ့အတွက် အိမ်ပြန်လှတဲ့ ဆုလာဘ် ရသွားပါတယ်။ အမေရိကန် နိုင်ငံသား တယောက်ကို လူဆိုးတွေ လက်က ကယ်တင်နိုင်သူ သူရဲကောင်း ဖြစ်သွားပါတယ်။ သူ့ရှေ့ တက်လမ်း အတွက် အမှတ် တော်တော်ရသွားတယ် လို့တောင် တချို့က ပြောပါတယ်။ နောက်ပြီး နအဖ အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း သူ(တို့) ပြောချင်တာ ပြောခွင့် ရသွားပါတယ်။ ဒါဟာအရင်လို မျက်ရိပ်-စကားရိပ်နဲ့ စောင်းပါး ရိပ်ခြေ အသိပေး နေရတာတွေနဲ့ စာရင် အများကြီး ပိုတာသွားပါတယ်။ တခါ နအဖဗိုလ်ချုပ်တွေ အဖို့ ဆိုရင်လည်း အမေရိကန်နဲ့ ရွှေလမ်း၊ ငွေလမ်းဖောက်ဖို့ လမ်းစ တစ ရသွားပါတယ်။ သူများက ယုံတာ မယုံတာ အပထား ဝါရှင်တန်ကို သူတို့ဟာ လူစိတ်ရှိသူတွေ ဖြစ်ပါတယ်လို့ ပြသခွင့် ရသွားပါတယ်။ ဒါ့အပြင် ယက်တောတောင်မှ သူလုပ်ချင်တဲ့ ကြောင်တောင်တောင် အလုပ်ကို လုပ်ခွင့် ရသွားပါတယ်။ သူက နာမည်ကြီးချင်လို့ လုပ်တာဆိုရင် ပိုတောင် အောင်မြင်သေး တယ်လို့ ပြောရပါမယ်။
ဒီလိုအခါမှာ ဂျွန်ဝက်ဘ်ရဲ့ခရီးဟာ ဗမာပြည်နိုင်ငံရေး အပေါ် ဘယ်လို အကျိုး သက်ရောက်နိုင်တယ် ဆိုတာကို ပြောဆိုဆွေးနွေး သံတွေ အတော် ပေါ်ထွက်နေပါတယ်။ မဆန်းပါဘူး။ ဒီလို စဉ်းစား တွေးတောစရာတွေ ဖြစ်လာရတဲ့ အကြောင်းကတော့ ဂျွန်ဝက်ဘ်ဆိုတဲ့ လူက သာမန်လူ မဟုတ်ဘဲ အမေရိကန် နိုင်ငံက ဆီနိတ်တာ အမတ် တယောက် ဖြစ်နေလို့ပါပဲ။
တကယ်ကျတော့ ဂျွန်ဝက်ဘ်ရဲ့ဒီခရီးစဉ်မှာ လျှို့ဝှက်မှုတွေ လွှမ်းမိုး နေပါတယ်။ ဝက်ဘ်ဘက်ကလည်း အများကြီး ထိန်ချန်ထား၊ နအဖ ဘက်ကလည်း အများကြီး ထိန်ချန်ထားတာမို့ တကယ့် အခြေအနေကို မှန်းဆရတာဟာ အလွန် ခက်ပါတယ်။ စောလည်း စောလွန်း နေပါသေးတယ်။ ဒါပေမယ့် မကြာမီမှာပဲ ဝါရှင်တန်နဲ့ ကြပ်ပြေး အကြား အသွားအလာ၊ အပေးအယူတွေ များလာတာကို မြင်လာရစရာ ရှိပါတယ်။ ဒီလိုအခါမှာ ဒါဟာ ဗမာပြည် ပြည်သူတွေရဲ့ ကံကြမ္မာအပေါ် ဘယ်လိုများ အကျိုး သက်ရောက်မှု ရှိလေမလဲလို့ စဉ်းစားသူ၊ တွေးတောသူ၊ ရေးသားသူ၊ ပြောဆိုသူတွေ အခုထက် ပိုများလာကောင်း များလာစရာလည်း ရှိပါတယ်။
ဒါတွေနဲ့ဆက်နေတဲ့ ကိစ္စတခုက ဝက်ဘ်ရဲ့ ခရီးစဉ်ဟာ အမျိုးသား ရင်ကြားစေ့ရေး ဆီကို တွန်းပို့ရာ ကျမကျ ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ ဒီမေးခွန်းထုတ်၊ ဒီစကားကို ပြောသူတွေထဲမှာ သဘောထား အမျိုးမျိုးနဲ့ ပြောကြသူတွေ ပါပါတယ်။ တချို့ကလည်း အဲဒီလို ဖြစ်စေချင်လို့၊ တချို့ကလည်း ကိုယ်လုပ်ချင်တာ တခုအတွက် အကြောင်းပြစရာ ရချင်လို့ စသဖြင့်ပါ။ ဒါပေမယ့် နအဖနဲ့ သူ့ဆောင်းပါးရှင်တွေ ကတော့ အမျိုးသား ရင်ကြားစေ့ရေး ဆိုတာကို တခွန်းမှ မဟကြောင်း အသေအချာ ထောက်ပြဖို့ လိုပါတယ်။ ဒီနေရာမှာ စဉ်းစားရမှာက တကမ္ဘာလုံး၊ တပြည်လုံးက ပြောနေတဲ့ အမျိုးသား ရင်ကြားစေ့ရေးဟာ ဗမာပြည်မှာ ဘာကြောင့် အကောင်အထည် မပေါ်တာလဲ ဆိုတာဖြစ်ပါတယ်။ အမှန်မှာ အဓိက ပြဿနာဟာ နအဖရဲ့သဘောထား ဖြစ်ပါတယ်။ ဒီနေ့ တိုင်းပြည်မှာ ပေါ်ပေါက်နေတဲ့ နိုင်ငံရေး ပြဿနာတွေ၊ တင်းမာမှုတွေ၊ ဖိနှိပ်မှုတွေဟာ နအဖ စစ်အုပ်စုက အာဏာကို လက်မလွှတ်ချင်လို့ ဖြစ်နေတာဆိုတာ လူတိုင်းသိပါတယ်။ ဒီတော့ ဂျွန်ဝက်ဘ်ဟာ နအဖ ဗိုလ်ချုပ်တွေကို အာဏာ ခွဲဝေယူချင်အောင်၊ အာဏာကို လက်လွှတ်ချင်အောင် ပြောနိုင်မလား။ တကယ်က နအဖကို တရုတ်က နားချဖူးပါတယ်။ မရပါဘူး။ အမေရိကန်နဲ့ တခြား နိုင်ငံတွေကလည်း အကျပ်ကိုင်ဖူးပါတယ်။ မရပါဘူး။
ကိစ္စတွေဟာ အဲဒီလောက်လွယ်ရင် ဗမာပြည်ရဲ့ဒီမိုကရေစီ အရေးတော်ပုံဟာ ဒါလောက် ကြာမနေပါဘူး။ ဒီနေ့ဗမာပြည် ပြည်သူတွေ ရင်ဆိုင် နေရတဲ့ စစ်အာဏာရှင်တွေဟာ ကမ္ဘာ့ သမိုင်းမှာ စံချိန် တင်လောက်တဲ့ အာဏာ မက်သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ သူတို့ဘဝ သူတို့ အာဏာနဲ့ အသေ တွဲချည်ထားသူတွေပါ။ အာဏာမရှိရင် သူတို့ကိုယ်တိုင်ပါ ရပ်တည်လို့ မရအောင် သူတို့ဘာသာ လုပ်ထား-လုပ်နေပါတယ်။ နအဖကို ကြမ်းပြင်ပေါ် တုတ်ကလေးတချက် ရိုက်ပြရုံနဲ့ လန့်လိမ့်မယ်၊ မုန်လာဥလေး တဥ ပြလိုက်ရုံနဲ့ ဟပ်တပ် ဆွဲလာမယ်လို့ ထင်ရင် စိတ်ကူးယဉ်တာပဲ ဖြစ်ပါလိမ့်မယ်။ နအဖနဲ့ ရင်ဆိုင်ရာမှာ ဇာတ်ဓား၊ နတ်ဓားလောက်နဲ့ မရဘူးဆိုတာ ဗမာပြည် ပြည်သူတွေ အသိဆုံး ဖြစ်ပါတယ်။ နအဖက ယက်တောကို လွှတ်လိုက်တာဟာ အမေရိကန် အစိုးရကို အချက်ပြတာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ထပ်ချလိုက်တာဟာ ဗမာပြည်သားတွေကို အချက်ပြတာ ဖြစ်တယ်ဆိုတာ မေ့လို့ မဖြစ်ပါဘူး။ ဗမာပြည်သူတွေ အပေါ်မှာ ပြတ်သားမြဲ ပြတ်သားတယ်၊ အာခံဝံ့ရင် ခံကြည့်လို့ ပြောတာပဲ ဖြစ်ပါတယ်။
သတိထားသင့်တဲ့နောက်တချက်က တကယ်လို့များ နအဖက ဟန်ပြစာပွဲဝိုင်းထိုင်တာမျိုးလုပ်လာရင် ဒါကို အမျိုးသား ရင်ကြားစေ့ရေးလုပ်တယ်လို့ မဆိုမိဖို့ပါပဲ။ နအဖဟာ ဒီလိုဟန်ပြမျိုးတွေ လုပ်ခဲ့လှပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ကို ဦးအောင်ကြည်ဆိုသူနဲ့ စကားပြောစေတယ်ဆိုတာမျိုးနဲ့ မဗေဒါရေခပ်ခိုင်းထားခဲ့တဲ့ ကိစ္စကို မှတ်မိကြမယ်ထင်ပါတယ်။ အခုအခါမှာ ဒီလိုလုပ်တာတွေနဲ့ ပြည်သူတွေကို မျက်စိလည်စေ၊ ကိုယ့်ကိုယ်ကိုယ်မျက်စိလည်စေတာ မဖြစ်သင့်တော့ပါဘူး။
ဒီနေရာမှာ ဗိုလ်နေဝင်းလက်ထက် ၁၉၈ဝ ခုနှစ်တုန်းက ဗိုလ်နေဝင်းက ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ခေါ်ခဲ့တဲ့ အဖြစ်အပျက်ကို ပြန်ထောက်ပြ ချင်ပါတယ်။ အဲဒီတုန်းက ဗိုလ်နေဝင်းဟာ တရုတ်က ပြောလွန်းတာနဲ့ တရုတ် ကျေနပ်အောင် ငြိမ်းချမ်းရေး ဆွေးနွေးတယ် ဆိုတာက တိတ်တဆိတ် လုပ်ခဲ့ပါတယ်။ တဖက်မှာလည်း တရုတ်ကိုတော့ အသိပေး ထားပါတယ်။ ဒါပေမယ့် အဲဒီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆိုတာကို နေ့ဝက်ပဲ ဆွေးနွေးပြီးတော့ ဘာမှ အကြောင်းမပြဘဲ အကုန် ဖျက်ပစ်ခဲ့ပါတယ်။ အခုလည်းပဲ နအဖဟာ အိမ်ဖြူတော်က ကျေနပ်အောင်၊ ပြကောင်းအောင်လောက် လုပ်လာနိုင်သေးတယ် ဆိုတာ တွက်ထားသင့်ပါတယ်။
ဒီနေ့အခါမှာ အမေရိကန်ကလည်း နအဖကိုဆွဲလို၊ နအဖကလည်း အမေရိကန်နဲ့ နီးစပ်လို၊ နှစ်ဖက် စလုံးဟာ အဲဒီ ဦးတည်ချက် ဆီကို တက်လှမ်း နေကြတာ ဆိုတာ တကမ္ဘာလုံး အသိပါ။ အားလုံး ကိုယ့်စဉ်းစားချက်နဲ့ ကိုယ်ချည်းဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ နှစ်ဖက်စလုံးက ဗမာပြည် ပြည်သူတွေရဲ့ အကျိုးစီးပွား အပေါ်ကနေ တယောက်ကို တယောက် လက်ကမ်းနေကြတာ မဟုတ်ပါဘူး။ ကိုယ့်အကျိုးစီးပွားနဲ့ ကိုယ်ချည့်ပါ။ ဒါကို အပြစ်ပြောနေဖို့ မဟုတ်ပါဘူး။ အရေးကြီးတာ ကိုယ်က သူတို့နောက်ကို မျောမပါဖို့ဘဲ ဖြစ်ပါတယ်။ ကိုယ့်လမ်း ကိုယ်လျှောက်ဖို့ပဲ ဖြစ်ပါတယ်။ ကိုယ့်အရေးတော်ပုံရဲ့ ကံကြမ္မာကို ဘယ်နိုင်ငံကြီးတွေရဲ့ နိုင်ငံခြားရေး ပေါ်လစီတွေနဲ့ တွဲချည်မထားဖို့ဘဲ လိုပါတယ်။
နောက်တချက်က ဒီလိုအချိန်မှာ ကျနော်တို့အနေနဲ့ ပြည်သူလူထုကို ဖြစ်မလာ နိုင်တဲ့ မျှော်လင့်ချက်တွေ မပေးသင့်ပါဘူး။ ကယ်တင်ရှင် မျှော်ခိုင်းတာလည်း မလုပ်သင့်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ဖို့ ယက်တော ရောက်လာတယ် ဆိုတာထက် ပိုဆိုး ကုန်နိုင်ပါတယ်။ ဗမာပြည်သားတွေနဲ့ ဒီမိုကရေစီ အရေးတော်ပုံ တပ်သားတွေ အနေနဲ့ ကိုယ့်ကိုယ်ကိုယ်မှ တပါး တခြား ဘယ်သူ့ကိုမှ အားမကိုးဖို့ ပိုင်းဖြတ်ပြီး ကိုယ့်အားကိုယ်ကိုး စိတ်ဓာတ်ခိုင်မြဲစေဖို့ လိုပါတယ်။ နအဖ တကယ် ကြောက်တာဟာ ပြည်သူ့အင်အား ဖြစ်တယ် ဆိုတဲ့ အချက်ကို မျက်ခြည်ပြတ်ခံလို့ မဖြစ်ပါဘူး။
တကယ်က နအဖအမြင်မှာ အမျိုးသားရင်ကြားစေ့ရေး ဆိုတာ သူတို့ရဲ့ အာဏာကို လက်လွှတ်ရေး ဖြစ်နေပါတယ်။ သူတို့ အမြင်မှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်စေ၊ တခြား လူတွေကို ဖြစ်စေ လွတ်လွတ် လပ်လပ် လှုပ်ရှားခွင့် ပေးလိုက်ရင် သူတို့ရဲ့ အာဏာကို ခြိမ်းခြောက် လိမ့်မယ်လို့ တွက်ပါတယ်။ ဒီတော့ ငယ်ငယ်တုန်းက ပြောသလို မုန့်သာ တဖဲ့စီ ဝေစားရင် စားမယ်၊ တိုင်းပြည် အာဏာကိုတော့ ဝေမစားဘူး ဆိုတာဟာ ဒီဗိုလ်ချုပ်တွေရဲ့ အသည်းထဲက မူဝါဒပါ။
Ref: ခေတ်ပြိုင်
Monday, August 24, 2009
ဗမာပြည်ရဲ့ ယက်တောလွန်နိုင်ငံရေး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment