ဂါမဏိ
post by Sunday, September 20, 2009
၂၁ ရာစုဒီဘက်ပိုင်းမှာ ကမ္ဘာကြီးပြားသွားပြီ ဆိုတဲ့အသံတွေ နားမဆံ့အောင်ကို ကြားနေရပါတယ်။ ပြားသွားတယ် ဆိုတာက တကမ္ဘာ လုံးရဲ့ စီးပွားရေး ဆက်သွယ်ရေး ကူးသန်းရေးတွေ တဆက်တည်း ဖြစ်သွားပြီလို့ ပြောတာ ဖြစ်ပါတယ်။ စက်ရုံ အလုပ်ရုံတွေကို မဖွံ့ဖြိုး သေးတဲ့ နိုင်ငံတွေမှာ လာဖွင့်ကြတယ်၊ သူဌေးတွေက တကမ္ဘာလုံးနဲ့ တမုဟုတ်ချင်း ထိုင်ရာမထ ဆက်သွယ်ပြီး ရောင်းဝယ်နိုင်ကြတယ်၊ ဒါကြောင့် တချိန်က အလုပ်ရှားပါး လုပ်ခ နိမ့်ကျ ဖွံ့ဖြိုးမှု နောက်ကျခဲ့တဲ့ နိုင်ငံတွေ ဒေသတွေ အလုပ်တွေပေါ ဝင်ငွေတွေတိုးပြီး ဆင်းရဲ တွင်းက လွတ်လာကြတယ်လို့ ကမ္ဘာပြားရှေ့နေတွေက မစားရဝခမန်း ဝါဒဖြန့် ကြော်ငြာနေပါတယ်။ ဥပမာတွေအဖြစ် တရုတ်၊ ဗီယက် နမ်၊ ထိုင်း၊ မလေးရှား၊ အိန္ဒိယတို့ကိုလည်း ထောက်ပြနေကြပါတယ်။
နောက်ပြီးတော့ ကမ္ဘာ့ပဒေသာပင်ခေတ်ကြီး ရောက်ပြီ ဆိုပြီး စိုက်ပျိုးရေးတို့၊ စက်မှု လုပ်ငန်းတို့ နေရာမှာ နည်းပညာ အဆင့်မြင့် လုပ်ငန်းတွေ၊ အသိဉာဏ်လုပ် ငန်းတွေက အစားထိုး လွှမ်းမိုး သွားပြီလို့လည်း တဆိတ်ကို တအိပ်လုပ် ကြွေးကြော် နေကြပြန်ပါတယ်။
ဒါကြောင့် စာအုပ်တွေထဲပြောတာတွေကို အသာထားပြီး တကယ့်လက်တွေ့ အခြေအနေတွေကို လေ့လာ ကြည့်ကြရအောင်။
စက်မှုလုပ်ငန်းထွန်းကားတဲ့ ပင်ရင်းနိုင်ငံတွေကို ကြည့်တဲ့အခါ အမေရိကန် နိုင်ငံမှာ အနိမ့်ဆုံး လုပ်အားခက တနာရီကို ၇ ဒေါ်လာ တနှစ်ကို ဒေါ်လာ ၁၅ဝဝဝ ရှိပါတယ်။ ပြင်သစ်မှာ တနာရီ ၉ ယူရို တနှစ်မှာ ဒေါ်လာ ၁၇ဝဝဝ၊ ဂျပန်မှာ တနာရီ ယန်း ၇ဝဝ တနှစ်ကို ဒေါ်လာ ၁၁ဝဝဝ၊ ၈ဝဝဝ ရှိကြပါတယ်။ တောင်ကိုးရီးယားမှာ တနာရီ ဝမ် ၄ဝဝဝ တနှစ်မှာ ဒေါ်လာ ၁ဝဝဝဝ၊ တိုင်ဝမ် မှာ တနာရီကို တိုင်ဝမ်ဒေါ်လာ ၁ဝဝ တနှစ်မှာ ဒေါ်လာ ၁၂ဝဝဝ၊ ဟောင်ကောင်မှာ တလကို ဟောင်ကောင် ဒေါ်လာ ၃၅ဝဝ တနှစ်ကို ဒေါ်လာ အဲဒီ နိုင်ငံတွေက အထည်ချုပ် စက်ရုံကို တရုတ်၊ ဗီယက်နမ်၊ မလေးရှား၊ ထိုင်း၊ မြန်မာနိုင်ငံ စတဲ့ ဖွံ့ဖြိုးမှုနိမ့်တဲ့ နိုင်ငံတွေဆီ ရွှေ့ပြောင်း ဖွင့်ကြတဲ့ အခါ တရုတ်ပြည်မှာ သွားဖွင့်ရင် လုပ်အားခ တလကို ယွမ် ၁ဝဝဝ တနှစ်ကို ဒေါ်လာ ၁၅ဝဝ၊ ဗီယက်နမ်မှာ တနှစ်ကို ဒေါ်လာ ၁ဝဝဝ ၊ ထိုင်းမှာ တရက်ကို ဘတ် ၂ဝဝ တနှစ်ကို ဒေါ်လာ ၂၃ဝဝ၊ မလေးရှားမှာ တလကို ရင်းဂစ် ၃၅ဝ တနှစ်ကို ဒေါ်လာ ၄၅ဝဝ၊ မြန်မာနိုင်ငံမှာ တရက် ကျပ် ၁ဝဝဝ တနှစ်မှာ ဒေါ်လာ ၃ဝဝ နှုန်းပေးရပါတယ်။
အိန္ဒိယနိုင်ငံဟာ အမေရိကန်နဲ့ တခြားအနောက်နိုင်ငံတွေ အတွက် ကွန်ပျူတာ အင်တာနက် တယ်လီဖုံး စတဲ့ အဆင့်မြင့် ဆက်သွယ်ရေး ဝန်ဆောင် လုပ်ငန်းတွေကို လက်ခွဲ လုပ်ပေးနေရပါတယ်။ အဲဒီ အလုပ်သမားမျိုးကို အမေရိကန် နိုင်ငံမှာဆိုရင် လုပ်ခ တနှစ်ကို ဒေါ်လာ ၂ဝဝဝဝ ကျော်ပေးရပေမဲ့ အိန္ဒိယမှာတော့ ဒေါ်လာ ၉၅ဝဝ လောက်ဘဲ ပေးရပါ တယ်။
ကျနော်တို့နဲ့ဆိုင်တဲ့အပိုင်းကို ကြည့်မယ်ဆိုရင် ထိုင်းနိုင်ငံမှာ တရားဝင် သတ်မှတ်ထားတဲ့ အနိမ့်ဆုံး လုပ်ခက ဘတ် ၁၄ဝ လောက် ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ မြန်မာပြည်က လာတဲ့ အလုပ်သမားတွေ ရတာက (မဲဆောက်မှာ) အလွန်ဆုံး ၈ဝ လောက်ဘဲ ရပါတယ်။ အများစုကတော့ ၅ဝ-၆ဝ လောက်ဘဲ ရကြပါတယ်။ သူဌေးက နေစရိတ် စားစရိတ်တွေ မတန်တဆ ဖြတ်ထားလို့ပါ။ စိုက်ပျိုးရေး အလုပ်သမားတွေ နေရတဲ့ ဘဝက ပိုဆိုးပါတယ်။
တောထဲ တောင်ထဲမှာ လူတယောက် ခြေထောက်ဆန့် အိပ်လောက်အောင်ဘဲ ကျယ်တဲ့ တဲအိမ် ကလေးတွေမှာ ကြယ်မြင်လမြင် နေရ ပါတယ်။ ထရံကို စက္ကူတွေ ဆာလာ အိပ်ခွံတွေ ကာထားပြီး ကျနော်တို့ တိုင်းပြည်က လယ်တဲ သာသာဘဲ ရှိပါတယ်။ ပညာရေး ကျန်းမာရေး အားကိုးစရာ မရှိသလောက်ပါဘဲ။ အခုနောက်ပိုင်း ဝိုင်းဝန်း ကြိုးပမ်းမှုကြောင့် ကျောင်းကလေးတွေ ပေါ်လာပေမဲ့ ကျန်းမာရေး အတွက် အားကိုးစရာ မယ်တော် ဆေးခန်းကိုတော့ ထိုင်းရဲ အဖမ်းခံရမယ့် အန္တရာယ်ကြားက စွန့်စား သွားရပါတယ်။ ထိုင်းရဲအပြင် ထိုင်း လဝက၊ လူဆိုးဂိုဏ်းတွေနဲ့ ထိုင်းလမ်းသရဲတွေ ငွေညှစ် ဗိုလ်ကျ နှိပ်စက်တာကလည်း ရှိပါသေးတယ်။
ရနောင်း၊ မဟာချိုင်ဘက် ငါးဖမ်းစက်လှေနဲ့ လိုက်ရတဲ့ မြန်မာ အလုပ်သမားတွေကတော့ မနက်တိုင်း မျက်နှာသစ်စရာ ခေါင်းရှိသေးလား စမ်းနေရတဲ့ ဘဝမှာ ခပ်များများ ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာပြားတဲ့ အကျိုးအမြတ် အဖြစ် အလုပ်သမား ၁ဝဝ ရှိတဲ့ စက်ရုံပိုင် သူဌေးဟာ အမေရိကန်ကနေ မဲဆောက်ကို ရွှေ့လာတဲ့ အတွက် တနှစ်ကို ဒေါ်လာ ၁ သန်း ၃ သိန်း ပိုမြတ် သွားပါတယ်။ တိုင်ဝမ် သူဌေးဆိုရင်တော့ တနှစ်မှာ ဒေါ်လာ ၁ သန်း ပိုမြတ်ပါလိမ့်မယ်။ မြန်မာ အလုပ်သမားတွေ အနေနဲ့တော့ ဗမာပြည်မှာ မဝယ်နိုင်တဲ့ ရွှေတို ရွှေစ ဝယ်နိုင်၊ ဟဲင်းဖုံးကိုင်နိုင်၊ မြို့ပေါ် အလုပ်သမားတွေ ဆိုရင် ၂၄ နာရီ လျှပ်စစ်မီးနဲ့ နေနိုင်တဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်တာဟာ ဗမာပြည်မှာထက် တနှစ်ကို ဒေါ်လာ ၂ဝဝဝ လောက် ဝင်ငွေ ပိုလာပြီး မလေးရှားမှာ ဆိုရင် ဗမာပြည်ထက် တနှစ်ကို ဒေါ်လာ ၄၂ဝဝ ပိုဝင်မှာ ဖြစ်ပါတယ်။ ဒါဟာ အမေရိကန် အလုပ်သမားရဲ့ အစွန်းထွက် လောက်ဘဲ ရတာဖြစ်ပြီး သူတို့ထက် ဒေါ်လာ ၁ဝဝဝဝ ကျော် လျော့နေ ပါသေးတယ်။ ဒါကြောင့် ကမ္ဘာပြားတယ် ဆိုတာ စက်ရုံရှင် လုပ်ငန်းရှင် သူဌေးတွေ အတွက်ဘဲ အဓိက ဖြစ်နေပါတယ်။
လုပ်ငန်းပုံစံပိုင်းကိုပြောရရင် တတိယလှိုင်းလို့ ပြောတဲ့ အဆင့်မြင့် ကွန်ပျူတာ အင်တာနက် ဆက်သွယ်ရေး စတဲ့ အသိဉာဏ်ပညာ အခြေခံ လုပ်ငန်းတွေက ရှေ့ဆောင် အခန်းမှာရှိတယ်လို့ ပြောနေပေမဲ့ လက်တွေ့ ကွင်းထဲမှာတော့ စက်မှု လုပ်ငန်းကဘဲ အဓိကလွှမ်းမိုး နေပြီး ထမင်းကျွေးနေတာ ဖြစ်ပါတယ်။ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၄-၅ သန်းထဲက အားလုံးလိုလို ရပ်တည် နေရတာဟာ အထည် ချုပ်စက်ရုံ၊ ဖိနပ်ချုပ်စက်ရုံ၊ ငါးပုဇွန်စက်ရုံ၊ ဆောက်လုပ်ရေး၊ တောင်ယာ၊ ရာဘာခြံ၊ ဆီအုန်းခြံ၊ စားသောက်ဆိုင်၊ ဈေးဆိုင် စတဲ့ လုပ်ငန်းတွေဘဲ ဖြစ်ပါတယ်။ အမေရိကန် ရောက်သွားတဲ့ မြန်မာဆရာဝန် ဆူရှီ လိပ်နေရတာ၊ ဂျပန်ရောက်သွားတဲ့ မြန်မာ အင်ဂျင်နီယာတွေ အိုးတိုက် ပန်းကန်ဆေး နေရတာဟာ ကမ္ဘာပြား တတိယလှိုင်း ဝါဒဖြန့်ချက်တွေကို သရော်နေတာ ဖြစ်ပါတယ်။
မြန်မာအလုပ်သမားတွေတင်မကပါဘူး၊ တကမ္ဘာလုံးမှာ လုပ်ငန်း တန်ဖိုး အကြီးဆုံးလုပ်ငန်း ၃ ခုက (၂ဝဝ၂ ခု စာရင်း အရ) တရားဝင် စီးပွားရေး နယ်ပယ်မှာ ရေနံ ထုတ်လုပ်ရေး၊ မော်တော်ကား ထုတ်လုပ်ရေး၊ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းတို့ဖြစ်ပြီး တရားမဝင် စီးပွားရေး နယ်ပယ်မှာတော့ လူကုန်ကူးလုပ်ငန်း၊ လက်နက် ကုန်ကူးလုပ်ငန်းနဲ့ မူးယစ်ဆေး ကုန်ကူးလုပ်ငန်းတို့ ဖြစ်ပါတယ်။ ကွန်ပျူတာလုပ်ငန်း၊ တယ်လီဖုံး လုပ်ငန်းတွေ မဟုတ်ပါဘူး။ စတော့ရှယ်ယာ တန်ဖိုးမှာတော့ ကွန်ပျူတာ လုပ်ငန်းက ရှယ်ယာတွေက တန်ဖိုး မြင့်နေပြီး ကွန်ပျူတာ လုပ်ငန်းနယ်ပယ်က အလုပ်သမားတွေဟာ လုပ်ခကောင်းပေမဲ့ စီးပွားရေး လောက တခုလုံးထဲမှာတော့ အင်အား အကြီးဆုံး မဖြစ်သေးပါဘူး။ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီ ၅ ခုက (၂ဝဝ၆ ခုစာရင်း) အက်ဆွန်မိုဘင်းလ် (ရေနံလုပ်ငန်း)၊ ဂျီအီး (လျှပ်စစ်လုပ်ငန်း)၊ စီးတီး (ဘဏ်လုပ်ငန်း)၊ ဘီပီ (ရေနံလုပ်ငန်း)၊ ရှဲလ် (ရေနံလုပ်ငန်း) တို့ အစဉ်လိုက်ဖြစ်ပြီး မိုက်ကရိုဆော့ဖ် (ကွန်ပျူတာ လုပ်ငန်း) က နံပတ် ၇ အဆင့်ဘဲ ရှိပါတယ်။ ဒါ့အပြင် ကမ္ဘာ့ အကြီးဆုံးကုမ္ပဏီ ၁ဝ ခုထဲမှာ အဆင့်မြင့် နည်းပညာ လုပ်ငန်းက အဲဒီမိုက်ကရိုဆော့ဖ် တခုဘဲ ပါပါတယ်။
ဒါကြောင့် ကမ္ဘာပြားတာတွေ အဆင့်မြင့်နည်းပညာခေတ် ရောက်တာ တွေဟာ ကျနော်တို့ အလုပ်သမားတွေ အထူးသဖြင့် မြန်မာအလုပ် သမားတွေ အတွက် လက်တွေ့မကျတဲ့ စိတ်ကူးယဉ် အိပ်မက်တွေသာ ဖြစ်ပါတယ်။ မဲဆောက်က မြန်မာ အလုပ်သမား တယောက်ဟာ အမေရိကန်က အလုပ်သမား တယောက်နဲ့ တန်းတူ လုပ်ခ မရသရွေ့၊ အိန္ဒိယက ကွန်ပျူတာ ပညာရှင် အလုပ်သမား တယောက်ဟာ အမေရိကန်က ကွန်ပျူတာ ပညာရှင် အလုပ်သမားတယောက် ရတဲ့ လစာ မရသေးသရွေ့ ကမ္ဘာကြီး ပြားနေတယ်လို့ မပြောနိုင် သေးပါဘူး။ အလွန်ဆုံး ပြောရရင် အပြားလိုက်ကြီး စောင်းနေတယ်လို့ဘဲ ပြောနိုင်မှာဖြစ်ပြီး ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ သူဌေးတွေက ပုံစံသစ် နဲ့ လူလည်ကျတာလို့ဘဲ ပြောချင်ပါတယ်။
ကမ္ဘာမှာ အဆင့်မြင့်နည်းပညာတွေ ရှေ့ဆောင်နေပြီး ဂလိုဘယ် လိုက်ဇေးရှင်းလို့ ခေါ်တဲ့ တကမ္ဘာလုံးချီ ဆက်နွယ်မှုတွေ လွှမ်းမိုး လာပြီလို့ ပြောနေ ဟောနေပေမဲ့ ကမ္ဘာ့ အလုပ်သမား အများစုကြီးရဲ့ဘဝကတော့ အဲဒီ ကမ္ဘာပြားတွေ တတိယ လှိုင်းတွေနဲ့ အလှမ်းဝေး နေဆဲပါဘဲ။ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ မြန်မာပြည်တွင်း အလုပ်သမားတွေ ဆိုရင် နအဖ စစ်အစိုးရ လက်ချက်ကြောင့် နိုင်ငံ တကာ အလုပ်သမား တွေထက် ပိုပြီး အခွင့်မသာ ဖြစ်နေရပါတယ်။
ဂါမဏိ
သင့်ရဲဘော်ဂျာနယ် - အတွဲ (၃) အမှတ် (၁)၊ သြဂုတ်လ ၂၀၀၉ ခုနှစ်ထုတ်မှ
Ref: နေ့သစ်
Monday, September 21, 2009
ကမ္ဘာပြားပေါ်က မြန်မာအလုပ်သမားများ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment