Thursday, September 24, 2009

“အသုံးခံလိုက်လို့ ကောင်းသွားမယ်ဆိုရင် ကျနော်လည်း အသုံး ခံရဲတယ်”

Wednesday, 23 September 2009 16:55

ဒေါက်တာဇာနည်သည် ယခင်က မြန်မာစစ်အစိုးရအား စီးပွားရေး အရ ဒဏ်ခတ် ပိတ်ဆို့ရန် တက်ကြွစွာ ဦးဆောင် လှုံ့ဆော်ခဲ့သည့် ဒီမိုကရေစီအရေး လှုပ်ရှားသူ တဦး ဖြစ်သည်။ ထို့ကြောင့် လက်ရှိ မြန်မာပြည် အရေးနှင့် ပတ်သက်၍ ဒေါက်တာ ဇာနည်ကို ဧရာဝတီ မဂ္ဂဇင်းက တွေ့ဆုံ မေးမြန်းထားပါသည်။

မေး။ ။ မကြာသေးခင်က NLD ပါတီက ဦးဝင်းတင် ဝါရှင်တန်ပို့စ်မှာ ဆောင်းပါး တပုဒ် ရေးခဲ့တယ်။ အဲဒီထဲမှာ အခြေခံ ဥပဒေကို ပြင်ခိုင်းတယ်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ခိုင်းတယ်၊ NLD ပါတီကို လွတ်လပ်စွာ လှုပ်ရှားခွင့် တောင်းဆိုထားတာ တွေ့ရတယ်။ အဲဒီဆောင်းပါးနဲ့ ပတ်သက်လို့ ပြည်တွင်း ပြည်ပမှာ အမြင် အမျိုးမျိုး ရှိတာကို တွေ့ရတယ်။ ကိုဇာနည်က ဘယ်လိုမြင်လဲ။

ဖြေ။ ။ ကျနော်က ဦးဝင်းတင် ပြောတာကို ထောက်ခံတယ်။ ဒါက ဦးဝင်းတင်ပြောလို့ ထောက်ခံတာ မဟုတ်ဘူး၊ သူပြောတာက အချက်အချာ ကျတယ်။ မြန်မာပြည်က ဒီမိုကရေစီ လမ်းကြောင်း ပေါ်မှာ လျှောက်တော့မယ် ဆိုရင် ဒီ အခြေခံ ဥပဒေက ခေတ်နောက်ပြန် ဆွဲနေတာ တွေ့ရတယ်။ မဆလခေတ် ၁၉၇၃၊ ၇၄ လောက်မှ ဆွဲခဲ့တဲ့ အခြေခံဥပဒေကို ကြည့်မယ်ဆိုရင် တပါတီ တည်းတော့ ဟုတ်တယ်၊ ဒါပေမယ့် အဲဒီထဲမှာ တပ်မတော် နောက်ခံရှိမှ နိုင်ငံ့ အကြီးအကဲ ဖြစ်ရမယ် ဆိုတာမျိုး မပါဘူး။ အခုဟာက လက်ရှိ ၂၀၀၈ မှာ လက်ခံလိုက်တဲ့ အခြေခံ ဥပဒေကျတော့ တိုင်းသူ ပြည်သားတွေကို ပြည်တွင်း ကိုလိုနီ စနစ်ကို ရောက်အောင် တွန်းပို့နေတယ်။ ဘာလို့လဲ ဆိုတော့ စစ်သားတွေကို အလွှာတလွှာမှာ ထားလိုက်ပြီးတော့ ကျန်တဲ့ တိုင်းရင်းသားနဲ့ သာမန် ပြည်သူတွေ ကျတော့ ဒုတိယတန်းစား အဆင့်မှာ ထားထားတယ်။ အဲဒါက ဘယ်လိုမှ လက်ခံလို့ မရဘူး။ တခုတော့ ရှိတာပေါ့၊ ဒီဟာကို လက်ခံပါလို့ ပြောနေတဲ့ သူတွေက အခွင့်အရေး တခုအနေနဲ့ သုံးမယ့် သူတွေလို့ ပြောလို့ရတယ်။

မေး။ ။ ဒါဆို ၂၀၁၀ မှာ လုပ်မယ့် ရွေးကောက်ပွဲကို ရွေးစရာ မရှိတော့ဘူး ဆိုပြီး အခွင့်အရေး တခုအနေနဲ့ ကိုဇာနည်က မမြင်ဘူး ဆိုပါတော့။

ဖြေ။ ။ လွန်ခဲ့တဲ့ ၁ နှစ်ကျော်ကျော် လောက်ကတော့ မြင်ခဲ့တယ်ဗျ။ ဘာလို့လဲ ဆိုတော့ ရွေးကောက်ပွဲ ပေါ်လာမယ်၊ နိုင်ငံရေး ဖြစ်စဉ်တခု ပေါ်လာမယ် ဆိုရင် တပ်မတော် သားတွေနဲ့ ဒီဘက်က ဒေါ်အောင်ဆန်း စုကြည်တို့၊ ကိုမင်းကိုနိုင်တို့ အပါအဝင်၊ ပြည်သူတွေနဲ့ လက်တွဲ လုပ်နိုင်မယ့် အနေအထားများ ရောက်မလားလို့ စဉ်းစားခဲ့မိတယ်။ ဒါပေမယ့် သံဃာတော်တွေကို မတရား သေနတ်နဲ့ ပစ်တာ၊ ရိုက်တာ၊ နှက်တာ၊ နှိပ်စက်တာ၊ အတူတွဲ လုပ်ရမယ့် ကိုမင်းကိုနိုင် တို့လို လူတွေကို ထောင်ထဲ ဆွဲထည့်လိုက်တာ … နောက်တခုက တိုင်းရင်းသားတွေကို သေသေချာချာ နိုင်ငံရေးအရ မဆွေးနွေးဘဲနဲ့ လက်နက်အားကိုးနဲ့ လုပ်တာတွေ၊ နောက်ဆုံး ကတော့ နာဂစ်တုန်းက လူပေါင်း ၁ သိန်းကျော် သေတာကိုတောင် လူတွေရဲ့ ဒုက္ခကို မစာနာဘဲ သူတို့ လုပ်ချင်တဲ့ အခြေခံ ဥပဒေ အတည်ပြုဖို့ကို အတင်းလုပ်တာ … အဲဒီအချက်တွေကို ကြည့်လိုက်တော့ ဒီအစိုးရဟာ သကြားမင်း ဆွဲပေးတဲ့ အခြေခံ ဥပဒေပဲ ဖြစ်ဖြစ် အောက်ကလာတဲ့ အခြေခံ ဥပဒေပဲ ဖြစ်ဖြစ် ဒီလိုလူတွေနဲ့ အတူလက်တွဲပြီး အလုပ်လုပ်လို့ မရတော့ဘူးဆိုတာ လုံးဝ လက်ခံလိုက်တယ်။

အရေးကြီးတာက အခြေခံဥပဒေကို အမြင် ၂ မျိုးနဲ့ မြင်လို့ရတယ်။ အခွင့် အရေး အနေနဲ့ မြင်မယ်ဆိုရင် လာမယ့် ရွေးကောက်ပွဲကို သုံးပြီးတော့ သူတို့ ဖိနှိပ်တဲ့ လူတန်းစား ကွဲသွားမယ် ဆိုတဲ့ အမြင်ပေါ့၊ အဲဒီ အမြင်အတိုင်း သွားမယ် ဆိုရင်တော့ လက်ခံလို့ ရတယ်။ ဒါပေမယ့် ဒီအခြေခံ ဥပဒေကြီး သက်ဆိုး ရှည်မယ် ဆိုရင်တော့ ကျနော်တို့ ပြည်သူ လူထုကို သတ်သေခိုင်းတာနဲ့ တူတူပဲ။ နိုင်ငံရေးအရ သေခိုင်းတာ ပေါ့လေ။

စဉ်းစားကြည့် ကိုလိုနီစနစ်ကို ဘယ်သူကမှ မဲဆန္ဒနဲ့ မထောက်ခံ နိုင်ဘူးလေ၊ အင်္ဂလိပ် ကိုလိုနီပဲ ဖြစ်ဖြစ် စစ်တပ်ရဲ့ ကိုလိုနီပဲ ဖြစ်ဖြစ် ဘယ်သူ့ကိုမှ မဲဆန္ဒပေးပြီး ထောက်ခံခိုင်းဖို့ မသင့်ဘူးလို့ ကျနော်မြင်တယ်။

မေး။ ။ ဒါဆို တချို့ ပြည်တွင်းမှာကော၊ ပြည်ပမှာကော ရွေးစရာလမ်း မရှိတော့တဲ့ အတွက် နအဖကို နှူးနှပ်ပြီး ပူးသတ်မှ ရတော့မယ်၊ စစ်ဗိုလ်ချုပ်တွေ ကိုတော့ တဖြည်းဖြည်းချင်း ပူးပေါင်းပြီး ပြောင်းလဲပစ်မှ ရတော့မယ်ဆိုတဲ့ အမြင်တွေ အများကြီး တွေ့ရတယ်။ မြန်မာ့ အရေးမှာ ပါဝင် ပတ်သက်နေတဲ့ သူတွေ၊ မြန်မာနိုင်ငံကို ပိုက်ဆံပေးနေတဲ့ ဒိုနာ နိုင်ငံတွေ ပြည်တွင်း ပြည်ပက နိုင်ငံရေး သမားတွေက အစပေါ့၊ ဒီလူတွေကို နအဖက ဆေးဖော် ကျောဖက်ကော လုပ်ရဲ့လားဗျ။

ဖြေ။ ။ ကျနော်တို့ သမိုင်းကိုတော့ ပြန်ကြည့်ရမယ်။ မဆလ ခေတ်တုန်းက ပြင်ပက ပညာရှင်တွေပဲ ဖြစ်ဖြစ်၊ ဒိုနာ နိုင်ငံတွေပဲ ဖြစ်ဖြစ်၊ ပြည်တွင်းက စီးပွားရေး ပညာရှင်တွေပဲ ဖြစ်ဖြစ် ဒေါက်တာမောင်မောင်တို့၊ ဒေါက်တာ ညီညီတို့၊ ဒေါက်တာ ချစ်ဆွေတို့ပေါ့။ မဆလ ခေတ်မှာ ဗိုလ်ချုပ်ကြီးတွေနဲ့ ပေါင်းပြီး တိုင်းပြည် ထူထောင်ဖို့ လုပ်ကြတယ်။ ဗိုလ်ချုပ်ကြီးတွေ ဆိုတာလည်း ရှင်းရှင်း ပြောရရင် မှားတဲ့ စနစ်ကြီးကို ထူထောင်ပြီး ဘဝပျက်သွားတယ်၊ ဒီလူတွေလည်း သမိုင်းမှာ နာမည်ပျက် သွားတယ်။ အဲဒါမျိုးကို ကျနော်တို့ ဆက်လုပ် မှာလား၊ ပူးသတ်ဖို့ ဆိုတာကတော့ မဖြစ်နိုင်ဘူး။ ကျနော် ကိုယ်တိုင်လည်း စာအုပ်ဖတ်ပြီး ပြောနေတာ မဟုတ်ဘူး။ ကျနော်ကိုယ်တိုင် ဒါမျိုး လုပ်လာတာ။ ကျနော့်ကိုလည်း သိတဲ့အတိုင်း ဝိုင်းပြီး ဆဲနေကြတာပဲ။ ကျနော်တို့လည်း ထိပ်ပိုင်းက ဗိုလ်ချုပ်ခင်ညွန့်က အစ၊ ဗိုလ်ချုပ် မောင်အေးတို့ အဲဒီလို ဗိုလ်ချုပ်တွေကို တိုင်းပြည်ကို ချစ်တဲ့ ပညာရှင် တယောက်အနေနဲ့ ကူညီဖို့၊ စီးပွားရေး ပြုပြင် ပြောင်းလဲရေး လုပ်ဖို့၊ နောက် အင်တာနက် ကိစ္စမှာ လျှော့ပေးဖို့၊ ဒီမိုကရေစီ လမ်းသွားမယ်ဆိုရင် မီဒီယာတွေ ဝေဖန်တာကို နားထောင်ဖို့ ဒါတွေကို ဝိုင်းတွန်းကြ၊ အကြံဉာဏ် ပေးကြတယ်။ ကျနော်တို့က တိုင်းရင်းသားတွေကို ချေမှုန်းပါလား၊ NLD ကို ဘယ်လို နှိပ်ကွပ် လိုက်ပါလား ဆိုတာ ပြောတာမဟုတ်ဘူး။ တနည်းတဖုံနဲ့ ကျနော်တို့က ပိုကောင်းလာတဲ့ အမြင်တွေ ပေါ်လာအောင် တွန်းကြည့်တယ်၊ ဒါပေမယ့် တွန်းလို့မရဘူး။ ကျနော်ဆိုရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဗိုလ်ချုပ်မောင်အေးနဲ့ မတွေ့တာတောင် သူတို့ထဲမှာ အရေးပါတဲ့ ပုဂ္ဂိုလ်တွေနဲ့ စကားပြောဖူးတာ ရှိတယ်။

၂၀၀၄ မှာလည်း ပြောဖူးတယ်၊ ဗိုလ်ချုပ်ခင်ညွန့် ပြုတ်အပြီးမှာလည်း ပြောခဲ့တယ်။ ကျနော်တို့က ပူးသတ်ချင်တာ မဟုတ်ဘူး၊ သူတို့နဲ့ ပေါင်းလုပ် ချင်တာ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူတို့ ဆက်ဆံရေး အခက်အခဲ ရှိနေတာကို ကြားထဲကနေ ပေါင်းကူးတံတား ဖြစ်အောင် ပထမ ယုံကြည်မှု တည်ဆောက်တဲ့ အနေနဲ့ လုပ်တယ်။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည် အတွက် အရေးကြီး ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်နဲ့ တိုင်းပြည်အပေါ်မှာ စိတ်ထား မှန်ပါတယ် ဆိုတာ ဝိုင်းပြောတာ။ ဒါကို ကျနော်တို့ မီဒီယာမှာတော့ မပြောဘူး။ တယောက်ချင်းတွေ့ရင် ပြောတာပဲ၊ စည်းဝေးမှာဆို ပြောတာပဲ။ ဒီတော့ တိုင်းပြည်အတွက် စေတနာ သန့်သန့်နဲ့ လုပ်မယ်ဆိုရင် သူတို့ ဘက်ကလည်း စေတနာသန့်မှ လုပ်လို့ရမယ်။ ပူးသတ်တယ် ဆိုတာကတော့ သူတို့က ညစ် ကိုယ်က ညစ် ဆိုရင် သူတို့မှာ ပါဝါ၊ အာဏာ၊ သေနတ်ရှိတယ်။ အဲဒီလို လူတွေကို ကျနော်တို့ ပူးသတ်လို့ မရဘူး။ တကယ်တမ်း ပြောရရင် ပူးမသတ် သင့်ဘူး။ ကျနော်တို့ ပူးပေါင်းပြီး လုပ်သင့်တယ်။ ဒါကို ခုချိန်ထိ ပြောမှာပဲ။ လက်ရှိစနစ်ကို မကျေနပ်ဘူး၊ ဒါပေမယ့် တပ်မတော်သားတွေကို မစော်ကားဘူး။ သူတို့က ဒီစနစ်ရဲ့ သားကောင်တွေပဲ။ ဒီစနစ်ကို သူတို့ ကိုယ်တိုင် ပြင်ရမှာ။ ဒီတော့ ပေါင်းလုပ်ရမှာ၊ ဒါပေမယ့် ပေါင်းလို့ကလည်း မဖြစ်ပြန်ဘူး။

မေး။ ။ ပေါင်းလို့ကလည်းမလွယ်ဘူး၊ ပူးသတ်လို့လည်း မရဘူး။ ဒီစနစ်ရဲ့ သားကောင်တွေက စေတနာလည်း မသန့်ဘူး။ ဒါဆို မြန်မာပြည် ပြောင်းလဲမှုအတွက် ရွေးစရာလမ်းက ဘာလဲ။ ဒဏ်ခတ် ပိတ်ဆို့မှုလား ဘာဖြစ်မလဲ။

ဖြေ။ ။ ဒီလူတွေ စေတနာ မမှန်ဘူးဆိုတာကိုတော့ ကျနော် လက်မခံဘူး။ သူတို့ထဲမှာ စေတနာ ရှိတဲ့သူတွေ ရှိတယ်၊ တိုင်းပြည်ကို ချစ်တဲ့သူတွေ ရှိတယ်။ ဒါပေမယ့် ဒီလူတွေကလည်း သူတို့ ဘဝ ပျောက်သွားမယ် ဆိုတာမျိုးပေါ့၊ ဥပမာ - ဗိုလ်ကြီး အုန်းကျော်မြင့်တို့က စပြီးတော့ အစဉ်အလာ ရှိခဲ့တော့ ဒီစနစ်ကို ပြောင်းဖို့ ကြံတဲ့သူတွေကို ဒီစနစ်ကနေ အမြတ်ထွက် နေတဲ့ သူတွေက အပြတ် ရှင်းလိုက်တယ်။ ဗိုလ်ချုပ် ခင်ညွန့်လည်း ဒီတိုင်းဖြစ်တာပဲ။ ဗိုလ်ချုပ်ခင်ညွန့်က ဒီမိုကရက် မဟုတ်ဘူး။ လူတိုင်းသိတယ်၊ ဒါပေမယ့် သူလည်း ပြောင်းဖို့ ကြိုးစားခဲ့တဲ့ လူတယောက်။

လက်ရှိအနေအထားအရ ဆိုရင် ကျနော့်အနေနဲ့ အကောင်းမြင်ဖို့ တော်တော်လေး ခက်တယ်။ ဒါကလည်း အတိုက်အခံက လုပ်တာကို သဘောမကျလို့၊ နအဖလုပ်တာက ဆိုးလို့ ဒါကို စိတ်ခံစားမှုနဲ့ ပြောတာ မဟုတ်ဘူး။ အချက်အလက်နဲ့ ချပြထားတယ်။ သေချာကြည့် ဘယ်နေရာမှ ကောင်းတဲ့ အချက်က မရှိသလောက် ဖြစ်နေတယ်။ ကျနော်တို့ တိုင်းပြည်က ဘော့စနီးယားလို ဖြစ်မသွားတာ တခုက လွဲရင် အဲဒီဘက်ကို ဦးတည်နေတာ တွေ့ရတယ်။ ကျနော် မြင်တာပေါ့လေ။ ဒီလောလော ဆယ်မှာတော့ အတိုက်အခံ အနေနဲ့ကလည်း ဘေးကြပ် နံကြပ်ပဲ၊ တကယ်တန်း ပြောရရင် တပ်မတော် ခေါင်းဆောင် တွေကလည်း ဘေးကြပ် နံကြပ်ပဲ။

ဖြေရှင်းဖို့က အဖြေရှိတယ်။ မြန်မာပြည်မှာ အားလုံး ပေါင်းလုပ်ချင်တယ် ဆိုရင် တကယ် အရေးကြီးတာက တပ်မတော် ခေါင်းဆောင်တွေရယ်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထောင်ကျနေတဲ့ အတိုက်အခံ ခေါင်းဆောင်တွေရယ်၊ ပြည်ပက အတိုက်အခံ တွေရယ်၊ တိုင်းရင်းသား ခေါင်းဆောင်တွေရယ်၊ ဒီအင်အားစု လေးစုက အရေးကြီးတယ်။ ဒီအင်အားစုတွေ ပေါင်းလုပ်ရင် ကျနော်ထင်တယ် ၆ လအတွင်းမှာ ရှေ့ဆက် သွားဖို့ အဖြေရှာလို့ ရတယ်။ ဒါပေမယ့် အဖြေရှာချင်တဲ့ ဆန္ဒတော့ ရှိရမယ်။ ဒါပေမယ့် ပြဿနာက ကျန်တဲ့သူ မဟုတ်ဘူး။ ထိပ်ပိုင်းမှာ ရှိတဲ့ ဗိုလ်ချုပ် တယောက် ၂ ယောက်ပဲ။ နံပါတ် ၁ ပြဿနာက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဆန္ဒပြောင်းဖို့ပဲ ဖြစ်ဖြစ်၊ အငြိမ်းစားယူဖို့၊ ဘေးကို ဖယ်လိုက်ဖို့ပဲ ဖြစ်ဖြစ် မလုပ်နိုင်ရင် ဒီနိုင်ငံက ဆက်ပြီး ပြဿနာ တက်နေမှာပဲ။ ဒါပေမယ့် ဦးနေဝင်း ခေတ်တုန်းကလည်း ဦးနေဝင်းသေသွားရင် တိုင်းပြည် ကောင်းလာမှာ ပါလို့ ပြောခဲ့ကြတယ်။ ဦးနေဝင်းလည်း သေသွားပြီ တိုင်းပြည် ကောင်းမလာခဲ့ဘူး။ ဒီတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မရှိရင် တိုင်းပြည် ကောင်းလာမှာပါ ဆိုတဲ့ သီအိုရီမျိုးကိုတော့ သတိ နည်းနည်း ထားဖို့ လိုလိမ့်မယ်။

မေး။ ။ ကိုဇာနည် ဧရာဝတီမှာ ရေးတဲ့ “အနီးကပ်ဆက်ဆံမှု ဝါဒ” ဆိုတဲ့ ဆောင်းပါး တပုဒ် ရှိတယ်။ လူကြိုက်တော်တော် များတာလည်း တွေ့ရတယ်။ အဲဒီဆောင်းပါးက မစ္စတာဂျင်မ်ဝက်ဘ် မြန်မာပြည် သွားအပြီးမှာ ရေးတာဖြစ်တယ်။ သူမြန်မာပြည် သွားအပြီးမှာ ဦးသန့်မြင့်ဦး အပါအဝင် မြန်မာ တချို့ဟာ New York Times လို Washington Post လို သတင်းစာကြီး တွေမှာ အမေရိကန် အစိုးရအနေနဲ့ နအဖ အစိုးရနဲ့ ပေါင်းသင့်တယ် ဆိုတာမျိုး ရေးကြတယ်။ ခင်ဗျားကျတော့ ဆောင်းပါးထဲမှာ “အနီးကပ်ဆက်ဆံရေး ဝါဒသမား တချို့ဆိုရင် ရင်တွေ သိပ်ခုန်ပြီး တရားဟောဆရာ တပိုင်း နိဗ္မာန်ဆော် တပိုင်းကို ကူးပြောင်းပြီး ငါ့စကားနွားရ ရေးကြ၊ ပြောကြ၊ ဟောကြတယ်” ဆိုတာမျိုး ရေးထားတယ်။ ဒါဆို ခင်ဗျားကတော့ အမေရိကန် အစိုးရက မြန်မာ နအဖ အစိုးရနဲ့ ပေါင်းလို့ အလုပ်ဖြစ် သွားမယ်လို့ မထင်ဘူး ဆိုတဲ့ သဘောပေါ့။ ဟုတ်လား။

ဖြေ။ ။ ကျနော်ပြောတာက အချိန်ရှိမယ်၊ သူ့ကာလ ရှိမယ်ဆိုတော့ စိတ် သိပ်လှုပ်ရှားပြီး လိုအပ်တာထက် ပိုတာမျိုး မဖြစ်သင့်ဘူးလို့ ဆိုလိုတာ။ စေတနာ သန့်သန့်နဲ့ ကောင်းစေချင်လို့ တိုင်းပြည်နဲ့ ပေါင်းလုပ် တာမျိုးကို ကျနော်တို့ လက်ခံလို့ရတယ်။ မြန်မာပြည်မှာ သွားလုပ်တာပဲ ဖြစ်ဖြစ်။ သွားလိုက်ပြန်လိုက် လုပ်တာ ပဲဖြစ်ဖြစ်ပေါ့။ ဒါပေမယ့် ဟိုဘက်က သုံးမယ့် အနေအထားမှာ ကိုယ်က အသုံးခံမယ် ဆိုတာမျိုး ကျတော့ နှစ်မျိုး ပေါ့ဗျာ။

အသုံးခံလိုက်လို့ ကောင်းသွားမယ်ဆိုရင် ကျနော်လည်း အသုံးခံရဲတယ်၊ သူများတွေ အသုံးခံတာ ကိုလည်း ကျနော် ရှုတ်ချစရာ အကြောင်း မရှိဘူး။ ဒါပေမယ့် ကိုယ်လည်း အသုံးခံ လိုက်ရတယ်၊ တိုင်းပြည်လည်း အကျိုး မရှိဘူး၊ စားသွားတာတော့ ဗိုလ်ချုပ်တွေပဲ ဆိုရင် အဲဒီလမ်းကြောင်း ကိုတော့ ကျနော်လည်း လက်မခံဘူး။ အဲဒီအနေအထား မျိုးမှာ ကျနော် ရောက်ခဲ့ရင်လည်း ကျနော် (U – Turn) ပြန်လုပ်မယ်။ ကျနော် လုပ်လည်း လုပ်ခဲ့တာပဲ။

ဥပမာ - ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးပါတဲ့ ဆုံးဖြတ်ချက်မျိုး ချနိုင်မလား၊ ချနိုင်ရင် ကျနော်တို့ လက်ခံတယ်။ မချနိုင်ဘဲနဲ့တော့ အလကား ပြောမနေနဲ့။

မေး။ ။ မြန်မာ နအဖ အစိုးရက အထီးကျန်တယ်ဆိုပြီး နိုင်ငံတကာ သတင်းစာတွေ က ပြောကြတယ်။ ပညာရှင်တွေက အစပေါ့ သူ့ကို အထီးကျန်တဲ့ အတိုင်း ထားလို့မရဘူး၊ ဆွဲခေါ်ရမယ် ဆိုတာမျိုး ပြောကြတယ်။ သူ့ကို အဝန်းအဝိုင်းထဲ ဆွဲသွင်း လိုက်ရင် ပျော့ပြောင်းလာမယ် ဆိုတာမျိုးလည်း ပြောကြတယ်။ တကယ်ပဲ နအဖ အစိုးရက အထီးကျန် နေပါသလား။

ဖြေ။ ။ အီရန်တို့ မြောက်ကိုရီးယားတို့နဲ့ မြန်မာပြည်ကို ယှဉ်ကြည့် လိုက်ပါ။ ဒီအစိုးရတွေက အထီးကျန် နေတာ မဟုတ်ဘူး။ တကမ္ဘာလုံးက သွားနေတဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ထဲမှာ ရောက်နေတယ်။ ဆိုးရွားတဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်ထဲမှာပေါ့။ ခေတ်မီ လက်နက်တွေ လုပ်နိုင်တယ်၊ ဒေါ်လာတွေ ဘီလျံနဲ့ချီ ရနေတယ် ဆိုတာ ဒီ ဂလိုဘယ်လိုက်ဇေးရှင်းထဲ ရောက်နေလို့ပဲ။

မြန်မာအစိုးရကို အာရှတိုက် တတိုက်လုံးက အစိုးရတွေက ဆက်ဆံ နေတယ်၊ အင်္ဂလန်သံရုံး၊ အမေရိကန် သံရုံးတွေ မြန်မာပြည်မှာ ရှိတယ်။ အနောက်အုပ်စု အကုန်လုံးက သံတမန်ရေးရာ အရ မြန်မာပြည်နဲ့ ဆက်ဆံတယ်။ နောက် ရေနံ ကုမ္ပဏီတွေ၊ တကမ္ဘာလုံးက ကုမ္ပဏီတွေပေါ့ .. ၁၅ နိုင်ငံ ရှိတယ်။ တရုတ် အိန္ဒိယနဲ့ စင်ကာပူတင် ပြောနေတာ မဟုတ်ဘူး။ အဲဒီလို အစိုးရကို အထီးကျန်တယ်လို့ ပြောနေတာကတော့ ကျနော်တို့ကို ယုံတမ်းစကား ပြောနေသလိုပဲ။

မေး။ ။ ဒီတော့ နအဖက အထီးမကျန်ဘူး ဆိုပါတော့။ ကိုဇာနည် ပြောသလိုဆို ဒီလို အထီးမကျန်တဲ့ အစိုးရကို သက်ဆိုး ရှည်အောင် လုပ်နေတဲ့ထဲမှာ အရပ်သား ပညာတတ်တွေလည်း ပါတယ်။ စစ်အစိုးရကို ဝိုင်းကူနေတဲ့ နိုင်ငံတွေလည်း ပါတယ်။ ခုနောက်ပိုင်းမှာ အလှူရှင် နိုင်ငံတွေတောင် ပါတယ်လို့ စွပ်စွဲမှုတွေ ရှိနေတယ်။ ဒါကို ကိုဇာနည် ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ အာဏာရှင်စနစ်မှာ အမြဲတမ်းဒီလိုပါပဲ။ ဘောင်းဘီ ဝတ်တွေကော ပညာရှင်တွေကော ပါတယ်။ ဒါခုမှ မဟုတ်ဘူး။ ရုရှားမှာပဲ ကြည့်ကြည့် ကျနော်တို့ နိုင်ငံ .. ဦးနေဝင်း ခေတ်တုန်းကလည်း ဒီလိုပဲ။ လက်ရှိဖြစ်လာမယ့် စနစ်တခုကို ဖြစ်လာဖို့ နအဖကို ကူညီနေတာ အရပ်သားတွေ ရှိမယ်၊ ပညာရှင်တွေ၊ စီးပွားရေး သမားတွေ ရှိမယ်၊ တခြား နိုင်ငံတွေလည်း ရှိမယ်၊ ကုလသမဂ္ဂ အရာရှိတွေ ရှိမယ်။ ဒါပေမယ့် ဒီလူတွေက စနစ်ဆိုးကြီး ပေါ်လာပါ စေတော့ဆိုပြီး ကူတာတော့ မဟုတ်ဘူးဗျ။ ရေရှည်မှာ ကောင်းသွားမယ် ဆိုပြီး ကူကြတာပဲ။ ဒါပေမယ့် ဒါ အတိတ်မေ့တဲ့ အမြင်မျိုးလို့ ကျနော်တော့ ထင်တယ်။

မဆလခေတ်မှာ ၂၅ နှစ်လုံးလုံး အရပ်သားတွေ ဝိုင်းကူပြီး တိုင်းပြည် ထူထောင်ဖို့ လုပ်ကြတာပဲ။ ဒါပေမယ့် အဖြေက ရှင်းနေတာပဲ လုံးဝ မအောင်မြင်ဘူး။ နောက်ပိုင်း နအဖ တက်လာပြီး နောက်ထပ် အနှစ် ၂၀ လုံးလုံး၊ စုစုပေါင်း ၄၅ နှစ်၊ အနှစ် ၅၀ လောက် စစ်အစိုးရကို အရပ်သားတွေက ကူပေး နေတုန်းပဲ။ စွမ်းအားရှင် ဆိုတာလည်း အရပ်သားပဲ။ ကြံ့ဖွံ့လည်း အရပ်သားပဲ။ ဦးတေဇတို့လို ကုန်သည် ကြီးတွေ ကလည်း အရပ်သားတွေပဲ။ ပညာရှင်တွေလည်း အရပ်သားတွေ အများကြီး ရှိတယ်။ ဝင်ကူ ကြတာပဲ။ အနှစ် ၅၀ လောက် မအောင်မြင်ခဲ့ တာဟာ နောက်ထပ် အနှစ် ၅၀ လုပ်လည်း အောင်မြင်မှာ မဟုတ်ဘူး။

မေး။ ။ ကိုဇာနည်က အရင်က ပက် (ပ်) စီ အချိုရည်ကို မြန်မာပြည်က ထွက်သွားအောင် လုပ်နိုင်ခဲ့တယ်၊ အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့တယ်။ နောက်တော့ မြန်မာပြည် ပြန်ဝင်သွားတယ်။ အဲဒီမှာ စစ်အစိုးရလူ၊ လက်နက်ချသူ ဆိုပြီး အတိုက်အခံ တွေကော၊ တခြား အပြင်က၊ အထဲက ဝိုင်းတိုက်ခိုက်ကြတယ်။ ဒီကနေ့ ခင်ဗျားက စစ်အစိုးရ ဆန့်ကျင်တဲ့ ကိစ္စကို ဆန့်ကျင် နေသေးလား။ ဆန္ဒပြ သပိတ်မှောက်တဲ့ အလုပ် ဆက်လုပ် ဦးမှာလား။ ဒီနေ့ ခင်ဗျားရဲ့ ရည်ရွယ်ချက်က ဘာလဲ။

ဖြေ။ ။ ပထမ ပြန်သွားတဲ့ကိစ္စကို ပြောချင်တယ်။ ပြန်တာက ဒူးထောက်တာ မဟုတ်ဘူး။ ဒါ လုံးဝ ပြောနိုင်တယ်။ နောက်တခုက ဆန္ဒပြ သပိတ်မှောက်တဲ့ အလုပ် ဆက်မလုပ်တော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီအလုပ်က မအောင်မြင်ဘူးဆိုတာ အားလုံး လက်ခံတယ်။ လွန်ခဲ့တဲ့ ၅ နှစ်လောက်က မအောင်မြင်ဘူး ဆိုပြီး စွန့်ခဲ့တဲ့ ဗျူဟာတခုကို ဆက်မလုပ်တော့ဘူး။ နောက်တခုက နိုင်ငံရေးနဲ့ ပတ်သက်လို့ ကျနော် လုပ်နေတာက ကျနော့် ရည်ရွယ်ချက်က မြန်မာ့ အဝန်းအဝိုင်းထဲမှာ အတွေးအခေါ် လွတ်လပ်တဲ့ ယဉ်ကျေးမှု အစဉ်အလာ တခု ပြန်ပေါ်ပေါက်လာအောင် လုပ်လာနိုင်ဖို့ပဲ။ ကျနော့် ရည်ရွယ်ချက်က နိုင်ငံရေး မဟုတ်ဘူး။ တိုးတက်တဲ့ လွတ်လပ်တဲ့ ယဉ်ကျေးမှုတခု တည်ဆောက်နိုင်ဖို့ပဲ။ ကျနော်တို့ဆီမှာ အရင်က ရှိခဲ့ဖူးတယ်။ ယောမင်းကြီး ဦးဖိုးလှိုင်တို့၊ မြဝတီမင်းကြီး ဦးစ၊ လက်ဝဲ သုန္ဒရတို့၊ အနန္ဒသူရိယ အမတ်ကြီးတို့ ..၊ သူတို့က တကယ့်ကို လွတ်လပ်တဲ့ အတွေးအခေါ် ရှိခဲ့တာပဲ။ အရင်က ရှိခဲ့ဖူးတဲ့ အစဉ်အလာကို ပြန်ပေါ်လာအောင် တွန်းချင်တယ်။

မေး။ ။ ခင်ဗျားကို လူတော်တော်များများက ဝိုင်းကျဉ်ခဲ့ကြတယ်၊ ဒီဘက်က အတိုက်အခံတွေ ကလည်း ကျဉ်ခဲ့ကြတယ်၊ ဒါပေမယ့် မြန်မာပြည်မှာ တခုခုဖြစ်တဲ့ အချိန်မှာ ခင်ဗျားရဲ့ ထင်မြင်ချက် တွေကို ပြန်တောင်းရတာတွေ ရှိတယ်။ ဧရာဝတီက အစပေါ့။ အဲဒီတော့ လွန်ခဲ့တဲ့ ၄၊ ၅ နှစ်အတွင်း ခင်ဗျားကိုယ် ခင်ဗျား ဘယ်လို သုံးသပ်မိလဲ။ အထီးကျန် ခဲ့ရတာမျိုးတွေ ရှိလား။

ဖြေ။ ။ ကျနော်ထင်တာတော့ အတွေးအခေါ် လွတ်လပ်မှုက နစ်နာမှုတွေ အမြဲတမ်းရှိတယ်။ ကိုယ်ပြော နေတာကို လူတိုင်းက အမြဲတမ်း ကြိုက်မှာ မဟုတ်ဘူး။ လူကတော့ ကြိုက်တဲ့အခါ လက်ခုပ် တီးမှာပဲ၊ မကြိုက်တဲ့အခါ တံတွေးနဲ့ ထွေးမယ်၊ ပြောင်းဖူးရိုးနဲ့ ပစ်မယ်။ နိုင်ငံရေးအရ လုပ်နေတယ် ဆိုရင်တော့ အမြဲတမ်း လူများကြိုက်တဲ့ နေရာမှာ နေရမှာပေါ့။ သေနတ်ရှိတဲ့သူက အာဏာယူ၊ သေနတ်မရှိတဲ့ သူက လူများကြိုက်အောင် နေပေါ့။ ကျနော်က နိုင်ငံရေး လုပ်မှာလည်း မဟုတ်ဘူး၊ အာဏာယူမှာလည်း မဟုတ်ဘူး။ ကျနော်က အတွေးအခေါ် လွတ်လပ်မှုကို နံပါတ် ၁ နေရာက ထားပြီး လုပ်နေတာ။ ကျနော့် တယောက်တည်း အတ္တနဲ့ လုပ်နေတာလဲ မဟုတ်ဘူး။ ယဉ်ကျေးမှု အစဉ်အလာအရ ဒီမိုကရေစီ လမ်းကြောင်းမှာ အတွေးအခေါ် လွတ်လပ်မှုမပါဘဲ သွားလို့မရဘူး။

ဒေါ်အောင်ဆန်းစုကြည် လုပ်သမျှ မှန်တယ်လုပ်လို့ မရသလို၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လုပ်သမျှ မှန်တယ် ဆိုပြီး အမိန့်မှန်သမျှ နာခံနေရင်လည်း ငါးပါး မှောက်မှာပဲ။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည် တက်လာရင် လည်း ဝေဖန်မှာပဲ။ ဝေဖန်တယ်ဆိုတာ ပုဂ္ဂိုလ်ကို စော်ကားတာ မဟုတ်ဘူး။ အဲဒီ သဘောထားလေး ပေါ်လာခဲ့ရင် ကျနော်တို့ ယဉ်ကျေးမှု တိုးတက်တယ်လို့ ပြောလို့ရမယ်။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ကို ဝိုင်းရံကြ ဆိုတဲ့ စကားကို ခင်ဗျား မကြာခဏ ပြောဖူးတယ်နော်။ ခင်ဗျား အဲဒီအယူအဆကို အခုကော လက်ခံလား။

ဖြေ။ ။ ဟုတ်တယ်။ လက်ခံတယ်။ လူတွေ နားမလည်တာက ကျနော် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တယ် ဆိုတာက စီးပွားရေး ပိတ်ဆို့မှုနဲ့ ပတ်သက်လို့ သူ့အယူအဆ မှားသွားတယ် ဆိုတာမျိုး ပြောတာ။ သူ့အယူအဆကို လက်မခံကြနဲ့လို့ ပြောတာ မဟုတ်ဘူး။ ဒါကို ခွဲခြားသိဖို့ လိုတယ်။ နောက်တခုက ဗိုလ်ချုပ် ကြီးတွေနဲ့ စကားပြောတိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်နဲ့ ပတ်သက်လာရင် သဘောထား မှန်တယ်၊ သူ့ကို လက်တွဲခေါ်ပါ ဆိုတာကို အမြဲ ပြောခဲ့တယ်။ ဆိုလိုတာက ဒေါ်အောင်ဆန်းစုကြည်ကို ကျနော် စော်ကားတာ မဟုတ်ဘူး။ ဝေဖန်တာက သူ့ရဲ့ အယူအဆကို လေးလေးနက်နက် ထားပြီးတော့ သဘော မတူတာကို ပြောတာ။ တကယ်တမ်း ပြောရရင် နိုင်ငံရေး လုပ်တဲ့ သူတွေက ဝေဖန်တဲ့ သူတွေကို တန်ဖိုး ထားသင့်တယ်။ အထူးသဖြင့် စေတနာနဲ့ ဝေဖန်ရင် ပိုတန်ဖိုးထားသင့်တယ်။

မေး။ ။ နောက်ဆုံး မေးခွန်းအနေနဲ့ တပ်မတော်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ သူ့ရဲ့ အခန်းကဏ္ဍကို ဘယ်လို မြင်ပါသလဲ။ တချို့က ခေါင်ကို ဖြိုရမယ်လို့ မြင်ကြတယ်၊ အတိုက်အခံတွေ ဆိုရင်လည်း အကြမ်း မဖက်တဲ့ နည်းနဲ့ စစ်အစိုးရကို စိမ်ခေါ်ဖို့ ကြိုးစားကြတယ် အဲဒီနှစ်ခုကို ဘယ်လို မြင်လဲ။

ဖြေ။ ။ နိုင်ငံထူထောင်ဖို့ လုပ်တာက အကြမ်းဖက်ရမယ်၊ အကြမ်းမဖက်ရဘူး ဆိုတာ ကတော့ ကိုယ် ရောက်နေတဲ့ နေရာနဲ့ပဲ ဆိုင်တယ်။ ကျနော့် အနေနဲ့တော့ အကြမ်းဖက်ပါ၊ အကြမ်မဖက်နဲ့ ဆိုတာ ပြောခွင့် မရှိဘူး။ တကမ္ဘာလုံးမှာဗျာ နိုင်ငံတခု ထူထောင်ဖို့ လုပ်တာ နည်းမျိုးစုံနဲ့ လုပ်ကြတာပဲ။ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ လုပ်ကြတာကို ကျနော် ပြောစရာမရှိဘူး။ ကျနော် ကိုယ်တိုင်ကတော့ လုပ်ချင်မှ လုပ်မှာပေါ့။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိစ္စကတော့ တပ်မတော်သားတွေ နဲ့ပဲ ဆိုင်တယ်။ သူတို့ ဘယ်သူ့ လက်အောက်မှာ နေချင်တာလဲ။ ဘယ်လို ခေါင်းဆောင်မျိုးကို သူတို့ လိုချင်တာလဲ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလို အရမ်းဆိုးရွားတဲ့ ခေါင်းဆောင် ကို လက်ခံမှာလား၊ တိုင်းပြည်ပေါ်မှာ စေတနာရှိတဲ့သူကို လက်ခံမလားဆိုတာ သူတို့ အပေါ်မှာ မူတည်တယ်။ ကျနော့် အမြင်အနေနဲ့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တိုင်းပြည်အတွက် ဘယ်လိုမှ တန်ဖိုး မရှိဘူးလို့ မြင်တယ်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့