Monday, September 7, 2009

“အနီးကပ် ဆက်ဆံမှု” ဝါဒကို အပြုသဘောအရ ဝေဖန်ခြင်း

September 7, 2009

ဒေါက်တာ ဇာနည်

မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်တဲ့ မူဝါဒကို လက်မခံတော့တဲ့ အတိုက်အခံ တဦးအနေနဲ့ အမေရိကန် အထက် လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် ကျနော်တို့ နိုင်ငံကို လူသိရှင်ကြား သွားရောက်ခဲ့တာကို ကြိုဆိုပါတယ်။

ကျနော် ကိုယ်နှိုက်ကလည်း လက်ရှိစစ်အစိုးရနဲ့ “အနီးကပ် ဆက်ဆံမှု” မူဝါဒ (သို့) ဗျူဟာကို သက္ကရာဇ် ၂၀၀၃ ကတည်းက ကြိုးစားကြည့်ပါတယ်။ အောင်မြင်တယ်၊ ဆုံးရှုံးတယ် ဆိုတာတော့ မေးခွန်းသတ်သတ် ထုတ်ရမှာပါ။

Track II ခေါ် “လိုင်စင်မဲ့ သံတမန်လုပ်ခြင်း” ဆိုတဲ့ တွေ့ဆုံ ဆွေးနွေးမှုများကို စစ်အစိုးရနဲ့ ကျနော် ပြုလုပ် ခဲ့ဖူးပါတယ်။ အောင်မြင်မှု မရှိပါ။ ကျနော့် ကြိုးစားမှု မအောင်မြင်ပေမယ့် “အနီးကပ် တွေ့ဆုံဆက်ဆံမှု” မူဝါဒ လမ်းစဉ်ဟာ စနစ်တကျ ကြိုးစားမယ်၊ ကြံစည်မယ်ဆိုရင် နိုင်ငံရေး ဗျူဟာ တခုအနေနဲ့ အောင်မြင်မှု၊ ထိရောက်မှု အလားအလာတွေ ရှိပါတယ်။ ဒီလိုကြိုးစားတဲ့ အခါမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုအောက်က အတိုက်အခံ လှုပ်ရှားမှု၊ တိုင်းရင်းသားများရဲ့ နိုင်ငံရေး၊ စစ်ရေး ကြံ့ကြံ့ခံ တော်လှန်မှုများကို အားသစ်လောင်းတဲ့ အသွင်ဆောင်ပြီး ၎င်းတို့ အင်အားကို ချိနဲ့စေတာ မျိုးတော့ မဖြစ်သင့်ပါဘူး။

အထူးသဖြင့် မြန်မာ့နိုင်ငံရေးကို ရှေ့တလှမ်း တိုးဖို့နဲ့ ပြည်သူ တရပ်လုံးရဲ့ စားဝတ်နေရေးကို ကူညီ ဖြေရှင်းဖို့ ကိစ္စရပ်ကြီး (၂) ခုမှာ အမေရိကန် နိုင်ငံရဲ့ စစ်အစိုးရနဲ့ “အနီးကပ် ဆက်ဆံရေး” ဗျူဟာ ထိရောက်စေရေး အတွက် ထည့်သွင်း စဉ်းစားရမယ့် အချက်တွေ ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး နောက်ခံသမိုင်း / မဟာဗျူဟာ ကျကျ စဉ်းစား သုံးသပ်မှု၊ လက်ရှိ ဖြစ်ပျက်နေတဲ့ မြန်မာပြည်ရဲ့ ပြဿနာ ရပ်များကို လေးလေးနက်နက် ထည့်သွင်း စဉ်းစားမှုတွေရှိဖို့ လိုပါတယ်။ ယခု ကျနော် ထောက်ပြမယ့် အချက်အလက်များကို မြန်မာပဲဖြစ်ဖြစ် နိုင်ငံခြားသားပဲ ဖြစ်ဖြစ် မြန်မာ့အရေး သုံးသပ်သူ အများစုအနေနဲ့ လူထုကြား ချပြပြီး ဆွေးနွေးတာ မရှိသေးပါဘူး။

စစ်အစိုးရနဲ့ “အနီးကပ်ဆက်ဆံမှု” ဝါဒကို ထောက်ခံ တိုက်တွန်း နေကြတဲ့ မြန်မာ့အရေး စာရေးသူများ၊ သုံးသပ်ဝေဖန် သူများ၊ ပညာရှင်များကြားမှာ မိမိကိုယ်မိမိ ဆင်ဆာ လုပ်မှုဟာ ပလိပ်ရောဂါ တခုလို ပြန့်ပွားနေပါတယ်။ တချို့က စစ် အစိုးရရဲ့ နှိပ်ကွပ်မှု ခံရမှာစိုးတာကြောင့် ကလောင်နဲ့လျှာ ဘရိတ်အုပ်သလို တချို့ကျပြန်တော့ ပြည်ဝင်ဗီဇာ မရမှာ ကြောက်လို့ မြန်မာ့ရေးရာမှာ အရေးကြီးတဲ့ အချက်တွေအပေါ် တေမိဇာတ် ခင်းနေကြတာ တွေ့ရပါတယ်။

ဒါတင်ပဲလား … မဟုတ်ပါဘူးခင်ဗျား။ “အနီးကပ် ထိတွေ့ဆက်ဆံမှု” ဝါဒ မိတ်ဆွေကြီး များဟာ တချို့ဆိုရင် ရင်တွေ သိပ်ခုန်ပြီး တရားဟော ဆရာ တပိုင်း နိဗ္ဗာန်ဆော် တပိုင်း ဘဝကို ကူးပြောင်းပြီး ငါ့စကားနွားရ ရေးကြ ပြောကြ ဟောကြတာ အလျှံ အပယ်ပါပဲ။

ကျနော်ကတော့ “အနီးကပ်ထိတွေ့ဆက်ဆံမှု”ကို ပါးစပ်ပြောရုံတင် မက ကိုယ်တိုင် ကိုယ်ကျ ယုံယုံ ကြည်ကြည် လုပ် ကြည့်ခဲ့ပါတယ်။ ငါးနှစ်အရွယ် ကျနော့်သမီးကို သူ့မိခင် အမေရိကန်သူ လက်ထဲ အပ်ထားခဲ့၊ လူအများ တပ်မက်တဲ့ အမေရိကားမှာ အမြဲ နေထိုင်ခွင့်ပြုတဲ့ နိုင်ငံရေး ခိုလှုံခွင့်ကို လိုလိုလားလား ပြန်အပ်ခဲ့ပြီးမှ ပြည်တော် ပြန်ခဲ့တာပါ။

ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ အဖွဲ့နဲ့ရော သူတို့အဖွဲ့ကို ဖြုတ်ပစ် လိုက်တဲ့ စစ်ခေါင်းဆောင် များနဲ့ပါ နားလည်မှု တည်ဆောက်ရေး ကိစ္စများပါမက အနှစ်သာရပါတဲ့ လုပ်ငန်းတွေကိုပါ လုပ်ဖို့ ကျနော့်ဘက်က စေတနာမှန်စွာ စိတ်သန့်ရှင်းစွာ ကြိုးစား ကြည့်ပါတယ်။ ဆယ်စုနှစ် တခုနီးနီး ပေါ့လေ။

စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုကို ဆက်ထောက်ခံတဲ့ အတိုက် အခံများနဲ့ မြန်မာ့အရေး လုပ်စားတဲ့ နိုင်ငံရေး NGO များအနေနဲ့ အသိခေါက်ခက် ဖြစ်နေတဲ့ အကြောင်းအရာ တခုရှိပါတယ်။ အဲဒါကတော့ တရုတ်၊ အိန္ဒိယ၊ ရုရှားနဲ့ ထိုင်းနိုင်ငံများဟာ မြန်မာပြည်မှာရှိတဲ့ သူတို့ အကျိုးစီးပွားတွေကို လျစ်လျူရှုပြီး အတိုက်အခံတွေ ဝိုင်းတောင်းတဲ့ ပိတ်ဆို့မှု၊ ဖိအားပေးမှုတွေကို လုပ်ဖို့ အလားအလာ မရှိဘူး ဆိုတာပါပဲ။

အလားတူပဲ “အနီးကပ်ထိတွေ့ဆက်ဆံရေး” နိုင်ငံရေး အခါတော် ပေးကြီးများ ကျပြန်တော့လည်း မြန်မာ စစ်အစိုးရဟာ ဘယ် အတိုက်အခံ နိုင်ငံရေး အင်အားစု၊ ပါတီနဲ့မှ အဓိပ္ပာယ်ရှိတဲ့ ရင်ကြားစေ့မှု၊ သင်ပုန်းချေမှု လုပ်ဖို့ လုံးဝ ဆန္ဒမရှိဘူး ဆိုတဲ့အချက်ကို လျစ်လျူရှုပြီး မျက်ကန်းတောတိုး ဇာတ်ခင်း နေကြတယ်ခင်ဗျား။

စစ်အစိုးရဟာ ဘာနဲ့တူသလဲဆိုရင် ငါးမျှားချိတ်လွတ်အောင် ငါးစာကို လှည့်ပတ် စားနိုင်တဲ့ ငါးလည် တကောင်နဲ့ တူလာတယ် ဆိုတာ အားလုံးက သတိမူဖို့ လိုပါတယ်။

အနောက်အုပ်စုရဲ့ “အနီးကပ်ထိတွေ့ဆက်ဆံမှု” ဗျူဟာ၊ ဝါဒ သစ်ဟာ မြန်မာ အတိုက်အခံများ ကျားကုပ်ကျားခဲ တွန်းနေတဲ့ နိုင်ငံရေး၊ စီးပွားရေးစနစ် ပြောင်းလဲမှုများကို ထိရောက်စွာကူပြီး တွန်းနိုင်ဖို့လိုပါတယ်။ အင်အားကြီး အရင်းရှင် နိုင်ငံ ဖြစ်လာတဲ့ တရုတ်ရဲ့သြဇာ ကျယ်ပြန့်လာမှုကို ပိတ်ဆို့ဖို့ဆိုတဲ့ အမေရိကန်နဲ့ ဗျူဟာအမြင် တခုတည်းနဲ့တော့ အမေရိကန်ရဲ့ “အနီးကပ် ထိတွေ့ဆက်ဆံမှု” ဗျူဟာဟာ မြန်မာ့ ဒီမိုကရေစီအရေး အတွက် အထောက်အမ ဖြစ်ဖို့ အလား အလာ မရှိပါဘူး။

တရုတ်သြဇာကြီးလာတာကို စိုးရိမ်မိတာနဲ့ အမေရိကန် ပြန်ဝင်လာမယ့် မူဝါဒမျိုးဟာ မကြာခင် အချိန်မှာ ဒေါ်အောင် ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော်နဲ့ တိုင်းရင်းသား လူမျိုးစုများရဲ့ ဖိနှိပ်ခံဘဝတွေကို အပေါ်ယံမူဝါဒ သဘောလောက် (သို့မဟုတ်) ကန်ရဲ့အကျိုးစီးပွားအတွက် ဆူးငြောင့်ခလုတ်တွေပဲလို့ စဉ်းစားသုံးသပ်မှုမျိုးတွေ ပေါ် လာမှာပါ။ အမေရိကန်တွေ ဒီလိုတွေး ဒီလိုကြံပြီး ဒီလမ်းလျှောက်တော့မယ် ဆိုရင် တခြား အနောက်နိုင်ငံတွေလဲ ကန်နောက်က တကောက်ကောက် ပါလာမှာပါ။

မတူညီတဲ့ အကျိုးစီးပွား၊ သဘောထား အမြင်တွေ အပေါ်မှာ အခြေခံတဲ့ ပဋိပက္ခတွေ ပေါ်လာမယ်ဆိုတာ ခန့်မှန်းလို့ ရပါတယ်။ ခုတောင် ပဋိပက္ခရဲ့ အရိပ်အယောင်တွေကို စမြင်ရပါပြီ။ ဗိုလ်ချုပ်ကြီးများက လွှတ်တော်အမတ် ဝက်ဘ်ရဲ့ မြန်မာပြည် အရေးကြီး ခရီးစဉ်ကို “အောင်မြင်မှုကြီး တရပ်”လို့ ခရုသင်းမှုတ်ပြီး တိုင်းသိပြည်သိ ကမ္ဘာသိ အော်နေတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် အနေအထားက အမေရိကန် အစိုးရ ၊ စစ်အစိုးရနဲ့ ကိုးလိုးကန့်လန့် ဖြစ်လာနိုင်ပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ပြည်အပေါ် ထားတဲ့ သဘောထားနဲ့ သုံးသပ်ချက်ဟာ လာလည်တဲ့ အမတ် ဝက်ဘ်နဲ့ သူ့နိုင်ငံ အစိုးရရဲ့ တရုတ်ပြည်ပေါ် အမြင်နဲ့ လုံးဝ မတူတာကို တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံကို “မိတ်ဆွေ အိမ်နီးချင်း”လို့ မြင်ကြောင်း ပြောတယ်။ အမတ်ဝက်ဘ်က တရုတ်ဟာ ရန်မူလာနိုင်တဲ့ အင်အားကြီး နိုင်ငံလို့ သဘောထားပါတယ်။

ဒီ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံအပေါ် သုံးသပ်မှုနဲ့ “အနီးကပ် ထိတွေ့ ဆက်ဆံရေး” ဝါဒသစ်ကို တွန်းနေတဲ့ တခြား အထင်ကရ မြန်မာတချို့ရဲ့ အမြင်တွေဟာ ပြဒါးတလမ်း သံတလမ်း ဖြစ်နေကြပါတယ်။

ဥပမာပေးရမယ်ဆိုရင် ကွယ်လွန်သူ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်ရဲ့ မြေးဖြစ်သူ သန့်မြင့်ဦးဟာ အမေရိကန် နိုင်ငံရဲ့ “အနီးကပ် ထိတွေ့ဆက်ဆံမှု” ဝါဒ မသုံးဘူးဆိုရင် ၅၅ သန်းရှိ မြန်မာ ပြည်သူတွေဟာ တရုတ်လူမျိုး ၁.၃ ဘီလီယံရဲ့ကိုလိုနီအသွင် ဆန်တဲ့ ဘဝကို ရောက်ဖို့ အလားအလာ များလာပြီလို့ သြဂုတ်လ (၁၆) ရက်ထုတ် Washington Post ပါ သူ့ရဲ့ဆောင်းပါးထဲမှာ သတိပေး ရေးသားထားတာ တွေ့ရပါတယ်။

ဝါရှင်တန်ရဲ့ တရုတ်ကွန်မြူနစ်ကို ဟန့်တား ထိန်းချုပ်မှု မူဝါဒကို ကောင်းကောင်း အမြတ်ထုတ် နိုင်ခဲ့တဲ့ စစ်အာဏာရှင် နေဝင်း အစိုးရလက်အောက်မှာ (၂၆) နှစ်လုံးလုံး နေလာခဲ့တဲ့ ကျနော့်အဖို့ ဒီလေသံ သစ်တွေဟာ စိတ်ပူစရာပါပဲ။

“အချုပ်အခြာ အာဏာပိုင်လို့ မူအရ ပြောရင်ရတဲ့ မြန်မာပြည်သူလူထု” ဟာ ဝါရှင်တန်နဲ့ ဗမာ စစ်အစိုးရရဲ့ ဗျူဟာ တန်း ညှိတဲ့ ကိစ္စမှာ ပေါချောင်ကောင်း ဘဝနဲ့ ရောင်းစား ခံရဖို့ အလားအလာ ရှိပါတယ်။ ကျနော့်အနေနဲ့ အခြေ အမြစ်မရှိတဲ့ စကားပြောတာ မဟုတ်ပါဘူး။ အနောက် နိုင်ငံတွေမှာ မြန်မာ့ရေးရာ မူဝါဒများကို ကျနော်ကိုယ်တိုင် ခရေစေ့တွင်းကျ ဝင်တွန်း ဝင်လုပ်ခဲ့ဖူးတော့ မြန်မာ့ ဒီမိုကရေစီ အရေးတို့ လူ့အခွင့်အရေး မြှင့်တင်ရေးတို့ ဆိုတာတွေဟာ အနောက်နိုင်ငံ အစိုးရတွေ အတွက် တကယ့် အရေးကြီးတဲ့ မူဝါဒ ပန်းတိုင်များ မဟုတ်ပါဘူး။

ကျနော်ကိုယ်တိုင် ဝင်လုပ်ရင်း သိလာတဲ့ ခါးသီးတဲ့ အသိတရပ် ရှိပါတယ်။ အဲဒါကတော့ ဘယ် အနောက် နိုင်ငံတွေကမှ (အမေရိကန်၊ ပြင်သစ်၊ အင်္ဂလန်၊ ကနေဒါ၊ သြစတြေးလျ၊ အီတလီ၊ ဂျာမနီ၊ ဂျပန်၊ ဥရောပအဖွဲ့ စသဖြင့်ပေါ့) ၎င်းတို့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ စွမ်းအင် စီးပွားရေး အကျိုး စီးပွားတွေကို ကျနော်တို့ ဒီမိုကရေစီ ရဖို့ ဘယ်တော့မှ စတေးပေးမှာ မဟုတ်ပါဘူး။ တချိန်တည်းမှာပဲ ဒီအနောက်နိုင်ငံတွေ ကပဲ တရုတ်၊ အန္ဒိယ၊ ရုရှား၊ အာဆီယံ စီးပွားရေးသမားများ အစိုးရများ စွမ်းအင်စီးပွား ရှာနေတာကို လက်ညှိုး ငေါက်ငေါက်ထိုးပြီး ဝေဖန်တာ တွေ့ရပါတယ်။

ပြင်သစ်သမ္မတ ဆာကိုဇီကို ကြည့်ပေါ့။ သူ့အစိုးရဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လာရင် တင်းမာတဲ့ မူဝါဒကိုင်ခဲ့ပြီး အပြည်ပြည် ဆိုင်ရာ အစည်း အဝေးတွေမှာ မဏ္ဍပ်တိုင် တက်ပြပါတယ်။ တကယ်ကတော့ မြန်မာပြည်မှာ စွမ်းအင် အကျိုးစီးပွား ရှာနေတဲ့ ပြင်သစ်ရဲ့ Total ကုမ္ပဏီကြောင့် ပြင်သစ်အစိုးရကို ဝေဖန်မှာတွေကို ကြိုတင် ဟန့်တားတာ ထက် မပိုပါဘူး။

အလားတူပဲ အမေရိကန် သမ္မတ သုံးဦးဟာ မြန်မာနိုင်ငံကို “စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှု” ဥပဒေကို တနှစ်တခါ လက် မှတ်ထိုးပြီး အသက် သွင်းပေးတာ ၁၉၉၈ ခုနှစ် ကတည်းကပါပဲ။ ဒါပေမယ့် အမေရိကန် ရေနံကုမ္ပဏီ Chevron ကတော့ မြန်မာပြည်ကရတဲ့ စွမ်းအင်အကျိုးစီးပွား ဒေါ်လာ သန်းပေါင်းများစွာကို ကုမ္ပဏီ ဌာနချုပ်ရှိရာ ကယ်လီဖိုးနီးယား ပြည်နယ် ရစ်ခ်ျမွန်းမြို့ကို အတားအဆီး အခက်အခဲမရှိ သပိတ်ဝင် အိတ်ဝင် ပို့ပေးနေဆဲပါ။

ဒီ စွမ်းအင်အကျိုးအမြတ်ကို ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီကြီးများက စစ်အစိုးရနဲ့ ဝေစား မျှစားလုပ်ပြီး စွမ်းအင် လုပ်ငန်းနဲ့ ဒေသမှာရှိတဲ့ နယ်ခံ ပြည်သူများကိုတော့ အရိုးအရင်းလောက်ပဲ ပစ်ပေးတာပေါ့။ ဒါတောင် “ကုမ္ပဏီကြီးများ ရဲ့ လူမှုအသိစိတ်နဲ့ လူမှုတာဝန် ထမ်းဆောင်ခြင်း” ဆိုတဲ့ နာမည်ကောင်း ယူပါတယ်။ ဘဏ်တိုက်ဖောက်လာပြီး လမ်း မှာတွေ့တဲ့ သူတောင်းစား၊ ဆင်းရဲသားတွေကို နှစ်ပြားတပဲစွန့်ကြဲတဲ့ စေတနာမျိုးပေါ့။

သြဂုတ်လ ၂၀ ရက်ထုတ် ဧရာဝတီ မဂ္ဂဇင်းမှာပါတဲ့ “မြန်မာ ဗိုလ်ချုပ်ကြီးများရဲ့ ရည်မှန်းချက် ပန်းတိုင်၊ အရှေ့တောင် အာရှ အင်အား အကြီးဆုံး စစ်တပ်ကြီး ထူထောင်ရေး” ဆိုတဲ့ ဆောင်းပါးထဲက ထောက်ပြထားသလို စစ်အစိုးရဟာ ရသမျှစွမ်းအင်နဲ့ တခြားဝင်ငွေ သန်းပေါင်းများစွာကို လက်နက်သစ်များ ထုတ်လုပ်ရေး စီမံကိန်းကြီးတွေမှာ ဖြုန်းတီးပစ် ပါတယ်။ ကူပြီး ဖြုန်းပေးတဲ့ နိုင်ငံတချို့ကတော့ တရုတ်၊ တောင်နဲ့မြောက် ကိုးရီးယား၊ စင်ကာပူနဲ့ ရုရှားတို့ပဲ ဖြစ်ပါတယ်။

“စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှု” လှုပ်ရှားမှု အစောပိုင်းကာလ များမှာ တရုတ်၊ အိန္ဒိယ နိုင်ငံများဟာ သူတို့ရဲ့ စီးပွားရေး၊ နိုင်ငံရေး အင်အားတွေကို ပြည်ပမှာ ထိထိ ရောက်ရောက် သုံးနိုင်တဲ့ အနေအထား မရှိသေးပါဘူး။ ဒါပေမဲ့ အဲဒီတုန်းက လည်း အနောက် အုပ်စုနိုင်ငံ အစိုးရများဟာ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုကို ပြင်းပြင်း ထန်ထန်သုံးပြီး NLD နဲ့ အတိုက် အခံများရဲ့ နိုင်ငံရေး အင်အားကို မြှင့်တင်ပေးတာ မရှိခဲ့သလို လက်နက်ကိုင် တော်လှန်ရေး အတွက်လဲ ဘာမှရေရေ ရာရာ ပံ့ပိုးပေးခဲ့တာ မရှိပါဘူး။

တချိန်တည်းမှာပဲ အမေရိကန်နဲ့ အနောက်နိုင်ငံ မဟာမိတ်များဟာ ရေနံကြွယ်ဝပြီး ဗျူဟာ အရ အရေးပါတဲ့ အီရတ်လို နိုင်ငံကို ဝက်ဝက်ကွဲအောင် ဗုံးတွေကြဲပြီး ကျူးကျော်စစ် တိုက်တာတော့ လုပ်လာတယ်။ ဒါကတော့ ရေနံတွင်းတွေနဲ့ ဗျူဟာကျနယ်တွေကို ထိန်းချုပ်ဖို့ဆိုတာ ကမ္ဘာကမြင်ပါတယ်။ လူ့အခွင့်အရေးထက် စွမ်းအင်အရေး က မူဝါဒအရ ပိုပြီး အဓိက အရေးပါ ပါတယ်။

စေ့စပ်ညှိနှိုင်းရေးဆရာများ သတိပြုစရာ အချက်ကြီး ၆ ချက်

ပထမ။ ။ “မြန်မာစစ်အစိုးရဟာ အထီးကျန်ဘဝမှာ ရပ်တည်နေရတယ်” ဆိုခြင်းပဲ ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရ အနေနဲ့ရော ၎င်းတို့ရဲ့ စီးပွားရေး လက်ဝေခံ မြန်မာ စူဇကာ အကြီးစားများဟာ စစ်အေးတိုက်ပွဲလွန် ကမ္ဘာကြီးမှာ ပြင်ပနိုင်ငံများနဲ့ အဆက် အသွယ်ပြတ်ပြီး အထီး ကျန်တယ်လို့ ပြောတာကတော့ ယုံတမ်းစကားကို အမှန်လုပ်ပြီး ပြောခြင်းပဲ ဖြစ်ပါတယ်။ တကယ်တော့ ၎င်းတို့ဟာ “ဂလိုဘယ် လိုက်ဇေးရှင်း” မဟုတ်ဘဲ “ခေတ်နောက်ပြန်ဆွဲ ဂလို ဘယ်လိုက်ဇေးရှင်း” ဆိုတဲ့ ရေစီးကြောင်း ဂယက်ထဲမှာ မျှောလိုက်နေတဲ့ သတ္တဝါတွေလို့ ပြောရင်ရပါတယ်။

သေသေချာချာလဲ စဉ်းစားကြပါဦး။
စစ်အစိုးရဟာ မျက်မှောက်ကမ္ဘာရဲ့ ဘီလူးနိုင်ငံကြီးများ ဖြစ်ကြတဲ့ တရုတ်၊ ကုလား၊ ရုရှားတို့က စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး ထောက်ခံမှုများ ပီပီပြင်ပြင်ရထားတဲ့ အစိုးရတဖွဲ့၊ အာရှတတိုက်လုံးရှိ အစိုးရပေါင်းစုံဆီက လိုတာအကုန်ရနေ တဲ့အဖွဲ့၊ ဒါတင်မကဘူး၊ အာရှအပါအဝင် တကမ္ဘာလုံးမှာရှိတဲ့ သယံဇာတ၊ စွမ်းအင်များ ထုတ်လုပ်တဲ့ အပြည် ပြည်ဆိုင်ရာ စွမ်းအင်ကုမ္ပဏီကြီးများနဲ့ ပလဲနံပသင့်ပြီး ငွေဒေါ်လာ သန်းရာထောင် ချီပြီးရနေတဲ့ အစိုးရဖြစ်တယ် ဆိုတာ လယ်ပြင်မှာဆင်သွားသလို ထင်းခနဲ မြင်နိုင်ပါတယ်။ ဒါကိုမှ ဒီအစိုးရကမှ အထီးကျန် အစိုးရလို့ ပြောဟော ရေးသားနေကြတာကတော့ သာမန်ပြည်သူနဲ့ စာဖတ်ပရိတ်သတ်များရဲ့ ဆင်ခြင်သုံး သပ်နိုင်စွမ်းကို နလပိန်းတုံး တွေလို့ သဘောထားပြီး စော်ကားခြင်းတမျိုးပဲလို့ မြင်ပါတယ်။

ဒုတိယ။ ။ စစ်အစိုးရရဲ့ မူဝါဒ၊ ဦးစားပေးမှုများ အပြုအမူ အတွေး အခေါ်နဲ့ လက်တွေ့ လုပ်ငန်းများကို ကြည့်မယ် ဆိုရင် မြန်မာပြည်ရဲ့ လက်ရှိ နိုင်ငံရေး အဆောက်အဦဟာ စစ်ဝါဒီ လွှမ်းမိုးတဲ့ လက်နက် နိုင်ငံကြီးသာ ဖြစ်တယ်ဆိုတာ သတိမူဖို့ လိုပါတယ်။ ဒီလက်နက် နိုင်ငံကြီးကို တွေ့သမျှ သတ်စားတဲ့ သတ္တဝါဆိုးကြီး တကောင်လို့ မြင်ကြည့်မယ် ဆိုရင်လဲ မမှားပါဘူး။ လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က သူနဲ့ “စစ်ခေါင်းဆောင်” ဗိုလ်သန်းရွှေ တွေ့ဆုံ ဆွေးနွေးတုန်း က မသိကျိုးကျွံ ပြုခဲ့တဲ့ အကြောင်းအရာ တခုရှိပါတယ်။ အဲဒါကတော့ အမေရိကန်နိုင်ငံရဲ့ “စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ် မှုဝါဒ” လို့ ပြော ပါတယ်။

ဒါပေမဲ့ ပိုပြီးအရေးကြီးတဲ့ အကြောင်းအရာကြီး တခုကိုတော့ အမတ် ဝက်ဘ် သတိတောင် ထားမိပုံမရပါဘူး။ အဲဒါက တော့ လက်ရှိမြန်မာပြည်ရဲ့ “စစ်ဝါဒီ လွှမ်းမိုးနေတဲ့ လက်နက် နိုင်ငံကြီး” ပါ။

လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေမှာကို လက်တွေ့တိုင်းတာမှုနဲ့ပဲ မြင်မြင် သမိုင်း အရပဲ စစ်စစ်၊ ၁၉၆၂ ကတည်းက ဗိုလ်ချုပ်ကြီးများ လက်အောက် ကျရောက်သွားတဲ့ မြန်မာနိုင်ငံ အုပ်ချုပ်မှု အဖွဲ့အစည်းကြီးဟာ ရောင်းလို့ရတဲ့ တိုင်းပြည်ရဲ့ မြေပေါ် မြေအောက် သယံဇာတ ပစ္စည်းအားလုံးကို အထိန်းအကွပ်၊ အမြော်အမြင်မရှိ ရောင်းစားနေတာ ဖြစ်ပါတယ်။ ဒီသယံဇာတ အရင်း အမြစ် အများစုဟာ တိုင်းရင်းသား တွေရဲ့ဘိုးဘွားပိုင် နယ်မြေဒေသမှာ အလျှံအပယ် ထွက်နေတာပါ။ ဒီလက်နက် နိုင်ငံကြီးဟာ လိုသမျှ ပြည်သူ့မြေကို သိမ်း၊ ပြည်သူ့ လုပ်အားတွေကို အဓမ္မညှစ်ထုတ် နေတာ တွေ့ရပါတယ်။ “စစ်ရေးသည် နိုင်ငံရေး၏ အဆုံးစွန်သောလမ်းကြောင်း” ဆိုတဲ့ အပြည်ပြည်ဆိုင်ရာ အမြင် ရှုထောင့်ကို ထော်လော် ကန့်လန့်လုပ်ပြီး မြန်မာ စစ်အစိုးရကတော့ “နိုင်ငံရေးသည် စစ်ရေး၏ အစွယ်အပွား တခုသာ” ဆိုသည့် သံဃာစင်ပါ မှောက်မယ့်အမြင်ကို ၎င်းတို့ လက်နက် နိုင်ငံကြီးရဲ့ စစ်ဓမ္မ၊ စစ်တရား အနေနဲ့ ကျင့်သုံးနေပါ တယ်။

တတိယ။ ။ လက်ရှိ မြန်မာပြည်ရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးပဲ ကြည့်ကြည့်၊ လူမျိုးရေးနဲ့ပဲ ကြည့်ကြည့် တိုင်းရင်း သား ပြည်သူလူထု တရပ်လုံးနဲ့ စစ်အုပ်ချုပ်သူ လူတန်းစား၊ စစ်အစိုးရနဲ့ ဆက်ဆံရေးဟာ “ပြည်တွင်း ကိုလိုနီ ဆက်ဆံရေး” သာ ဖြစ်ပါတယ်။

ပြည်သူတွေကိုရော ပြည်သူ့ဝန်ထမ်းများကိုပါ လက်အုပ်ချီ ဒူးတုပ်ပြီး ဂါရဝ ပြုခိုင်းတဲ့ စစ်ဗိုလ်ချုပ်ကြီးများဟာ ပြည်သူ တွေရဲ့ “သခင်ကြီးလက်သစ်” “မာစတာလက်သစ်” များ ဖြစ်လို့နေပါတယ်။ သံဃာတော်များကို ပါးရိုက်၊ နားရိုက်၊ ခြေနဲ့ကန် စော်ကားပြီး အာဏာရူး၊ ဥစ္စာရူး ဗိုလ်ချုပ်တွေကို ပစ္စေကဗုဒ္ဓါပေါက်စလေးတွေလို လက်အုပ်ချီ ခိုင်း၊ ပိုပြီး အော့နှလုံးနာစရာ ကိစ္စက ဗိုလ်ချုပ်ကြီးများဟာ သူတို့ကိုယ်သူတို့ ရှေးစစ်ဘုရင်ကြီးများ အရိုက်အရာခံ ဘုရားဆုပန်၊ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီးများ ယောင်ယောင် အာရုံဝင်နေပုံ ရတာပါပဲ။

ပဒေသရာဇ်ခေတ် နန်းတက်ပွဲတွေဟာ အများအားဖြင့် သွေးချောင်းစီး အာဏာ လုပွဲတွေရဲ့ ရလဒ်၊ စစ်ရေး အနိုင်ကျင့်မှု၊ ကြီးနိုင်ငယ်ညှဉ်း လုပ်မှုတွေရဲ့ ရလဒ်များသာ ဖြစ်တယ် ဆိုတာကို မြန်မာ အမျိုးသားရေး ဝါဒီတွေရဲ့ သမိုင်း စာအုပ်တွေမှာ ဖော့ပြီး ရေးထားတာကို တွေ့ရပါလိမ့်မယ်။

စတုတ္ထ။ ။ စစ်အရာရှိများကို သုံးသပ်ပြန်ရင်လဲ စစ်သားကလွဲရင် “ဘယ်ခွေးမှ လူမထင်” ဘူးဆိုတဲ့ အမြင်နဲ့ လက်နက် နိုင်ငံတော်ကြီး ထူတောင်နေတဲ့ ပုံစံပါပဲ။ တပ်မတော်သားတွေ တဦးချင်း စိတ်ကောင်း နှလုံးကောင်း ရှိကြမယ်၊ ရှိကြတယ် ဆိုတာ လက်ခံလို့ရပေမယ့် ဒီစနစ်ဆိုးကြီးထဲမှာ သူတို့ဟာ မျှောပြီးလိုက်နေကြတာမို့ တိုင်းပြည် ငါးပါးမှောက်မယ့် “လက်နက်နိုင်ငံတော်ကြီးသည်သာ အဓိက” ဆိုတဲ့ ဝါဒဆိုးကြီးကို လက်ခံကျင့်သုံးတာ တွေ့ရပါတယ်။

စစ်တပ်က နိုင်ငံတော် အဖွဲအစည်းအားလုံးကို လက်ဝါးကြီးအုပ် သိမ်းပိုက်ထားတာ အနှစ် (၅၀)လောက် ရှိသွားပါပြီ။ ဒီအချက်က စစ်အရာရှိ၊ အရာခံများကို “လက်နက်နိုင်ငံတော်” ဆိုတဲ့ အမြင်မှားတွေကို လက်ခံကျင့်သုံးဖို့ ဦးတည်ပေး နေတာ ဖြစ်ပါတယ်။ ၎င်းတို့ အားလုံးရဲ့ အမြင်မှာ တိုင်းပြည်တခုရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုသည်မှာ ပြည်သူလူထု၊ မြို့မိမြို့ဘများ မဟုတ်တော့ဘဲ “စစ်ခေါင်းဆောင်” လုပ်တဲ့ စစ်ဗိုလ်ချုပ်သာ ဖြစ်တယ်ဆိုတဲ့ အတွေးအမြင်တွေ၊ ပြည်သူ့ တပ်ထဲမှာ အမြစ်တွယ်လာတာကို ဝမ်းနည်းစွာ သုံးသပ်မိပါတယ်။

ဒါရဲ့ အကျိုးဆက်ကတော့ ယနေ့ မြန်မာ့တပ်မတော်ဟာ “စစ်ခေါင်းဆောင်” ဆိုတဲ့ ဗိုလ်ချုပ် အမိန့်ပေးသမျှနဲ့ သူ့ရဲ့ အကျိုးစီးပွား၊ သူ့ရဲ့ အမြင်ဝါဒကလွဲရင် ဘယ်ပြည်သူ့မျက်နှာမှမထောက်၊ မငဲ့ညှာဘဲ “ဗိုလ်တေ” မာရင်ပြီးရောဆိုတဲ့ လုပ်ရပ်တွေ လုပ်နေတာ တွေ့ရပါတယ်။

တိုင်းပြည်ရဲ့ ပြဿနာများ၊ သဘောထား၊ အမြင်ကွဲလွဲမှုများကို လူလို သူလို မေတ္တာ ရှေ့ထားပြီး ရင်ကြားစေ့ဖို့၊ သင်ပုန်း ချေဖို့၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့ မလိုဘူးလို့ သဘောထားကြပုံ ရပါတယ်။ ဂေါတမ ဘုရား သားတော်တွေကိုတောင် စော်ကား မော်ကားနဲ့ ရက်ရက် စက်စက် နှိပ်ကွပ်တာ ဒီခေတ်သစ် ဒေဝဒတ် အမြင်ကြောင့်ပေါ့။

ဒီနေရာမှာ ကြီးနိုင်ငယ်ညှဉ်း စစ်ဝါဒနဲ့ စစ်ဝါဒီများကို ရွံရှာစက်ဆုပ်တာပါ။ စစ်သား စစ်ဗိုလ်တွေကို မုန်းဖို့ မလိုပါဘူး၊ မမုန်းသင့်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ NLD ဦးကြည်မောင်၊ ဦးတင်ဦးတို့ကအစ ဗိုလ်ချုပ်ခင်ညွန့်တို့ ဗိုလ်ကြီးအုန်း ကျော်မြင့်တို့လို မျိုးချစ်စစ်သားတွေ အများကြီး ရှိခဲ့ပါတယ်၊ ရှိနေဆဲပါ။ စံနမူနာထားရမယ့် မျိုးချစ်တပ်မတော်သား တွေပါ။

ပဉ္စမ။ ။ စစ်တပ်အရာရှိများကို အနောက်နိုင်ငံများနဲ့ တွေ့ထိ ဆက်ဆံမှု အပေါ်ယံကျော ပေါင်းသင်းမှုမျိုး လုပ်ရုံနဲ့ စစ်အစိုးရရဲ့ ဉာဉ်နဲ့ ဗီဇ ပြောင်းလာမှာ မဟုတ်ပါဘူး။ ဒီလို အယူအဆမျိုးကို ကိုင်တွယ်ပြီး မြန်မာ့ရေးရာ ပေါ်လစီပြောင်းဖို့ တွန်းနေသူ၊ နိုင်ငံရေး နိဗ္ဗာန်ဆော်များ အနေနဲ့ အတိတ်မမေ့သင့်ဘူး လို့ ပြောချင်ပါတယ်။

၁၉၆၂ ခုနှစ် ဗိုလ်နေဝင်း ဒုတိယအကြိမ် အာဏာသိမ်းတုန်း ကတည်းက စပြီး ၈ လေးလုံး အရေးအခင်းကြီး ဖြစ်တဲ့အထိ အနောက်အုပ်စု နိုင်ငံများဟာ မြန်မာ့ တပ်မတော် နဲ့ စစ်ခေါင်းဆောင်များကို စစ်ရေး၊ နည်းပညာရေး၊ ငွေရေး အကူ အညီ အများကြီး ပေးခဲ့ပါတယ်။ မဆလ ဘုန်းမီးနေလ တောက်စဉ် ကာလက ဆိုရင် မြန်မာပညာရှင်များ၊ စစ်အရာရှိများ အများဆုံး လွှတ်ခဲ့တာ အနောက်အုပ်စု နိုင်ငံများကိုပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ခေတ်သစ် နိုင်ငံရေးသမိုင်းမှာ ဘယ်မြန်မာ ဗိုလ်ချုပ်မှ ဗိုလ်နေဝင်းလောက် အနောက်အုပ်စု နိုင်ငံများနဲ့ ပလူးပလဲ နေခွင့် မရခဲ့ပါဘူး။ ၁၉၆၂ အာဏာသိမ်းပွဲ အပြီးမှာတောင် ဗိုလ်နေဝင်းကို အမေရိကန် သမ္မတ အိမ်ဖြူတော်မှာ ကြိုဆိုမှု ရှိခဲ့ပါတယ်။ လန်ဒန် မှာလည်း အဲလဇ္ဇဘက် ဘုရင်မ ဗိုလ်နေဝင်းနဲ့ လက်ဖက်ရည် အတူသောက် စကားပြောဧည့်ခံတာ အားလုံး သိကြပါတယ်။ ဒီအာဏာရှင် စစ်ဗိုလ်ကြီးဟာ ဈေးကြီးတဲ့ ဝင်ဘယ်လ်တန်မှာ အိမ်ဝယ်ထား၊ စကော့တလန်မှာ ဂေါက်ကစား၊ လန်ဒန်က အကောင်းဆုံး ဆေးခန်းတွေမှာ တနှစ်တခါ နှာစေးချောင်းဆိုးစစ်၊ နောက် ဗီယင်နာမှာ စိတ်ရောဂါ အထူး ကု ဆရာဝန်ကြီးနဲ့ သူ့စိတ်ရူးကို ပြပြီးကု၊ ဂျနီဗာမှာထားတဲ့ သူ့ဘဏ်စာရင်းတွေကို ဝင်စစ်၊ လုပ်လေ့ရှိပါတယ်။

ဆဋ္ဌမ။ ။ နောက်ဆုံးနဲ့ ဆဋ္ဌမ ပြောရမယ့် အချက်ကတော့ ကျနော်တို့ မြန်မာ့လူ့အဖွဲ့အစည်း ယဉ်ကျေးမှု တရပ် လုံးနဲ့ ဆိုင်ပါတယ်။ ကိုယ့်ပေါင် ကိုယ်လှန်ထောင်း ရတာတော့ စိတ်မကောင်းပါဘူး။ ကျနော်တို့ ယဉ်ကျေးမှု စရိုက် ထဲမှာ အထက်နဲ့အောက် ဆက်ဆံရေးမှာ အထက်ဖား အောက်ဖိဆိုတဲ့ ဉာဉ်ဆိုးတွေ သိပ်များပါတယ်။ အတွေးအခေါ် လွတ်လပ်မှုကို သည်းမခံဘူး။ တန်ဖိုးမထားဘူး။ လူမျိုးရေးအစွန်းရောက်ဝါဒနဲ့ ကျဉ်းမြောင်းသေးသိမ်တဲ့ လူမျိုးရေး ယဉ်ကျေးမှု အမြင်တွေ တော်တော်များများ လူတွေမှာ တွေ့ရတယ်။ အဲဒီနောက် ပဒေသရာဇ်ရဲ့ နို့နံ့မစင်သေးတာတွေ ပဒေသရာဇ်ရဲ့ အပုပ်အသိုး အနံ့ဆိုးတွေ ကျနော်တို့ လူမှုအမြင်မှာ ဟောင်နေတုန်းပါပဲ။ ဒါတွေကို ပြတ်ပြတ်သားသား မြင်ဖို့လိုပါတယ်။

မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ဒေသမှာရှိတဲ့ ရိုဟင်ဂျာ လူမျိုးစုနဲ့ ပတ်သက်ပြီး အလွန်အမင်း အကျည်းတန်တဲ့ လူမျိုးရေး ရှုတ်ချမှု စကားတွေကိုပဲ နားထောင်ကြည့်ကြည့်၊ ပင်ကို အရည်အချင်းပေါ်ကျော်ပြီး မိသားစု၊ အဖေ၊ အမေ၊ အဘိုး၊ အဘွား မျိုးရိုးနာမည်ကို ပုံကြီးချဲ့ ဦးစားပေးတဲ့ ခေတ်နောက်ပြန်ဆွဲ ပဒေသရာဇ် ဉာဉ်နဲ့ ပြုမူပုံတွေကိုပဲ ကြည့်ကြည့် ကျနော်တို့ လူမှုအဖွဲ့အစည်းကြီးဟာ ယဉ်ကျေးမှုရေပုပ်၊ ရေသိုးတွေ ဆက်လက် သောက်သုံးနေသလိုပါပဲ။

ဒါကိုပြောင်းဖို့ဆိုတာ ပြင်ပကမ္ဘာနဲ့ ဒေသဝန်းကျင်မှာရှိတဲ့ ပွင့်လင်း တိုးတက်တဲ့ ယဉ်ကျေးမှု လူ့အဖွဲ့အစည်းများနဲ့ ထိတွေ့ဆက်ဆံမှုများကို နှစ်ရှည်လများ လုပ်မှပဲ ဖြစ်ပါလိမ့်မယ်။

မြန်မာနိုင်ငံရဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ဟာ လူအများသိပြီး ဖြစ်ပါတယ်။ ပြည်သူတွေ ဆင်းရဲမွဲတေပြီး နိုင်ငံရေး နင်းပြားဘဝရောက်၊ နှိပ်စက်ခံနေရတာလဲ သက်သေသက္ကာယနဲ့ မှတ်တမ်းတွေ ရှိပါတယ်။

ကျနော်အပါအဝင် အတိုက်အခံ အများစုရဲ့ ထိထိရောက်ရောက် ဗျူဟာကျကျ မစဉ်းစားဘဲ တွန်းခဲ့တဲ့ “စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှု” လုပ်ရပ်ဟာ အနှစ် ၂၀ ရှိသွားပါပြီ။

အနောက်နိုင်ငံတွေရဲ့လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး ကျယ်ကျယ် လောင်လောင် အော်တဲ့နောက် နားယောင်ပြီး လုပ်ခဲ့တာ တကြောင်းမို့ ယနေ့ ပြဿနာတွေရဲ့ အခြေအနေဟာ နိုင်ငံရေးနဲ့ စီးပွားရေးအရ နင်းပြားဘဝကို ရောက်လာ ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ကာလမှာတော့ “လက်တွေ့ကျကျ လုပ်ဆောင်ခြင်း၊ ပြောဆို ရေးသားခြင်း သည်သာ စစ်မှန်သော တော်လှန်ရေး” လို့ အော်နေကြတာကို ကြားရမှာပါ။ ဒီရွှေဥာဏ်တော် အသစ်နဲ့ “မိမိသာမှန်၏၊ ပြည်သူ့ စီးပွားရေး ပြေလည် စေ၏” ဆိုပြီး ဗိုလ်ချုပ်ကြီးများ နိုင်ငံရေး ပလ္လင်ပေါ် ဆက်ထိုင်နိုင်အောင် ဘိသိက်ကူ သွန်းပေးပြီး “Reform” ခေါ် ပြုပြင် ပြောင်းလဲ ရေးလုပ် ဖို့ တွန်းနေသူ ခေတ်သစ် အခါတော်ပေးများ မှိုလိုပေါက်လာတာ တွေ့ရပါတယ်။ အနှစ် ၅၀ လုံးလုံး နိုင်ငံ ထူထောင်ဖို့ဆိုပြီး စစ်ဗိုလ်ချုပ်များ ပလ္လင်ပေါ် တက်ထိုင်ခဲ့တဲ့ ရလဒ်ကတော့ တိုင်းပြည် ချွတ်ခြုံကျပြီး သယံဇာတ တွေ ကုန်တာကလွဲရင် ဘာမှ အကောင်းပြစရာ မရှိဘူးဆိုတာ ဒီနိုင်ငံရေး အခါတော်ပေးကြီးများ မေ့နေပုံရပါတယ်။

ဒီစစ်ခေါင်းဆောင်များကို “ပြုပြင်ပြောင်းလဲရေးသမား” များ အထင်မှတ်ပြီး ပုခုံးငှားတွေနဲ့ ပလ္လင်ပေါ် တွန်းတင်နေကြ တာ တိုင်းပြည်ကို ရေတိမ်ရော ရေနက်မှာပါ မြှုပ်သတ်တာနဲ့ အတူတူပါပဲ။

လက်ရှိ နိုင်ငံရေး ရေပေါ်စီ လူတစုရဲ့ အပေါ်စီးက တွန်းပေးနေတဲ့ အနီးကပ် ဆက်ဆံတွေ့ထိမှု မူဝါဒသစ် ဗျူဟာသစ် ဟာ စဉ်းစားမှုဘောင် ကျဉ်းကျဉ်းလေးထဲက လာတာဖြစ်ပါတယ်။ အဆိုးဆုံးကတော့ ဒီဗျူဟာထဲမှာ အာဏာရှင်တွေနဲ့ အာဏာရှင်စနစ်တွေ ဘယ်လိုပြောင်းလဲတယ်။ ဘယ်လို ဇာတ်သိမ်းကြတယ်ဆိုတာကို မျက်ကွယ်ပြုထားတဲ့ အချက် ပါ။

ဒီပုံစံမျိုး၊ ဒီလိုအတွေးအခေါ်မျိုးနဲ့ ယခုကာလမှာ ပေါ်ပင်ဖြစ်လာတဲ့ “အနီးကပ် ထိတွေ့ ဆက်ဆံမှု” ဗျူဟာနဲ့ ဝါဒဟာ ပြည်သူကို စီးပွားရေး ပြာပုံထဲက ထုတ်နိုင်ဖို့အလားအလာ မရှိသလို နိုင်ငံရေး အရလည်း တိုးတက်မှုအတွက် အထောက်အကူ မပြုစေပါဘူး။

တဖက်သတ် စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုကို ကျားလို့ သဘောထားရင် ဖုတ်ပူမီးတိုက် ဖော်မြူလာထုတ်ထားတဲ့ “အနီးကပ် ထိတွေ့ဆက်ဆံမှု” ဗျူဟာနဲ့ဝါဒသစ်ကို ရှင်ကြီးလို့ သဘောထားသင့်ပါတယ်။ ကျနော်တို့ မြန်မာပြည်သူ တွေကို ရှင်ကြီးကြောက်လို့ ကျားကိုး ရှင်ကြီး ကျားထက်ဆိုးဆိုတဲ့ အနေအထား ရောက်အောင် ဦးပုည လက်သစ်များ မလုပ်သင့်ကြောင်း ဒီနေရာက သတိပေးလိုက်ပါတယ်။ ဒါပါပဲ။


ဒေါက်တာ ဇာနည်

0 comments:

အပေါ်သို့