Friday, September 11, 2009

မြန်မာပြည်သူများအတွက် ရွေးကောက်ပွဲ မလိုအပ် ဟု ဦးဝင်းတင်ပြော

NEJ / ၁၀ စက်တင်ဘာ ၂၀၀၉

စက်တင်ဘာ (၉) ရက်နေ့စွဲဖြင့် အမေရိကန် ပြည်ထောင်စုတွင် ထုတ်ဝေသည့် ၀ါရှင်တန်ပို့စ် သတင်းစာတွင် မြန်မာ လူထု မလိုအပ်သည့် ရွေးကောက်ပွဲ တခု ဟူသည့် ခေါင်းစဉ်ဖြင့် အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် တဦးဖြစ်သည့် သတင်းစာဆရာကြီး ဦးဝင်းတင်က ဆောင်းပါးတပုဒ် ရေးသားခဲ့သည်။

ယင်းဆောင်းပါးတွင် အမေရိကန် အထက်လွှတ်တော် အမတ် ဂျင်မ်ဝက်ဘ်က အနောက်နိုင်ငံများက မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ တားမြစ်မှုများ ချမှတ်ခဲ့မှုကြောင့် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုအောက် ရောက်သွား နိုင်သည်ဟု ပြောဆိုခဲ့မှုနှင့် အန်အယ်လ်ဒီ ပါတီအား လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် စဉ်းစားသင့်သည် ဆိုသည့် အဆိုပြုချက်များနှင့် ပတ်သက်၍ ပြန်လည် တုံ့ပြန် ရေးသားထားခြင်း ဖြစ်သည်။

ယင်းဆောင်းပါးတွင် ဦးဝင်းတင်က နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေဖြင့် အဓိပ္ပာယ်ရှိရှိ ဆောင်ရွက်ကြမည် ဆိုရာတွင် ပထမဆုံး မစ္စတာ ၀က်ဘ်ကဲ့သို့ အရာရှိများသည် တရုတ်နိုင်ငံနှင့် ပတ်သက်ပြီး အကြောက်တရားပြ ပြောဆိုမှုများကို ရပ်တန့်သင့်သည်ဟု ဆိုထားသည်။ မစ္စတာဝက်ဘ် ပြောသည့် တရုတ်ကို ကာကွယ် တားဆီးနိုင်ရေး အတွက် မြန်မာ စစ်အစိုးရနှင့် အတူ ပူးတွဲ လုပ်ဆောင်ကြရမည် ဆိုသည့် ပြောဆိုမှုများသည် ခေတ်နောက်ကျနေပြီး လက်တွေ့ မကျသည့် အတွေးအခေါ်များ ဖြစ်ကာ ယင်းကဲ့သို့ အတွေးအခေါ်မျိုးကို ဒေါ်အောင်ဆန်း စုကြည်ကလည်း လက်မခံကြောင်း ရေးသား ဖော်ပြထားသည်။

“ကျမတို့က ဘယ်သူ့ကိုမှ အကြောက်တရားနဲ့ စိုးရိမ်ကြောင့်ကြ စိတ်ထားပြီး ဆက်ဆံမှာ မဟုတ်ဘူး၊ တရုတ်၊ အမေရိကန်၊ အိန္ဒိယ ဘယ်သူ့ ကိုမဆို ရင်းရင်းနှီးနှီး တန်းတူ ဆက်ဆံမှာ ဖြစ်တယ်။ ကျမတို့ အနေနဲ့ ကိုယ့်အိမ်နီးချင်းကို မရွေးချယ်နိုင်တဲ့ အတွက် တရုတ်နိုင်ငံနဲ့လည်း ကောင်းမွန်စွာ ဆက်ဆံဖို့ လိုအပ်တယ်ဆိုတာ နားလည်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်ကိုလည်း ဆောင်းပါးတွင် ထည့်သွင်း ဖော်ပြထားသည်။

ထို့အပြင် ဒုတိယအချက်အနေဖြင့် အန်အယ်လ်ဒီသည် အခြား နိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများကို မြန်မာ စစ်အစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆက်ဆံရန် အားပေး တိုက်တွန်းခဲ့ကြောင်း၊ ယင်းသို့ တိုက်တွန်းရသည်မှာ စစ်အစိုးရကို အန်အယ်လ်ဒီ အပါအ၀င် တိုင်းရင်းသား လူမျိုးစုများနှင့် ဆက်ဆံလာစေရန် တိုက်တွန်း ပေးစေလို၍ ဖြစ်ကြောင်း ဖော်ပြထားသည်။

“အမေရိကန်ပြည်ထောင်စုနဲ့ အခြားနိုင်ငံတွေက မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ တားမြစ်မှုတွေ လုပ်ထားပါတယ်။ ဒါဟာ ကျနော်တို့ အလွန်တရာ မြတ်နိုးတဲ့ ဒီမိုကရေစီရဲ့အနှစ်သာရအတွက် သူတို့တွေရဲ့ ဆုံးဖြတ်ချက် အပေါ် စည်းလုံး ညီညွတ်စွာနဲ့ အခိုင်အမာ ရပ်တည်ကြောင်း ပြသတာဖြစ်ပါတယ်။ အကယ်၍ စစ်အစိုးရဟာ အန်အယ်လ်ဒီနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်မယ်၊ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွှတ်ပေးမယ်၊ တိုင်းရင်းသား လူမျိုးစုတွေအပေါ် အပစ်အခတ်တွေ ရပ်စဲပြီး စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံတော် ထူထောင်ဖို့ ခြေလှမ်းတွေ ထပ်လှမ်းလာမယ်ဆိုရင် ဒီလို ပိတ်ဆို့ အရေးယူမှုတွေဟာ အချိန်တန်ရင် ရုပ်သိမ်းသွားမှာ ဖြစ်ပါတယ်” ဟုလည်း ဦးဝင်းတင်က ပိတ်ဆို့ အရေးယူမှုနှင့် ပတ်သက်၍ ထောက်ပြထားသည်။

ယခုအချိန်တွင် အန်အယ်လ်ဒီ၏ ဆုံးဖြတ်ချက်အပေါ် မည်သို့မျှ သံသယ မထားစေ လိုကြောင်းနှင့် အန်အယ်လ်ဒီသည် မြန်မာ ပြည်သူ လူထုကြီးကို ကိုယ်စားပြုသည့် ပြည်သူ့ ပုံရိပ်ဖြစ်ကြောင်း၊ ဆိုးဝါးလှသည့် အပြစ် အနာအဆာများဖြင့် ပြည့်နှက်နေသည့် နိုင်ငံရေး အသွင်ကူးပြောင်းမှု ဖြစ်စဉ်တွင် ပါဝင်ရန် အန်အယ်လ်ဒီအား ခြောက်လှန့် အကျပ်ကိုင်၍ မရနိုင်ကြောင်းလည်း တင်ပြထားသည်။

အန်အယ်လ်ဒီသည် တွေ့ဆုံဆွေးနွေးရန် အသင့်ရှိနေပြီး ဒီမိုကရေစီရေး အနှစ်သာရ အတွက် ဆက်လက် ရုန်းကန် တိုက်ပွဲ ၀င်ကြရန်လည်း အဆင်သင့် ဖြစ်နေသည်ဟု ဆောင်းပါးတွင် ဖော်ပြထားသည်။

မူရင်းအတိုင်းဖတ်လိုပါက ဒီမှာနှိပ်ပါ

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့